ချစ်စနိုး အိမ်မွေးတိရစ္ဆာန်များအပေါ် မျှတသောအမြင်
ဖော်ပြခဲ့ပြီးဖြစ်သကဲ့သို့ လူသည် ကမ္ဘာမြေနှင့် ကမ္ဘာပေါ်ရှိ တိရစ္ဆာန်အားလုံးကို စောင့်ရှောက်ရန် တာဝန်ရှိသည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “သိုး၊ နွားအစရှိသော မြေတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်၊ ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌သွားတတ်သော တိရစ္ဆာန်မှစ၍ ခပ်သိမ်းသောအရာတို့ကို [ဘုရားသခင်သည်] သူ၏ခြေအောက်၌ ချထားတော်မူပြီ။”—ဆာလံ ၈:၆-၈; ၁၁၅:၁၆။
တိရစ္ဆာန်များနှင့်ပတ်သက်သည့် တာဝန်ကို လူသားတို့ ထမ်းဆောင်ပုံသည် အရေးကြီး၏။ “ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက်ကို နှမြောတတ်၏” ဟုဘုရားသခင့်နှုတ်မြွက်တော်က ဆိုသည်။ (သု. ၁၂:၁၀) အမှန်ဆိုရသော် ဣသရေလလူမျိုးအတွက်ပေးသော ဘုရားသခင့်ပညတ်တော်တွင် တိရစ္ဆာန်များအား သက်ညှာဖို့လိုကြောင်း ကြိမ်ဖန်များစွာ အလေးပေးဖော်ပြသည်။ (တရားဟောရာ ၂၂:၄၊ ၁၀; ၂၅:၄) လူသားများသည် မိမိတို့တာဝန်ကို ဆောင်ရွက်ကြရာတွင် သားယဉ်များကို အိမ်မွေးတိရစ္ဆာန်များ ဖြစ်စေကြသည့်ပြင် သားရိုင်းတိရစ္ဆာန်များကိုပင် ယဉ်ပါးစေ၍ အိမ်မွေးတိရစ္ဆာန်များ ဖြစ်စေခဲ့ကြပြီ။—ကမ္ဘာဦး ၁:၂၄။
သို့ရာတွင် သမ္မာကျမ်းစာက လူသားများနှင့် တိရစ္ဆာန်များစပ်ကြားရှိ ခြားနားချက်ကို အလေးအနက်ဖော်ပြထားသည်ကို သတိရသင့်သည်။ တိရစ္ဆာန်များကိုမဟုတ်ဘဲ လူများကို ‘ဘုရားသခင့် ပုံသဏ္ဌာန်နှင့်အညီ’ ဖန်ဆင်းခဲ့သည်။ (ကမ္ဘာဦး ၁:၂၆) တိရစ္ဆာန်များကို သက်တမ်းအကန့်အသတ်ဖြင့်သာ ဖန်ဆင်းခဲ့သော်လည်း လူသားများကိုမူ ကမ္ဘာပေါ်ထာဝစဉ်အသက်ရှင်ခွင့် အလားအလာဖြင့် ဖန်ဆင်းခဲ့သည်။ (ကမ္ဘာဦး ၃:၂၂၊ ၂၃; ဆာလံ ၃၇:၂၉) “ထာဝရအသက်” ရရန် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကို တင်ပြကာ ဘုရားသခင်အား သိကျွမ်းခြင်းပညာကို ဆည်းပူးရယူရမည်ဟု ယေရှုခရစ် မိန့်မှာခဲ့သည်—ယင်းတို့သည် တိရစ္ဆာန်များ မည်သို့မျှ မပြုနိုင်သည့်အရာများဖြစ်သည်။ (ယောဟန် ၃:၃၆; ၁၇:၃) ထို့ပြင် သမ္မာကျမ်းစာက ရှင်ပြန်ထမြောက်ခြင်း မရထိုက်သူများကို “စဉ်းစားဉာဏ်မရှိသောသတ္တဝါ၊ ဖမ်း၍ဖျက်ဆီးဖို့ရာ ပေါက်ပွားသောတိရစ္ဆာန်” များနှင့် နှိုင်းယှဉ်ထား၏။—၂ ပေတရု ၂:၉-၁၂၊ သမ္မာ။
လူတို့ အကျိုးအတွက် ပေးသနားခဲ့
ဘုရားသခင်သည် လူသားများအကျိုးအတွက် တိရစ္ဆာန်များကို ဖန်ဆင်းပေးထားသည်။ တိရစ္ဆာန်များသည် လူသားတို့၏အလုပ်အကိုင်အတွက် ကူဖော်လောင်ဖက် ရနိုင်သည်သာမက အဖော်အပေါင်းများလည်း ဖြစ်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင့်မေတ္တာတော်နှင့် ဉာဏ်ပညာကိုလည်း ဂုဏ်တင်ချီးမွမ်းကြသည်။ တိရစ္ဆာန်များ၏အလှအပကို ရှုစားရခြင်းနှင့် ၎င်းတို့၏ အံ့ဖွယ်ကောင်းသော ပင်ကိုအသိဉာဏ်ကို လေ့လာသုံးသပ်ခြင်းမှ ဖန်ဆင်းရှင်အကြောင်း ပိုမိုသိရှိလာရခြင်းတို့သည် အမှန်နှစ်လိုဖွယ်ဖြစ်သည်။ (ဆာလံ ၁၀၄:၂၄; သု. ၃၀:၂၄-၂၈; ရောမ ၁:၂၀) ထိုသို့သော ဉာဏ်ပညာ၏ပြယုဂ်များစွာမှ တစ်ခုကို အင်းဆက်လောကတွင် တွေ့ရသည်။ ပျားများ၏ ရှုပ်ထွေးလှသောပျားအုံ တည်ဆောက်ခြင်းကိုမဆိုဘဲ ၎င်းတို့ တစ်ကောင်နှင့်တစ်ကောင်ဆက်သွယ်၍ အစာရှိရာအရပ်သို့ နောက်ယောင်ခံလိုက်တတ်သည့် နည်းသည်ပင် အံ့သြဖွယ်ဖြစ်သည်။
တိရစ္ဆာန်များမှ လူတို့အတွက် အစားအစာရရှိနိုင်သဖြင့် အကျိုးပြုသည်။ အစဦး၌ ဘုရားသခင်သည် လူတို့အား ဟင်းသီးဟင်းရွက်များကိုသာ စားခွင့်ပြုခဲ့သည်။ သို့သော် နှစ်ပေါင်း ၁,၆၀၀ လွန်သော်—နောဧခေတ် ရေလွှမ်းမိုးပြီးနောက်—ဘုရားသခင် ဤသို့မိန့်ဆိုခဲ့သည်– “အသက်ရှင်၍လှုပ်ရှားတတ်သမျှသည် အသီးအရွက်ကဲ့သို့ သင်တို့စားစရာဖို့ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။” (ကမ္ဘာဦး ၁:၂၉; ၉:၃) ဤသို့ဖြင့် ဘုရားသခင်သည် လူသားများအား တိရစ္ဆာန်အသား စားခွင့်ပြုခဲ့သည်။ လူတို့၏အစားအစာတွင် မူလက အသားမပါခဲ့သော်လည်း လူ့အကျိုးအတွက် ယင်းကို ဘုရားသခင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ယနေ့ ချစ်စနိုးအိမ်မွေးတိရစ္ဆာန်များ၏ ပြဿနာများ
သမိုင်းတစ်လျှောက်တွင် အိမ်များ၌ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်းသည် ရှားပါးဖြစ်ရပ်ဖြစ်ပုံရပြီး ကမ္ဘာ့ဒေသအများစုတွင် ထိုသို့ဖြစ်နေဆဲပင်။ သို့သော် မကြာသေးမီအချိန်က လူတို့သည် မြို့တက်ပြီး ချမ်းသာကြွယ်ဝလာရာ အိမ်မွေးတိရစ္ဆာန်များ မွေးမြူခြင်းသည် အစဉ်အလာဖြစ်လာသည်။ ယင်းက ဖွံ့ဖြိုးသည့်တိုင်းပြည်များတွင် ပြဿနာအချို့ ဖြစ်စေခဲ့ပြီ။
ကမ္ဘာတစ်ဝန်း ခန့်မှန်းချက်အရ အိမ်မွေးတိရစ္ဆာန် သန်း ၅၀၀ ရှိသည့်အနက် အမေရိကန်ပြည်ထောင်စုတွင် ၄၀ ရာခိုင်နှုန်းခန့် တွေ့ရခြင်းမှာ မယုံနိုင်စရာပင်။ ထိုနိုင်ငံတွင် အိမ်မွေးခွေးအကောင်ရေ ၅၉ သန်းခန့်နှင့် အိမ်မွေးကြောင်အကောင်ရေ ၇၅ သန်းရှိသည်။ သို့တိုင် လန်ဒန်နှင့် ပါရီမြို့တို့တွင် တစ်အိမ်လျှင် အိမ်မွေးတိရစ္ဆာန် တစ်ကောင်ထက်ပိုရှိရာ နယူးယောက်မြို့ထက် ပိုသာသည်!
လွန်ခဲ့သောနှစ်အနည်းငယ်က ပါရီမြို့တွင် လမ်းဘေးစင်္ကြံမှ ခွေးချေးများကို ဖုန်စုပ်စက်တစ်မျိုးဖြင့် ရှင်းလင်းသန့်စင်ရန် ကန်နီနက်ဟုခေါ်သည့် စကူဒါ ဆိုင်ကယ် အစီး ၇၀ ခန့်ကို ငှားရမ်းခဲ့သည်။ ပါရီမြို့ရှိ ခွေးကောင်ရေ ၂၅၀,၀၀၀ ခန့်သည် နေ့စဉ် မစင် ၂၅ တန် စွန့်ကြကြောင်း ခန့်မှန်းတွက်ချက်ထားသည်၊ ယင်းတို့အနက် တစ်ဝက်ခန့်ကို ကန်နီနက်များဖြင့် ရှင်းလင်းပစ်ကြသည်။ ခွေးချေးနင်းမိ၍ ချော်လဲခြင်းကြောင့် ဒဏ်ရာရကာ ဆေးရုံတင်ရသူ နှစ်စဉ် ရာနှင့်ချီရှိသည်ဟု သတင်းရရှိ၏။
ထို့ပြင် အသံဆူညံခြင်းပြဿနာ ရှိသေးသည်။ ခွေးပိုင်ရှင်အချို့သည် လူတို့ပြုလျှင် ဘယ်တော့မျှသည်းခံမည်မဟုတ်သည့် အပြုအမူကို ၎င်းတို့၏ တိရစ္ဆာန်များပြုလျှင်မူ သည်းခံကြသည်။ အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်ရေး ဖိုရမ်အရ “ဟောင်လွန်းသောခွေး၏ ပိုင်ရှင်များသည် ဆူညံသံကို လျစ်လျူရှုနိုင်စွမ်း တိုးတက်လာပုံရသည်။” ဥပမာ၊ ခွေးဟောင်သံသည် အရေးကြီးစကားပြောဆို၍ မရနိုင်အောင်ဖြစ်နေသည့်တိုင် အချို့သည် သူတို့၏ခွေးကို ဟန့်တားခြင်းမပြုကြချေ။
တစ်ဖက်တွင်မူ၊ ခွေးတစ်ကောင်သည် ပိုင်ရှင်နှင့်အတူရှိနေစဉ် အေးဆေးငြိမ်သက်ပြီး သဘောကောင်းနေသော်လည်း ပိုင်ရှင်မရှိသည့်အခါမူ အိမ်နီးချင်းအတွက် ကြောက်စရာဖြစ်နေနိုင်သည်။ ထိုသို့သောပြစ်ချက်များရှိသည့်တိုင် ပိုင်ရှင်များက သူတို့၏တိရစ္ဆာန်များကို ချစ်နေမည်ဖြစ်သော်လည်း ညဆိုင်းအလုပ်ဆင်းရသော အိမ်နီးချင်းတစ်ဦး သို့မဟုတ် ကလေးငယ်ကို သိပ်ရန်ကြိုးစားနေသည့် ကပ်လျက်အိမ်မှ မိခင်တစ်ဦးမူ ဤမျှခွင့်လွှတ်ခြင်းတရား ထားနိုင်မည်မဟုတ်ချေ။ ထို့ပြင် ငြီးငွေ့နေသော တိရစ္ဆာန်များသည် တဂျီဂျီလုပ်လာတတ်၊ ရန်မူခြင်းပင် လုပ်လာတတ်သည်။
အိမ်မွေးတိရစ္ဆာန်များ ပေါက်ဖွားနှုန်းမြင့်ခြင်းသည် အထူးသဖြင့် မြို့ကြီးများတွင် ပြဿနာဖြစ်ကြောင်း တွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် ခွေးကောင်ရေ ၁၇ သန်းနှင့် ကြောင် သန်း ၃၀ ပေါက်ပွားကြောင်း တွက်ချက်ခန့်မှန်းထားသည်။ ယင်းတို့အနက် သန်းပေါင်းများစွာသည် တိရစ္ဆာန်ဂေဟာတွင် ဇာတ်သိမ်းကြရသည်၊ အမေရိကန်တစ်နိုင်ငံတည်းတွင် ခန့်မှန်းခြေအရ လေးသန်းမှ ခြောက်သန်းအထိကို နှစ်စဉ် သတ်ပစ်လိုက်ရသည်။
အဘယ်ကြောင့် တိရစ္ဆာန်များစွာ ဂေဟာသို့ ပို့ခြင်းခံရသနည်း။ အိမ်မွေးတိရစ္ဆာန်အပေါ်ထားသော မေတ္တာသည် ကြာကြာမခံသောကြောင့် ဖြစ်လေ့ရှိသည်။ ချစ်စဖွယ်ပါပီလေး သို့မဟုတ် ကြောင်ပေါက်လေးသည် ဂရုစိုက်မှု လိုဆဲဖြစ်သည့် တိရစ္ဆာန်ကြီးအဖြစ်သို့ ကြီးပြင်းလာသည်။ သို့သော် အိမ်မွေးတိရစ္ဆာန်များနှင့်အတူ ကစားရန် သို့မဟုတ် လေ့ကျင့်ပေးရန် အိမ်သားတစ်ယောက်မျှ အချိန်မပေးနိုင်၊ စိတ်လည်းမရှည်ကြပေ။ စာရေးဆရာလည်းဖြစ်၊ တိရစ္ဆာန်ကျွမ်းကျင်သူလည်းဖြစ်သူ ဒေါက်တာ ဂျိုနီကာ နယူဘိုင်း ဤသို့ဆိုသည်– “ကမ္ဘာတစ်ဝန်းမှ လေ့လာချက်များက တိရစ္ဆာန်ဂေဟာများသို့ ရောက်လာသည့် ခွေးကောင်ရေတစ်ဝက်သည် အများထင်သလို စွန့်ပစ်ခံရခြင်းမဟုတ်ကြသော်လည်း ဟောင်ခြင်း၊ ဖျက်ဆီးတတ်ခြင်း သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များ အားအင်ကြီးမားလာခြင်းတို့ကို မဖြေရှင်းနိုင်သည့် သခင်များ၏ ခေါ်ဆောင်လာခြင်းကို ခံရကြကြောင်း တစ်သမတ်တည်း ပြသသည်။”
အိမ်မွေးတိရစ္ဆာန် ကောင်ရေများလွန်းခြင်းနှင့်ပတ်သက်၍ သတင်းလွှာတစ်စောင်က အခြေအနေကို ဤသို့အကျဉ်းချုပ်ဖော်ပြသည်– “သက်ရှိသတ္တဝါများသည် ချစ်စရာကောင်းချိန်တွင် တယုတယပွေ့ပိုက်ခံရကာ အဆင်မပြေသောအခါ စွန့်ပစ်ခံရသည့် တစ်ခါသုံးပစ္စည်း ဖြစ်လာပြီ။ တိရစ္ဆာန်အသက်တာကို ဤသို့ တန်ဖိုးမထားမှုသည် ပျံ့နှံ့လျက်ရှိကာ ကျွန်ုပ်တို့၏ ယဉ်ကျေးမှုကို တိုက်စားလေသည်။”
စဉ်းစားသုံးသပ်ရန် အရေးကြီးအချက်များ
အထူးသဖြင့် မြို့ပြမှ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်သည် အလေးအနက်စဉ်းစားသုံးသပ်ရန် လိုသည်။ လှုပ်လှုပ်ရှားရှားနေတတ်သော အိမ်မွေးတိရစ္ဆာန်များ၏အကျိုးအတွက် နေ့စဉ် ကာယလေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်သည်။ ဩစတြေးလျမှ “ပြည်သူလူထုနှင့် အိမ်မွေးတိရစ္ဆာန်များ စစ်တမ်း” ကဤသို့ဖော်ပြသည်– “လမ်းလျှောက်ခြင်းနှင့် လေ့ကျင့်ခန်းများသည် ခွေးတစ်ကောင်အတွက် ကာယလိုအပ်ချက်ဖြစ်ကာ စိတ်တက်ကြွလာစေသည်။ လေ့ကျင့်ခန်း အလုံအလောက်မရသော ခွေးများသည် ကိုင်တွယ်ရ ခက်လာနိုင်သည်။ သို့သော် ပိုင်ရှင်များစွာသည် တစ်နေ့လုံး အလုပ်တွင် ပင်ပန်းထားသဖြင့် မိမိတို့ခွေး၏ ထိန်းချုပ်ထားရသည့် စွမ်းအင်များကို ဖြေလျော့ဖို့ ၎င်းနှင့်အတူ လမ်းလျှောက်မထွက်နိုင်လောက်အောင် မောပန်းနေကြသည်။
ထို့ကြောင့် အမြော်အမြင်ရှိသော အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များသည် မိမိတို့ကိုယ်ကို ဤသို့မေးကြသည်– ‘ငါ့ရဲ့အိမ်မွေးတိရစ္ဆာန်ကို ငါကောင်းကောင်း ဂရုစိုက်နိုင်ပါ့မလား။ ငါ့ရဲ့ဘဝပုံစံက အိမ်မွေးတိရစ္ဆာန်ကို တစ်ရက်လုံး စောင့်ရှောက်မယ့်သူမရှိ ပစ်ထားခဲ့တာမျိုးလား။ သူနဲ့အတူ လမ်းလျှောက်ထွက်ဖို့၊ ကစားဖို့ ငါ့မှာအချိန်ရှိမလား။ ငါ့ရဲ့ခွေးကို လေ့ကျင့်ပေးဖို့လိုရင် လေ့ကျင့်ပေးနိုင်ဖို့ ငါအသင့်ရှိမလား ဒါမှမဟုတ် လေ့ကျင့်ပေးတဲ့ကျောင်းမှာ သွားထားမလား။ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ပိုင်ဆိုင်ခြင်းက ပိုအရေးကြီးတဲ့လုပ်ငန်းတွေရဲ့ အချိန်ကို ယူသွားလေမလား။’
နောက်ထပ်သုံးသပ်ရမည်မှာ အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်ထားခြင်းသည် အကုန်အကျများနိုင်ခြင်းဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များ၏ စစ်တမ်းအရ အမေရိကန်ပြည်ထောင်စုတွင် ခွေးတစ်ကောင်၏ ဆေးဝါးကုသမှုကုန်ကျစရိတ်သည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ၁၉၆ ဒေါ်လာရှိပြီး ကြောင်တစ်ကောင်သည် ၁၀၄ ဒေါ်လာဖြစ်သည်။ အမှန်မှာ ယင်းတွင် မရှိမဖြစ်သော အစားအစာနှင့် အခြားသော နေ့စဉ်လိုအပ်ရာများ မပါသေးချေ။ ထို့ပြင် အချို့ရပ်ကွက်များ၌ မှတ်ပုံတင်ကြေး ရှိသေးသည်။
စိန်ခေါ်ချက်ကို မျှတစွာရှုမြင်ခြင်း
ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကိုယ်တော်ဖန်ဆင်းထားသောတိရစ္ဆာန်များနှင့် ပျော်မွေ့၍ ယင်းတို့ကို မေတ္တာပါပါ သက်ညှာမှုပြသောအခါ အားရနှစ်သက်တော်မူ၏။ ထို့ကြောင့် လက်အောက်ခံတိရစ္ဆာန်များကို ရက်ရက်စက်စက် ကိုင်တွယ်ဆက်ဆံခြင်းမပြုသင့်ကြောင်း သင်သဘောတူသည် မဟုတ်ပေလော။ သို့တိုင်၊ ဖျော်ဖြေမှုတစ်ခုအနေနှင့် လူတို့သည် နွားသိုးများ၊ ခွေးများနှင့် ကြက်များကဲ့သို့သော တိရစ္ဆာန်များကို ရက်ရက်စက်စက်ကိုင်တွယ်၍ အသေအကျေ တိုက်ခိုက်ရန် ခွင့်ပြုထားကြသည်။ ဝမ်းနည်းဖွယ်မှာ လူတို့သည် ဘုရားသခင်ရည်ရွယ်သည့်အတိုင်း ထောက်ထားစာနာမှုဖြင့် တိရစ္ဆာန်များကို အမြဲမဆက်ဆံခဲ့ကြပေ။
တစ်ဖက်တွင်မူ၊ လူအချို့သည် အိမ်မွေးတိရစ္ဆာန်များကို သာ၍အရေးကြီးသည့် အကြောင်းများထက်ပင် အလေးထားလွန်းနေပြန်၏။ အမှန်မှာ တိရစ္ဆာန်များအပေါ် သံယောဇဉ်ထားမှု လွန်သွားပါက အိမ်မွေးတိရစ္ဆာန်များ၏အသက်သည် လူတို့၏အသက်ထက်ပင် ပို၍အရေးကြီးသည်ဟု ထင်မြင်နိုင်သည်။ ဥပမာအနေနှင့် တိရစ္ဆာန်ဆေးရုံတစ်ခု မီးလောင်စဉ် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များသည် အပြင်ဘက်၌စုဝေးနေသည်၊ အချို့တို့သည် “သူတို့၏ အသည်းကျော်လေးများနှင့်အတူ သေလိုကြောင်းပြောဆိုကာ အစောင့်အကြပ်အကာအရံများကို ကျော်ဖြတ်ရန် ကြိုးစားခဲ့ကြ” သည်ဟုဆိုကြသည်။
တွယ်တာရသည့်အိမ်မွေးတိရစ္ဆာန် သေဆုံးသည်ကို မြင်ရခြင်းက ဝမ်းနည်းပူဆွေးစေမည် မှန်ပါသည်။ သို့သော် ထိုသို့သော ကိစ္စရပ်၌ပင် ချင့်ချိန်နှိုင်းဆနိုင်ပါသေးသည်။ အစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း တိရစ္ဆာန်များသည် ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းမခံရသည့်ပြင် လူတို့ကဲ့သို့ ထာဝစဉ်အသက်ရှင်ရန်လည်း ရည်ရွယ်ထားခြင်း မခံရပါ။ လူတို့ကို ဘုရားသခင်ဖန်ဆင်းထားပုံနှင့်ပတ်သက်၍ ကျမ်းစာဤသို့ဆိုသည်– “လူစိတ်နှလုံးကိုလည်း [ထာဝရ]ကာလ၌ စွဲလမ်းစေတော်မူပြီ။” သို့တိုင် တိရစ္ဆာန်များနှင့်ပတ်သက်၍ ဤသို့သောမိန့်ဆိုချက် မရှိပါ။—ဒေ. ၃:၁၁။
ထို့ကြောင့် သမ္မာကျမ်းစာက တိရစ္ဆာန်ကိုသတ်ခြင်းသည် မှားသည်ဟု မဆိုထားပါ၊ အမှန်မှာ ယခုအခါ သန်းပေါင်းများစွာသောသူတို့အတွက် ၎င်းတို့သည် အစားအစာရင်းမြစ်တစ်ခုဖြစ်သည်။ သို့တိုင် ဖျားနာ၍ ဝေဒနာခံစားနေရသည့် အိမ်မွေးတိရစ္ဆာန်ကို သတ်ခြင်းကောအသို့နည်း။ ယင်းသည် ခက်ခဲ၍ အကျပ်ရိုက်စေသော ဆုံးဖြတ်ချက်တစ်ရပ်ပင်! သို့တိုင် အိမ်မွေးတိရစ္ဆာန်ကိုချစ်သူသည် သူ၏သစ္စာရှိအဖော်အား မနာကျင်သောနည်းဖြင့် မြန်မြန်သေဆုံးစေလိုက်ခြင်းက အကုန်အကျခံကုသပေးခြင်းဖြင့် တိုး၍ဝေဒနာခံစားရစေသည့်ပြင် မိသားစု၏ငွေကြေးကိုပင် ကုန်ခန်းစေရာရောက်သည်ထက် သာ၍ကောင်းသည်ဟု ကောက်ချက်ချနိုင်ပေသည်။
ဘုရားသခင်သည် ဖန်ဆင်းခံလူသားများကို အလွန်ချစ်မြတ်နိုးရာ ဂရုစိုက်စောင့်ရှောက်ရန် ကိုယ်တော်ပေးအပ်ထားသည့် တိရစ္ဆာန်များကို ကျွန်ုပ်တို့က ပြန်၍ထောက်ထားစာနာမှုနှင့် ချစ်ခင်မြတ်နိုးမှု မပြသင့်ပေလော။ ထိုသို့သော မေတ္တာမျိုးရှိကြသူများသည် ဖန်ဆင်းရှင် မူလကရည်ရွယ်ထားသည့်အတိုင်း တိရစ္ဆာန်များနှင့်ပျော်မွေ့ရမည့် အံ့ဖွယ်အလားအလာသို့ ဆွဲဆောင်ခံရလေ့ရှိသည်။ အိမ်မွေးတိရစ္ဆာန်များနှင့်ပတ်သက်သော ဤအပိုင်းကို ဤအခန်းဆက် နိဂုံးဆောင်းပါးက တင်ပြသွားပါမည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဂေဟာများမှ သန်းနှင့်ချီသော ချစ်စနိုးအိမ်မွေးတိရစ္ဆာန်များသည် အဘယ်ကြောင့် နှစ်စဉ် သတ်ပစ်ခံရကြသနည်း
[Credit Line]
© Hulton-Deutsch Collection/CORBIS
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
အထူးသဖြင့် မြို့တွင်နေထိုင်သူများအတွက် ချစ်စနိုးအိမ်မွေးတိရစ္ဆာန် ပိုင်ဆိုင်ခြင်းသည် ထင်ထားသည်ထက် တာဝန်ပိုနိုင်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
တိရစ္ဆာန်များကို ကြင်နာစွာဆက်ဆံသောအခါ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် အားရနှစ်သက်တော်မူသည်