ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၄/၈ စာ. ၁၄-၁၅
  • ဘုရားသခင်သည် လူတို့ကို ဆုကျေးဇူး ပေးတော်မူသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်သည် လူတို့ကို ဆုကျေးဇူး ပေးတော်မူသလော
  • နိုးလော့!—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုလာဘ်များသည် မေတ္တာပြည့်ဝသော လုပ်ရပ်များ ဖြစ်သည်
  • ပစ္စုပ္ပန်နှင့် အနာဂတ် ဆုကျေးဇူးများ
  • ဆုကျေးဇူးကို မြင်ယောင်ပါ
  • မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ယေဟောဝါ ဆုချ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • “မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • လူကောင်းအားလုံး ကောင်းကင်သွားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယေဟောဝါသည် ‘မိမိကို ကြိုးစားရှာသောသူအား ဆုချ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၆
န၉၆ ၄/၈ စာ. ၁၄-၁၅

သမ္မာကျမ်းစာ ရှုထောင့်

ဘုရားသခင်သည် လူတို့ကို ဆုကျေးဇူး ပေးတော်မူသလော

ဟုတ်ကဲ့၊ ပေးပါသည်။ သို့ဖြစ်လျှင် ဆုကျေးဇူးကို မျှော်ကိုးလျက် ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ရာ မကျပေလော။ မကျပါ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင်က မိမိ၏ သစ္စာရှိ အမှုတော်ထမ်းများရှေ့မှောက်တွင် ဆုကျေးဇူးများကို ချထားတော်မူ၍ ဖြစ်သည်။ စင်စစ်အားဖြင့် တရားမျှတ၍ မေတ္တာပြည့်ဝသော ဘုရားသခင်အနေနှင့် ယေဟောဝါသည် မိမိ၏ အမှုတော်ကို ထမ်းဆောင်သူများအား ဆုကျေးဇူး ပေးရန် တာဝန်ရှိသည်ဟု ယူမှတ်တော်မူ၏။ ကိုယ်တော့် နှုတ်ကပါဌ်တော်က ဟေဗြဲ ၁၁:၆ ၏ အပိုင်းတစ်ပိုင်း၌ “ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင် ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို ရှာသောသူတို့အား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်” ဟု ဆိုထားသည်။

ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း တင်ပြလျှင် ကိုယ်တော်၏ ခင်မင်ရင်းနှီးမှု ရရှိမည်၊ ယင်းခင်မင်ရင်းနှီးမှုက ဆုကျေးဇူး ရရှိစေမည်။ ဘုရားသခင်သည် မိမိ၏ မျက်နှာသာတော်ကို စိတ်အားထက်သန်စွာ ကြိုးစားရှာဖွေသူတို့ကို ကောင်းချီးပေးတော်မူ၏။

ဆုလာဘ်များသည် မေတ္တာပြည့်ဝသော လုပ်ရပ်များ ဖြစ်သည်

ယေဟောဝါသည် မိမိအား ချစ်သောသူတို့ကို ဆုကျေးဇူး ပေးတော်မူတတ်သည့် ဘုရားသခင်မျိုး ဖြစ်ကြောင်း ကျွန်ုပ်တို့ သိရန် ကိုယ်တော် လိုလားတော်မူ၏။ ဥပမာအားဖြင့် ထောက်ထားညှာတာတတ်သော မိဘတို့သည် မိဘတို့ကို ချစ်၍ အိမ်မှုဗာဟီရအလုပ်များကို စိတ်ပါလက်ပါ လုပ်ကိုင်သည့် သားသမီးကို ဆုပေးရန် နည်းလမ်းများ ရှာတတ်ကြသည်။ မိဘဖြစ်သူတို့သည် စားဝတ်နေရေး လိုအပ်ချက်များ ထောက်ပံ့ပေးရုံမက ကလေးအား အထူးလက်ဆောင်ပစ္စည်းပင် ပေးတတ်ကြသည်။ တစ်ခါတစ်ရံ လက်ဆောင်ပစ္စည်းမှာ ကလေး၏ နောင်ရေး လုံခြုံစိတ်ချမှုအတွက် ဘဏ်တိုက်တွင် ငွေစုထားပေးခြင်းလည်း ဖြစ်ကောင်း ဖြစ်မည်။ ထို့ကြောင့် ဘုရားသခင်သည် မေတ္တာ သို့မဟုတ် ကျေးဇူးသစ္စာစောင့်သိမှုမှ အရင်းခံ ထွက်ပေါ်လာသည့် လုပ်ရပ်များအတွက် တန်ဖိုးထားလေးစားခြင်း၊ ညှာတာထောက်ထားခြင်း မရှိသူများနှင့် မတူပေ။ ယေဟောဝါသည် ချစ်ခင်ကြင်နာတတ်သည့်ပြင် အဆွေတော်များနှင့်လည်း ရင်းရင်းနှီးနှီး ရှိတော်မူ၏။ သင့်အနေဖြင့် ကိုယ်တော့်အပေါ် ယုံကြည်ခြင်း ခိုင်ခိုင်မြဲမြဲ ထားမည်ဆိုလျှင် ကိုယ်တော်သည် ‘သင့်ကို စွန့်ခြင်း၊ သင့်ကို ပစ်ခြင်း အလျှင်း ပြုမည် မဟုတ်ပေ။’—ဟေဗြဲ ၁၃:၅။

ဘုရားသခင်သည် မိမိ၏အမှုတော်ကို မဆိုစလောက်သာ ထမ်းဆောင်သူတို့ကိုပင် တန်ဖိုးထားလေးမြတ်၍ နှစ်သက်သဘောကျသည့်ပြင် မိမိအား သိကျွမ်းခွင့် တိုး၍ ပေးတော်မူ၏။ မဿဲ ၁၀:၄၀-၄၂ မှ ယေရှု၏ စကားများက ဤအချက်ကို ရှင်းလင်းစေသည်– “သင်တို့ကို လက်ခံသောသူသည် ငါ့ကို လက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို လက်ခံ၏။ ပရောဖက်၏ မျက်နှာကို ထောက်၍ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏ အကျိုးကို ခံရလတ္တံ့၊ ဖြောင့်မတ်သောသူ၏ မျက်နှာကို ထောက်၍ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ်သောသူ၏ အကျိုးကို ခံရလတ္တံ့။ အကြင်သူသည် တပည့်တော်၏ မျက်နှာကိုထောက်၍ ဤသူငယ်တစ်စုံတစ်ယောက်အား ရေတစ်ခွက်ကိုမျှ ပေး၏၊ ထိုသူသည် အကျိုးကို မရဘဲ မနေရာ၊ ငါအမှန် ဆိုသည်။”

ယေရှုသည် ခမည်းတော် ယေဟောဝါ စေလွှတ်ခြင်း ခံရသူ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ တပည့်တော်များ—ပရောဖက်ဖြစ်စေ၊ ဖြောင့်မတ်သောသူဖြစ်စေ၊ သူငယ်ဖြစ်စေ—ကို လိုလိုလားလား လက်ခံသောသူသည် ခရစ်တော်နှင့်တကွ ခရစ်တော်ကို စေလွှတ်တော်မူသော ဘုရားသခင်တို့ကို လက်ခံရာရောက်၏။ ထိုသူသည် မုချ ကောင်းချီးခံရလတ္တံ့; အကျိုးမခံရဘဲ နေမည် မဟုတ်။ သူ၏ ဝိညာဏ ဘဏ္ဍာတိုက်သည် ပြည့်လျှံလိမ့်မည်။ အဘယ်ကြောင့်နည်း။အကြောင်းမှာ ကိုယ်တော့် နိုင်ငံတော်ကို ထောက်ခံသည့်အနေနှင့် လုပ်ဆောင်သည့် အသေးငယ်ဆုံး လုပ်ရပ်များကိုပင် ယေဟောဝါ သတိရတော်မူ၍ မုချ ကျေးဇူးပြုတော်မူမည်။—ဟေဗြဲ ၆:၁၀။

စိတ်ဝင်စားစရာကောင်းသည်မှာ ယေရှု၏ တပည့်တော်တစ်ဦး ဖြစ်သူ ပေတရုက ယေရှုအား သူနှင့် တမန်တော်ချင်းတို့သည် ဆုကျေးဇူး တစ်စုံတစ်ရာ ရမည်လောဟု တိုက်ရိုက်မေးလျှောက်ခဲ့သည်– “အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။ အဘယ်အကျိုးကို ရကြမည်နည်း။” (မဿဲ ၁၉:၂၇) ယေရှုက ထိုမေးခွန်းကို မတော်လျော်သည့် မေးခွန်းအဖြစ် သဘောမထားဘဲ ဟုတ်မှန်ကြောင်း အဖြေပေးတော်မူ၏– “အကြင်သူသည် ငါ၏ နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယား တည်းဟူသော တစ်ပါးပါးကို စွန့်၏၊ ထိုသူသည် အဆတစ်ရာသော အကျိုးကို ရ၍ ထာဝရအသက်ကို အမွေခံရလတ္တံ့။”—မဿဲ ၁၉:၂၉။

ပစ္စုပ္ပန်နှင့် အနာဂတ် ဆုကျေးဇူးများ

ယေရှု ဖြေကြားသည့် အဖြေ၌ ကိုယ်တော်၏ နောက်တော်လိုက်များသည် ယခု လောလောဆယ်ရော နောင်အနာဂတ်၌ပါ ဆုကျေးဇူး ခံစားရသည်ဟု ဖော်ပြထားသည်။ ပစ္စုပ္ပန် ဆုကျေးဇူးတစ်ခုမှာ ဝိညာဏ ညီအစ်ကို ညီအစ်မများ ပါဝင်သည့် တိုးတက်ကျယ်ပြန့်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ မိသားစုကြီးအဝင် ဖြစ်လာခြင်းပင်တည်း။ ခရစ်ယာန်ဘောင် ​ချာ့ချ်​များက အသင်းသားများ ဆုတ်ယုတ်လာခြင်းနှင့် ထောက်ခံအားပေးမှု ကင်းမဲ့လာခြင်းအတွက် ညည်းညူနေကြသော်လည်း ယေဟောဝါသက်သေများ၏ စည်းဝေးခန်းမများ၌မူ ပြည့်လျှံလျက် ရှိကြသည်။ သက်သေခံလူသစ် ထောင်နှင့်သောင်းနှင့်ချီ၍ နှစ်စဉ် နှစ်ခြင်းခံနေကြသည်။

အခြားဆုကျေးဇူးတစ်ခုမှာ ဘုရားသခင်နှင့် မိတ်ဆွေ ဖြစ်ခြင်း၊ ကိုယ်တော်ကို သိကျွမ်းခြင်းမှ ရရှိသည့် စိတ်ငြိမ်သက်မှု၊ ရောင့်ရဲမှုနှင့် ပျော်ရွှင်မှုတို့ပင် ဖြစ်သည်။ မှန်ပါသည်၊ “ရောင့်ရဲသော စိတ်ပါလျှင် ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွား မှန်၏။” (၁ တိမောသေ ၆:၆) “ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ” ဟူ၍ တမန်တော် ပေါလုနည်းတူ ပြောနိုင်လျှင် စိတ်ပျော်ရွှင်မှု မုချ ရရှိပေမည်။—ဖိလိပ္ပိ ၄:၁၁။

ပေါလုသည် မသေမီကလေးတွင် ယေရှု၏ ဘိသိက်ခံ နောက်တော်လိုက်များ ဖြစ်သည့် “သိုးစုငယ်” ၏ အနာဂတ် ဆုကျေးဇူး တည်းဟူသော ကောင်းကင်အသက်တာ ရှင်ပြန်ထမြောက်ခြင်း ဆုကျေးဇူးအကြောင်း ရေးသားခဲ့သည်– “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူ တည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။”—လုကာ ၁၂:၃၂; ၂ တိမောသေ ၄:၇၊ ၈။

“အခြားသိုးများ” ဖြစ်ကြသော ယေရှု၏ နောက်တော်လိုက် သန်းပေါင်းများစွာတို့သည် ပရဒိသုအဖြစ် အသွင်ပြောင်းပြီးသည့် ကမ္ဘာပေါ်တွင် အနာဂတ် ထာဝရအသက် ဆုကျေဇူးကို ငံ့လင့်နေကြသည်။ (ယောဟန် ၁၀:၁၆) ယေရှုကလည်း သေလွန်သည့် မိမိ၏ နောက်တော်လိုက်များသည် “ဖြောင့်မတ်သောသူတို့ ထမြောက်သည် ကာလ၌ . . . ကျေးဇူးဆပ်ခြင်း အကျိုးကို ခံရလတ္တံ့” ဟူ၍ စိတ်ချစေတော်မူ၏။—လုကာ ၁၄:၁၄။

ဆုကျေးဇူးကို မြင်ယောင်ပါ

ထိုကောင်းချီးများသည် မည်သို့ ဖြစ်မည်ကို မည်သူမျှ အတိအကျ မသိရစေကာမူ ၎င်းတို့ကို စိတ်ထဲ၌ မြင်ယောင်အောင် ကြိုးစားခြင်းသည် လျောက်ပတ်ပေသည်။ “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်” ဟူ၍ ဟေရှာယ ၂၅:၈ တွင် ဖော်ပြထားသည့် ပျော်ရွှင်ချမ်းမြေ့မှုကို သင် ခံစားကြည့်နိုင်သလော။ ဟေရှာယ ၃၂:၁၇ မှ အောက်ပါစကားများကို အာရုံပြု၍ ပုံဖော်ကြည့်ပါ– “ဖြောင့်မတ်ခြင်း တရားသည်လည်း ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်း အကျိုးမူကား ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။” မှန်ပါသည်၊ လူသားအပေါင်းတို့သည် စစ်မှန်သော ခင်မင်ရင်းနှီးမှုဖြင့် အတူတကွ လုပ်ဆောင်ကြပေမည်။ (ဟေရှာယ ၆၅:၂၁-၂၅) ယခုခေတ်၌ပင် ကြိုးစားလုပ်ကိုင်လျှင် အိမ်ကောင်းယာကောင်းနှင့် အရည်အသွေး ထူးကဲသော ထုတ်ကုန်ပစ္စည်းများ ရရှိနိုင်သည်။ သို့ဖြစ်သောကြောင့် ဘုရားသခင့် ကမ္ဘာသစ်တွင် စုံလင်သော အခြေအနေအောက်ရှိ ကျန်းမာသော လူတို့သည် ဘဝ သာယာစိုပြည်ရေးအတွက် လိုအပ်သမျှကို ထုတ်လုပ်နိုင်သည့်အစွမ်း ရှိလာကြပေမည်။—ဆာလံ ၃၇:၄။

ဘုရားသခင် ပေးတော်မူသည့် ဆုကျေးဇူးများမှာ ကျွန်ုပ်တို့၏ ချီးကျူးထိုက်သော လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ အပြစ်ရှိသော အခြေအနေကို ကျွန်ုပ်တို့ အမွေရရှိထားစေကာမူ ကိုယ်တော်၏ မေတ္တာတော်မှ ပေါက်ဖွားလာသည့် လက်ဆောင်သာ ဖြစ်ပါသည်။ (ရောမ ၅:၈-၁၀) သို့သော် မျှော်လင့်ထားသည့် ဆုကျေးဇူးသည် ကျွန်ုပ်တို့၏ အပြုအမူနှင့် ဆက်နွှယ်မှု ရှိနေပါသည်။ ကျွန်ုပ်တို့သည် ခိုင်မာသော ယုံကြည်ခြင်းနှင့် ခံနိုင်ရည်စွမ်းရှိရှိဖြင့် ယေဟောဝါအား စိတ်အားထက်သန်စွာ ရှာဖွေရန် လိုသည်။ (ဟေဗြဲ ၁၀:၃၅-၃၉) တစ်နည်းအားဖြင့် ဆိုရသော် “အကျိုးဆက်အဖြစ်ပိုင်ရာတော်ကို အရှင်ဘုရား [“ယေဟောဝါ၊” ကဘ] ထံမှ ခံရမည့်အကြောင်း သိသည်နှင့်အညီ မည်သည့်အမှုမဆို ပြုသော် လူ့အမှု မဟုတ်၊ အရှင်ဘုရား [“ယေဟောဝါ၊” ကဘ] အမှုတော်ဟု မှတ်၍ စိတ်ပါကိုယ်ရောက် ပြုကြလော့။” မှန်ပါသည်၊ ဘုရားသခင်သည် အမှန်ပင် ဆုကျေးဇူး ပေးတော်မူ၏။—ကောလောသဲ ၃:၂၃၊ ၂၄၊ သမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ