ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၀၇ စာ. ၁၈-၁၉
  • ဘုရားသခင့်နာမတော်အား သိရှိခဲ့ကြပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နာမတော်အား သိရှိခဲ့ကြပုံ
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နာမတော်အား အဘယ်ကြောင့်အသုံးပြုရ
  • ဘုရားသခင့်နာမတော်အား အသုံးပြုခဲ့ပုံ
  • ဘုရားသခင့်နာမတော်အား သိရှိစေခြင်း
  • ဘုရားသခင်၌ အမည်နာမရှိ!
    နိုးလော့!—၂၀၀၄
  • သမ္မာကျမ်းစာခေတ်က နေထိုင်မှုဘဝပုံစံ—ငွေကြေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • က၄ ဟီဘရူးကျမ်းစောင်တွေမှာပါတဲ့ ဘုရားသခင့်နာမည်
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၁၂/၀၇ စာ. ၁၈-၁၉

ဘုရားသခင့်နာမတော်အား သိရှိခဲ့ကြပုံ

ကျမ်းရေးသူ ဆာလံဆရာဒါဝိဒ်က ဤသို့သီဆိုခဲ့၏– “ငါသည် ဘုရားသခင်၏နာမတော်ကို ထောမနာသီချင်းဆိုမည်။” ဒါဝိဒ်သည် ဘုရားသခင်၏နာမတော်ကို သိရှိခဲ့ပြီး သီချင်းတစ်ပုဒ်တွင် ဤသို့တိုက်တွန်းခဲ့၏– ‘ယေဟောဝါသည် မင်္ဂလာရှိတော်မူစေသတည်း။ ဘုန်းကြီးသောနာမတော်သည်လည်း မင်္ဂလာရှိတော်မူစေသတည်း။’ (ဆာလံ ၆၉:၃၀; ၇၂:၁၈၊ ၁၉) မြန်မာဘာသာစကားတွင် . . . ဘုရားသခင့်နာမတော်ပုံစံမှာ ယေဟောဝါဖြစ်၍ မူရင်းကျမ်းစာ၌ အကြိမ်ပေါင်း ၇,၀၀၀ နီးပါးတွေ့ရှိရသည့် ဟေဗြဲ יהוה ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

မကြာသေးမီ ရာစုနှစ်များက ဘုရားသခင့်နာမတော်ကို သမ္မာကျမ်းစာအပြင် အခြားနေရာများစွာ၌လည်း အသုံးပြုခဲ့ကြသည်။ ဥပမာ၊ “ယေဟောဝါဘုရားသခင်အား ချီးမွမ်းကြစေ” ဟူ၍အဓိပ္ပာယ်ရသည့် လက်တင်စကား Benedictus Sit Iehova Deus ကို ဆွစ်ဇလန်နိုင်ငံတွင် နှစ်ပေါင်းများစွာသွန်းလုပ်ခဲ့သည့် ရွှေဒင်္ဂါးများပေါ်တွင် [၁] တွေ့ရှိရ၏။ အမှန်ဆိုရလျှင် လွန်ခဲ့သည့် ရာစုနှစ်များစွာအတွင်း ဘုရားသခင့်နာမတော်ကို ဟေဗြဲနှင့်လက်တင်ဘာသာစကားတို့ဖြင့် အမျိုးအစားတစ်ထောင်ကျော်ရှိသော ဒင်္ဂါးများ၊ ငွေအဖြစ်အသုံးပြုသည့် တိုကင်ပြားများ၊ ဆုတံဆိပ်များနှင့် ဇယ်ပြားများ (ဒင်္ဂါးအစားသုံး) ပေါ်တွင် တွေ့ရှိခဲ့ရသည်။

အဘယ်အရာက ဘုရားသခင့်နာမတော်အား ဤမျှကျယ်ကျယ်ပြန့်ပြန့် အသုံးပြုစေခဲ့သနည်း။ ထိုသို့အသုံးပြုထားသည့် နမူနာများကို ဤစာမျက်နှာနှင့် နောက်စာမျက်နှာပေါ်တွင် တွေ့မြင်နိုင်ပါသည်။

ဘုရားသခင့်နာမတော်အား အဘယ်ကြောင့်အသုံးပြုရ

၁၆ ရာစုအစပိုင်း၌ အနောက်ပိုင်းဥရောပတစ်ခွင်တွင် ရိုမန်ကက်သလစ်နှင့် ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးသမားများအကြား ဘာသာရေးစစ်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ စပိန်နိုင်ငံပိုင် စီရင်စုနယ်မြေအတော်များများသည် ပြုပြင်ပြောင်းလဲရေးချာ့ချ်ကို နှစ်သက်လိုလားသဖြင့် အဓိကဘာသာဖြစ်သော ရိုမန်ကက်သလစ်ချာ့ချ်မှ ခွဲထွက်လိုက်ကြ၏။ ယင်းကြောင့် ဘာသာရေးပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ဘုရားသခင်သည် တစ်ဖက်ဖက်ကို အားပေးထောက်ခံသည်ဟူသောသတင်းပျံ့နှံ့စေရန် ဒင်္ဂါးများနှင့် ရုပ်တုများကို အသုံးပြုခဲ့ကြသည်။

ဘုရားသခင့်နာမတော်အား အသုံးပြုခဲ့ပုံ

ဖောင်းကြွတံဆိပ်တုံးထွင်းသူများသည် ဘုရားသခင့်နာမတော် ယေဟောဝါကို တက်တြာဂရမ်မီတန်ဟု သိရှိထားသည့် ဟေဗြဲအက္ခရာလေးလုံးဖြင့် ရုပ်လုံးဖော်ခဲ့ကြသည်။ အဆိုပါဟေဗြဲအက္ခရာများကို အင်္ဂလိပ်ဘာသာစကားဖြင့် Jhvh သို့မဟုတ် Yhwh ဟု အက္ခရာဖလှယ်ခဲ့ကြသည်။ အများအားဖြင့် ဖောင်းကြွတံဆိပ်တုံးထွင်းသူများနှင့် သာမန်ပြည်သူများသည် ဟေဗြဲစာကို မဖတ်တတ်ကြချေ။ သို့နှင့် တက်တြာဂရမ်မီတန်ကို လူအမျိုးမျိုးက ထပ်ခါတလဲလဲ ပုံတူကူးချသည့်အခါ ဘုရားသခင့်နာမတော်ဖြစ်သော ဟေဗြဲအက္ခရာလေးလုံးကို ပုံစံအမျိုးမျိုးဖြင့် ရေးသားလာခဲ့ကြသည်။

ဆွီဒင်နိုင်ငံသည် ဘုရားသခင့်နာမတော်ပါသည့် ငွေဒင်္ဂါးပြားကို ၁၅၆၈ ခုနှစ်ခန့်တွင် [၂] သွန်းလုပ်ခဲ့ပြီး စကော့တလန်နိုင်ငံကလည်း ၁၅၉၁ ခုနှစ်ခန့်တွင် သွန်းလုပ်ခဲ့သည်။ ၁၆၀၀ ပြည့်နှစ်ခန့်က ဆွီဒင်ဘုရင် နဝမမြောက် ချားလ်စ်သည် Ihehova, Iehova နှင့် Iehovah ဟူ၍ အမျိုးမျိုးပေါင်းထားသော စာလုံးများကို ငွေဒင်္ဂါးများပေါ်တွင် [၃] ဖော်ပြခဲ့၏။ သူ၌ ရွှေဒင်္ဂါးတစ်မျိုးရှိခဲ့ပြီး အဆိုပါထူးခြားလှသည့် ရွှေဒင်္ဂါးပြား၏တန်ဖိုးသည် ကာယလုပ်သားတစ်ဦးအတွက် လေးလကျော်စာ လုပ်အားခနှင့်ညီမျှ၏။

ယေဟောဝါအမည်ပါရှိသော ဒင်္ဂါးအပြား ၆၀ ကျော်သည် ၁၅၈၈ ခုနှစ်မှ ၁၆၄၈ ခုနှစ်အထိ အုပ်စိုးခဲ့သည့် ဒိန်းမတ်နှင့်နော်ဝေးဘုရင် စတုတ္ထမြောက် ခရစ်ရှန်ခေတ်ကဟူ၍ သိထားကြသည်။ ထို့ပြင် ၁၇ ရာစုအလယ်လောက်တွင် “ယေဟောဝါဒင်္ဂါးများ” သည် ပိုလန်နိုင်ငံနှင့် ဆွစ်ဇလန်နိုင်ငံတို့တွင် ပေါ်ထွက်လာခဲ့ပြီး ဂျာမနီနိုင်ငံတွင်လည်း အလားတူထုတ်လုပ်ခဲ့ကြသည်။

ဥရောပ၌ ဘာသာရေးစစ်ပွဲတစ်ခုအဖြစ် အစပြုခဲ့သည့် ၁၆၁၈ ခုနှစ်မှ ၁၆၄၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အနှစ်သုံးဆယ်စစ်ပွဲအတွင်း ယင်းသို့သောဒင်္ဂါးများကို အမြောက်အမြားထုတ်လုပ်ခဲ့ကြသည်။ ၁၆၃၁ ခုနှစ်တွင် ဆွီဒင်ဘုရင် ဒုတိယမြောက် ဂူစတပ်ဗ် အဒေါ့ဖ်သည် ဘရီတန်ဖဲ့လ်တ်တိုက်ပွဲ၌ အနိုင်ရရှိပြီးနောက် တက်တြာဂရမ်မီတန်ပါရှိသည့် ဒင်္ဂါးများကို သွန်းလုပ်ခဲ့သည် [၄]။ ယင်းဒင်္ဂါးများကို အာရ်ဖာ့တ်၊ ဖူးအာ့တ်၊ မင့်ဇ်နှင့် ဝါ့ဇ်ဘာ့ဂ်အစရှိသည့်မြို့များတွင် ထုတ်လုပ်ခဲ့ကြသည်။ ယင်းနှင့်တစ်ချိန်တည်းလောက်တွင် ဆွီဒင်၏မဟာမိတ်နိုင်ငံများကလည်း ဘုရားသခင့်နာမတော်ပါရှိသည့် ဒင်္ဂါးများကို သွန်းလုပ်ခဲ့ကြသည်။

ကြောက်မက်ဖွယ်ကောင်းသော အနှစ်သုံးဆယ်စစ်ပွဲ အဆုံးသတ်ပြီးနောက် နှစ်ပေါင်း ၁၅၀ ခန့်အတွင်း ဘုရားသခင့်နာမတော်ကို ဒင်္ဂါးများ၊ ဆုတံဆိပ်များနှင့် ငွေလဲလှယ်သည့် တိုကင်ပြားများပေါ်တွင် ဆက်၍ဖော်ပြခဲ့ကြ၏။ ယင်းသို့သောဒင်္ဂါးများကို ပြင်သစ်၊ မက္ကဆီကို၊ ရုရှား၊ ဩစတြီးယားအပြင် အခြားနိုင်ငံများတွင်လည်း သွန်းလုပ်ခဲ့ကြသည်။ သို့သော် ၁၈ ရာစုအစောပိုင်းသို့ရောက်သော် ဘုရားသခင့်နာမတော်ကို ထိုနည်းဖြင့်အသုံးပြုမှု လျော့နည်းသည်ထက် လျော့နည်းလာခဲ့၏။ နောက်ဆုံး ဖောင်းကြွတံဆိပ်တုံးများနှင့် တံဆိပ်တုံးများပေါ်မှ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့သည်။

ဘုရားသခင့်နာမတော်အား သိရှိစေခြင်း

မျက်မှောက်ခေတ်တွင် အသုံးပြုနေသော ငွေကြေးများတွင် ဘုရားသခင့်နာမတော်ကို မတွေ့ရတော့သော်လည်း တစ်ခါမျှမသုံးဖူးသေးသောနည်းလမ်းဖြင့် ကိုယ်တော်၏နာမတော်ကို ကြွေးကြော်လျက်ရှိ၏။ ဘုရားသခင်သည် မိမိအမှုတော်ဆောင်ကြမည့်သူတို့ကို ကြာမြင့်စွာကပင် ရွေးချယ်ကာ သူတို့အား ဤသို့မိန့်ဆိုခဲ့သည်– “ငါသည် ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။” (ဟေရှာယ ၄၃:၁၂) ထိုအရေးကြီးသောအခန်းကဏ္ဍကို မည်သည့်ဒင်္ဂါးကမျှ မဆောင်ရွက်နိုင်ပါ။ အမှန်ဆိုရလျှင် မိမိတို့၏ဒင်္ဂါးများပေါ် ဘုရားသခင့်နာမတော်ကို အသုံးပြုခဲ့ကြသူတို့သည် ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲများတွင် မိမိတို့ကို ကိုယ်တော် ထောက်ခံအားပေးသည်ဟုဆိုကာ ကိုယ်တော့်အကြောင်းကို မမှန်မကန် သက်သေခံခဲ့ကြသည်။ သို့သော် ယနေ့တွင်မူ လူသားတချို့သည် ဘုရားသခင့်နာမတော်ကို ကိုယ်တော်နှစ်သက်သောနည်းဖြင့် အခြားသူများ သိရှိအောင် လုပ်ဆောင်နေကြသည်။

ယေဟောဝါသက်သေများသည် စစ်မှန်သောဘုရားသခင် ယေဟောဝါ၏အကြောင်းနှင့် ကိုယ်တော်၏နာမတော်က အဘယ်အရာကိုကိုယ်စားပြုကြောင်း ပိုမိုလေ့လာရန် သင့်အား တိုက်တွန်းပါသည်။ ယေဟောဝါနှင့်ပတ်သက်၍ ကျမ်းရေးသူဆာလံဆရာက ဤသို့ရေးသားခဲ့၏– ‘ယေဟောဝါဟူ၍ နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင် ဖြစ်တော်မူကြောင်းကို သိကြပါစေသော။’ (ဆာလံ ၈၃:၁၈) ယေဟောဝါနှင့်ဆိုင်သောအသိပညာသည် မရှိမဖြစ်လိုအပ်ကြောင်း ကိုယ်တော်ချစ်မြတ်နိုးသော သားတော်က ဤသို့ဆုတောင်း၍ ဖော်ပြခဲ့သည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဒင်္ဂါးများသွန်းလုပ်ရာတွင် ဖောင်းကြွတံဆိပ်တုံးထွင်းသူ အသုံးပြုသည့် ကိရိယာများ

[Picture Credit Lines on page 18]

Coin 1 and tools: Hans-Peter-Marquardt.net; coin 2: Mit freundlicher Genehmigung Sammlung Julius Hagander

[Picture Credit Line on page 19]

Coins 3 and 4: Mit freundlicher Genehmigung Sammlung Julius Hagander

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ