ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၆/၈ စာ. ၁၅-၂၀
  • ဖားတစ်ကောင်၏ကလေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖားတစ်ကောင်၏ကလေး
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂေရှားမယ်အဖြစ် လုပ်ရသောအလုပ်
  • ကျွန်မ၏မိခင် မည်သူနည်း
  • စစ်မီးဟုန်းဟုန်းကြားမှ သားတစ်ယောက်
  • မိသားစုတာဝန်
  • သမီး၏နောင်ရေးအတွက် ပြင်ဆင်ခြင်း
  • ဆုံးဖြတ်စရာဖြစ်လာသော ဘာသာတရား
  • ဘဝအသက်တာ ပြောင်းလဲမှုများ
  • အပ်နှံခြင်းနှင့်ထိုက်တန်အောင် နေထိုင်ခြင်း
  • ယေဟောဝါ၏ မပျက်မကွက် ထောက်ပံ့ကူညီမှုကို ကျေးဇူးတင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုပါ
    တွေ့ကြုံမှုများ
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နိုးလော့!—၁၉၉၇
န၉၇ ၆/၈ စာ. ၁၅-၂၀

ဖားတစ်ကောင်၏ကလေး

“ဖားတစ်ကောင်၏ကလေးသည် ဖားသာဖြစ်သည်။”

ဤဂျပန်စကားပုံ၏အဓိပ္ပာယ်မှာ ကလေးတစ်ယောက်သည် ၎င်း၏မိဘနှင့်တစ်ပုံစံတည်း လူလားမြောက်ကြီးပြင်းလာတတ်သည်ဟူ၍ဖြစ်သည်။

ကျွန်မ၏မိခင်သည် ဂေရှားမယ်တစ်ဦးဖြစ်သည်။

ကျွန်မသည် မေမေဦးစီးသည့် ဂေရှားမယ်ဂေဟာတစ်ခုတွင် ကြီးပြင်းလာသည်။ ထို့ကြောင့် ကျွန်မသည် ငယ်စဉ်ကတည်းကစ၍ တန်ဖိုးအလွန်ကြီးသော ကီမိုနိုဝတ်စုံဝတ်ဆင်သည့် ချောမောလှပသောအမျိုးသမီးများအလယ်တွင် ရောက်ရှိနေခဲ့သည်။ အသက်ကြီးလာလျှင် ဤလောကထဲသို့ဝင်ရမည်ကို ကျွန်မသိထားသည်။ ကျွန်မခြောက်နှစ်သမီးအရွယ် ၁၉၂၈ ခုနှစ်၊ ခြောက်လခြောက်ရက်နေ့တွင် သင်တန်းစတင်သည်။ ၆၆၆ ဂဏန်းသည် အောင်မြင်ခြင်း၏သင်္ကေတဖြစ်သည်ဟုအဆိုရှိသည်။

ကျွန်မသည် ဂျပန်ရိုးရာအနုပညာများဖြစ်သော အဆို၊ အက၊ အတီးအမှုတ်၊ လက်ဖက်ရည်ပွဲပြင်ဆင်မှု အစရှိသည်တို့ကို လေ့လာသင်ယူသည်။ နေ့စဉ် ကျောင်းဆင်းပြီးနောက် အိမ်သို့သုတ်ခြေတင်၊ အဝတ်အစားလဲ၍ သင်တန်းသွားတက်သည်။ သင်တန်းတွင် ကျောင်းနေဖက်သူငယ်ချင်းများနှင့် ပြန်ဆုံကြသည်။ ကျွန်မတို့အားလုံးသည် ဂေရှားမယ်တို့၏ကလေးများဖြစ်ကြသည်။ ထိုကာလသည် အလုပ်ရှုပ်သောကာလဖြစ်သော်လည်း ကျွန်မပျော်မွေ့ခဲ့သည်။

ဒုတိယကမ္ဘာစစ်မတိုင်မီခေတ်က ပညာမသင်မနေရအရွယ်သည် အသက် ၁၂ နှစ်တွင်ကုန်ဆုံးသဖြင့် ထိုအချိန်တွင် ကျွန်မအလုပ်စလုပ်သည်။ မနူးမနပ် မြီးကောင်ပေါက် ဂေရှားမယ်တစ်ယောက်အနေနှင့် လှပခန့်ညားသောကီမိုနိုအင်္ကျီကိုဝတ်ဆင်သည်။ အင်္ကျီလက်သည် ခြေဖျားရောက်လုမတတ် ဖားလျားကျနေသည်။ ပေးအပ်သည့်ပထမဆုံးသောအလုပ်ကို ထမ်းဆောင်စဉ်က ကျွန်မအလွန်ပီတိဖြစ်မိသည်။

ဂေရှားမယ်အဖြစ် လုပ်ရသောအလုပ်

ကျွန်မ၏အလုပ်သည် အခြေခံအားဖြင့် အိမ်ရှင်မတစ်ဦးအဖြစ် ဧည့်ခံရခြင်းဖြစ်သည်။ ချမ်းသာကြွယ်ဝသောအမျိုးသားများက သီး​သန့်စားသောက်ဆိုင်တွင် စားသောက်ပွဲပါတီများ စီစဉ်သည့်အခါ သူတို့သည် ဂေရှားမယ်ဂေဟာတစ်ခုခုသို့ဖုန်းဆက်၍ ဧည့်ခံဖျော်ဖြေမှုအတွက် ဂေရှားမယ်သုံးလေးယောက် တောင်းခံတတ်ကြသည်။ ဂေရှားမယ်တို့သည် ထိုညနေခင်းကို အသက်ဝင်စိုပြည်စေရန်နှင့် ဧည့်သည်တစ်ယောက်စီအား ကျေနပ်ပျော်ရွှင်မှုရှိအောင် ဖန်တီးပေးရကြသည်။

ဤသို့ဖန်တီးနိုင်ရန် ကျွန်မတို့သည် ဧည့်သည်က တစ်စုံတစ်ရာလိုအပ်သည်ကို မသိမီကတည်းက တစ်ဦးစီ၏လိုအပ်ချက်ကို ကြို၍စဉ်းစားပြီး ဖြည့်ဆည်းပေးရသည်။ အခက်ခဲဆုံးအပိုင်းမှာ တဒင်္ဂအတွင်းပေါ်ပေါက်လာသည့် အခြေအနေနှင့်အညီလှုပ်ရှားရခြင်းဖြစ်သည်ဟု ကျွန်မထင်သည်။ ဧည့်သည်များက ရုတ်တရက် အကကြည့်ချင်လျှင် ကပြရသည်။ တေးသံနားဆင်ချင်လျှင် တောင်းဆိုသည့်တေးသံကို တီးမှုတ်ဖျော်ဖြေရသည်။ သို့တည်းမဟုတ် ဆိုခိုင်းသောမည်သည့်သီချင်းကိုမဆို ဆိုပြရသည်။

ဂေရှားမယ်အားလုံးသည် တယ်လီဖုန်းဖြင့်ချိန်းဆိုနိုင်သည့် ကြေးကြီးသောအထက်တန်းလွှာ ပြည့်တန်ဆာများဖြစ်သည်ဟူ၍ အများအားဖြင့် နားလည်လွဲကြသည်။ အမှန်မှာ ဤသို့မဟုတ်ပါ။ မိမိတို့ကိုယ်ကိုရောင်းစားသည့် ဂေရှားမယ်များရှိပင်ရှိသော်ငြားလည်း ဂေရှားမယ်တစ်ယောက်အနေနှင့် မိမိကိုယ်ကို ဤမျှအထိ ဂုဏ်သိက္ခာအကျခံစရာမလိုပါ။ ကျွန်မဤသို့လုံးဝမလုပ်သည့်အတွက် ဤအကြောင်းကို ကျွန်မကောင်းကောင်းသိသည်။ ဂေရှားမယ်သည် ဖျော်ဖြေသူဖြစ်သဖြင့် ကျွမ်းကျင်လိမ္မာ၍ အရည်အချင်းပြည့်ဝပါက ဖောက်သည်များထံမှ အလုပ်အကိုင်၊ တန်ဖိုးကြီးသောလက်ဆောင်ပစ္စည်းနှင့် ရက်ရောစွာပေးကမ်းသည့်ဘောက်ဆူးများ ရရှိစေနိုင်သည်။

စွယ်စုံရထူးချွန်သောဂေရှားမယ် များများစားစားမရှိသည်ကို မငြင်းလိုပါ။ ဂေရှားမယ်အများမှာ ဂျပန်ရိုးရာအနုပညာတစ်မျိုးလောက်ကိုသာ ပိုင်နိုင်ကျွမ်းကျင်ကြသည်။ သို့သော် ကျွန်မသည် ဂျပန်အက၊ ပန်းအလှဆင်ခြင်း၊ လက်ဖက်ရည်ပွဲပြင်ဆင်ခြင်း၊ တိုင်ကို ဟုလူသိများသော ဂျပန်ဗုံနှင့် ကြိုးသုံးပင်တပ် ရှာမီဆင် တူရိယာဖြင့် တီးခတ်ဟန်သုံးမျိုးအပါအဝင် အနုပညာခုနစ်မျိုး တတ်ကျွမ်းအောင်မြင်သည့် ဒီပလိုမာများရရှိထားသည်။ ဤအရည်အချင်းများမရှိဘဲနှင့် အသက်မွေးဝမ်းကြောင်းရပါက ဖောက်သည်များခိုင်းသမျှကိုလုပ်ရမည်ဟု ကျွန်မခံယူမိကောင်း ခံယူမိပေမည်။

ဂျပန်နိုင်ငံ၏စီးပွားရေး တည်ငြိမ်မှုမရှိစဉ်က မိန်းကလေးများသည် မိသားစုကိုထောက်ပံ့ရန် ရံဖန်ရံခါ ဂေရှားမယ်အလုပ်ကိုရွေးချယ်ကြသည်။ သင်တန်းကြေးနှင့် ကီမိုနိုဝတ်စုံအတွက် ငွေချေးကြသည်။ အချို့တို့မှာ သူတို့၏မိသားစုက ဂေရှားမယ်ဂေဟာသို့ ရောင်းစားခံရကြသည်။ ငွေအမြောက်အမြားနှင့် ဝယ်ယူခံရသောထိုမိန်းကလေးများသည် ပိုင်ရှင်ဖြစ်သူတို့အား ပြန်လည်ပေးဆပ်ကြရသည်။ ဤအခြေအနေမျိုး၌ရှိကြသည့် ဂေရှားမယ်တို့သည် တစ်ပန်းရှုံးကြသည်။ အဘယ်ကြောင့်ဆိုသော် သင်တန်းကို အချိန်နှောင်းမှစတင်ရသည့်ပြင် အလုပ်ကို အကြွေးတနင့်တပိုးနှင့်စတင်ရသောကြောင့်တည်း။ ဤသို့သောဂေရှားမယ်အများသည် ငွေရေးကြေးရေးပေးဆပ်ရမည့်တာဝန် ကျေပွန်ရေးအတွက် စာရိတ္တယိုယွင်းသည့်အလုပ်ကိုလုပ်ကြသည်၊ သို့မဟုတ် မလွဲမရှောင်သာလုပ်ရကြသည်။

ကျွန်မသည် အားကစား၊ ဖျော်ဖြေရေး၊ စီးပွားရေးနှင့် နိုင်ငံရေးလောကတို့မှ ထင်ရှားသူများကိုဖျော်ဖြေရပါသည်။ ကျွန်မ၏ဖောက်သည်များတွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများပါဝင်သည်။ ဤသူတို့သည် ကျွန်မကိုလေးစားစွာဆက်ဆံသည့်ပြင် ကျွန်မ၏လုပ်ဆောင်မှုအတွက်လည်း ကျေးဇူးတင်ကြသည်။ ကျွန်မသည် အလာပသလ္လာပပြောဆိုမှုတွင် မခေါ်ဖိတ်ဘဲနှင့် ပါဝင်ခြင်းမရှိသော်လည်း တစ်ခါတစ်ရံ ကျွန်မ၏သဘောထားကို မေးမြန်းကြသည်။ ထို့ကြောင့် နောက်ဆုံးသတင်းများကိုသိရှိရန် ကျွန်မနေ့စဉ် သတင်းစာဖတ် ရေဒီယိုနားထောင်သည်။ ကျွန်မဧည့်ခံဖျော်ဖြေရသည့်ပါတီပွဲများသည် ညှိနှိုင်းဆွေးနွေးပွဲများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သဖြင့် ကြားသိရသမျှကို တစ်ဆင့်ပြန်မပြောမိအောင် အမြော်အမြင်ရှိရှိဆင်ခြင်ရသည်။

ကျွန်မ၏မိခင် မည်သူနည်း

၁၉ နှစ်အရွယ် ၁၉၄၁ ခုနှစ်၏နေ့တစ်နေ့တွင် စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်ဖိတ်ခံရသဖြင့် သွားရောက်ရာ ကျွန်မကို အမျိုးသမီးနှစ်ယောက် စောင့်နေသည်ကိုတွေ့ရသည်။ တစ်ယောက်က သူသည် ကျွန်မ၏မွေးသမိခင်ဖြစ်ကြောင်း၊ အိမ်ပြန်လိုက်ရန် လာခေါ်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ အခြားအမျိုးသမီးတစ်ယောက်မူ ဂေရှားမယ်ငှားရမ်းသူဖြစ်ပြီး ကျွန်မကိုအလုပ်ကမ်းလှမ်းသည်။ သူမက ကျွန်မအနေဖြင့် မွေးစားမိခင်ကိုမဟုတ်ဘဲ မွေးသမိခင်ကို လုပ်ကျွေးသင့်သည်ဟု ယူဆသည်။ ကျွန်မကိုကျွေးမွေးပြုစုခဲ့သည့်အမျိုးသမီးသည် မိခင်ရင်းမဟုတ်ဟူသောအထင်မျိုး စိတ်ထဲ၌တစ်ခါမျှမပေါ်ဖူးချေ။

စိတ်ထဲ၌ဇဝေဇဝါနှင့် အိမ်သို့သုတ်ခြေတင်၍ မွေးစားမိခင်အား ဖြစ်ကြောင်းကုန်စင်ပြောပြသည်။ သူမသည် စိတ်လှုပ်ရှားမှုကို အမြဲတမ်းထိန်းချုပ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင် မျက်ဝန်းအိမ်၌ မျက်ရည်များဝဲလာသည်။ ကျွန်မတစ်နှစ်သမီးအရွယ်တွင် ဂေရှားမယ်ဂေဟာတစ်ခုသို့ လွှဲပြောင်းခံရကြောင်းကို သူမကိုယ်တိုင်က ကျွန်မကိုပြောပြချင်သည်ဟု ပြောပြသည်။ အဖြစ်မှန်ကိုသိလိုက်ရသည့်အခိုက်တွင် လူတို့ကို ကျွန်မလုံးဝအယုံအကြည်မဲ့သွားကာ မည်သူနှင့်မျှမပေါင်းတော့ဘဲ ဘာသိဘာသာနေခဲ့သည်။

မိခင်ရင်းကိုလက်ခံရန် ကျွန်မငြင်းပယ်လိုက်သည်။ ကျွန်မအောင်မြင်နေသည်ကိုသိ၍ သူ့ကိုလုပ်ကိုင်ကျွေးမွေးစေလိုကြောင်း သူနှင့်တွေ့ဆုံလိုက်ရသည့် တဒင်္ဂအတွင်း ကျွန်မသိမြင်လိုက်သည်။ သူ့မိတ်ဆွေအလုပ်လုပ်သော နေရာကိုကြည့်ခြင်းအားဖြင့် စာရိတ္တပျက်သောအလုပ်ပါဝင်ကြောင်း ကျွန်မသိလိုက်သည်။ ကျွန်မတတ်မြောက်သော အနုပညာစွမ်းရည်ဖြင့်သာ အသက်မွေးဝမ်းကြောင်းပြုလိုသည်။ ကျွန်မကိုယ်ခန္ဓာနှင့် မရင်းစားလိုပေ။ ထို့ကြောင့် ထိုစဉ်က မှန်သောဆုံးဖြတ်ချက်ချခဲ့သည်ဟု ကျွန်မယူဆသည်၊ ယခုတိုင် ထိုအတိုင်းပင်ယူဆပါသည်။

မွေးစားမိခင်ကို တစ်ခါတစ်ခါ စိတ်ပျက်မိသော်လည်း ကျွန်မယခုကဲ့သို့ ဘဝရပ်တည်နိုင်အောင် လေ့ကျင့်ပေးခဲ့သည်ကိုမူ ဝန်ခံပါသည်။ ဤအကြောင်းကိုစဉ်းစားလေလေ သူမ၏ကျေးဇူးကြီးမားကြောင်း သိလာလေလေဖြစ်သည်။ သူမသည် ကျွန်မလုပ်ရမည့်အလုပ်ကို ဂရုတစိုက်ရွေးချယ်ပေးသည့်အပြင် ဂေရှားမယ်တို့၏ဧည့်ခံဖျော်ဖြေမှုကို မကောင်းသောရည်ရွယ်ချက်ဖြင့်မှာကြားသည့် အမျိုးသားများ၏အန္တရာယ်မှလည်း အစဉ်တစိုက်ကာကွယ်ပေးသည်။ ဤအတွက် သူမကိုယနေ့ထက်တိုင် ကျေးဇူးတင်မဆုံးဖြစ်မိသည်။

ကျွန်မကို ကိုယ်ကျင့်တရားအကြောင်းလည်း သင်ပေးသည်။ မေမေအလေးထားသော ကိုယ်ကျင့်တရားတစ်ခုမှာ ကျွန်မ၏စကားသည် ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေရန်ပင်တည်း။ တာဝန်ကိုလက်ခံတတ်အောင်၊ မိမိကိုယ်ကိုစည်းကမ်းရှိအောင်လည်း သင်ကြားပေးသည်။ သင်ကြားပေးသည့် ကိုယ်ကျင့်တရားအတိုင်း ကျင့်ကြံနေထိုင်ခြင်းကြောင့် လုပ်ငန်းအောင်မြင်ခဲ့သည်။ မိခင်အရင်းနှင့်သာဆိုလျှင် ဤသို့သောအကူအညီမျိုး ရနိုင်ပါမည်လောဟု သံသယဖြစ်မိသည်။ မွေးစားခံရခြင်းကြောင့် အလွန်ကြမ်းတမ်းခက်ထန်သည့်ဘဝမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သဖြင့် ဤသို့မွေးစားခံရခြင်းအတွက် ကျွန်မအလွန်ဝမ်းသာမိသည်။

စစ်မီးဟုန်းဟုန်းကြားမှ သားတစ်ယောက်

၁၉၄၃ ခုနှစ်တွင် ကျွန်မသားတစ်ယောက်မွေးဖွားသည်။ ဂျပန်လူမျိုး၏ရိုးရာယဉ်ကျေးမှုအရ ယင်းကို “အပြစ်” ဟုမသတ်မှတ်ပေ။ အမှားတစ်ခုခု၊ ရှက်ဖွယ်တစ်ခုခုကို လုပ်မိသည်ဟုလည်း ကျွန်မမယူဆပေ။ ဤသားကြောင့် ကျွန်မဝမ်းသာပီတိဖြစ်ရပါသည်။ သားလေးသည် ကျွန်မ၏အဖိုးတန်ရတနာ၊ ကျွန်မ၏ဘဝ၊ ကျွန်မရုန်းကန်လှုပ်ရှားရန် ခွန်အားပင်ဖြစ်သည်။

၁၉၄၅ ခုနှစ်တွင် တိုကျိုမြို့သည် ဗုံးဒဏ်အကြီးအကျယ်ခံရသဖြင့် သားလေးနှင့်အတူ မြို့မှထွက်ပြေးတိမ်းရှောင်ရသည်။ ရိက္ခာကရှား၊ သားလေးကအသည်းအသန်ဖျားနေသည်။ ရထားဘူတာရုံတွင် လူများအလုံးအရင်းနှင့် ပြေးလွှားလှုပ်ရှားနေကြသော်လည်း မြောက်ပိုင်း ဖူကူရှီးမားမြို့သို့ထွက်ခွာသည့် ရထားတစ်စီးပေါ်သို့ ကျွန်မတို့သားအမိနှစ်ယောက် ရအောင်တက်နိုင်ခဲ့သည်။ ထိုမြို့၌ တည်းခိုခန်းတွင် တစ်ညတည်းခိုသည်။ ကျွန်မ၏သားလေးကို ဆေးရုံမတင်နိုင်မီ သူသည် အာဟာရချို့တဲ့မှုနှင့် ရေဓာတ်ဆုတ်ယုတ်မှုဖြင့် သေဆုံးသွားသည်။ နှစ်နှစ်သားသာရှိသေးသည်။ ကျွန်မ ဖြေမဆည်နိုင်အောင် ကြေ​ကွဲဝမ်းနည်းခဲ့ရသည်။ တည်းခိုခန်းမှ ဘွိုင်လာအိုးတာဝန်ခံက ရေနွေးကျိုသည့်မီးထဲတွင် သားလေးကိုမီးသင်္ဂြိုဟ်လိုက်သည်။

များမကြာမီ စစ်ကြီးပြီးသွားရာ ကျွန်မ တိုကျိုမြို့သို့ပြန်ခဲ့သည်။ ဗုံးဒဏ်ကြောင့် တစ်မြို့လုံး ပြားပြားဝပ်လျက်ရှိသည်။ ကျွန်မ၏အိမ်နှင့်ရှိစုမဲ့စုအားလုံး ပါသွားသည်။ မိတ်ဆွေတစ်ဦး၏အိမ်ကို ကျွန်မသွားသည်။ သူမက သူမ၏ကီမိုနိုဝတ်စုံငှားပေးသဖြင့် ကျွန်မအလုပ်ပြန်စသည်။ တိုကျိုမြို့ပြင်တစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့်မွေးစားမိခင်က ငွေပို့ပေးရန်နှင့် တိုကျိုတွင် အိမ်တစ်လုံးဆောက်ပေးရန် တောင်းဆိုလာသည်။ ဤတောင်းဆိုချက်များက ကျွန်မကို ယခင်ကထက်ပို၍ အထီးကျန်ဖြစ်စေသည်။ သားလေးအတွက် ပူဆွေးဝမ်းနည်းစိတ်က မကုန်သေးသဖြင့် နှစ်သိမ့်အားပေးမှုကိုတောင့်တနေသော်လည်း မေမေသည် သားလေးအကြောင်း တစ်ခွန်းတစ်ပါဒမျှပင် ပြောဆိုခြင်းမရှိချေ။ မေမေသည် သူ့တစ်ဖို့တည်းအတွက်သာကြည့်သည်။

မိသားစုတာဝန်

ကျွန်မတို့၌ရှိရှိသမျှသည် မိဘဘိုးဘွားတို့၏ကျေးဇူးကြောင့်သာဖြစ်ကြောင်း၊ ထို့ကြောင့် သားသမီးတို့အနေဖြင့် သူတို့၏စကားကို မြေဝယ်မကျနားထောင်၍ သေသည့်အထိ သူတို့ကိုပြုစုစောင့်ရှောက်ခြင်းအားဖြင့် ကျေးဇူးတရားဆပ်အပ်သည်ဟု ကျွန်မတို့ အစဉ်အဆက်သင်ကြားခံရသည်။ ထို့ကြောင့် တာဝန်ရှိသည့်အတိုင်းကျွန်မကြိုးစားသည်။ သို့သော် မွေးစားမိခင်၏တောင်းဆိုချက်များသည် တရားလွန်လွန်းသည်။ မွေးစားထားသော သူ့မောင်၏ကလေးနှစ်ယောက်ကိုပါ ထောက်ပံ့စေချင်သည်။ ကျွန်မအသက် ၁၉ နှစ်အထိ ထိုကလေးနှစ်ယောက်ကို မောင်လေးညီမလေးအရင်းဟုထင်မှတ်ခဲ့သည်။

ဂေရှားမယ်အများသည် အိမ်ထောင်မပြုဘဲနေကြပြီး သားသမီးအရင်းလည်းမယူကြချေ။ သူတို့သည် အသက်ကြီးလာသည့်အခါ မပူမပင်မကြောင့်မကြ သက်သောင့်သက်သာနေထိုင်နိုင်ရေး ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဆင်းရဲသောမိသားစုများမှ သမီးမိန်း​က​လေးများကိုမွေးစားပြီး ဂေရှားမယ်အဖြစ် လေ့ကျင့်သင်ကြားပေးကြသည်။ ကျွန်မကို အဘယ်ကြောင့် ပြုစုစောင့်ရှောက် လေ့ကျင့်သင်ကြားပေးသည်ကို ကျွန်မစိတ်မကောင်းစွာနှင့် စတင်သိမြင်လာသည်။ ဘဝနောင်ရေးအာမခံချက်သက်သက် အတွက်သာဖြစ်သည်။

မွေးစားမိခင်အပြင် ကျန်းမာသန်စွမ်း၍ အလုပ်လုပ်နိုင်သော “မောင်လေး” နှင့် “ညီမလေး” တို့ကိုပါ အဘယ်ကြောင့်ထောက်ပံ့ရသည်ကို ကျွန်မနားမလည်သော်လည်း ၎င်းတာ​ဝန်အားလုံးကို ကျွန်မလက်ခံခဲ့ပါသည်။ သူတို့သုံးယောက်ကို ကျွန်မထောက်​ပံ့သည်၊ ခိုင်းသမျှလုပ်ပေးသည်။ နောက်ဆုံး၌ ၁၉၅၄ ခုနှစ် မသေဆုံးမီတစ်ရက်တွင် မေမေသည် အိပ်ရာပေါ်တွင်ဒူးထောက်လျက် လုပ်ရိုးလုပ်စဉ်အတိုင်း ကျွန်မကိုကျေးဇူးတင်ကြောင်း ဦးညွတ်ခဲ့သည်။ မေမေက ကျွန်မသည် လိုသည်ထက်ပင်တာဝန်ကျေ​ပွန်ကြောင်း ပြောသွားသည်။ ဤအသိအမှတ်ပြုမှုနှင့် ကျေးဇူးတင်စ​ကားတစ်ခွန်းတည်းက ကျွန်မ အနှစ်နှစ်အလလ ပင်ပန်းခဲ့ရသမျှကိုထေမိစေသည်။ တာဝန်ရှိသမျှ ကျေပွန်ခဲ့သည်ဟူသောအသိစိတ်ကြောင့် ဖြစ်ပေါ်သည့်ပီတိသည် ယနေ့ထက်တိုင် ကျွန်မကိုမျက်ရည် ရစ်ဝဲစေပါသည်။

သမီး၏နောင်ရေးအတွက် ပြင်ဆင်ခြင်း

၁၉၄၇ ခုနှစ်တွင် ကျွန်မသည် သမီးလေးတစ်ယောက်၏မိခင်ဖြစ်လာသဖြင့် သမီးလေးအတွက် ဥစ္စာပစ္စည်းစုဆောင်းဖို့ ကြိုးစားအလုပ်လုပ်ရန် ကျွန်မဆုံးဖြတ်သည်။ ညတိုင်း အလုပ်ထွက်လုပ်သည်။ ၎င်းပြင် ဂင်ဇာမြို့ရှိ ကာဘူကီဇာကဲ့သို့သော ဂျပန်နိုင်ငံရှိ ပင်မဇာတ်ရုံကြီးများ၏ဇာတ်စင်ပေါ်တွင်လည်း စတင်ကပြဖျော်ဖြေသည်။ ဤအလုပ်သည်လည်း ဝင်ငွေကောင်းသည်။

ကပြရသည့်အခါ၌ဖြစ်စေ၊ ရှာမီဆင် ကိုတီး၍ဖျော်ဖြေရသည့်အခါ၌ဖြစ်စေ ကျွန်မ အမြဲတမ်းပင် ခေါင်းဆောင်ပိုင်းမှပါဝင်ခွင့်ရရှိသည်။ သို့တစေ၊ အခြားဂေရှားမယ်များ အိပ်မက်လောက်သာမက်နိုင်သော အောင်မြင်ကျော်ကြားမှုကိုရရှိထားသော်လည်း ကျွန်မ မပျော်ပိုက်ပါ။ အိမ်ထောင်သာရှိလျှင် ကျွန်မဤမျှအထီးကျန်ဖြစ်မည်မဟုတ်။ သို့သော် ဂေရှားမယ်ဘဝနှင့် အိမ်ထောင်သည်ဘဝ သဟဇာတမဖြစ်ပေ။ ကျွန်မအတွက် ဖြေသိမ့်စရာတစ်ခုတည်းမှာ သမီးလေး အိုင်ကိုသာဖြစ်သဖြင့် သမီးလေးအတွက် ဘဝတစ်ခုလုံးကိုပုံအပ်ထားခဲ့သည်။

သာမန်အားဖြင့် ဂေရှားမယ်တို့သည် သမီးရင်းကိုဖြစ်စေ၊ မွေးစားသမီးကိုဖြစ်စေ ဂေရှားမယ်အလုပ်ကိုပင်ဆက်လုပ်ရန် လေ့ကျင့်သင်ကြားပေးလေ့ရှိသည်။ ထိုထုံးစံအတိုင်းပင် ကျွန်မလိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် သမီးလေးအတွက် ပြင်ဆင်ပေးနေသည့်ဘဝအကြောင်းကို ကျွန်မစတင်စဉ်းစားလာသည်။ ဤသို့သာဆက်သွားမည်ဆိုလျှင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တကယ့်မိသားစုတစ်ခုထူထောင်ခြင်းသည် မည်သို့မည်ပုံရှိကြောင်း သိရှိနိုင်မည်မဟုတ်။ ထိုသံသရာကို ကျွန်မဖြတ်ပစ်ချင်သည်။ အိုင်ကိုနှင့်တကွ သူ၏သားသမီးတို့ကို အိမ်ထောင်ပြု၍ သာမန်မိသားစုဘဝမျိုးကို ပျော်မွေ့ခံစားစေချင်သည်။ ဤဖား၏ကလေး ဖားဖြစ်သည်ကို ကျွန်မမလိုလားပါ။

အိုင်ကိုအပျိုဖျန်းအရွယ်ရောက်သည့်အခါ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်မမွေးစားမိခင်သေဆုံးသွားသောကြောင့် အိမ်တွင် အိုင်ကိုအဖို့ အဖော်ဆိုလို့ ခေါ်ထားသည့်အိမ်ဖော်သာရှိသည်။ သမီးလေးသည် ကျွန်မ၏အချိန်ပေး ဂရုစိုက်စောင့်ရှောက်မှု အလွန်လိုအပ်နေသည်။ ထို့ကြောင့် ကျွန်မအသက် ၃၅ နှစ်အရွယ်၊ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေလင့်ကစား ဂေရှားမယ်လောကကိုကျောခိုင်း၍ အကနှင့် ရှာမီဆင် တီးခြင်းအလုပ်ကိုသာလက်ခံရန် ဆုံးဖြတ်လိုက်သည်။ သမီးအိုင်ကို၏အကျိုးအတွက် ကျောခိုင်းစွန့်ခွာလိုက်သည်။ ကျွန်မတို့သားအမိနှစ်ယောက် အတူတကွ ညစာစားဖြစ်သည်။ နေ့ချင်းညချင်းလိုလို သမီးလေးသည် ရင့်ကျက်သိမ်မွေ့လာသည်။ သမီးအတွက်အချိန်ပေးလိုက်ခြင်းဖြင့် အံ့ဖွယ်ထူးကဲသောအကျိုးဖြစ်ထွန်းလာသည်။

အတန်ကြာပြီးနောက် ဆိတ်ငြိမ်သောလူနေရပ်ကွက်တစ်ခုသို့ပြောင်းရွှေ့ပြီး စားသောက်ဆိုင်လေးတစ်ခုဖွင့်လိုက်သည်။ အိုင်ကိုအရွယ်ရောက်၍ ကျွန်မ၏ဘဝဟောင်းကိုစာနာတတ်သော နူးညံ့သိမ်မွေ့သူ ကီမီဟီရိုနှင့်လက်ထပ်လိုက်သည်ကိုတွေ့ရသဖြင့် ကျွန်မလွန်စွာစိတ်ချမ်းသာမိသည်။

ဆုံးဖြတ်စရာဖြစ်လာသော ဘာသာတရား

၁၉၆၈ ခုနှစ်တွင် မြေးဦးလေးကို အိုင်ကိုမွေးဖွားသည်။ ထိုနောက်များမကြာမီ အိုင်ကိုသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစသင်သည်။ ကျွန်မတို့၌ ဘာသာတရားရှိနှင့်ပြီးဖြစ်၍ ကျမ်းစာသင်သည်ကို ကျွန်မနားမလည်နိုင်။ မွေးစားမိခင်ကွယ်လွန်ပြီးနောက် အိမ်ထဲ၌ ကြီးမားသော ယဇ်ပလ္လင်တစ်ခုတည်လုပ်ပြီး မိခင်ရှေ့ဒူးထောက်၍ မှန်မှန်ရှိခိုးကိုးကွယ်သည်။ ၎င်းပြင်၊ မိသားစုသင်္ချိုင်းသို့ လစဉ်သွားရောက်၍ မိခင်အား ဖြစ်ကြောင်းကုန်စင် အစီရင်ခံတင်ပြသည်။

ဘိုးဘေးကိုးကွယ်ခြင်းသည် ကျွန်မအဖို့ ကျေနပ်စရာဖြစ်သည်။ ဘိုးဘေးများကို ပြုစုစောင့်ရှောက်သင့်သည့်အတိုင်း၊ ကျေးဇူးဆပ်သင့်သည့်အတိုင်း ကျွန်မပြုနေသည်ဟုယူဆပြီး အိုင်ကိုအားလည်း ထိုအတိုင်းပြုလုပ်ရန် လေ့ကျင့်သင်ကြားပေးသည်။ သမီးက ဘိုးဘေးကိုးကွယ်မှုတွင် ပါဝင်တော့မည်မဟုတ်သကဲ့သို့ ကျွန်မသေလျှင်လည်း ကျွန်မကိုရှိခိုးဝတ်ပြုမည်မဟုတ်ကြောင်း ပြောလာသည်ကိုကြားရသည့်အခါ ကျွန်မထိတ်လန့်တုန်လှုပ်သွားသည်။ ‘ဘယ်လိုကြောင့် ဒီလိုကလေးဖြစ်သွားရပါလိမ့်၊ ဘိုးဘေးတွေအပေါ် ဒီလောက်တောင် ကျေးဇူးတရားကန်းအောင် သင်ပေးတဲ့ဘာသာကိုမှ ဘာဖြစ်လို့ဝင်ရတာလဲ’ ဟူ၍ ကျွန်မကိုကျွန်မမေးခွန်းထုတ်မိသည်။ ထိုအချိန်မှစ၍ သုံးနှစ်တိုင်တိုင် ကျွန်မဘဝတစ်ခုလုံး မိုးမှောင်ကျသည့်နှယ်ဖြစ်ခဲ့သည်။

အိုင်ကို ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံသည့်အခါ အလှည့်အပြောင်းတစ်ခုဖြစ်လာသည်။ သမီးနှစ်ခြင်းခံစဉ်က ကျွန်မမတက်ရောက်သည်ကို အံ့သြသွားသည့် အိုင်ကို၏ သက်သေခံမိတ်ဆွေတစ်ဦးက ကျွန်မထံလာလည်မည့်အကြောင်း အိုင်ကိုအားပြောပြသည်။ ကျွန်မဒေါသအလွန်ထွက်သွားသော်လည်း ယဉ်ကျေးသိမ်မွေ့သည့်ပင်ကိုဓာတ်ခံကြောင့် ထိုအမျိုးသမီးလာသည့်အခါ ကျွန်မသူ့ကိုကြိုဆိုခဲ့သည်။ နောက်တစ်ပတ် ပြန်လာလည်မည့်အကြောင်းပြောသည့်အခါ ထပ်တူအကြောင်းကြောင့်ပင် ကျွန်မမငြင်းဆိုခဲ့ချေ။ သီတင်းပတ်များစွာ ဆက်၍လာလည်ရာ ကျွန်မဒေါသအလွန်ထွက်သဖြင့် အစပိုင်း၌ သူမဘာပြောသွားသည်ကိုပင် မသိလိုက်ပေ။ သို့သော်၊ ဆွေးနွေးသည့်အကြောင်းများသည် ကျွန်မအဖို့ စဉ်းစားစရာဖြစ်လာသည်။

မေမေပြောပြောခဲ့သည့်အကြောင်းများကို ကျွန်မပြန်လည်စဉ်းစားလာသည်။ မေမေက သူသေပြီးနောက် သူ့ကိုရှိခိုးကိုးကွယ်စေလိုသော်လည်း တမလွန်ဘဝကိုမယုံကြည်ပါ။ မိဘတို့အလိုချင်ဆုံးအရာမှာ သူတို့အသက်ရှင်စဉ် သားသမီးဖြစ်သူတို့က သူတို့ကို ချစ်ခင်ကြင်နာစွာ ပြောဆိုဆက်ဆံခြင်းဖြစ်ကြောင်း မေမေကအမြဲပြောလေ့ရှိသည်။ ဒေသနာ ၉:၅၊ ၁၀ နှင့် ဧဖက် ၆:၁၊ ၂ ကဲ့သို့သောကျမ်းချက်များကိုဖတ်ပြီး ကျမ်းစာကလည်း အလားတူအားပေးတိုက်တွန်းထားသည်ကို သိလိုက်ရသည့်အခါ မျက်စိမှ အကြေးကွာကျသကဲ့သို့ ခံစားလိုက်ရသည်။ ကျွန်မ၏စကားသည် ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ်ဖြစ်စေရမည်ဟူသော ဆုံးမစကားကဲ့သို့သော အခြားဆုံးမစကားများသည်လည်း ကျမ်းစာ၌ပါရှိသည်။ (မဿဲ ၅:၃၇) ကျမ်းစာ၌ အခြားအဘယ်အရာများ သွန်သင်ထားသည်ကိုသိလိုသဖြင့် မှန်မှန်ကျမ်းစာသင်အံမှုကို လက်ခံလိုက်သည်။

ကျမ်းစာအသိပညာ တိုးပွားလာသည်နှင့်အမျှ တစ်သက်ပတ်လုံးခံစားခဲ့ရသည့် ဝမ်းနည်းကြေကွဲမှုနှင့် အလိုမကျမှုတို့သည် တစ်စတစ်စ ပျောက်လွင့်သွားလေသည်။ ယေဟောဝါသက်သေများ၏ အစည်းအဝေးများကိုစတက်သည့်အခါ အလွန်အထင်ကြီးလေးစားမိသည်။ သီးခြားကမ္ဘာလိုဖြစ်နေသည်။ လူတို့သည် ရိုးသား ကြင်နာ ဖော်ရွေကြသောကြောင့် ကျွန်မ၏နှလုံးသားက ချက်ချင်းပင်တုံ့ပြန်မိသည်။ အထူးသဖြင့် ယေဟောဝါ၏ကရုဏာတရားကို သိရှိလိုက်ရသည့်အခါ ကျွန်မအလွန်ဘဝင်ခိုက်မိသည်။ ကိုယ်တော်သည် နောင်တရသောအပြစ်သားအားလုံးကို မေတ္တာရှိစွာဖြင့် အပြစ်လွှတ်တော်မူ၏။ မှန်ပါသည်၊ ကိုယ်တော်သည် ကျွန်မ၏အတိတ်ကချွတ်ယွင်းအားနည်းချက် ရှိရှိသမျှကိုခွင့်လွှတ်ပြီး လူသစ်စိတ်သစ်ဘဝသစ်ထူထောင်နိုင်အောင် စောင်မတော်မူ၏!

ဘဝအသက်တာ ပြောင်းလဲမှုများ

ယေဟောဝါအားဝတ်ပြုလိုသော်လည်း ဖျော်ဖြေရေးလောကနှင့် အဆက်အသွယ်ခိုင်မြဲလျက်ရှိသည်။ ထိုစဉ်က အသက် ၅၀ ကျော်အတွင်းရောက်နေပြီဖြစ်သော်လည်း စင်မြင့်ပေါ်တွင်ကပြဖျော်ဖြေနေဆဲဖြစ်သည်။ ကာဘူကီဇာဇာတ်ရုံတွင် ဒန်ဂျူရို အိချီကာဝါက ဆူကေရိုကူ ဇာတ်ကပြဖျော်ဖြေသည့်အခါ ကျွန်မသည် ရှာမီဆင် ဂီတပညာရှင်များကိုစည်းရုံးသူနှစ်ဦးအနက် တစ်ဦးဖြစ်သည့်အပြင် ခေါင်းဆောင်လည်းဖြစ်သည်။ ဆူကေရိုကူ နှင့်တွဲဖက်ရသော ကာတိုအူဘူရှိ ဂီတတီးမှုတ်ဟန်ကိုတီးမှုတ်နိုင်သည့် ရှာမီဆင် ဂီတပညာရှင်များ အလွန်ရှားပါးသဖြင့် ကျွန်မနုတ်ထွက်လိုက်ပါက အစားထိုးမည့်သူမရှိဖြစ်သွားမည်။ ထို့ကြောင့် ကျွန်မမှာ ဘေးကျပ်နံကျပ်ဖြစ်ခဲ့ရသည်။

သို့သော်၊ ဂျပန်ရိုးရာဖျော်ဖြေမှုတစ်မျိုးတွင် ပါဝင်လျက်ရှိသော အသက်ကြီးသည့်သက်သေခံတစ်ဦးက အလုပ်ထွက်ရန်အဘယ်ကြောင့် စဉ်းစားရသနည်းဟုမေးသည်။ “လူတွေဟာ ကိုယ့်ဝမ်းကိုယ်ကြောင်းရတယ်” ဟုရှင်းပြသည်။ ကျွန်မ၏အလုပ်တွင် ကျမ်းစာနှင့်မညီသည့်အပိုင်းမပါရှိကြောင်း၊ သီဆိုဖျော်ဖြေမှုကိုဆက်လုပ်ရင်းနှင့် ယေဟောဝါကိုဝတ်ပြုနိုင်ကြောင်း သဘောပေါက်အောင် ကူညီပေးသည်။

ဂျပန်နိုင်ငံ၏ထိပ်တန်းဇာတ်ရုံကြီး ဂါဘူကီဇူတွင် အတန်ကြာဆက်၍နေခဲ့သည်။ ထို့နောက် ပွဲစဉ်များသည် အစည်းအဝေးညများနှင့်တိုက်ဆိုင်လာရာ စည်းဝေးရှိသောညများ၌ လူစားထိုးပေးရန် ကျွန်မတောင်းဆိုရသည်။ သို့သော်၊ များမကြာမီ အစည်းအဝေးအချိန်များ ပြောင်းလဲလိုက်သဖြင့် အလုပ်အကိုင်လည်းမပျက် အစည်းအဝေးအားလုံးကိုလည်း တက်လာနိုင်သည်။ သို့သော်၊ အစည်းအဝေးများကို အချိန်မီတက်ရောက်နိုင်ရန် အများအားဖြင့် ပြပွဲပြီးလျှင်ပြီးချင်း အသင့်စောင့်နေသည့်တက္ကစီပေါ် ကတိုက်ကရိုက်တက်၍လိုက်ပါရသည်။ ယခင်ထုံးစံအတိုင်း အခြားသောကပြဖျော်ဖြေသူများနှင့် အေးအေးဆေးဆေးနေ၍မဖြစ်တော့။ နောက်ဆုံးတွင် အလုပ်ထွက်ရန် ကျွန်မဆုံးဖြတ်လိုက်သည်။

ထိုအချိန်သည် ဂျပန်နိုင်ငံ၏ အဓိကမြို့ကြီးများတွင် ခြောက်လကြာဆက်တိုက် ကပြဖျော်ဖြေရန် ဇာတ်တိုက်နေသည့်အချိန်ဖြစ်သည်။ အလုပ်ထွက်မည်ဟုပြောလိုက်လျှင် ပြဿနာများစွာတက်နိုင်သည်။ ထို့ကြောင့် ကျွန်မ၏ဆန္ဒကိုထုတ်ဖော်ခြင်းမပြုဘဲ ကျွန်မနေရာကိုဆက်ခံမည့်သူကို ကျွန်မစ၍လေ့ကျင့်ပေးသည်။ ကပြဖျော်ဖြေရေးအစီအစဉ် ပြီးဆုံးသွားသည့်အခါ ကျွန်မတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီးဖြစ်ကြောင်း၊ အလုပ်မှနုတ်ထွက်လိုက်ပြီးဖြစ်ကြောင်း သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးစီအား ကျွန်မရှင်းပြသည်။ အချို့က စိတ်ဆိုးသည်။ အခြားသူတို့က ကျွန်မကိုစိတ်ကြီးဝင်သည်၊ သူတို့ကိုဒုက္ခရောက်အောင် တမင်လုပ်သည်ဟု စွပ်စွဲကြသည်။ ကျွန်မအဖို့ လွယ်ကူသောအချိန်ကာလမဟုတ်သော်လည်း ဆုံးဖြတ်ချက်ကိုမပြင်တော့ဘဲ နှစ်ပေါင်း ၄၀ ကြာလုပ်ကိုင်လာသည့်အလုပ်မှ နုတ်ထွက်လိုက်သည်။ ထိုအချိန်မှစ၍ ကျွန်မသည် ရှာမီဆင် ဂီတသင်ကြားခြင်းဖြင့် ဝင်ငွေအနည်းအကျဉ်း ရှာဖွေခဲ့သည်။

အပ်နှံခြင်းနှင့်ထိုက်တန်အောင် နေထိုင်ခြင်း

လွန်ခဲ့သောနှစ်အနည်းငယ်က ယေဟောဝါဘုရားသခင်ထံ ကျွန်မအသက်တာကိုအပ်နှံလိုက်သည်။ ၁၉၈၀ ပြည့်နှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် နှစ်ခြင်းခံသည်။ ယခု ကျွန်မရင်ထဲ၌ပြည့်လျှံနေသည့်ခံစားချက်မှာ ယေဟောဝါအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိခြင်းပင်ဖြစ်သည်။ ကျွန်မကိုယ်ကိုကျွန်မ ကျမ်း​စာထဲမှယောဟန် ၄:၇-၄၂ တွင်ဖော်ပြသည့် ရှမာရိအမျိုးသမီးနှင့် အ​တော်အ​တန်တူသည်ဟုယူဆသည်။ သူမအား ယေရှုသနားကြင်နာစွာပြောဆိုပြီးနောက် သူမနောင်တရခဲ့သည်။ အလားတူပင် “နှလုံးကိုကြည့်ရှုတတ်” သောယေဟောဝါသည် ကျွန်မကို ကြင်နာစွာလမ်းပြတော်မူ၏။ ကရုဏာကျေးဇူးတော်ကြောင့် ဘဝသစ်ကို ကျွန်မစတင်နိုင်ခဲ့သည်။—၁ ဓမ္မရာဇဝင် ၁၆:၇။

၁၉၉၀ ပြည့်နှစ်၊ အသက် ၆၈ နှစ်ပြည့်ခါနီးတွင် ကျွန်မရှေ့ဆောင်ဖြစ်လာသည်။ ယေဟောဝါသက်သေများ၏ အချိန်ပြည့်ဓမ္မအမှုဆောင်များကို ရှေ့ဆောင်ဟုခေါ်သည်။ အိုင်ကိုနှင့်သူ၏သားသမီးသုံးယောက်လည်း ရှေ့ဆောင်များဖြစ်ကြသည်။ “ဖား၏ကလေးသည် ဖားသာဖြစ်သည်” ဟူသောဂျပန်စကားပုံနှင့်အညီ ထိုကလေးတို့သည် သူတို့မိခင်၏ပုံစံအတိုင်း ကြီးပြင်းလာကြသည်။ အိုင်ကို၏ခင်ပွန်းသည် အသင်းတော်တွင် ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်သည်။ တစ်အိမ်လုံး သမ္မာတရား၌လိုက်လျှောက်သည့် မိသားစုနှင့် သိုက်သိုက်ဝန်းဝန်းနေရပြီး အသင်းတော်တွင်လည်း မေတ္တာပြည့်ဝသည့် ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများနှင့် ပေါင်းသင်းရသည်မှာ ကြီးမားလှသည့်ကောင်းချီးပါတကား!

ဘိုးဘေးဘီဘင်တို့ကို ကျေးဇူးတင်ပါသည်။ သို့သော် မည်သည့်လူသားထက်မဆို ကျွန်မအပေါ်ကျေးဇူးပြုတော်မူသော ယေဟောဝါအား အထူးကျေးဇူးတင်ပါသည်။ အထူးသဖြင့် ကိုယ်တော်အား ကာလအစဉ်အဆက် ချီးမွမ်းချင်စိတ်ဖြစ်ပေါ်အောင်စေ့ဆော်ပေးသည့် ကြွယ်ဝသောကရုဏာတော်နှင့် နှစ်သိမ့်အားပေးမှုအတွက် ကျေးဇူးတင်ပါသည်။—ဆာဝါကို တာကာဟာရှိ ပြောပြသည်။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ရှစ်နှစ်အရွယ်တွင် လေ့ကျင့်ခြင်း

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မွေးစားမိခင်နှင့်အတူ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကျွန်မဘဝ၌ဂုဏ်ယူစရာ သမီးလေး

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဤမိသားစုယဇ်ပလ္လင်ရှေ့တွင် မိခင်ကို ကိုးကွယ်ရှိခိုးခဲ့သည်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သမီး၊ သားမက်၊ မြေးများနှင့်အတူ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ