ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၉/၈ စာ. ၂၂
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပုပ်ရဟန်းမင်းကြီးအား ကက်သလစ်ဘာသာဝင်များတောင်းဆို
  • ၁၉၉၅ ခုနှစ်တွင် “စက္ကန့်ထပ်” ထပ်ပေါင်း
  • ကလေးသူငယ်များနှင့် စက်မှုပညာ
  • လွယ်ကူသောဖြေရှင်းနည်း
  • အမေရိကန်၌ အေအိုင်ဒီအက်စ် ၅၀၀,၀၀၀ ကျော်ရှိနေ
  • On-Line ဆက်သွယ်ရေးစနစ်ကို စွဲလမ်းသူများ
  • အောင်ပွဲလည်းဖြစ် ဝမ်းနည်း ကြေကွဲဖွယ်လည်းဖြစ်
    နိုးလော့!—၁၉၉၈
  • အဆုတ်ရောဂါ ပြန်ဖြစ်လာ
    နိုးလော့!—၁၉၉၇
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မရဏ မဟာမိတ်ဖွဲ့ မှုတစ်ရပ်
    နိုးလော့!—၁၉၉၉
နိုးလော့!—၁၉၉၇
န၉၇ ၉/၈ စာ. ၂၂

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ပုပ်ရဟန်းမင်းကြီးအား ကက်သလစ်ဘာသာဝင်များတောင်းဆို

၁၉၉၅ ခုနှစ်အကုန်ပိုင်းတွင်၊ ဂျာမန်ကက်သလစ်ဘာသာဝင်များသည် ချာ့ချ်ကို ပြန်လည်ပြုပြင်ရန်တောင်းဆိုသည့် တောင်းခံလွှာတစ်စောင်ကို စီမံခဲ့ကြသည်ဟု စူအက်ဒေါင်အီချီ စိုင်တွန်းန်သတင်းစာကဖော်ပြသည်။ လူ ၁.၆ သန်းခန့်လက်မှတ်ထိုးခဲ့သော တောင်းခံလွှာတွင် ချာ့ချ်အား ကက်သလစ်ဘုန်းတော်ကြီးများကို အိမ်ထောင်ပြုခွင့်ပေးရန်၊ အမျိုးသမီးများအား ဘုန်းကြီးဝတ်ခွင့်ပြုရန်၊ လိင်နှင့် သန္ဓေတားခြင်းအပေါ် ယင်းတို့၏သဘောထားကိုပြောင်းလဲရန် တောင်းဆိုခဲ့သည်။ “ကျွန်တော်တို့ အမှန်တကယ် တိုက်ရိုက်ဆက်ဆံနေတဲ့ပုဂ္ဂိုလ်ကတော့ ပုပ်ရဟန်းမင်းကြီးပါပဲ” ဟုတောင်းခံလွှာကိုအစပြုစီမံသူ ခရစ်စ်တ်ယန်ဗီစ်နာက ရှင်းပြသည်။ ဂျာမန်ဘိရှော့ကွန်ဖရင့်စ်၏ သဘာပတိဖြစ်သူ ကာလ်လေမင်က တောင်းခံလွှာနှင့်စပ်လျဉ်း၍ ကြီးမားသောကန့်ကွက်ချက်များရှိကာ ယင်းသည် လက်ရှိအတိုင်းလိုလားသူနှင့် ပြန်လည်ပြုပြင်ခြင်းကိုလိုလားသူကက်သလစ်ဘာသာဝင်များကို ခွဲခြားရာရောက်မည်ဟုဆိုကြောင်း သတင်းစာကဖော်ပြသည်။ သို့ဖြစ်စေကာမူ လေမင်သည် ဗက်တီကင်သို့ခရီးထွက်ကာ ပုပ်ရဟန်းမင်းအား တောင်းခံလွှာကို တင်ပြခဲ့သည်။

၁၉၉၅ ခုနှစ်တွင် “စက္ကန့်ထပ်” ထပ်ပေါင်း

ကမ္ဘာမြေကြီး၏လည်ပတ်မှုသည် စိတ်အချရဆုံးအချိန်ထိန်းစနစ်ဖြစ်သည်ဟု မယူဆနိုင်ပါ။ သည် နယူးယောက်တိုင်းမ်စ်သတင်းစာအရ သိပ္ပံပညာရှင်များတွင် ပို၍တိကျမှန်ကန်သော စီဇီယံအဏုမြူဖြင့်အချိန်တွက်ချက်သည့်စနစ်တစ်ခုရှိထားသည်။ အဏုမြူနာရီကို လှုပ်ရှားစေသည့်အားအဖြစ် အသုံးပြုခံရကာ စီဇီယံအဏုမြူသည် တစ်စက္ကန့်လျှင် ၉,၁၉၂,၆၃၁,၇၇၀ ကြိမ်တိတိ တုန်ခါသည်။ ဤအကြောင်းကြောင့် အဏုမြူနာရီသည် “ခန့်မှန်းခြေအားဖြင့် နှစ်ပေါင်း ၃၇၀,၀၀၀ တွင် တစ်စက္ကန့်ခန့်သာတိကျမှုမရှိသည့်နှုန်း” ကြောင့်ဂုဏ်ယူဝင့်ကြွားစရာရှိသည်။ နှိုင်းယှဉ်ပါက ကမ္ဘာ၏လှည့်ပတ်မှုသည် အဆတစ်သန်းခန့် တိကျမှုလျော့နည်းသည်။ ယင်းကြောင့် အခါအားလျော်စွာ “စက္ကန့်ထပ်” တစ်ခုကို ထပ်ဖြည့်ပေးရခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာအချိန်ထိန်းအဖွဲ့သည် ၁၉၉၅ ခုနှစ်အဆုံးတွင် ထို “စက္ကန့်ထပ်” တစ်ခုကိုထပ်ဖြည့်ပေးရန် ဆုံးဖြတ်ကြသည်။ ဤသို့ဖြင့် “ကျွန်ုပ်တို့ဂြိုဟ်၏လှည့်ပတ်ခြင်းနှင့် ပုံမှန်သွားနေသောအချိန်” ကိုအံကိုက်စေသည်။ သို့သော်လည်း သိပ္ပံပညာရှင်များသည် ဤရှာဖွေတွေ့ရှိမှုအတွက် ဂုဏ်မယူနိုင်ပါ။ အမှန်မှာ၊ “နာရီ၏ အလွန်သေးငယ်သောအဏုမြူမှုန်များ၏ ရွေ့လျားမှုသည် ဂြိုဟ်အဖွဲ့အစည်းများ၏မဟာအစီအစဉ်ကို အသေးစားတုပထားခြင်းဖြစ်သည်” ဟုတိုင်းမ်စ်သတင်းစာကဆိုသည်။

ကလေးသူငယ်များနှင့် စက်မှုပညာ

“စာရေးနိုင်၊ ဖတ်နိုင်အရွယ်မတိုင်မီ ကွန်ပျူတာကျွမ်းကျင်သောကလေးများအရေအတွက်သည် တိုး၍တိုး၍များလာနေသည်” ဟုကနေဒါနိုင်ငံထုတ် The Globe and Mail သတင်းစာ၌ဖော်ပြထားသည်။ လမ်းမလျှောက်တတ်၊ စကားမပြောတတ်သေးသောကလေးသူငယ်တချို့သည် ကွန်ပျူတာများကို အသုံးပြုနေကြပြီဖြစ်သည်။ သူတို့ကိုယ်တိုင် မထိုင်တတ်သေးသောနို့စို့ကလေးများပင်လျှင် မိဘရင်ခွင်တွင်ထိုင်နေစဉ် စက်မှုပညာကို အသင်ခံရကြသည်။ နို့စို့ကလေးများကို ကွန်ပျူတာစသင်ပေးရန် အလျင်စလိုဖြစ်ခြင်းသည် ကျောင်း၌ မိမိတို့၏သားသမီးများကို ထူးချွန်စေလိုသောဆန္ဒပြင်းပြသည့် မိဘများမှဖြစ်ပေါ်လေ့ရှိသည်။ ထို့အပြင် ကွန်ပျူတာနည်းစနစ်ထုတ်လုပ်သည့်ကုမ္ပဏီများက ကလေးများအတွက် သင်ယူရာတွင်အထောက်အကူများအဖြစ် သူတို့၏ထုတ်ကုန်ပစ္စည်းများကို ညွှန်းဆိုအမွှမ်းတင်ကြသည်။ သို့သော်လည်း ဤမျှငယ်သောအရွယ်တွင် လူလူချင်းထက် စက်ကိရိယာများနှင့် အပြန်အလှန်အကျိုးသက်ရောက်မှုအပေါ် အလေးထားခြင်းနှင့်စပ်လျဉ်း၍ မိဘတချို့သံသယရှိကြသည်။ မိခင်တစ်ဦးဤသို့ပြောသည်– “ကျွန်မတို့ဟာ ကွန်ပျူတာတွေနဲ့ဆက်ဆံရေးတည်ဆောက်နေတာမဟုတ်ပါဘူး။ အနည်းဆုံးတော့အဲ့ဒီလိုမဖြစ်သင့်ဘူးလို့ထင်တယ်။”

လွယ်ကူသောဖြေရှင်းနည်း

မကြာသေးမီနှစ်များက ဂျပန်နိုင်ငံ၌ ဆေးသုတေသနပြုရန်ကမ်းလှမ်းသော လူသေအလောင်းများ၏အရေအတွက် တိုးများလျက်ရှိသည်။ ဒေးလီးယိုမီယူရီသတင်းစာအရ “ဆေးကျောင်းသားနှစ်ဦးလျှင် အလောင်းတစ်လောင်းနှင့် သွားဘက်ဆိုင်ရာကျောင်းသားလေးဦးလျှင် အလောင်းတစ်လောင်းလိုအပ်သည်။ ယင်းကြောင့် တစ်နှစ်လျှင် နိုင်ငံတစ်ဝန်းလုံးတွင် အလောင်းအရေအတွက် ၄,၅၀၀ လိုအပ်သည်” ဟုပညာရေးဝန်ကြီးကဆိုသည်။ သို့သော် အမှန်တကယ်လိုအပ်သည့်အလောင်းအရေအတွက်ထက် အလောင်းပေးကမ်းသူများ အဘယ်ကြောင့်ပို၍များရသနည်း။ မြှုပ်နှံရန်မြေရှားပါးခြင်းနှင့် အိမ်ထောင်နှောင်ကြိုးချည့်နဲ့ခြင်းသည် ပေါ်ပေါက်သည့်အကြောင်းများတွင် ပါဝင်သည်။

အမေရိကန်၌ အေအိုင်ဒီအက်စ် ၅၀၀,၀၀၀ ကျော်ရှိနေ

ပထမဦးဆုံးအကြိမ်အနေနှင့် အောက်တိုဘာ ၃၁ ရက်၊ ၁၉၉၅ ခုနှစ်တွင် အမေရိကန်၌ အေအိုင်ဒီအက်စ် ရောဂါစွဲကပ်သူ သန်းဝက်ကျော်ရှိသည်ဟု မှတ်တမ်းရရှိခဲ့ကြောင်း အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းဂျာနယ် မဂ္ဂဇင်းကဖော်ပြသည်။ ဤအရေအတွက်၏ ၆၂ ရာခိုင်နှုန်းဖြစ်သည့်—၃၁၁,၃၈၁ ယောက်သောသူတို့သည် ရောဂါကြောင့် သေဆုံးသွားကြပြီဖြစ်သည်။ အခြားစိတ်ပျက်စရာကောင်းသည့်တိုးပွားမှုမှာ ဆန့်ကျင်ဘက်လိင်ရှင်နှင့်လိင်ဆက်ဆံခြင်းမှ အေအိုင်ဒီအက်စ် ရောဂါသည်အရေအတွက် ပုံမှန်တိုးပွားလာခြင်းဖြစ်သည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ အမျိုးသမီးများတွင် အေအိုင်ဒီအက်စ် ရောဂါစွဲကပ်သူ အချိုးအစားသည် ၈ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၁၉၉၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်ဟု ဂျာနယ်ကညွှန်ပြခဲ့သည်။

On-Line ဆက်သွယ်ရေးစနစ်ကို စွဲလမ်းသူများ

ဖုန်းလိုင်းဖြင့် ကွန်ပျူတာကွန်ရက်ကို အသုံးပြုသည့်အလေ့အထသည် “Internet Addiction Disorder” ဟုခေါ်သောဝေဒနာသစ်တစ်ခုကို ပေါ်ပေါက်စေသည်။ သိပ္ပံပညာရှင်သစ် မဂ္ဂဇင်း၏ဖော်ပြချက်အရ အရက်စွဲခြင်းနှင့်တူသည့် online ဆက်သွယ်ရေးစနစ်ကိုစွဲလမ်းနေသူများသည် မိမိတို့၏စွဲလမ်းမှုကိုကုစားရန် ထောက်ပံ့ရေးအဖွဲ့နှင့် ကုထုံးအဖွဲ့များ၏ အကူအညီကိုရှာကြံသူ အရေအတွက်တိုးပွားလာသည်။ စိတ်ရောဂါကုဆရာဝန် ဒေါက်တာ အိုင်ဗန် ဂိုးလ်ဘာ့ဂ်ျသည် ကွန်ရက်စနစ်ဖြစ်သည့် ပြန်ကြားရေးမဟာလမ်းမကြီး (Information Superhighway) မှ “ထွက်ခွာရန် ရုန်းကန်” နေသူများကိုကူညီရန် Internet Addiction Support Group ကိုစခဲ့သည်။ ရောဂါစွဲကပ်ရခြင်း၏လက္ခဏာများတွင် လိုအင်ဆန္ဒပြည့်ဝရန် “Internet ကို အချိန်ပို၍ပို၍အသုံးပြုရန်လိုအပ်ခြင်းနှင့် Net နှင်စပ်လျဉ်း၍ စိတ်ကူးယဉ်အိပ်မက်များထမြောက်ပေါ်ပေါက်စေရန်” ပါဝင်သည်။ “Net သည် မိမိတို့၏ဘဝကို ဖျက်ဆီးပစ်ကြောင်းပြောဆိုသူများမှ တုံ့ ပြန်မှု ၂၀ ထက်မက” ကို ဂိုးလ်ဘာ့ဂ်ျလက်ခံရရှိခဲ့သည်ဟု ထိုမဂ္ဂဇင်းကဖော်ပြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ