Thai Liang Lim/E+ via Getty Images
သတိနဲ့ စောင့်နေကြပါ
လူငယ်တွေ လူမှုမီဒီယာ ဩဇာလွှမ်းမိုးခံနေရတာနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်း စိုးရိမ်မကင်း ဖြစ်နေ
လူငယ်တွေ လူမှုမီဒီယာ ဩဇာလွှမ်းမိုးခံနေရတာနဲ့ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မိကြောင်း ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းက အစိုးရတွေ ထုတ်ဖော်ပြောဆိုလာကြတယ်။ နိုင်ငံတစ်နိုင်ငံမှာဆိုရင် အသက် ၁၆ နှစ်အောက် ကလေးတွေ လူမှုမီဒီယာ သုံးတာကို ပိတ်ပင်လိုက်ပြီး တခြားနိုင်ငံတွေလည်း အဲဒီလိုလုပ်ဖို့ စစဉ်းစားလာကြတယ်။
စိတ်ဝင်စားစရာက ဆယ်ကျော်သက်တချို့တောင် လူမှုမီဒီယာရဲ့ အန္တရာယ်ကို သိကြတယ်။ ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ ထုတ်ပြန်တဲ့ အမေရိကန်ပြည်ထောင်စုအတွင်း ဖျူးသုတေသနစင်တာ စစ်တမ်းကောက်ချက်အရ “လူငယ်တွေကို အဆိပ်အတောက် အဖြစ်စေဆုံးအရာဟာ လူမှုမီဒီယာပဲဆိုပြီး ဆယ်ကျော်သက်ထက်ဝက် (၄၈%) လောက် ဖြေကြတယ်။”
လူငယ်တွေရဲ့ အတွေးအခေါ်၊ ခံစားချက်အပေါ် လူမှုမီဒီယာ ဆိုးကျိုးသက်ရောက်နေတာကို ကျန်းမာရေးပညာရှင်တွေ သတိပေးထားကြတယ်။ “လူငယ်တွေ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ကြုံနေကြရတယ်။ ဒီကိစ္စကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုနေပြီ။ ပြဿနာတွေ ကြုံနေရတဲ့ အဓိက အကြောင်းရင်းတစ်ခုကတော့ လူမှုမီဒီယာပဲ” လို့ အမေရိကန် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ် ဒေါက်တာ ဗီဗက် မာသီ ပြီးခဲ့တဲ့နှစ်က ပြောတယ်။
သားသမီးတွေကို လူမှုမီဒီယာရဲ့ ဆိုးကျိုးတွေကနေ မိဘတွေ ဘယ်လို ကာကွယ်ပေးကြမလဲ။ ကျမ်းစာမှာ လက်တွေ့ကျ အကြံပြုချက်တွေ ဖော်ပြထားတယ်။
မိဘတွေ လုပ်ဆောင်နိုင်ရာ
အောက်ပါ ကျမ်းစာအခြေခံမူတွေကို သုံးသပ်ကြည့်ပါ။
“အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။”—ပညာအလိမ္မာ ၁၄:၁၅။
အန္တရာယ်တွေ သိထားပြီဆိုတော့ ကိုယ့်သားသမီးကို လူမှုမီဒီယာ ပေးမသုံးဖို့ ဆုံးဖြတ်နိုင်တယ်။ ပေးသုံးမယ်ဆိုရင်လည်း အချိန်အကန့်အသတ်နဲ့ သုံးဖို့၊ မသင့်တော်တာတွေ မကြည့်ဖို့၊ တကယ့် မိတ်ဆွေကောင်းတွေနဲ့ အဆက်အသွယ် ပြတ်မသွားဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်နိုင်လောက်တဲ့အထိ ကိုယ့်ကလေး ရင့်ကျက်ပြီလားဆိုတာ ထည့်သုံးသပ်ပါ။
ထပ်သိချင်ရင် “ငါ့ကလေးကို လူမှုမီဒီယာ ပေးသုံးသင့်သလား” ဆောင်းပါးနဲ့ “ဆယ်ကျော်သက် သားသမီးတွေ လူမှုမီဒီယာကို အန္တရာယ်ကင်းကင်း သုံးတတ်အောင် သင်ပေးပါ” ဆောင်းပါးကို ဖတ်ကြည့်ပါ။
“အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”—ဧဖက် ၅:၁၆။
ကိုယ့်သားသမီးကို လူမှုမီဒီယာ ပေးသုံးမယ်ဆိုရင် စည်းကမ်းသတ်မှတ်ထားပါ။ စည်းကမ်းလိုက်နာရင် ဘယ်လို အကာအကွယ်ရမလဲဆိုတာလည်း ရှင်းပြပါ။ ကလေးရဲ့ အပြုအမူတွေ ပြောင်းလဲလာသလား မျက်စိရှင်ရှင်ထားကြည့်ပါ။ လိုအပ်တယ်ဆိုရင် လူမှုမီဒီယာ အသုံးပြုတာ ကန့်သတ်ပေးပါ။
စည်းကမ်းသတ်မှတ်ရတဲ့ အကြောင်းရင်းကို သားသမီး နားလည်လာအောင် ရှင်းပြဖို့ လူမှုဆက်သွယ်ရေးကွန်ရက်ကို ပညာရှိရှိ အသုံးပြုပါ ကာတွန်းသရုပ်ဖော်ဗီဒီယို သုံးပါ။
မိဘတွေဘက်က ဘာတွေ လုပ်နိုင်သေးသလဲဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာအကြံပြုချက်တွေ ထပ်သိချင်ရင် “ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက လူငယ်လေးတွေအပေါ် လူမှုမီဒီယာရဲ့ ဆိုးကျိုးကို သတိပေး—ကျမ်းစာအဆိုက ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။
ထပ်လေ့လာကြည့်ပါ
“အလွန် ခက်ခဲကျပ်တည်း” တဲ့ ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (၂ တိမောသေ ၃:၁-၅) ဒါပေမဲ့ ဒီကာလကို ရင်ဆိုင်ဖြတ်ကျော်နိုင်ဖို့ ကူညီပေးမယ့် လက်တွေ့ကျ အကြံဉာဏ်တွေလည်း ဖော်ပြထားပါတယ်။ မိဘတွေနဲ့ သားသမီးတွေအတွက် ကျမ်းစာအခြေပြု ဆောင်းပါး၊ ဗီဒီယို ၂၀ ကျော်ကို “ပိုဆိုးလာတဲ့ ဆယ်ကျော်သက်စိတ်ကျန်းမာရေး ပြဿနာ—ကျမ်းစာအဆိုက ဘာလဲ” ဆောင်းပါးမှာ တွေ့နိုင်တယ်။