ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၇/၈ စာ. ၂၀-၂၁
  • ကိုချင်နီလ်—ထူးခြားလှသော ပိုးကောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုချင်နီလ်—ထူးခြားလှသော ပိုးကောင်
  • နိုးလော့!—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဥပဒ်ပေးသလော၊ အကျိုးပေးသလော
  • ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာ
  • ကြက်သွေးရောင်ဆိုးဆေး ထုတ်လုပ်ပုံ
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ရှေးအချိန်က အသုံးပြုခဲ့ကြတဲ့ အရောင်များနဲ့ အထည်အလိပ်များအကြောင်း တစေ့တစောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နိုးလော့!—၂၀၀၃
န၀၃ ၇/၈ စာ. ၂၀-၂၁

ကိုချင်နီလ်—ထူးခြားလှသော ပိုးကောင်

မက္ကဆီကိုနှင့်ပီရူးမှ နိုးလော့! စာရေးသူ ပေးပို့သည်

တချို့နှုတ်ခမ်းနီများနှင့် အခြားအလှကုန်ပစ္စည်းများတွင်ပါရှိသည့် အနီရဲရဲအရောင်ကို မည်သို့ရရှိသနည်း။ ပါးနီနှင့် နှုတ်ခမ်းနီအချို့၌ တွေ့ရှိရသည့် ကြက်သွေးရောင်ဆိုးဆေးသည် ရှားစောင်းပင်များတွင် ကျက်စားနေသော အကြေးပါပိုးကောင် ကိုချင်နီလ်မှ ရရှိသည်ကို သင်သိရလျှင် အံ့အားသင့်သွားပေမည်။ အလွန်ထူးခြားသော ဤပိုးကောင်ကို အနီးကပ်လေ့လာကြည့်ကြစို့။

ဥပဒ်ပေးသလော၊ အကျိုးပေးသလော

အရွယ်ရောက်ကိုချင်နီလ်ပိုးကောင်အမ၏အရှည်မှာ တစ်လက်မ၏ ရှစ်ပုံတစ်ပုံခန့်ရှိပြီး အရွယ်အစားမှာ မီးခြစ်ဆံထိပ်ဖူးနီးပါးခန့်ရှိသည်။ ကိုချင်နီလ်ပိုးကောင်အဖိုများ၏အရွယ်အစားမှာမူ အမ၏ထက်ဝက်မျှသာရှိသည်။ သို့သော် ကိုချင်နီလ်များ၏အရွယ်အစားကြောင့် စိတ်ရှုပ်ထွေးမသွားပါနှင့်။ “၎င်းတို့သည် အဖျက်ဆီးတတ်ဆုံး ပိုးကောင်အမျိုးအစားတွင် ပါဝင်သည်” ဟုအကိုးအကားစာအုပ်တစ်အုပ်က ဆို၏။ သို့ရာတွင် ယင်းသို့လူသိများသော်လည်း လယ်သမားအချို့သည် ၎င်းတို့ကို မွေးမြူနေကြသည်။ အဘယ်ကြောင့်နည်း။ ကိုချင်နီလ်ပိုးကောင်အမများ၏ကိုယ်ကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ရာမှ ကြက်သွေးရောင်၊ အနီရဲရဲအရောင် ဆိုးဆေးရရှိရန်ဖြစ်သည်။

မျက်မှောက်ခေတ် မက္ကဆီကိုနိုင်ငံ၊ ဝါဟာကာပြည်နယ်တွင် နေထိုင်ကြသည့် ရှေးမီစ်တခ်လူမျိုးစုခေတ်ကတည်းက ကိုချင်နီလ်ပိုးကောင်များကို ဆိုးဆေးများအဖြစ် အသုံးပြုခဲ့သည်။ စပိန်စစ်အောင်နိုင်သူများသည် ကိုချင်နီလ်ပိုးကောင်၏ ကြက်သွေးရောင်ကို စွဲမက်ခဲ့ကြသည်၊ မကြာမီ ဥရောပတိုက်သားများစွာသည် အဆိုပါသဘာဝဆိုးဆေး၏ အရောင်အသွေးတောက်ပမှုကို နှစ်သက်သဘောကျခဲ့ကြ၏။ ဗြိတိန်သည် ရိုးရာကြက်သွေးရောင်စစ်ယူနီဖောင်းအတွက် ကိုချင်နီလ်ကို အသုံးပြုလေ့ရှိခဲ့သည်။ ၁၆၅၀ ပြည့်နှစ်ခန့်မှ ၁၈၆၀ ပြည့်နှစ်အထိ ကိုချင်နီလ်ကို အလွန်ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ကြသည်၊ ယင်းသည် ရွှေငွေမှလွဲလျှင် မက္ကဆီကိုနိုင်ငံ၏ တန်ဖိုးအရှိဆုံး ထုတ်ကုန်ဖြစ်၏။

ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာ

၁၉ ရာစုနှစ်လယ်တိုင်သော် သဘာဝဆိုးဆေးများကို ဓာတုဗေဒဆိုးဆေးများနှင့် အစားထိုးလာကြလေသည်။ ထိုသို့အစားထိုးခဲ့ကြခြင်း၏ အကြောင်းရင်းများစွာရှိသည်။ အက်ဖ်ဒီအေစားသုံးသူ မဂ္ဂဇင်းမှ ဂျွန်ဟဲန်ကာလ်က ဤသို့ဆို၏– “ဓာတုဗေဒဆိုးဆေးများသည် ထုတ်လုပ်ရန် ပို၍လွယ်ကူပြီး ဈေးပေါသည်၊ အရောင်အသွေးကောင်းလှသည်။” သို့ ဖြစ်၍ အစားအစာ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများကို အရောင်ဆိုးရန် ဓာတုဗေဒဆိုးဆေးများသည် အချိန်တိုအတွင်း ဈေးကွက် တွင်ကျယ်လာခဲ့သည်။ “သို့သော် ဓာတုဗေဒဆိုးဆေး အသုံးများလာလေ၊ အန္တရာယ်တိုးများလာလေ” ဟူ၍ ဟဲန်ကာလ်ကပင် ထပ်ဆိုသည်။

၁၉၇၀ ပြည့်လွန်နှစ်များမှ လေ့လာချက်များက ဓာတုဗေဒဆိုးဆေးအချို့သည် ကင်ဆာရောဂါဖြစ်ပွားစေနိုင်၏ဟု ဖော်ပြခဲ့သည်။ ကျန်းမာရေးထိခိုက်စေနိုင်သည်ဟု သိရှိလာကြသည်နှင့်အမျှ သဘာဝဆိုးဆေးများဘက်သို့ ဦးလှည့်လာကြပြန်၏။ ဥပမာ၊ ပီရူးနိုင်ငံသည် ယခုအခါ ကမ္ဘာ့ကိုချင်နီလ်ဆိုးဆေး၏ ၈၅ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်လျက်ရှိသည်။ ကနေရီကျွန်းစုများသည် ကိုချင်နီလ်ပိုးကောင်စုသိမ်းခြင်းကြောင့် လူသိများသကဲ့သို့ စပိန်နိုင်ငံတောင်ပိုင်း၊ အယ်လ်ဂျီးရီးယား၊ ဗဟိုနှင့်တောင်အမေရိကရှိ နိုင်ငံများလည်း ထိုနည်းထပ်တူပင်ဖြစ်သည်။ သို့သော် မျက်မှောက်ခေတ်တွင် ကြက်သွေးရောင်ကို လိုသလောက်မရရှိနိုင်သဖြင့် မက္ကဆီကိုအစိုးရသည် ပိုမိုထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၏။

ကြက်သွေးရောင်ဆိုးဆေး ထုတ်လုပ်ပုံ

ကိုချင်နီလ်ပိုးကောင်သည် ရှားစောင်းပင်၏အကိုင်းများတွင် ယင်း၏သက်တမ်းတစ်လျှောက်လုံး တွယ်ကပ်နေထိုင်ကြသည်။ ဖယောင်းနှင့်တူသည့်အမှုန့်ကို ကိုယ်ပေါ်မှထုတ်လွှတ်၍ ငှက်ရဲတိရစ္ဆာန်များ၏ရန်မှ မိမိကိုယ်ကို ကာကွယ်သည်။ အဆိုပါနူးညံ့သောအမှုန့်များသည် ပိုးကောင်ကိုလွှမ်းခြုံပေးပြီး ယင်း၏အိမ်ဖြစ်သည်။ သို့သော် စုသိမ်းချိန်တွင် ပိုးကောင်ရှိသည့်နေရာကိုလည်း အလွယ်တကူတွေ့ရှိစေသည်။

ကိုချင်နီလ်ပိုးကောင်အမများတွင်သာ အနီရောင်ခြယ်ဓာတ်၊ ကြက်သွေးရောင်အက်စစ်ပါရှိသည်။ ဥတည်နေသောကိုချင်နီလ်ပိုးကောင်များတွင် အများဆုံးပါရှိ၏။ ထို့ကြောင့် အရည်အသွေးအကောင်းဆုံး ဆိုးဆေးရရှိရန် စုသိမ်းသူများသည် ဥတည်နေသောကိုချင်နီလ်ပိုးကောင်များ မဥမီ အထူးဂရုစိုက်စုသိမ်းကြရသည်။ ပီရူးအင်းဒီးစ်တောင်တန်းတွင် ခုနစ်လအတွင်း သုံးကြိမ် စုသိမ်းကြသည်။ အပင်ပေါ်ရှိ ကိုချင်နီလ်ပိုးကောင်များကို ဝက်မှင်ဘီးဖြင့် ဖြီးချသည် သို့မဟုတ် ဓားတုံးဖြင့် ခြစ်ထုတ်ရသည်။ ၎င်းတို့ကို အခြောက်လှန်း၊ ဆေးကြော၍ အမှုန့်ကြိတ်ပြီးနောက် ကြေညက်နေသောပိုးကောင်များကို အမိုးနီးယား သို့မဟုတ် ဆိုဒီယမ်ကာဗွန်နိတ်ဖျော်ရည်တွင် အဆင့်ဆင့်ဓာတ်ပြုရသည်။ ပိုးကောင်အဖတ်များကို စကာဖြင့် စစ်ထုတ်ပစ်ပြီး သန့်စင်သောအရည်များ ကျန်ရစ်ခဲ့သည်။ ထို့ပြင် ခရမ်းရောင်ရရှိရန် ထုံးကိုလည်း ထည့်ပေးနိုင်သည်။

ပိုးကောင်များမှ ပြုလုပ်ထားသောမိတ်ကပ်ကို လိမ်းရန်အတွေးကို နှစ်သက်ကြမည်မဟုတ်သော်လည်း ထိုသဘာဝ “ဆိုးဆေးပစ္စည်းများကို အသေးစိတ်စိစစ်ထား” ကြောင်း သင်စိတ်ချနိုင်ပါသည်။ “ထိုဆိုးဆေးများကို အသေအချာ အပြန်ပြန်အလှန်လှန်စစ်ဆေးသုတေသနပြုထားသည်၊ တစ်ခါတစ်ရံ အကြိမ်ပေါင်းမြောက်မြားစွာ အပြန်ပြန်ပြုရသည်” ဟုဟဲန်ကာလ်ကဆို၏။ ထို့ကြောင့် သင့်မျက်နှာ တောက်ပြောင်နေသည်ဟု ချီးမွမ်းခံရလျှင် အလွန်ထူးခြားသောပိုးကောင် ကိုချင်နီလ်ကြောင့် ဖြစ်နိုင်၏!

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

၁။ ရှားစောင်းအကိုင်းပေါ်မှ ကိုချင်နီလ်ပိုးကောင်များ

၂။ ဥတည်နေသောအမများ၏ အနီးကပ်ပုံ

၃။ အခြောက်လှန်းထားသော ကိုချင်နီလ်ပိုးကောင်များ

၄။ အလှကုန်များတွင်အသုံးပြုသည့် အရည်အဆင့်ဆင့်

[Credit Lines]

Page 23 photos: #1: The Living Desert, Palm Desert, CA; #3 and products: Cortesía del Centro de Investigaciones Económicas, Sociales y Tecnológicas para la Agroindustria y la Agricultura Mundial, Universidad Autónoma de Chapingo, fotografía de Macario Cruz; #4: David McLain/AURORA

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဆိုးဆေးဖြင့်ပြုလုပ် ထားသော ပစ္စည်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ