ပိုးမွှားများ၏ လက်စားချေမှု
၂၀ ရာစုနှစ်အတွင်း ဆေးသိပ္ပံပညာ အံ့မခန်းဖွယ်တိုးတက်လာသည်ကို တွေ့မြင်ရသည်။ နှစ်ထောင်ပေါင်းများစွာအတွင်း လူသားများသည် သေစေတတ်သည့်ပိုးမွှားများပြုသမျှ နုခဲ့ကြရသည်။ သို့သော် ဆာလဖာနီလာမိုက် (sulfanilamide) ကိုသိပ္ပံပညာရှင်များတွေ့ရှိသည့် ၁၉၃၅ ခုနှစ်မှစ၍ အခြေအနေပြောင်းလဲလာခဲ့သည်။ ဆာလဖာနီလာမိုက်သည် ရောဂါကူးစက်သူအား ပြင်းပြင်းထန်ထန်ထိခိုက်ခြင်းမရှိဘဲ ဘက်တီးရီးယားပိုးများကိုနှိမ်နင်းနိုင်စွမ်းရှိသည့် ပထမဆုံးသောဝတ္ထုဖြစ်သည်။a
နောက်ပိုင်းနှစ်များအတွင်း သိပ္ပံပညာရှင်တို့သည် ကူးစက်ရောဂါများကိုတိုက်ဖျက်ရန် အစွမ်းထက်သည့်ဆေးဝါးများကို ထုတ်လုပ်လာကြသည်။ ၎င်းတို့မှာ ငှက်ဖျားရောဂါတိုက်ဖျက်သည့် ကလိုရိုကွင်းနှင့် အဆုတ်ရောင်နာ (pneumonia)၊ စကားလက်အဖျား (scarlet fever) နှင့် အဆုတ်ရောဂါတို့ကိုနှိမ်နင်းသည့် ပဋိဇီဝဆေးများဖြစ်ကြသည်။ ၁၉၆၅ ခုနှစ်ရောက်သော် ပဋိဇီဝဆေးပစ္စည်းအမျိုးပေါင်း ၂၅,၀၀၀ မက တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။ သိပ္ပံပညာရှင်များစွာက ဘက်တီးရီးယားစွဲရောဂါများသည် အထူးစိုးရိမ်စရာမရှိတော့ကြောင်း၊ သုတေသနပြုစရာပင်သိပ်မလိုတော့ကြောင်း ယူဆခဲ့ကြသည်။ မကြာမီချုပ်ငြိမ်းတော့မည့်ရောဂါများအကြောင်းကို အချိန်အကုန်ခံ၍ အဘယ်ကြောင့်လေ့လာစရာလိုတော့သနည်း။
ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကာကွယ်ဆေးအသစ်များက ဝက်သက်၊ ပါးချိတ်ရောင်နာနှင့် ဂျာမန်ဝက်သက်ရောဂါများကြောင့် သေဆုံးမှုနှုန်းကို အကြီးအကျယ်ကျဆင်းသွားစေခဲ့သည်။ ၁၉၅၅ ခုနှစ်တွင်ပြုလုပ်ခဲ့သည့် ပိုလီယိုရောဂါကာကွယ်ရေးစီမံချက်ကြီးသည် အလွန်တရာအောင်မြင်ထိရောက်မှုရှိခဲ့ရာ အနောက်ဥရောပနှင့်မြောက်အမေရိကတို့တွင် ထိုရောဂါဖြစ်ပွားမှု ၇၆,၀၀၀ ရှိခဲ့ရာမှ ၁၉၆၇ ခုနှစ်တွင် ၁,၀၀၀ အောက်သို့ထိုးကျခဲ့သည်။ လူကိုသေစေသည့် အဓိကရောဂါဖြစ်သောကျောက်ရောဂါမှာ ကမ္ဘာမြေပြင်မှလုံးဝပပျောက်သွားသည်။
ဤရာစုနှစ်တွင် အီလက်ထရွန် အဏုကြည့်ကိရိယာ တီထွင်နိုင်ခဲ့သည်ကိုလည်းတွေ့ရပြီး လူ့လက်သည်းခွံထက် အဆပေါင်းတစ်သန်းသေးငယ်သည့် ဗိုင်းရပ်စ်ပိုးမွှားများကို သိပ္ပံပညာရှင်များမြင်နိုင်စွမ်းရှိစေသော အားကောင်းသည့်ကိရိယာပင်ဖြစ်သည်။ ဤသို့သောအဏုကြည့်ကိရိယာများနှင့်တကွ အခြားသောနည်းပညာတိုးတက်မှုများကြောင့် ယခင်ကမသိရှိသည့်နည်းများဖြင့် ကူးစက်ရောဂါများအကြောင်းကိုသိရှိနားလည်၍ တိုက်ဖျက်လာနိုင်ခဲ့သည်။
အောင်ပွဲခံမည့်ပုံပေါက်ခဲ့သည်
အဆိုပါရှာဖွေတွေ့ရှိမှုများကြောင့် ဆေးလောကတစ်ခုလုံး ယုံကြည်စိတ်ချမှုအပြည့်ရှိလာသည်။ ကူးစက်တတ်သောရောဂါပိုးမွှားများသည် ခေတ်သစ်ဆေးဝါးလက်နက်များကြောင့် တဖုန်းဖုန်းကျဆုံးကုန်ကြသည်။ သိပ္ပံပညာက ပိုးမွှားများအပေါ် လျင်မြန်ပြတ်သားစွာ အပြီးအပိုင်အောင်ပွဲခံတော့မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်နေသည်။ ရောဂါတစ်ခုခုအတွက် ကုသသည့်ဆေးနည်းမရှိသေးလျှင် များမကြာမီအတွင်း ပေါ်လာလေသည်။
၁၉၄၈ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဂျော့ချ် စီ. မာရှဲလ်က ကူးစက်ရောဂါမှန်သမျှကို အောင်ပွဲခံမည့်အချိန်မဝေးတော့ကြောင်း ဝင့်ကြွားစွာပြောကြားခဲ့သည်။ သုံးနှစ်ကြာပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အာရှငှက်ဖျားသည် များမကြာမီအတွင်း “အရေးမကြီးတော့သည့်” ရောဂါဖြစ်သွားနိုင်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၆၅ ခုနှစ်ခန့်ရောက်သော် ပလိပ်ရောဂါနှင့်ကပ်ရောဂါကြီးစိုးသောခေတ် ကုန်လွန်ပြီဟူသောယူဆချက် အကြီးအကျယ်ပျံ့နှံ့ခဲ့ရာ အမေရိကန်ကျန်းမာရေးဝန်ကြီးဖြစ်သူ ဝီလီယမ် အိတ်ချ်. စတူးဝပ်ကပင် ကူးစက်ရောဂါများဆိုင်ရာစာအုပ်ကို ပိတ်ပစ်ရန်အချိန်တန်ပြီဟု ကျန်းမာရေးအရာရှိများအား ပြောကြားခဲ့သည်အထိဖြစ်သည်။
ရောဂါဟောင်းများ တစ်ကျော့ပြန်
သို့သော်၊ ကူးစက်ရောဂါများဆိုင်ရာစာအုပ်ကို ပိတ်ပစ်ရမည့်အချိန် လုံးဝမရောက်ခဲ့ပါ။ ကုသဆေးများနှင့် ကာကွယ်ဆေးများကို သိပ္ပံပညာက တီထွင်ထုတ်လုပ်လာနိုင်ခြင်းဖြင့် ကမ္ဘာဂြိုဟ်ပေါ်မှပိုးမွှားများ ပျောက်ကွယ်သွားခြင်းမရှိပါ။ လူသိများသည့်သေမင်းတမန်ပိုးမွှားများသည် အရေးနိမ့်ခြင်းမရှိသည့်အပြင် အငြိုးကြီးစွာဖြင့်တစ်ကျော့ပြန်လာကြသည်။ ၎င်းပြင် ဆရာဝန်များယခင်ကမသိသည့် သေစေတတ်သောအခြားပိုးမွှားများလည်း ပေါ်လာခဲ့သည်။ ဤသို့ဖြင့် ပိုးမွှားအဟောင်းအသစ်တို့သည် လျင်မြန်စွာကူးစက်ပြန့်ပွားပြီး ကမ္ဘာသူကမ္ဘာသား သန်းပေါင်းမရေမတွက်နိုင်အောင်ကို ခြိမ်းခြောက်နှိပ်စက်သတ်ဖြတ်လျက်ရှိကြသည်။
တစ်ချိန်က ထိန်းချုပ်လိုက်နိုင်ပြီဟုယူဆခဲ့သည့် သေမင်းတမန်ရောဂါများသည် ယခင်ကထက်ပို၍သေစေနိုင်ပြီး ဆေးဝါးကုသရန်ပို၍ခက်သည့်အသွင်ဖြင့် ပြန်ပေါ်လာကြသည်။ သာဓကတစ်ခုမှာ အဆုတ်ရောဂါ (တီဘီ) ပင်ဖြစ်သည်။ မကြာသေးမီကပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဤသို့ဖော်ပြခဲ့သည်– “၁၉၄၄ ခုနှစ်မှစ၍ ဂျပန်၊ မြောက်အမေရိကနှင့် ဥရောပနိုင်ငံများ၌ တီဘီရောဂါဖြစ်ပွားမှုနှင့် ဤရောဂါကြောင့်သေဆုံးမှုများကို သိသိသာသာလျှော့ချရန် တီဘီဆေးဝါးများကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ကြသည်။ သို့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၌ တီဘီရောဂါထိန်းချုပ်မှုကိုမူ လျစ်လျူရှုထားကြသဖြင့် . . . ပို၍အန္တရာယ်ကြီးမားပြီး ဆေးဝါးများကိုလည်း ပို၍ခံနိုင်ရည်စွမ်းရှိသည့်အသွင်ဖြင့် ချမ်းသာကြွယ်ဝသည့်နိုင်ငံများသို့ ၎င်းရောဂါပြန်လာနိုင်အောင် ဖန်တီးပေးခဲ့သည်။” ယနေ့ အဆုတ်တွင်ခိုအောင်း၍ အများအားဖြင့်လေဖြင့်ပြန့်ပွားသည့် တီဘီရောဂါသည် နှစ်စဉ်လူပေါင်းသုံးသန်းခန့်—တစ်ရက်လျှင် ၇,၀၀၀ ကျော်—ကိုသတ်ဖြတ်လျက်ရှိသည်။ သက္ကရာဇ် ၂၀၀၅ ခုနှစ်ရောက်လျှင် နှစ်စဉ်သေဆုံးသူ လေးသန်းအထိမြင့်တက်လာနိုင်သည်။
အခြားသေမင်းတမန်ဟောင်းများလည်း ခေါင်းထောင်လာကြသည်။ ကာလဝမ်းရောဂါသည် ယခုအခါ အာဖရိက၊ အာရှနှင့် လက်တင်အမေရိက ဒေသအများအပြားတွင် ပြန့်ပွားလျက်ရှိပြီး ပိုမိုများပြားသောလူတို့ကို နှိပ်စက်သတ်ဖြတ်လျက်ရှိသည်။ အာရှတိုက်တွင် ယခင်ကလုံးဝမကြားဖူးသည့် ရောဂါပိုးအသစ်တစ်မျိုးပေါ်လာပြန်သည်။
အေဒီ အေဂျစ်ပတီ (Aëdes aegypti) ခြင်ကောင်ကြောင့်ပြန့်ပွားသည့် တုတ်ကွေးကြီး (Dengue) သည်လည်း လျင်မြန်စွာတိုးပွားလျက်ရှိရာ ယခုအခါကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ပြည်သူ ၂.၅ သန်းအား အန္တရာယ်ပေးခြိမ်းခြောက်နေသည်။ ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ သေစေတတ်သည့် သွေးလွန်ရောဂါအသစ်တစ်မျိုးပေါ်လာပြီး အပူပိုင်းဒေသတစ်ခွင်သို့ ပြန့်ပွားသွားသည်။ ခန့်မှန်းခြေ နှစ်စဉ်လူပေါင်း ၂၀,၀၀၀ ခန့်ကိုသေဆုံးစေလျက်ရှိသည်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် အခြားရောဂါအများနည်းတူ ဤရောဂါကိုကာကွယ်ရန် ကာကွယ်ဆေးလည်းမရှိ၊ ကုသဆေးလည်းမရှိပါ။
တစ်ချိန်က အမြစ်ပြတ်သုတ်သင်နိုင်မည်ဟု သိပ္ပံပညာကမျှော်လင့်ခဲ့သည့်ငှက်ဖျားရောဂါသည် နှစ်စဉ်လူပေါင်းနှစ်သန်းခန့်ကို သေဆုံးစေလျက်ရှိသည်။ ငှက်ဖျားကပ်ပါးပိုးများနှင့် ယင်းပိုးများကိုသယ်ဆောင်သည့်ခြင်ကောင်တို့သည် သတ်ဖြတ်ရန် ပို၍ပို၍ခက်ခဲလာသည်။
အလွန်ဆိုးရွားသော ရောဂါသစ်များ
များမကြာမီကပေါ်လာ၍ လူသားများကိုဒုက္ခပေးလျက်ရှိသည့် ရောဂါသစ်များအနက် အထင်ရှားဆုံးမှာ သေစေတတ်သောအေအိုင်ဒီအက်စ်ရောဂါ ဖြစ်ဖွယ်ရှိသည်။ ကုရာနတ္ထိဆေးမရှိသောဤရောဂါမှာ လွန်ခဲ့သည့်ဆယ်နှစ်ကျော်က လုံးဝမသိရှိသောဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ရခြင်းဖြစ်သည်။ သို့တစ်စေ၊ ၁၉၉၄ ခုနှစ်အရောက်တွင် တစ်ကမ္ဘာလုံး၌ ဤဗိုင်းရပ်စ်ပိုးစွဲကပ်သူဦးရေမှာ ၁၃ သန်းနှင့် ၁၅ သန်းအကြားရှိလာသည်။
ယခင်ကမသိရှိသည့် အခြားကူးစက်ရောဂါများတွင် ဟန်တာဗိုင်းရပ်စ် အဆုတ်ရောဂါလက္ခဏာစု (hantavirus pulmonary syndrome) ပါဝင်သည်။ လယ်ကြွက်မှတစ်ဆင့်ကူးစက်သောဤရောဂါသည် အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်းတွင်ဖြစ်ပွားပြီး ရောဂါဖြစ်ပွားသူထက်ဝက်ကျော် သေဆုံးကြောင်းသိရသည်။ တောင်အမေရိကတွင် သွေးလွန်အဖျားနှစ်မျိုးဖြစ်ပွားနေပြီး နှစ်မျိုးစလုံး သေစေတတ်သည့်ရောဂါသစ်များဖြစ်သည်။ ကြောက်စရာကောင်းသော အခြားရောဂါများလည်းပေါ်ပေါက်ခဲ့သည်။ ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ပွားပြီး တစ်မူထူးခြားဆန်းပြားသောအမည်များရှိသည့် ၎င်းရောဂါများမှာ လာဆာ (Lassa)၊ ရိဖ်ဗဲလီ (Rift Valley)၊ အိုရိုပွတ်ရှ် (Oropouche)၊ ရိုစီအို (Rocio)၊ ကြူ. ကွမ်နာရီတို (Q. Guanarito)၊ ဗွီအီးအီး (VEE)၊ မျောက်ကျောက် (monkeypox)၊ ချီကွမ်ဂွမ်ညာ (Chikungunya)၊ မိုကိုလာ (Mokola)၊ ဒူဗင်းဟက် (Duvenhage)၊ လဲဒန်ဒက္က (LeDantec)၊ ကျာဆာနာသစ်တော ဦးနှောက်ရောင်ရောဂါ (the Kyasanur Forest brain virus)၊ ဆင်းမ်လိကီသစ်တောရောဂါ (the Semliki Forest agent)၊ ခရီမီယန်-ကွန်ဂို (Crimean-Congo)၊ အိုနီယွန်နီယွန် (O’nyongnyong)၊ ဆင့်ဒဘီစ် (Sindbis)၊ မာဘာဂ် (Marburg)၊ အီဘိုလာ (Ebola) တို့ဖြစ်သည်။
ရောဂါသစ်များ အဘယ်ကြောင့်ပေါ်လာရသနည်း
ခေတ်သစ်ဆေးသိပ္ပံပညာက အသိပညာနှင့်ပိုင်ဆိုင်မှုအစုစု ရှိပါလျက်နှင့် သေမင်းတမန်ပိုးမွှားများကိုအပြတ်ရှင်းပစ်ရန် အဘယ်ကြောင့်ဤမျှအခက်ကြုံနေရသနည်း။ အကြောင်းတစ်ခုမှာ ယခုခေတ်လူ့အဖွဲ့အစည်း၏တိုးပွားလာသော ရွှေ့ပြောင်းမှုပင်ဖြစ်သည်။ ခေတ်သစ်သယ်ယူပို့ဆောင်ရေးစနစ်က ဒေသတစ်ခုတွင်ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုးကို တစ်မုဟုတ်ချင်း တစ်ကမ္ဘာလုံးပြန့်သွားအောင်ပြုလုပ်နိုင်သည်။ ကူးစက်ခံရသူတစ်ဦး၏ကိုယ်အတွင်းရှိ သေစေတတ်သောရောဂါတစ်မျိုးကို ဂျက်လေယာဉ်ခရီးက ကမ္ဘာ့ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ နာရီပိုင်းအတွင်း လွယ်ကူစွာရောက်ရှိသွားစေနိုင်သည်။
ပိုးမွှားများကို လွယ်လင့်တကူပြန့်ပွားစေသည့် ဒုတိယအကြောင်းတရားမှာ လူဦးရေလျင်မြန်စွာတိုးပွားလာခြင်းပင်ဖြစ်သည်။ အထူးသဖြင့် မြို့ကြီးပြကြီးများ၌ဖြစ်သည်။ မြို့ကြီးများမှ အမှိုက်သရိုက်များထွက်ရှိလာသည်။ အမှိုက်သရိုက်များတွင် မိုးရေကြည်ဖြင့်ပြည့်နေသည့် ပလပ်စတစ်ဘူးခွက်ဟောင်းများနှင့် တာယာဟောင်းများပါရှိသည်။ သို့နှင့် အပူပိုင်းဒေသများတွင် ငှက်ဖျား၊ ငန်းဝါအဖျားရောဂါနှင့်တုတ်ကွေးကြီးကဲ့သို့သော သေမင်းတမန်ရောဂါပိုးများကိုသယ်ဆောင်သည့် ခြင်ကောင်များကိုပွားများစေသည်။ ၎င်းပြင်၊ ထူထပ်သည့်တောအုပ်က တောမီးလောင်စေနိုင်သကဲ့သို့ လူဦးရေထူထပ်ပြွတ်သိပ်မှုသည်လည်း အဆုတ်ရောဂါ၊ တုတ်ကွေးရောဂါနှင့် အခြားလေဆောင်ရောဂါများကို လျင်မြန်စွာပြန့်ပွားစေနိုင်သည့် အခြေအနေကောင်းများ ဖန်တီးပေးသည်။
ပိုးမွှားများကိုတစ်ကျော့ပြန်လာစေသည့် တတိယအကြောင်းတရားမှာ လူတို့၏အမူအကျင့်ကြောင့်ဖြစ်သည်။ လိင်မှတစ်ဆင့်ကူးစက်သောပိုးမွှားများသည် ဤ ၂၀ ရာစုနှစ်ဒုတိယပိုင်း၏ ဝိသေသလက္ခဏာဖြစ်သည့် မကြုံဖူးသောအတိုင်းအတာဖြင့် လိင်ဆက်ဆံဘက်အများအပြားနှင့် လိင်ဆက်ဆံခြင်းကြောင့် ရှင်သန်ပြန့်ပွားလာခြင်းဖြစ်သည်။ အေအိုင်ဒီအက်စ်ရောဂါပြန့်ပွားခြင်းသည် သာဓကတစ်ခုမျှသာဖြစ်ပါသည်။b
သေမင်းတမန်ပိုးမွှားများကို နှိမ်နင်းရန်ခက်ခဲရသည့် စတုတ္ထအကြောင်းတရားမှာ အပူပိုင်းဒေသတောများနှင့် မုတ်သုံမိုးသစ်တောများကို လူတို့ကျူးကျော်ဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။ “အေအိုင်ဒီအက်စ်၊ အီဘိုလာနှင့် အခြားအခြားသော မိုးသစ်တောရောဂါပိုးများပေါ်ပေါက်လာရသည်မှာ အပူပိုင်းဒေသဇီဝထုပျက်စီးခြင်း၏ သဘာဝအကျိုးဆက်တစ်ရပ်ဖြစ်ပုံရသည်။ ယခုပေါ်ထွက်လာသည့်ဗိုင်းရပ်စ်ပိုးများသည် သတ္တလောကပျက်စီးသွားသည့် ကမ္ဘာ့ဒေသများမှပေါ်ပေါက်လာခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ပိုးအများမှာ အပူပိုင်းဒေသမိုးသစ်တော၏ ပျက်စီးယိုယွင်းနေသည့် အစွန်အဖျားဒေသများမှထွက်ပေါ်လာကြသည် . . . အပူပိုင်းမိုးသစ်တောများသည် ကမ္ဘာ့သက်ရှိများ၏ကြီးမားသည့် စုဝေးရာအရပ်များဖြစ်သည်။ ၎င်းတို့တွင် ကမ္ဘာ့အပင်နှင့် တိရစ္ဆာန်မျိုးစိတ်အများစုတည်ရှိသည်။ သက်ရှိအားလုံး ဗိုင်းရပ်စ်ပိုးများကိုသယ်ဆောင်ကြသည်ဖြစ်ရာ မိုးသစ်တောများသည် ဗိုင်းရပ်စ်ပိုးများတည်ရှိရာ ကမ္ဘာ့အကြီးဆုံးအရပ်ဒေသများလည်းဖြစ်ပေသည်” ဟူ၍ စာရေးဆရာ ရစ်ချဒ် ပရက်စတန်က ၎င်းရေးသားသော The Hot Zone စာအုပ်တွင်ဖော်ပြထားသည်။
ဤသို့အားဖြင့် လူသားများသည် အင်းဆက်ပိုးများ၊ သွေးနွေးသတ္တဝါများနှင့် အနီးကပ်ထိတွေ့မှုရှိလာကြသည်။ ဗိုင်းရပ်စ်ပိုးများသည် ထိုအင်းဆက်ပိုးများနှင့် သွေးနွေးသတ္တဝါများကိုယ်တွင်း၌ ဥပဒ်မပေးဘဲ ရှင်သန်ပေါက်ပွား၍သေဆုံးကြသည်။ သို့သော် ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုးက တိရစ္ဆာန်မှ လူထံသို့ “ခုန်ကူး” လာသည့်အခါ ထိုဗိုင်းရပ်စ်ပိုးသည် သေစေတတ်သောရောဂါပိုး ဖြစ်လာနိုင်သည်။
ဆေးပညာ၏ကန့်သတ်ချက်များ
ကူးစက်ရောဂါများ တစ်ကျော့ပြန်လာရသည့် အခြားအကြောင်းတရားများသည် ဆေးသိပ္ပံကိုယ်နှိုက်နှင့်ဆက်စပ်နေသည်။ ဘက်တီးရီးယားပိုးအများအပြားသည် တစ်ချိန်က သူတို့ကိုသတ်ခဲ့သည့် ပဋိဇီဝဆေးများကို ယခုမဖြုန်တော့ပေ။ ထူးဆန်းသည်မှာ ပဋိဇီဝဆေးများကိုယ်နှိုက်က ဤအခြေအနေမျိုးဖြစ်ပေါ်အောင်ဖန်တီးရာ၌ ထောက်ကူပေးကြသည်။ သာဓကအနေဖြင့် ပဋိဇီဝဆေးတစ်မျိုးက ရောဂါကူးစက်ခံရသူတစ်ဦး၏ကိုယ်ထဲရှိ ဥပဒ်ပေးသည့်ဘက်တီးရီးယားပိုး ၉၉ ရာခိုင်နှုန်းကိုသာသတ်ပစ်နိုင်လျှင် ပဋိဇီဝဆေးကိုကြံ့ကြံ့ခံပြီးမသေဘဲကျန်ခဲ့သည့် တစ်ရာခိုင်နှုန်းသည် ထွန်ယက်ပြီးစလယ်ကွက်ရှိ သန်မာသောပေါင်းပင်မျိုးပမာ ပြန်လည်ကြီးထွားပွားများလာနိုင်သည်။
လူနာများက ဆရာဝန်ညွှန်ကြားသည့် ပဋိဇီဝဆေးဝါးများကို ဆေးပတ်ပြည့်အောင်မသောက်ဘဲနေသည့်အခါ ပြဿနာကိုပို၍ဆိုးရွားစေသည်။ လူနာများသည် ရောဂါသက်သာလာသည်နှင့် ဆေးဆက်မသောက်တော့ဘဲ နေကောင်းနေမည်။ အားနည်းသောပိုးမွှားများသည် သေဆုံးသွားကြမည်ဖြစ်သော်လည်း အားအသန်ဆုံးပိုးမွှားများမူကား မသေဘဲကျန်ရစ်သည့်အပြင် လျင်မြန်စွာပွားများလာသည်။ သီတင်းပတ်အနည်းငယ်အတွင်း ရောဂါပြန်ပေါ်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် ဆေးဝါးကုသရန်ပို၍ခက်ခဲမည်၊ သို့မဟုတ် ဆေးဝါးကုသ၍မရနိုင်တော့ဘဲဖြစ်မည်။ ဆေးယဉ်ဆေးရိုးဆေးမတိုးတော့သည့် ဤရောဂါပိုးမွှားမျိုး အခြားသူတို့၏ကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်သည့်အခါ ကြီးမားသော ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်ပေါ်ရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူတို့က များမကြာမီက ဤသို့ထုတ်ဖော်ပြောကြားခဲ့သည်– “ပိုးမွှားများ [ပဋိဇီဝဆေးဝါးများနှင့် အခြားအဏုဇီဝပိုးသတ်ဆေးများကို] ခံနိုင်ရည်ရှိလာခြင်းသည် နိုင်ငံများစွာတွင် ကူးစက်ရောဂါအသွင်ဆောင်နေပြီး ဆေးဝါးများစွာကိုခံနိုင်ရည်ရှိလာခြင်းကြောင့် ဆရာဝန်များအဖို့ တိုးပွားလာနေသည့်ရောဂါများကို အောင်မြင်စွာကုသပေးရန် နည်းလမ်းလုံးဝမကျန်ရှိတော့ပေ။ ကမ္ဘာတစ်ဝန်းတွင် ဆေးရုံတစ်နေရာတည်း၌ပင် ဘက်တီးရီးယားကူးစက်နာ ခန့်မှန်းခြေနေ့စဉ် တစ်သန်းဖြစ်ပွားနေသည်။ အများစုမှာ ဆေးပြီးသောကူးစက်နာများဖြစ်ကြသည်။”
ဒုတိယကမ္ဘာစစ်မှစ၍ တစ်စတစ်စတိုး၍သုံးစွဲလာခဲ့သည့် သွေးသွင်းကုသမှုကလည်း ကူးစက်ရောဂါများပြန့်ပွားမှုကို ထောက်ကူခဲ့သည်။ သွေးကို သေစေတတ်သည့်ရောဂါပိုးမွှားများကင်းရှင်းစေရန် သိပ္ပံပညာက ကြိုးပမ်းအားထုတ်နေသည့်ကြားမှ သွေးသွင်းခြင်းသည် အသည်းရောင်ရောဂါ (hepatitis)၊ ဆိုက်တိုမီဂါလိုဗိုင်းရပ်စ် (cytomegalovirus)၊ ပဋိဇီဝဆေးခံနိုင်ရည်ရှိဘက်တီးရီးယားပိုးများ (antibiotic-resistant bacteria)၊ ငှက်ဖျား (malaria)၊ ငန်းဝါအဖျား (yellow fever)၊ ရှာဂါရောဂါ (Chagas’ disease)၊ အေအိုင်ဒီအက်စ် (AIDS) နှင့် အခြားကြောက်စရာကောင်းသော ရောဂါများပြန့်ပွားစေရာ၌ သိသိသာသာထောက်ကူပေးခဲ့သည်။
ယနေ့အခြေအနေ
ဤရာစုနှစ်အတွင်း အသိပညာတိုးပွားမှုကို ဆေးသိပ္ပံကတွေ့ မြင်ခဲ့ပြီဖြစ်စေကာမူ ဉာဏ်မမီသောအရာအမြောက်အမြား ကျန်ရှိနေသေးသည်။ စီ.ဂျေ. ပီတာစ်သည် အမေရိကန်နိုင်ငံ၏ အကျော်ကြားဆုံး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းဖြစ်သည့် ရောဂါထိန်းချုပ်ရေးဗဟိုဌာနတွင် အန္တရာယ်ကြီးသောပိုးမွှားများကို လေ့လာနေသည်။ ၁၉၉၅ ခုနှစ် မေလတွင် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ အီဗိုလာဗိုင်းရပ်စ်ပိုးနှင့်ပတ်သက်၍ သူဤသို့ပြောကြားခဲ့သည်– “လူတို့အတွက် ဤဗိုင်းရပ်စ်ပိုး အဘယ်ကြောင့် အဆိပ်အတောက်ဤမျှပြင်းထန်ရသည်ကို ကျွန်ုပ်တို့မသိပါ၊ ဤကူးစက်ရောဂါမဖြစ်ပွားစေမီက ဤဗိုင်းရပ်စ်ပိုး အဘယ်မှာရှိ၍ ဘာလုပ်နေသည်ကိုလည်း ကျွန်ုပ်တို့မသိပါ။ ကျွန်ုပ်တို့ရှာမတွေ့နိုင်ပါ။ ကျွန်ုပ်တို့ ဤမျှအထိ လုံးဝမသိရသော . . . အခြားဗိုင်းရပ်စ်မျိုးရင်း မရှိပါ။”
ရောဂါများကိုတိုက်ဖျက်ရန် ထိရောက်သောဆေးပညာ၊ ဆေးဝါးများနှင့် ကာကွယ်ဆေးများရှိသည့်တိုင်အောင် လိုအပ်သူများအတွက်အသုံးပြုရန် ငွေလိုသည်။ လူသန်းပေါင်းများစွာသည် ဆင်းရဲချို့ငဲ့စွာနေထိုင်လျက်ရှိကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ World Health Report 1995 အစီရင်ခံစာ၌ ဤသို့ဖော်ပြထားသည်– “ရင်ခွင်ပိုက်ကလေးများကို ကာကွယ်ဆေးမထိုးနိုင်ခြင်း၊ ရေကောင်းရေသန့်နှင့် ကျန်းမာသန့်ရှင်းရေးမဆောင်ရွက်ပေးနိုင်ခြင်း၊ ဆေးဝါးများနှင့်အခြားကုသမှုများ မရရှိနိုင်ခြင်းတို့သည် အဓိကအားဖြင့် ဆင်းရဲချို့ငဲ့ခြင်းကြောင့်ပင်ဖြစ်သည် . . . ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၅ နှစ်အောက်ကလေးသူငယ် ၁၂.၂ သန်း နှစ်စဉ်သေဆုံးလျက်ရှိသည်။ အများအပြားမှာ ကလေးတစ်ယောက်လျှင် အမေရိကန်ငွေ ဆင့်အနည်းငယ်နှင့်ပင်ကာကွယ်နိုင်သည့် အကြောင်းတရားများကြောင့် သေဆုံးကြခြင်းဖြစ်သည်။ အဓိကအားဖြင့် ကမ္ဘာကအရေးမစိုက်၍ သေဆုံးကြခြင်းဖြစ်သော်လည်း အများစုမှာ ဆင်းရဲ၍သေဆုံးကြခြင်းဖြစ်သည်။”
၁၉၉၅ ခုနှစ်အရောက်တွင် ကူးစက်ရောဂါများနှင့် ကပ်ပါးပိုးများသည် ကမ္ဘာ့အကြီးဆုံးသေမင်းတမန်များဖြစ်လာကြပြီး နှစ်စဉ်လူပေါင်း ၁၆.၄ သန်း၏ဇီဝိန်ကိုချွေလျက်ရှိသည်။ ဝမ်းနည်းစရာမှာ သန်းပေါင်းမရေမတွက်နိုင်သည့်လူတို့သည် လူကိုသေစေတတ်သော ရောဂါပိုးမွှားများ ပေါက်ဖွားပြန့်ပွားရန်အလွန်ကောင်းသည့် အခြေအနေမျိုး၌ နေထိုင်လျက်ရှိကြသည်။ ဝမ်းနည်းဖွယ်ကောင်းသော ယနေ့အခြေအနေကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ လူသန်းပေါင်းတစ်ထောင်ကျော်တို့သည် အလွန့်အလွန်ဆင်းရဲမွဲတေလျက်ရှိကြသည်။ ကမ္ဘာ့လူဦးရေထက်ဝက်မှာ ဆေးဝါးကုသမှုပုံမှန်ခံယူနိုင်ခြင်းမရှိသကဲ့သို့ မရှိမဖြစ်လိုအပ်သောဆေးဝါးများလည်း မရရှိနိုင်ကြချေ။ မြို့ကြီးပြကြီးများ၏လမ်းမကြီးများတွင် သန်းနှင့်ချီသောစွန့်ပစ်ခံကလေးသူငယ်များ လေလွင့်ကျက်စားလျက်ရှိပြီး အများစုမှာ မူးယစ်ဆေးဝါးထိုးသူ၊ ပြည့်တန်ဆာလုပ်စားသူများဖြစ်ကြသည်။ ဒုက္ခသည်သန်းပေါင်းများစွာမှာလည်း ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါနှင့် အခြားရောဂါများဖြင့်ပြည့်လျက်ရှိသည့် ကျန်းမာရေးနှင့်မညီညွတ်သောစခန်းများတွင် လုံးပါးပါးလျက်ရှိကြသည်။
လူနှင့်ပိုးမွှားစစ်ဆင်ရေးတွင် အခြေအနေများက ပိုးမွှားများကို တိုး၍တိုး၍ မျက်နှာသာပေးလာနေသည်။
[အောက်ခြေမှတ်ချက်များ]
a ဆာလဖာနီလာမိုက်မှာ ပုံဆောင်ခဲသဏ္ဌာန်ဒြပ်ပေါင်း (crystalline compound) တစ်မျိုးဖြစ်ပြီး ဓာတ်ခွဲခန်းတွင် ၎င်းမှတစ်ဆင့် ဆာလဖာဆေးဝါးများကို ထုတ်လုပ်ကြသည်။ ဆာလဖာဆေးဝါးများသည် ဘက်တီးရီးယားပွားများမှုကိုဟန့်တား၍ ၎င်းတို့ကိုသုတ်သင်ရန် ကိုယ်ခန္ဓာ၏ ကိုယ်ပိုင်ခုခံကာကွယ်မှုယန္တရားများအား အခွင့်ပေးသည်။
b လိင်မှတစ်ဆင့်ကူးစက်သောရောဂါများဆိုင်ရာ အခြားသာဓကများမှာ တစ်ကမ္ဘာလုံးတွင် ထရီကိုမိုနီအက်ဆစ္စရောဂါ (trichomoniasis) စွဲကပ်သူ ၂၃၆ သန်းခန့်နှင့် ကလာမီဒီယယ်လ်ကူးစက်နာ (chlamydial) စွဲကပ်သူ ၁၆၂ သန်းမျှရှိသည်။ နှစ်စဉ်ခန့်မှန်းခြေအားဖြင့် လိင်အင်္ဂါအဖု (genital warts) အသစ်ဖြစ်ပွားမှု ၃၂ သန်း၊ ဂနိုရောဂါ (gonorrhea) အသစ်ဖြစ်ပွားမှု ၇၈ သန်း၊ လိင်အင်္ဂါရေယုန် (genital herpes) အသစ်ဖြစ်ပွားမှု ၂၁ သန်း၊ ဆစ်ဖလစ်ရောဂါ (syphilis) အသစ်ဖြစ်ပွားမှု ၁၉ သန်းနှင့် ရှန်ကရွိုက် (chancroid) အသစ်ဖြစ်ပွားမှု ၉ သန်းရှိသည်။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
“ကမ္ဘာတစ်ဝန်းတွင် ဆေးရုံတစ်နေရာတည်း၌ပင် ဘက်တီးရီးယားကူးစက်နာ ခန့်မှန်းခြေနေ့စဉ် တစ်သန်းဖြစ်ပွားနေသည်။ အများစုမှာ ဆေးပြီးသောကူးစက်နာများဖြစ်ကြသည်။” ကမ္ဘာ့ကျန်းမာရေးအဖွဲ့
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
ပိုးမွှားများ တန်ပြန်ထိုးစစ်ဆင်လာသည့်အခါ
ဘက်တီးရီးယားပိုးအဖြစ်သိရှိထားသည့် ပိုးမွှားလေးတစ်ကောင်သည် “၀.၀၀၀၀၀၀၀၀၀၀၁ ဂရမ်မျှသာအလေးချိန်ရှိသည်။ ဘလူးဝေးလ်ခေါ်ဝေလငါးတစ်ကောင်သည် ဂရမ် ၁၀၀,၀၀၀,၀၀၀ ခန့်လေးသည်။ သို့တစေ ဘက်တီးရီးယားတစ်ကောင်သည် ဝေလငါးတစ်ကောင်ကိုသေစေနိုင်သည်။”—ဘားနာဒ် ဒစ်ဇန်၊ ၁၉၉၄။
ဆေးရုံများ၌တွေ့ရသော ကြောက်စရာအကောင်းဆုံးဘက်တီးရီးယားများတွင် စတက်ဖီလိုကော့ကတ် အော်ရီးယားစ်ပိုးများ (Staphylococcus aureus) မှဆေးဒဏ်ပြီးသောမျိုးသစ်များပါဝင်သည်။ ဤမျိုးသစ်များသည် ဖျားနာသူနှင့် အားနည်းသူတို့ကိုကူးစက်ပြီး သေစေတတ်သောသွေးကူးစက်နာ (blood infections)၊ အဆုတ်ရောင်ရမ်းနာ (pneumonia) နှင့်အဆိပ်ဖြစ်သွေးလန့်ခြင်း (toxic shock) တို့ကိုဖြစ်စေတတ်သည်။ ခန့်မှန်းချက်တစ်ခုအရ စတက်ဖီလိုကော့ကတ်ပိုးကြောင့် အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ်လူပေါင်း ၆၀,၀၀၀ ခန့်သေဆုံးနေရာ ယာဉ်တိုက်မှုကြောင့်သေဆုံးမှုထက်ပင်များနေသည်။ နှစ်ကာလကြာလာသည်နှင့်အမျှ ဘက်တီးရီးယားမှဤမျိုးသစ်များသည် ပဋိဇီဝဆေးများကိုခံနိုင်ရည်ရှိလာရာ ၁၉၈၈ ခုနှစ်အရောက်တွင် ၎င်းတို့ကိုထိရောက်စွာနှိမ်နင်းနိုင်သည့် ဗန်ကိုမိုင်စင် (vancomycin) ခေါ်ပဋိဇီဝဆေးတစ်မျိုးတည်းသာကျန်ရှိတော့သည်။ သို့သော်လည်း များမကြာမီ ဗန်ကိုမိုင်စင်ဆေးကိုခံနိုင်ရည်ရှိသည့် ပိုးမွှားမျိုးသစ်များ ကမ္ဘာတစ်ဝန်းတွင်ပေါ်ထွက်လာသည့်သတင်းများ ထွက်ပေါ်လာသည်။
သို့သော်၊ ပဋိဇီဝဆေးများက ရည်မှန်းသည့်အတိုင်း အလုပ်လုပ်သည့်တိုင်အောင် အခြားသောပြဿနာများ ပေါ်လာနိုင်သည်။ ၁၉၉၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ဂျိုအဲန်း ရေး သည်အမေရိကန်ပြည်ရှိဆေးရုံတစ်ခုတွင် သာမန်ခွဲစိတ်ကုသမှုခံယူရန် တက်ရောက်ခဲ့သည်။ ရက်အနည်းငယ်အတွင်း အိမ်ပြန်နိုင်မည်ဟု သူမမျှော်လင့်ထားသည်။ သို့သော် ဆေးရုံတွင် ၃၂၂ ရက်နေလိုက်ရသည်။ အဓိကအကြောင်းမှာ ခွဲစိတ်ကုသမှုပြီးနောက် ဖြစ်ပေါ်သည့်ကူးစက်နာများကြောင့်ဖြစ်သည်။ ဆရာဝန်များက ဗန်ကိုမိုင်စင်အပါအဝင် ပဋိဇီဝဆေးဆပြင်းပြင်းတိုက်၍ ကူးစက်နာများကိုနှိမ်နင်းသော်လည်း ပိုးမွှားများက တန်ပြန်တိုက်စစ်ဆင်လာကြသည်။ ဂျိုအဲန်းက “ကျွန်မလက်တွေသုံးလို့မရတော့ဘူး။ ခြေထောက်တွေလည်းသုံးလို့မရတော့ဘူး။ . . . ဖတ်စရာစာအုပ်ကိုတောင် ကိုင်လို့မရတော့ဘူး” ဟုဆိုသည်။
လပေါင်းများစွာ ပဋိဇီဝဆေးနှင့်ကုသပြီးသည့်တိုင်အောင် ဂျိုအဲန်းတစ်ယောက် အဘယ်ကြောင့်ဖျားနေသေးသည်ကို ဆရာဝန်များကြိုးစားရှာဖွေဖော်ထုတ်ကြသည်။ ဓာတ်ခွဲခန်းဖော်ထုတ်ချက်အရ ဂျိုအဲန်း၌ စတက်ဖီလိုကော့ကတ်ပိုး ကူးစက်ခံနေရသည့်အပြင် သူမ၏ကိုယ်ခန္ဓာ၌ ဘက်တီးရီးယား နောက်တစ်မျိုး ဖြစ်သည့် ဗန်ကိုမိုင်စင်ဆေးခံနိုင်ရည်ရှိသော အင်တာရိုကိုကတ်စ် (enterococcus) ပိုးရှိနေသည်ကိုတွေ့ရသည်။ ဤဘက်တီးရီးယား၏အမည်ကိုကြည့်ခြင်းဖြင့် ၎င်းသည် ဗန်ကိုမိုင်စင်ဆေးကိုမဖြုန်ကြောင်းပြသည့်အပြင် အခြားသောပဋိဇီဝဆေးအားလုံးကိုပါ ပြီးနေသည့်ပုံပေါက်နေသည်။
သို့ဖြင့် ထိတ်လန့်အံ့သြဖွယ်ကောင်းသောသင်ခန်းစာတစ်ခု ဆရာဝန်များရလိုက်သည်။ ဆရာဝန်များမျှော်လင့်ထားသည်နှင့်ဆန့်ကျင်လျက် ဘက်တီးရီးယားပိုးများသည် ၎င်းတို့ကိုသုတ်သင်မည့်ဆေးဝါးများကို ခံနိုင်ရည်ရှိရုံမက ဗန်ကိုမိုင်စင်ဆေးကိုအမှီပြု၍ ဆက်၍ရှင်သန်ကြသည်။ ဂျိုအဲန်း၏ဆရာဝန် ကူးစက်ရောဂါပါရဂူက “ဤဘက်တီးရီးယားပိုးများပွားများရန် ဗန်ကိုမိုင်စင်လိုအပ်သည်။ ဗန်ကိုမိုင်စင်မရှိလျှင် ၎င်းတို့မကြီးပွားနိုင်၊ တစ်နည်းအားဖြင့်ဆိုလျှင် ၎င်းတို့သည် ဗန်ကိုမိုင်စင်ကို အစာအာဟာရအဖြစ်သုံးစွဲကြသည်။”
ဆရာဝန်တို့က ဂျိုအဲန်းကို ဗန်ကိုမိုင်စင်ဆေးဖြတ်လိုက်သည့်အခါ ၎င်းဘက်တီးရီယားပိုးများသေဆုံး၍ ဂျိုအဲန်း၏ကျန်းမာရေးလည်း တစ်စတစ်စတိုးတက်လာသည်။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
လူမမာများက ပဋိဇီဝဆေးများကို မမှန်မကန်သုံးစွဲခြင်းဖြင့် ရောဂါပိုးမွှားများရှင်သန်ကြီးပွားကြသည်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
သွေးသွင်းခြင်းသည် သေစေတတ်သောပိုးမွှားများကို ပြန့်ပွားစေသည်