အကျိုးရှိတဲ့ ကင်ပိန်းအစီအစဉ်
စည်းဝေးကြီးမစခင် ၃ ပတ်အလိုမှာ စည်းဝေးကြီးဖိတ်စာတွေကို ပြန်ဝေငှကြပါမယ်။ နှစ်စဉ် ဒီကင်ပိန်းကို လုပ်ဆောင်ရတာ အကြောင်းကောင်း ရှိလို့ပါ။ ဖိတ်စာရပြီး စည်းဝေးကြီးလာတဲ့သူတွေက ကျမ်းစာဟောပြောချက်တွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ စနစ်တကျ လုပ်ဆောင်မှုတွေ၊ ကျွန်ုပ်တို့ရဲ့ အမူအကျင့်ကောင်းနဲ့ စည်းလုံးမှုတွေကြောင့် သဘောကျသွားကြတယ်။ (ဆာ. ၁၁၀:၃; ၁၃၃:၁; ဟေရှာ. ၆၅:၁၃၊ ၁၄) ဒါပေမဲ့ ဖိတ်စာရတဲ့လူတွေက စည်းဝေးကြီးကို လာကြသလား။ စည်းဝေးကြီးနဲ့ဝေးတဲ့နေရာမှာ နေတဲ့သူတွေရော လာကြသလား။
အမျိုးသမီးတစ်ယောက်က ၂၀၁၁ ခရိုင်စည်းဝေးကြီးပြီးတဲ့နောက် ဌာနခွဲကို စာရေးတယ်။ သူဟာ ယေဟောဝါသက်သေတွေလာတိုင်း ထွက်မတွေ့ခဲ့ဘူး။ ဒါပေမဲ့ တံခါးပေါက်မှာထားခဲ့တဲ့ ဖိတ်စာကိုတော့ သူ ရရှိခဲ့တယ်။ သူ ဒီလိုစာရေးတယ်– “ကျွန်မမှာ အိမ်ကောင်းကောင်းတစ်လုံးရှိတယ်။ ခင်ပွန်းကောင်းရှိတယ်။ အစစအရာရာ ပြည့်စုံနေတဲ့အတွက် ပျော်ရွှင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မ မပျော်ပါဘူး။ ဘဝဟာ ရည်ရွယ်ချက်မရှိဘူးလို့ ခံစားခဲ့ရတယ်။ ဒါကြောင့် စည်းဝေးကြီးရဲ့ စနေနေ့အစီအစဉ်ကိုတက်ရောက်ဖို့ မိုင် ၂၀၀ ဝေးတဲ့ခရီးကို သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။” စည်းဝေးကြီးမှာ သူ အရမ်းပျော်ခဲ့တယ်။ ဒါနဲ့ အဲဒီနေရာမှာ တစ်ညတည်းပြီး တနင်္ဂနွေနေ့အစီအစဉ်ကိုပါ ဆက်တက်မယ်လို့ သူ့ခင်ပွန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်။ “ဟောပြောချက်တွေ အားလုံးကို နားထောင်ခဲ့တယ်။ ယေဟောဝါသက်သေ အများကြီးနဲ့လည်း တွေ့ခဲ့ရတယ်။ ကျွန်မ အရမ်းပျော်ခဲ့တယ်။ အဲဒီပျော်ရွှင်မှုကို ဆက်ခံစားချင်တယ်။” သူ အိမ်ပြန်ရောက်တဲ့အခါ ကျမ်းစာသင်အံမှုကို လက်ခံပြီး နောက်လေးလအကြာမှာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ ဖြစ်လာတယ်။ “ဒီဖိတ်စာကိုတွေ့လို့ ကျွန်မ အရမ်းဝမ်းသာတယ်။ အခုတော့ ကျွန်မရဲ့ဘဝဟာ ရည်ရွယ်ချက် ရှိလာပါပြီ။”
ဖိတ်စာရတဲ့သူတချို့ စည်းဝေးကြီးကို လာတက်ကြပါလိမ့်မယ်။ ဒါကြောင့် အရေးကြီးတဲ့ဒီကင်ပိန်းမှာ ထက်ထက်သန်သန် ပါဝင်ပါ။ ကျန်သေးတဲ့ဖိတ်စာတွေကိုလည်း စည်းဝေးကြီးကျင်းပတဲ့နေရာကိုယူလာပြီး အလွတ်သဘောသက်သေခံတဲ့အခါ အသုံးပြုပါ။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
ဖိတ်စာတွေကို ဘယ်လိုဝေငှကြမလဲ
ရပ်ကွက်တစ်ခုလုံး ပြီးမြောက်နိုင်ဖို့ အတိုချုပ်ပြောသင့်ပါတယ်။ ဒီလိုပြောနိုင်တယ်– “မင်္ဂလာပါ။ ဒီဖိတ်စာကို ကမ္ဘာတစ်ဝန်းလုံးမှာ ဝေငှနေပါတယ်။ မိတ်ဆွေအတွက်လည်း ယူလာပါတယ်။ ဖိတ်စာထဲမှာ အသေးစိတ်အချက်အလက်တွေ ပါတယ်။” စိတ်ထက်သန်မှုရှိပါ။ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဝေငှတဲ့အခါ သင့်တော်တဲ့အခါတိုင်း မဂ္ဂဇင်းတွေနဲ့လည်း တွဲဝေသင့်ပါတယ်။