ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
လျှပ်စစ်ကားများနှင့် ပတ်ဝန်းကျင်
ဘက်ထရီအားသုံးကားများသည် လောင်စာအင်ဂျင်အားသုံးကားများထက် ပတ်ဝန်းကျင်အတွက် ပိုကောင်းမကောင်းသိရှိရန် ဂျာမန်မော်တော်ကားကုမ္ပဏီက လေ့လာမှုတစ်ရပ်ပြုခဲ့သည်။ ဇွတ်ဒဝိုက်ချာ စေထွန်သတင်းစာအရ ထိုလေ့လာမှုတွင် ၁၉၉၂ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်အတွင်း မိုင်ပေါင်း ၈၀၀,၀၀၀ မောင်းနှင်ခဲ့သည့်ယာဉ်မောင်း ၁၀၀ ပါဝင်သည်။ လျှပ်စစ်ကားများသည် အားပြန်မသွင်းလျှင် ခရီးတိုသာပြေးနိုင်လင့်ကစား အကျိုးကျေးဇူးအတော်အတန်ရှိကြောင်းတွေ့ရှိခဲ့သည်။ ယင်းကားတို့သည် မဆူညံဘဲပြေးနိုင်ပြီး၊ ယင်းတို့ကိုအသုံးပြုရာတွင် တိုက်ရိုက်လေထုညစ်ညမ်းစေမှုများမရှိချေ။ သို့ရာတွင် ဤအကျိုးကျေးဇူးများထက် အဓိကပြဿနာကြီးတစ်ခုက အလေးသာနေသည်။ ဘက်ထရီများကို အားပြန်သွင်းခြင်းသည် တွင်းထွက်လောင်စာသုံးကားများထက် အသုံးပြုမှုအပေါ်မူတည်၍ ၁.၅ ဆမှ ၄ ဆအထိ လျှပ်စစ်ရရှိရေးအတွက် မူလစွမ်းအင်သုံးစွဲမှုပိုများကာ ထိုစွမ်းအင်ကို တစ်နေရာမှထုတ်လုပ်ရသည်။ စွမ်းအင်ထုတ်လုပ်နည်းအပေါ်မူတည်၍ ယင်းသည် “သာမန်ကားများ၏ပတ်ဝန်းကျင်ထိခိုက်စေမှုထက် ပိုကြီးမားနိုင်သည်” ဟုသတင်းစာကဖော်ပြထားသည်။
သတိ– ကိုးလာဘတ်စ်မျောက်၏လမ်းကူး
ကင်ညာနိုင်ငံတောင်ပိုင်းပင်လယ်ကမ်းရိုးတန်းအနီးရှိ ဒီယာနီတောသည် ကိုးလာဘတ်စ်မျောက်များပေါက်ပွားဆဲရှိသည့် အရှေ့အာဖရိကဒေသအနည်းငယ်မှ တစ်ခုဖြစ်သည်။ ယင်းတိရစ္ဆာန်များကြုံနေသည့်ပြဿနာမှာ အသွားအလာများသော ကမ်းခြေလမ်းကို အန္တရာယ်ကင်းစွာ ဖြတ်ကူးရေးဖြစ်သည်။ ခန့်မှန်းချက်တစ်ခုအရ လစဉ်အနည်းဆုံးမျောက် ၁၂ ကောင်သည် လမ်းပေါ်တွင် ကားတိုက်ခံရ၍သေဆုံးသည်ဟု အရှေ့အာဖရိကတောရိုင်းတိရစ္ဆာန်အသင်းမဂ္ဂဇင်း ဆဝါရာ ကဖော်ပြထား၏။ ဒီယာနီအနီးတစ်ဝိုက်တွင်နေထိုင်သူလူတစ်စုက ထိုသို့သွေးသံရဲရဲဖြင့်သေဆုံးမှုကို လျှော့နည်းစေရန်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ယာဉ်မောင်းများကို ပို၍ဂရုစိုက်ရန်ဆော်သြသည့်အပြင် မကြာမီက လမ်းမအထက်တွင် မြင့်မားသောကြိုးတံတားတစ်ခုကို ဆောက်လုပ်ခဲ့ကြသည်။ တံတားများကိုအသုံးပြုနေသောမျောက်များကို မြင်ပြီးအားရကာ ထိုတွင်နေထိုင်သူများသည် တံတားများပိုမိုဆောက်လုပ်ရန် စီစဉ်နေကြသည်။
သတိ– တယ်လီဖုန်းများ အန္တရာယ်ဖြစ်စေနိုင်
ကားမောင်းနေစဉ် ယင်းကိုအသုံးပြုလျှင် ထိုသို့ဖြစ်နိုင်သည်။ ကားဖုန်းသုံးသောယာဉ်မောင်းများသည် လမ်းကိုအာရုံစိုက်မောင်းသူများထက် မတော်တဆမှုလေးဆဖြစ်နိုင်သည်ဟု နယူးအင်္ဂလန်ဆေးဂျာနယ် တွင်ဖော်ပြပါရှိသော လေ့လာမှုတစ်ရပ်ကဆိုသည်။ ကားမောင်းစဉ်ဖုန်းပြောခြင်းသည် သွေးအတွင်းအရက် ၀.၁ ရာခိုင်နှုန်းရှိစဉ် မောင်းခြင်းတမျှအန္တရာယ်ရှိ၏။ ထို့အပြင် ကိုင်စရာမလိုသည့် စပီကာဖုန်းသုံးသောယာဉ်မောင်းများသည် လက်ကိုင်ဖုန်းသုံးသူများထက် အခြေအနေပိုကောင်းသည်မဟုတ်ပေ။ ဖုန်းများကိုယ်နှိုက်က မတော်တဆမှုဖြစ်စေခြင်းမဟုတ်သော်လည်း ယင်းဖြင့် စကားအချေအတင်ပြောဆိုစဉ် လူတစ်ဦးသည် အာရုံပျံ့လွင့်သောအခါကဲ့သို့ ယင်းသည် အန္တရာယ်နှင့်လုံးဝဆက်စပ်မှုရှိသည်ဟု သုတေသီများကဖော်ပြကြသည်။ ထို့အပြင် ယာဉ်မောင်း ၃၉ ရာခိုင်နှုန်းသည် မတော်တဆမှုများဖြစ်ပြီးနောက် အကူအညီတောင်းရန် သူတို့၏ကားဖုန်းများကိုသုံးခဲ့ကြသည်။ ကားဖုန်းသုံးသူများသည် မလိုအပ်ဘဲဖုန်းပြောဆိုမှုအားလုံးကိုရှောင်သင့်ပြီး စကားကိုတိုတိုပြောသင့်သည်ဟု အကြံပြုထား၏။ ဘရာဇီးလ်၊ အစ္စရေးနှင့် ဆွစ်ဇာလန်စသည့်နိုင်ငံတချို့တွင် ယာဉ်မောင်းများဆယ်လူလာဖုန်းအသုံးပြုခြင်းကို တားမြစ်သည့်ဥပဒေများ ထုတ်ထားပြီးဖြစ်သည်။
ဆေးလိပ်၏ဗျူဟာ
“ကွန်ဂရက်က [အမေရိကန်ပြည်ထောင်စုရှိ] စီးကရက်ကြော်ငြာများနှင့် ဘူးအားလုံးတွင်ထည့်သွင်းရန်တောင်းဆိုထားသည့် သတိပေးစာတန်းများကို လျှော့ပေးစေရန် သို့မဟုတ် ဖယ်ရှားပေးစေရန် ဆေးလိပ်လုပ်ငန်းက မိမိတို့အတော်အတန်ရရှိထားသောနိုင်ငံရေးအာဏာကို အဘယ်ကြောင့်အသုံးမပြုကြောင်းကို စဉ်းစားဖူးသလော” ဟုခရစ်ယာန်ရာစုနှစ် စာအုပ်ကမေး၏။ “အဖြေမှာ ရိုးရိုးလေးပင်– ဆေးလိပ်သောက်ခြင်းအန္တရာယ်ကို ထိုသို့သတိပေးခြင်းသည် ဆေးလိပ်စက်မှုလုပ်ငန်းကို ဥပဒေအရတရားဆွဲဆိုခံရခြင်းမှကာကွယ်သည်။ အကယ်၍သင်သည် ၁၂ နှစ်အရွယ်တွင် ဆေးလိပ်စသောက်ပြီး ၄၅ နှစ်အရွယ်တွင် အဆုတ်ကင်ဆာအန္တရာယ်ဖြစ်၍ ကုမ္ပဏီကိုတရားစွဲမည်ဆိုလျှင် စက်မှုလုပ်ငန်းက အလွယ်တကူဤသို့တုံ့ပြန်မည်– ‘ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုတာ ခင်ဗျားကို ကျွန်တော်တို့သတိပေးခဲ့ပြီးပြီ။’ ” ဆေးပြင်းလိပ်သောက်ခြင်းကို အားပေးမှုဖြစ်စေရန် နောက်ဆုံးဈေးကွက်ဗျူဟာများအနက်တစ်ခုမှာ ကုန်ပစ္စည်းကို ဆွဲဆောင်မှုကောင်းသည့်ရုပ်ရှင်အကျော်အမော်များနှင့် ကိုယ်ဟန်ပြမယ်များကိုထောက်ခံစေခြင်းဖြစ်သည်။ သို့ရာတွင် ဆေးပြင်းလိပ်သည် စီးကရက်ထက်ပိုညစ်ညမ်းစေပြီး ကျန်းမားရေးကိုအကြီးအကျယ်ထိခိုက်စေသည်။ “ဆေးပြင်းလိပ်သောက်ခြင်းသည် အမျိုးသမီးတစ်ဦးအတွက် အကျိုးမရှိသည့်အပြင် အသက်အန္တရာယ်ရှိသောဖျားနာမှုတိုးပွားစေကာ ဘဝတွင်အောင်မြင်မှုရရှိရန်လိုအပ်သော သူ၏ခွန်အားနှင့်သက်လုံတို့ကို လှိုက်စားသည်” ဟုနယူးယောက်မြို့ဆိုင်းနိုင်းတောင်ဆေးဌာနမှ ဒေါက်တာနယ်လ်ရှိက်တာကဆိုသည်။
အနှစ်တစ်ထောင်ရူးသွပ်မှု
“၂၀ ရာစုသည် အားကုန်လောင်းစစ်ဖြစ်သောရာစုနှစ်အဖြစ်စတင်ခဲ့ပြီး အဏုမြူခေတ်အထိတိုးတက်လာကာ ဖျော်ဖြေမှုခေတ်အဖြစ် အဆုံးတိုင်မည့်ပုံရှိ၏” ဟုနယူးစ်ဝိခ် မဂ္ဂဇင်းကဆိုသည်။ ၁၉၉၉ နှစ်သစ်ကူးအကြိုပွဲတော်အတွက် “ကမ္ဘာတစ်ဝန်းရှိဟိုတယ်များ၌ ကြိုတင်စာရင်းသွင်းထားကြရာပြည့်နေပြီဖြစ်သည်။” သို့ရာတွင် ထောင်စုနှစ်စတင်မည့်နေရာနှင့်ပတ်သက်၍ အငြင်းပွားမှုအပြင်းအထန်ဖြစ်ခဲ့သည်။ “အခက်အခဲသည် ကီရီဘာတီနိုင်ငံ၌စတင်ခဲ့သည်” ဟုယူ.အက်စ်.သတင်းနှင့် ကမ္ဘာ့သတင်း တွင်ဖော်ပြထား၏။ အပြည်ပြည်ဆိုင်ရာရက်သတ်မျဉ်းသည် ကျွန်းတန်းများမှတစ်လျှောက်ဖြတ်သွား၏– ယင်းသည် ကီရီဘာတီအရှေ့ဘက်တွင် တနင်္ဂနွေနေ့ဖြစ်သောအခါ ကီရီဘာတီအနောက်ဘက်တွင် တနင်္လာနေ့ဖြစ်နေ၏။” ၁၉၉၅ ခု၊ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ရက်သတ်မျဉ်းသည် အရှေ့ပိုင်းအကျဆုံးကျွန်းဖြစ်သော ကယ်ရိုလိုင်းသို့ဖြတ်သွားကြောင်းဖော်ပြခြင်းဖြင့် ထိုနိုင်ငံသည် ပြဿနာကိုဖြေရှင်းခဲ့သည်။ ယင်းက ကီရီဘာတီနိုင်ငံသည် နေ့သစ်၏အစကို ပထမဆုံးတွေ့ မြင်မည့်ဒေသဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။ သို့ရာတွင် တွန်ဂါနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့ကဲ့သို့သော အခြားနိုင်ငံများက “ပထမဆုံး” အနေအထားကိုရလိုကြသည်။ ဂရင်းနစ်တော်ဝင်နက္ခတ်တာရာစခန်းအဆိုအရ ပြဿနာသည် အချေအတင်ဖြစ်နေသည်။ “နေ့တာညတာညီမျှသောစက်တင်ဘာမှ နေ့တာညတာညီမျှသောမတ်လအထိ တောင်ဝင်ရိုးစွန်းပိုင်းတွင် နေရောင်ပေါ်ထွန်းသောကြောင့် အနှစ်တစ်ထောင်သည် ကမ္ဘာ့တောင်ဘက်စွန်းပိုင်းတွင် စတင်မည်” ဟုထိုသတင်းကဖော်ပြထားသည်။ သို့ရာတွင် ယင်းသည် သက္ကရာဇ် ၂၀၀၀ မဟုတ်ဘဲ ၂၀၀၁၊ ဇန်နဝါရီ ၁ တွင်ဖြစ်မည်ဟု နက္ခတ်တာရာကြည့်စခန်းက ဆက်လက်ဖော်ပြသည်။
မြေငလျင်ကို ကြိုတင်မခန့်မှန်းနိုင်
မကြာမီက နိုင်ငံတကာမြေငလျင်ကျွမ်းကျင်သူများအုပ်စုတစ်ခုသည် မြေငလျင်ကို သိပ္ပံနည်းကျကြိုတင်ခန့်မှန်းနိုင်စွမ်းကိုဆွေးနွေးရန် လန်ဒန်မြို့၌တွေ့ဆုံခဲ့ကြသည်။ သူတို့၏အကဲဖြတ်ချက်ကားအသို့နည်း။ “[ကြီးမားသောမြေငလျင်များ] သည် ကြိုတင်သတိပေးချက်အဖြစ်အသုံးပြုနိုင်သည့် မျက်မြင်ထင်ရှားသိမှတ်ဖော်ပြနိုင်သော ရှေ့ပြေးနိမိတ်များအားဖြင့် ဖြစ်ပျက်မည်ဟု လွန်ခဲ့သောအနှစ်တစ်ရာကျော်က ကမ္ဘာမြေကြီးဆိုင်ရာသိပ္ပံပညာရှင်များစွာတို့က ယူမှတ်ခဲ့ကြသည်” ဟုတိုကျိုတက္ကသိုလ်မှ ဒေါက်တာရောဘတ်ဂယ်လာ က အီးယိုးစ် စာအုပ်တွင် ရေးသားသည်။ သို့သော် “ဖြစ်ပျက်သောမြေငလျင်တစ်ခုစီသည် ပင်ကိုသဘာဝအရ ကြိုတင်ခန့်မှန်းနိုင်သောအရာဖြစ်ဟန်မတူ” သဖြင့်တွေးခေါ်ရာတွင် အခြေခံပြုပြင်မှုလိုအပ်ခဲ့သည်။ တိကျသောကြိုတင်ခန့်မှန်းချက်များသည် ဖြစ်နိုင်ဖွယ်မရှိသော်လည်း မြေငလျင်များစွာလှုပ်သည့်မှတ်တမ်းရှိသော နေရာများအတွက် မြေငလျင်များ၏ဖြစ်နိုင်ခြေအလားအလာရှိသောအတိုင်းအတာကို သိပ္ပံပညာရှင်များခန့်မှန်းနိုင်ကြသည်။ ဥပမာ၊ အမေရိကန်နိုင်ငံဘူမိဗေဒဆိုင်ရာသုတေသနအဖွဲ့က အသစ်ထုတ်သောမြေပုံတစ်ခု၌ အမေရိကတိုက်တွင် လာမည့်နှစ် ၅၀ အတွင်း ပြင်းထန်သောမြေငလျင်လှုပ်နိုင်သည့်နေရာများကို ဖော်ပြထားသည်။ ယင်းအချက်အလက်ကိုအခြေခံကာ လက်ရှိနေထိုင်လျက်ရှိသော ကယ်လီဖိုးနီးယားလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် အန္တရာယ်ဖြစ်နိုင်သည့်ဒေသများတွင် နေထိုင်နေကြကြောင်း အစိုးရအဖွဲ့အစည်းများကခန့်မှန်းဖော်ပြထားသည်။
ပေါက်ကွဲပစ္စည်းများကို စားသောအပင်များ
သကြားမုန်လာပင်များနှင့် ရေအိုင်ပေါင်းပင်တစ်မျိုးသည် ခဲယမ်းမီးကျောက်ထားသည့်မြေနေရာဟောင်းရှိ မြေဆီနှင့်ရေတို့မှ ပေါက်ကွဲတတ်သည့်အရာများကိုစုပ်ယူပြီး အန္တရာယ်ကင်းအောင် ဓာတ်ပြယ်စေနိုင်စွမ်းရှိသည်ဟု နယူးဆိုင်းရင့်တစ် မဂ္ဂဇင်းကဆိုသည်။ တက္ကဆပ်ပြည်နယ်၊ ဟိုစတန်မြို့ရှိ ရိုက်စ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် သင်္ဘောမညှိုးပန်းနှင့် ပဲရော့ဖဲသားပင်စသည့် ရိုးရိုးရေအိုင်ပေါင်းပင်တို့ကို တီအဲန်တီယမ်းမှုန့်ကျွေးခဲ့ကြသည်။ တစ်ပတ်အတွင်း ယင်းတို့၏တစ်သျှူးများတွင် ပေါက်ကွဲတတ်သည့်အရာအစအနပင်မကျန်တော့ဘဲ ယင်းအပင်များကို မီးရှို့သောအခါ ပေါက်ကွဲမှုမဖြစ်စေပါ။ တစ်ချိန်တည်းတွင် မေရီလဲန်းတက္ကသိုလ်ရှိသုတေသီများက သကြားမုန်လာပင်ဆဲလ်များနှင့်ထုတ်နုတ်ပစ္စည်းများသည် နိုက်ထရိုဂလစ်ဆရင်းကိုစုပ်ယူကာ ဓာတ်ပြိုကွဲစေနိုင်ကြောင်း လေ့လာတွေ့ရှိကြသည်။ ယင်းဖြစ်စဉ်တွင် အပင်များသည် အဏုဇီဝရုပ်များ၏အကူအညီမရယူကြောင်းသက်သေထူရန် သိပ္ပံပညာရှင်အုပ်စုနှစ်စုလုံးက အပင်များကိုမြုံစေခဲ့ကြသည်။ “ယခုအချိန်တွင် အဆောက်အအုံဆောက်ရန်အတွက် ခဲယမ်းမီးကျောက်များထားရှိဖူးသည့်နေရာဟောင်းများကို ဖော်ထုတ်ခြင်းသည် အန္တရာယ်များ၍စရိတ်ကြီးသော်လည်း မြေကြီးနှင့်ရေတို့မှ ပေါက်ကွဲတတ်သည့်ပစ္စည်းများကို စုပ်ယူ၍ဓာတ်ပြယ်စေရန် ဈေးပေါသည့်အပင်များကို အသုံးပြုပါက အပြောင်းအလဲဖြစ်နိုင်သည်” ဟုဆောင်းပါးကဆိုသည်။ “ခဲယမ်းမီးကျောက်စွန့်ပစ္စည်းများကို ပင်လယ်ထဲတွင်စွန့်ပစ်သည့် လက်ရှိအလေ့အထသည် တစ်စတစ်စရပ်ဆိုင်းလာပြီဖြစ်ခြင်း” ကြောင့်ယင်းသည်အရေးတကြီးလိုနေသည်။
အန္တရာယ်ရှိသော အက
အချို့သောစုံတွဲကနည်းများသည် နူးညံ့သိမ်မွေ့သောအကမှ “ငွေမြောက်မြားစွာရရှိသည့် ကြမ်းတမ်းစွာယှဉ်ပြိုင်ရသော အားကစားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်” ဟုလန်ဒန်မြို့ထုတ်သည်တိုင်းမ်စ် သတင်းစာကဖော်ပြထားသည်။ ပြိုင်ဘက်အကသမားများကို မတော်တဆထိခိုက်စေသော အရှိန်ပြင်းစွာတိုက်မှုများနှင့် ပြင်းထန်သောကန်ချက်များသည် အကကြမ်းခင်းတွင် အန္တရာယ်တစ်ခုဖြစ်လာသည်။ ထင်ရှားသည့်ဒိုင်လူကြီးတစ်ဦးဖြစ်သူ ဟယ်ရီစမစ်သ်-ဟမ့်ရှိုင်းယား၏အဆိုအရ ဆိုးရွားသောအန္တရာယ်ရှိသည့်အကတချို့သည် “တမင်တကာသွေးအေးအေး” ဖြင့်ရည်ရွယ်၍ပြုခြင်းဖြစ်သည်။ တိုင်းမ်စ်မဂ္ဂဇင်းအရ အကယှဉ်ပြိုင်ဘက်များသည် “ဘောလုံးကွင်းနှင့် လက်ဝှေ့ကြိုးဝိုင်းပုံစံကို သွတ်သွင်းနေကြခြင်း” ဖြစ်သည်။ မကြာမီ အိုလံပစ်တွင် စုံတွဲအကသည် အသိအမှတ်ပြုခံရရန် မျှော်လင့်လျက် ကျွမ်းကျင်သောနည်းပြများနှင့် အကဲဖြတ်ပုဂ္ဂိုလ်များသည် အားကစားကိုထိန်းပေးရန်တရားဝင် “အပြုအမူဆိုင်ရာစည်းမျဉ်း” ရေးဆွဲခဲ့ကြသည်။