ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ဆင့်ကဲဖြစ်စဉ်ကို ပုပ်ရဟန်းမင်း ထပ်မံအတည်ပြု
ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ သည် မကြာသေးမီက လူသားဆင့်ကဲဖြစ်စဉ် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ရာ၌ “ဤသီအိုရီကိုထောက်ခံသည့် ထင်ရှားသောအကြောင်းပြချက်” အဖြစ်လွတ်လပ်စွာသုတေသနပြုမှုမှ “စုပုံ” ရလဒ်များကိုကိုးကားခဲ့သည်။ လအိုဆာဗေးတိုရီရိုမာနို သတင်းအရ ယင်းသွန်သင်ချက်ကို လုံးလုံးလျားလျားအတည်မပြုသော်လည်း “‘ဆင့်ကဲဝါဒ’ ကိုစုံစမ်းစစ်ဆေးသင့်သော လေးနက်သည့်အယူတစ်ခုအဖြစ်သုံးသပ်ထား” သောပုပ်ရဟန်းမင်းပိုင်းယပ်စ် ၁၂ ၏ ၁၉၅၀ မှာတမ်းစာကို ဂျွန်ပေါလ် ၂ ကအကြိမ်ကြိမ်ဖော်ပြခဲ့သည်။ ယင်းဖော်ပြချက်တွင် ဘုရားသခင်ကိုပါဝင်စေရန်ကြိုးစားသည့်အနေဖြင့် ပုပ်ရဟန်းမင်းသည် လူတို့၌မသေနိုင်သောစိုးလ်ရှိ၏ဟူသည့် ပလေတို၏သွန်သင်ချက်ကို ဆွေးနွေးခဲ့သည်။ ပိုင်းယပ်စ် ၁၂ ၏မှာတမ်းမှ တစ်ဖန်ထုတ်နုတ်လျက် သူကဤသို့ပြောခဲ့သည်– “လူ့ခန္ဓာကိုယ်၏ဇာစ်မြစ်သည် ယခင်တည်ရှိနှင့်ခဲ့သောသက်ရှိဒြပ်မှဖြစ်လျှင် ဝိညာဉ်စိုးလ်သည် ဘုရားသခင်တိုက်ရိုက်ဖန်ဆင်းရာဖြစ်၏။”
အိပ်ရေးမဝသောဆယ်ကျော်သက်များ
ဩစတြေးလျနှင့် အမေရိကန်ရှိ အိပ်စက်ခြင်းပါရဂူအချို့က ဆယ်ကျော်သက်များ နံနက်တွင်အိပ်ရာမထလိုခြင်းသည် တီဗွီ၊ ကလန်ကဆန်လုပ်ခြင်း သို့မဟုတ် ပျင်းရိခြင်းထက်မကသော အခြားအကြောင်းများရှိနိုင်သည်ဟုယူဆကြောင်း အေးရှားဝိခ် မဂ္ဂဇင်းတွင်ဖော်ပြထားသည်။ ဆယ်ကျော်သက်များစွာ အအိပ်ကြူးခြင်းသည် ဟော်မုန်းဓာတ် ပြောင်းလဲခြင်းနှင့်ရုတ်တရက်ကြီးပြင်းလာခြင်းကြောင့်ဖြစ်နိုင်သည်ဟု အိပ်စက်ခြင်းပါရဂူ ဩစတြေးလျလူမျိုး ဒေါက်တာခရစ္စဆီတန်ကဆိုသည်။ လူငယ်တစ်ဦးသည် ကိုးနှစ်အရွယ်မှစ၍ တိုးအိပ်ဖို့လိုအပ်လာ၏။ သို့ရာတွင် ၁၇ မှ ၁၉ နှစ်အရွယ် အမေရိကန်ကျောင်းသား ၃,၀၀၀ ကိုလေ့လာကြည့်ရာ ၈၅ ရာခိုင်နှုန်းသည် လုံလုံလောက်လောက်မအိပ်ကြချေ။ ယင်းကြောင့် အထူးသဖြင့် နံနက်ပိုင်းအတန်းများတွင် အိပ်မငိုက်ဖို့ အမြဲကြိုးစားတတ်သည့်ကျောင်းသားများကို တွေ့နေရသည်ဟု သည်နယူးယောက်တိုင်းမ်စ် ကဖော်ပြထားသည်။ “အိပ်ရေးမဝ၍ ဆေးစွဲနေပုံပေါက်သည့် ကလေးများကိုကျွန်ုပ်တို့တွေ့ရှိရသည်” ဟုကော်နယ်လ်တက္ကသိုလ်မှ ပါမောက္ခဂျိမ်းစ် ဘီ.မေးစ်က မှတ်ချက်ချသည်။ ဆယ်ကျော်သက်များသည် တစ်ညလျှင် အနည်းဆုံး ရှစ်နာရီခွဲအိပ်ဖို့လိုသည်ဟု ယူဆကြသည်။
အိမ်ထောင်မင်္ဂလာ ကျဆင်းနေ
“အဖွဲ့အစည်းတစ်ခုအနေဖြင့် အိမ်ထောင်မင်္ဂလာပျောက်ကွယ်နေမှုကို ကျွန်ုပ်တို့ကြုံတွေ့နေကြရ၏” ဟုကနေဒါစာရင်းအင်းဌာနမှ လက်ရှိလူဦးရေဆန်းစစ်လေ့လာရေးအကြီးအကဲ ယာန်ဒူမားစ်ကဆိုသည်။ သည်တိုရန်တိုစတား သတင်းစာအရ ကနေဒါတွင် အထူးသဖြင့် ကွီဘက်၌ အိမ်ထောင်မင်္ဂလာနှုန်းသည် ကျဆင်းနေသည်။ အချို့ကိစ္စရပ်များတွင် နောင်အတွက် တာဝန်မယူလိုခြင်းသည် သူတို့မိဘများ၏ အိမ်ထောင်ရေးနှင့်ပတ်သက်၍ မနှစ်မြို့ဖွယ်အဖြစ်များကိုတွေ့ မြင်ခဲ့ကြရ၍ဖြစ်၏ဟု ယင်းသတင်းကဆိုသည်။ ၁၉၆၉ တွင်လက်ထပ်ခဲ့သော မောင်နှံ ၃၀ ရာခိုင်နှုန်းသည် ၁၉၉၃ တွင်အတူမနေကြတော့ကြောင်း ၂၅-နှစ်ကျော်ကာလအတွင်း စုဆောင်းခဲ့သောအချက်အလက်များကဖော်ပြသည်။ မကြာမီက လက်ထပ်ခဲ့ကြသောမောင်နှံများသည် ကွာရှင်းပြတ်စဲနေကြကြောင်း စာရင်းအင်းကလည်းဖော်ပြသည်။ ကနေဒါ၌ ၁၉၉၃ တွင်ကွာရှင်းမှုအားလုံး၏ သုံးပုံတစ်ပုံမှာ လက်ထပ်ပြီး၍ အိမ်ထောင်သက်ငါးနှစ်ပင်မပြည့်သေးသော မောင်နှံစုံများတွင်ဖြစ်ပြီး ၁၉၈၀ တွင်လေးပုံတစ်ပုံရှိခြင်းမှခုန်တက်ခြင်းဖြစ်သည်။ အာန်တဲရီယို၊ ဂွက်လ်ဖ်တက္ကသိုလ်မှ အိမ်ထောင်ရေးနှင့် မိသားစု-ကုထုံးဌာန၏ ဒါရိုက်တာမာရှယ်ဖိုင်းက ဤသို့မှတ်ချက်ချခဲ့သည်– “လူငယ်များအတွက် သိပ်လုံခြုံသည့်ကမ္ဘာဖြစ်ပုံမပေါက်တော့ပါ။”
ကင်ဆာအန္တရာယ်လျှော့နည်းစေသည့်အစာ
တစ်နေ့လျှင် အနည်းဆုံးအသီးအရွက်ငါးပွဲစားသုံးခြင်းသည် အဆုတ်၊ အူမ၊ အစာအိမ်နှင့် အခြားကင်ဆာအမျိုးမျိုးဖြစ်ပွားမှုအန္တရာယ်ကို လျော့နည်းစေသည်ဟု သည်ဝေါလ်စထရိဂျာနယ် တွင်ဖော်ပြထားသည်။ အနည်းဆုံး ၁၇ နိုင်ငံတွင် လေ့လာမှု ၂၀၀ ကျော်ပြုလုပ်ပြီးနောက် ယင်းအတွက် “ခိုင်လုံသောအထောက်အထား” ရရှိခဲ့သည်။ ဟင်းပွဲသည် အလွန်ကြီးရန်မလိုပါ။ အမေရိကန်အမျိုးသားကင်ဆာဌာန၏အဆိုအရ သင့်တော်သည့်ဟင်းပွဲတွင် ဤအရာများပါဝင်သည်– “အသီးအလတ်စားအရွယ်တစ်လုံး၊ လက်ဖက်ရည်ခွက်၏လေးပုံသုံးပုံရှိသော သစ်သီးရည်၊ ချက်ပြီးသားဟင်းသီးဟင်းရွက် လက်ဖက်ရည်ခွက်တစ်ဝက်၊ လတ်ဆတ်သောဟင်းရွက်စုံသုတ် လက်ဖက်ရည်ခွက်တစ်ခွက်၊ သို့မဟုတ် လက်ဖက်ရည်ခွက်၏လေးပုံတစ်ပုံရှိသော သီးခြောက်။” ဤဌာနသည် လွန်ခဲ့သောငါးနှစ်လုံးလုံး ထိုအစာကိုအားပေးခဲ့သော်လည်း လက်ရှိအချိန်၌ အမေရိကန်တွင် လူကြီး ၃ ယောက်လျှင် ၁ ယောက်နှင့် ကလေး ၅ ယောက်လျှင် ၁ ယောက်သာလမ်းညွှန်ချက်ကိုလိုက်နာကြသည်။ အမြန်ရအစာကိုပိုတောင့်တခြင်းက လိုက်နာရန်တားဆီးပုံပေါက်၏။ သည်ဝေါလ်စထရိဂျာနယ် က ဤသို့သတိပေးသည်– “ခရမ်းချဉ်သီးဆော့နှင့်အာလူးကြော်စားသုံးခြင်းကို ဟင်းသီးဟင်းရွက်နှစ်ပွဲစာဟုမဆိုနိုင်ပါ။”
လူဦးရေတည်ငြိမ်မှုလော
ဗီယာနာရှိ နိုင်ငံတကာအသုံးချနည်းစနစ်ဆန်းစစ်လေ့လာရေးဌာန (IIASA) အရ လက်ရှိကမ္ဘာ့လူဦးရေသည် နှစ်ဆဖြစ်မည့်ပုံမပေါ်ပါ။ လူဦးရေသည် “၂၀၅၀ ပြည့်နှစ်တွင်လက်ရှိ ၅.၇၅ ဘီလျံမှ ၁၀ ဘီလီယံအထိတိုးပွားကာ၊ ၂၀၇၅ ခုနှစ်တွင် ၁၁ ဘီလီယံဝန်းကျင်ခန့်အထိဖြစ်နိုင်ပြီး ၂၁၀၀ ပြည့်နှစ်တိုင်လေသော် လူဦးရေမတိုးသလောက် သို့မဟုတ် အနည်းငယ်လျော့နည်းမည်” ဟု၎င်းတို့ခန့်မှန်းထားကြောင်း နယူးဆိုင်းယင်းတစ္စ ကဆိုသည်။ IIASA အရ ကျွန်ုပ်တို့၏လက်ရှိကမ္ဘာ့လူဦးရေသည် ဘယ်သောအခါမျှနှစ်ဆတိုးမည်မဟုတ်ကြောင်း ၆၄ ရာခိုင်နှုန်းသေချာ၏ဟုဆိုသည်။ ၁၉၉၅ ခုနှစ်တွင် ကမ္ဘာ့ဒေသတိုင်း၌ ကလေးမွေးဖွားမှုနှုန်းကျဆင်းခဲ့ကြောင်း ၎င်းတို့၏တွက်ဆချက်ကဖော်ပြသည်။
ဘက်ထရီ-မဲ့ ရေဒီယို
အာဖရိကကျေးလက်ဒေသများစွာတွင် လျှပ်စစ်ဓာတ်အားမရှိခြင်းနှင့် ဘက်ထရီရှားပါးခြင်းတို့ကို ဖြေရှင်းရန် တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းမြို့အနီးရှိ စက်ရုံငယ်တစ်ခုသည် လက်လှည့်လျှပ်စစ်ထုတ်စက် ထည့်သွင်းထားသော ခရီးဆောင်ရေဒီယိုကို ထုတ်လုပ်နေသည်။ “လက်ကိုင်ကို အနည်းငယ်အားစိုက်၍အကြိမ်အနည်းငယ်လှည့်” ပေးလျှင် ယင်းကို “နာရီဝက်လောက် ဖွင့်နားထောင်နိုင်သည်” ဟုသည်နယူးယောက်တိုင်းမ်စ် ကဆိုသည်။ နေ့လယ်စာထမင်းဘူးအရွယ်ရှိပြီး ခြောက်ပေါင်သာလေးသော်လည်း ဤပုံစံသစ်သည် အောင်မြင်ရန်အလားအလာရှိနေသည်။ စက်ရုံရောင်းဝယ်ရေးလုပ်ငန်းကိုဦးဆောင်သူ စီယာငါမာလူမာ၏အဆိုအရ တစ်နေ့လျှင် ငါးနာရီမှဆယ်နာရီအထိရေဒီယိုဖွင့်လျှင် သုံးနှစ်ကျော်ကာလအတွက် ဘက်ထရီဓာတ်အားခ ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၁,၀၀၀ အထိသက်သာပေလိမ့်မည်။ စက်ဘီး၊ မော်တော်ဆိုင်ကယ်တို့နှင့်အတူ “ရေဒီယိုသည် အာဖရိကန်လူမှုအဆင့်အတန်းသင်္ကေတအဆောင်အယောင်သုံးခုတွင် တစ်ခုဖြစ်သည်” ဟုမာလူမာကဖော်ပြသည်။ ရေဒီယိုတစ်လုံးပိုင်ဆိုင်ရုံမျှဖြင့် “မိန်းမတစ်ယောက်ရနိုင်သည်မှာ သေချာ၏” ဟုသူအခိုင်အမာဆိုသည်။
အာဖရိကဆင်များလေ့ကျင့်ခြင်း
လုပ်ငန်းခွင်တိရစ္ဆာန်များအဖြစ် အာရှဆင်များကို ရာစုနှစ်များစွာအသုံးပြုလာခဲ့ကြ၏။ သို့ရာတွင် ပို၍ကြီးမားသောအာဖရိကဆင်များကိုမူ ယဉ်ပါးစေရန် အလွန်ခက်ခဲမည်ဟု ယူဆခဲ့ကြသည်။ သို့သော် အနည်းဆုံးစမ်းသပ်မှုတစ်ခုမှာ သိသိသာသာအောင်မြင်ခဲ့ပေပြီ။ အာဖရိကဆင်များကို ဇင်ဘာဘွေအီမီးရီဘေးမဲ့တောတွင် လယ်မြေထွန်ယက်ရန်နှင့် ရောက်ပေါက်ရန်ခက်ခဲသောနေရာများသို့ တောအုပ်များစီးသွားရန် အသုံးပြုကြသည်။ အသုံးပြုသောလေ့ကျင့်နည်းကား “မေတ္တာနှင့်ဆု” ဟူ၏။ အာဖရိကသတင်းထောက်တစ်ဦးသည် ညာရှာအမည်ရှိဆင်တစ်ကောင်နှင့် ၎င်း၏ကျောပေါ်တွင်စီးနေသည့် အလုပ်သမားတစ်ဦးဖြစ်သူမူချီမွာတို့ လယ်ထွန်ကြသည်ကို စောင့်ကြည့်ခဲ့၏။ “သူ၏နှာမောင်းကို နောက်ဘက်သို့ဆန့်သည့်အခါတိုင်းတွင် မူချီမွာက ပရိုတင်းဓာတ်အပြည့်ရှိအစာတစ်တုံးကို နှာမောင်းထဲသို့ထည့်ပေးသည်” ဟုသတင်းထောက်ကရှင်းပြသည်။ “အီမီးရီရှိ ညာရှာနှင့် အခြားလေ့ကျင့်ထားသောဆင်ခြောက်ကောင်ကို ၎င်းတို့နှင့် မွေးမြူရေးခြံမှအခြားတိရစ္ဆာန်များစားစရာ ပြောင်းဖူးအစရှိသော ကောက်ပဲသီးနှံများကို မိုးမတိုင်မီစိုက်ပျိုးဖို့ လယ်ကွင်းများပြင်ဆင်ရန် အသုံးပြုကြမည်ဖြစ်သည်။
မရဏမိုး
အက်ဆစ်မိုးသည် စကင်ဒီနေးဗီးယားရှိသမင်များစွာကို သွယ်ဝိုက်သောနည်းဖြင့်သေကျေစေလျက်ရှိသည်ဟု ဆွီဒင်သိပ္ပံပညာရှင် ဒေါက်တာအေဒရီးယန်းဖရန့်ခ် ကဆိုသည်။ ညစ်ညမ်းသောမိုး၏ဆိုးကျိုးကိုတိုက်ဖျက်ရန် ထုံးဓာတ်ကိုလယ်ကွင်းပြင်များတွင်ဖျန်းခြင်းနှင့် ရေကန်များထဲထည့်ပေးခြင်းတို့ ပြုလုပ်ကြသည်။ သို့ရာတွင် ထုံးမြေတွင်ပေါက်သောအပင်များ၌ အချို့သောဒြပ်စင်၊ အထူးသဖြင့် မိုလစ်ဒီနမ်နှုန်းတိုးများကြောင်းတွေ့ရှိရသည်။ သမင်တွင် မိုလစ်ဒီနမ်များလွန်းလျှင် ယင်းသည် တိရစ္ဆာန်များ၏ရောဂါပြီးစနစ်ကို အကြီးအကျယ်ထိခိုက်စေသော သေစေလောက်သည့်ကြေးနီဓာတ်ချို့တဲ့မှုဖြစ်စေသည်။ အက်ဆစ်မိုး၏နောက်ထပ်ဆိုးကျိုးတစ်ခုမှာ ဆွီဒင်ရှိရေကန် ၄,၀၀၀ ကျော်တွင် ယခုငါးမရှင်နိုင်ဘဲ နော်ဝေးရှိ ထရောက်ငါးကောင်ရေသည် ယခင်ကောင်ရေအဆင့်၏တစ်ဝက်လျော့နည်းသွားခဲ့သည်။ ဗြိတိန်အစိုးရသည် ညစ်ညမ်းမှုဇာစ်မြစ်ကိုထိန်းချုပ်ရန် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဆာလ်ဖာထုတ်လွှတ်မှုများကို လျှော့ချနေသော်လည်း အက်ဆစ်မိုး၏ဆိုးကျိုးများသည် နှစ်ပေါင်းများစွာ ဆက်ကျန်ကြွင်းနိုင်သည်ဟု လန်ဒန်သည်ဆန်းဒေးတယ်လီဂရပ်ဖ်တွင် ဖော်ပြထားသည်။
သွေးမှထုတ်လုပ်သော ဖြည့်စွက်အစားအစာ
စမ်းသပ်ပရိုတိန်းဖြည့်စွက်အစာဖြစ်သည့် ပရိုသီမိုလ်ကို ဘရာဇီးအရှေ့မြောက်ဘက်တွင် ထိုဒေသ၏အာဟာရချို့တဲ့မှုပြဿနာကိုဖြေရှင်းရန် အသုံးပြုနေကြသည်။ အက်ဆိုစီယိတ်တက်ဖရက်စ် သတင်းအရ ဤအစာကို သားသတ်ရုံများမှနွားသွေးဖြင့် အဓိကထုတ်လုပ်ထားခြင်းဖြစ်ပြီး ထိုအသွေးသည် “အသားထက်ပင် အာဟာရပိုရှိ” သည်ဟုဆိုကြ၏။ ၁၉၉၀ ပြည့်နှစ်တွင်ဂွာတီမာလာ၌ “ဟာရီနာဒီစန်းကရ်” (သွေးဂျုံ) ဟုခေါ်သော အစာကို အလားတူစမ်းသပ်ပြုလုပ်ခဲ့ကြသည်။ ဘရာဇီးနိုင်ငံတွင် ပရိုသီမိုလ်ကို တစ်အိမ်မှတစ်အိမ်ဖြန့်ဝေပြီး “၎င်းဖြည့်စွက်အစာကိုဝေငှပေးကာ ယင်းကိုစားသုံးသောကလေးများကို မပြတ်စောင့်ကြည့်ပေး” ရန်စီစဉ်ထားသည်။ ယခင်ကဆိုလျှင် ဘရာဇီးအရှေ့မြောက်ဘက်ရှိ သားသတ်ရုံများသည် သမ္မာကျမ်းစာတွင်ညွှန်ကြားသည့်အတိုင်း သွေးသွန်ပစ်ခဲ့ကြသည်။—ဝတ်ပြုရာ ၁၇:၁၃၊ ၁၄။
ကလေးတပ်များ
အချို့သည် ခုနစ်နှစ်လောက်သာရှိသေးသော ကလေးနှစ်သိန်းခွဲသည် ကမ္ဘာတစ်ဝန်းရှိစစ်တပ်များတွင် စစ်မှုထမ်းနေကြသည်ဟု ၂၆ နိုင်ငံတွင်ပြုလုပ်ခဲ့သော သုတေသနပြုချက်ကဖော်ပြပြီး အင်္ဂလန်၊ မန်ချက်စတာဂါးဒီးယန်းဝိခ်လီ သတင်းတွင် ယင်းကိုဖော်ပြထားသည်။ ကုလသမဂ္ဂ၏နှစ်နှစ်တာလေ့လာမှုတစ်ရပ်တွင်ပါဝင်သော ထိုဖော်ပြချက်အရ သူတို့၏ ဆွေမျိုးများအားနှိပ်စက်သတ်ဖြတ်သည်ကို ကလေးတပ်သားသစ်များအား အတင်းကြည့်ခိုင်းခြင်းဖြင့် ရက်စက်ကြမ်းကြုတ်မှုပြုခံရသည်။ ထို့နောက် သူတို့ကို အာဏာသားများ၊ လူသတ်သမားများနှင့် သူလျှိုများအဖြစ်အသုံးပြုကြသည်။ နိုင်ငံတစ်နိုင်ငံတွင် “ကလေးတပ်သားများစွာသည် ထွက်ပြေးဖို့ကြိုးစားသော ကလေးများကိုဖြစ်စေ၊ လူကြီးများကိုဖြစ်စေ နှိပ်စက်ရန်၊ ကိုယ်အင်္ဂါချို့ယွင်းစေရန် သို့မဟုတ် သတ်ပစ်ရန်အမိန့်ပေးခံရသည်။” တိုက်ပွဲမဝင်မီ မူးယစ်ဆေးများ သို့မဟုတ် အရက်တို့ကို မကြာခဏတိုက်ကျွေးခံရသောကလေးများသည် “မသေနိုင် သို့မဟုတ် မထိခိုက်နိုင်ဟူသည့်သဘောမျိုးဖြင့်” တိုက်ပွဲများသို့ တစ်ဟုန်ထိုးဝင်ရောက်တိုက်ခိုက်နေကြသည်ကို တွေ့ မြင်ခဲ့ရသည်။