သင်၏မျက်စိ ရိုးရှင်းပါသလော
၁။ ‘မျက်စိရိုးရှင်းခြင်း’ ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။
၁ ကျွန်ုပ်တို့မျက်စိကြည့်ရှုရာသည် ကျွန်ုပ်တို့၏လုပ်ဆောင်မှုများအပေါ် ဩဇာသက်ရောက်သည်။ “သင်၏မျက်စိ ရိုးရှင်းလျှင် တစ်ကိုယ်လုံး လင်းလိမ့်မည်” ဟူသော ယေရှု၏စကားများသည် အလွန်မှန်ကန်လှသည်။ (မ. ၆:၂၂) ယေရှုပြောခဲ့သည့်အတိုင်း မျက်စိ “ရိုးရှင်း” မည်ဆိုလျှင် ဘုရားသခင့်အလိုတော်ဆောင်ခြင်းတည်းဟူသော ရည်ရွယ်ချက်တစ်ခုတည်းကိုသာ အာရုံစိုက်လုပ်ဆောင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကို ဦးစားထားကာ ဓမ္မအမှုကို အနှောင့်အယှက်ဖြစ်စေသည့် မလိုအပ်သောရုပ်ပစ္စည်းများ သို့မဟုတ် လုပ်ဆောင်မှုများကြောင့် အာရုံပျံ့လွင့်မည်မဟုတ်ချေ။
၂။ အဘယ်အရာက ကျွန်ုပ်တို့၏အမြင်ကို လွဲမှားစေနိုင်သနည်း၊ သို့သော် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။
၂ မိမိကိုယ်ကိုဆန်းစစ်ဖို့လို– ဘ၀တွင် ယင်းပစ္စည်းများ မရှိမဖြစ်လိုအပ်သည်ဟူသောကြော်ငြာများ သို့မဟုတ် အခြားသူများပိုင်ဆိုင်သည့်အရာများကြောင့် လိုအပ်ရာများနှင့်ပတ်သက်သော ကျွန်ုပ်တို့၏အမြင် လွဲမှားသွားနိုင်သည်။ အချိန်၊ ငွေကြေး၊ ခွန်အားများစွာ အကုန်ခံရန်လိုအပ်သည့်အရာကို ရယူဖို့မကြိုးစားမီ သို့မဟုတ် မဝယ်ယူမီတွင် ‘ယင်းအရာသည် ယေဟောဝါအား အမှုဆောင်ခြင်းကို တိုးတက်စေမည်လော၊ အဟန့်အတားဖြစ်စေမည်လော’ ဟူ၍ မိမိကိုယ်ကို မေးခြင်းဖြင့် ‘ကုန်ကျစရိတ်ကိုတွက်ချက်’ ခြင်းက အကျိုးရှိသည်။ (လု. ၁၄:၂၈; ဖိ. ၁:၉-၁၁) ဓမ္မအမှုတွင် တိုးချဲ့လုပ်ဆောင်နိုင်ဖို့ ကျွန်ုပ်တို့ဘ၀ကို ပိုမိုရိုးရှင်းစေရန် မည်သို့လုပ်ဆောင်နိုင်သည်ကို အခါအားလျော်စွာ သုံးသပ်ခြင်းကလည်း ပညာရှိရာရောက်သည်။—၂ ကော. ၁၃:၅; ဧ. ၅:၁၀။
၃။ ဘ၀ကိုရိုးရှင်းစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် ညီအစ်မတစ်ဦးထံမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
၃ ညီအစ်မတစ်ဦး မှန်မှန်ရှေ့ဆောင်စလုပ်သောအခါ အချိန်ပိုင်းအလုပ်လုပ်လျှင်ပင် သူမ၏လိုအပ်ရာများအတွက် ငွေကြေးဖူလုံသော်လည်း အချိန်ပြည့်အလုပ်ကို ဆက်လုပ်ခဲ့သည်။ နောက်ဆုံးတွင် သူမဤသို့ပြောခဲ့သည်– “ဘယ်သူမှ သခင်နှစ်ဦးရဲ့အစေကို မခံနိုင်ဘူး။ ကျွန်မရဲ့လိုအပ်ရာတွေအတွက် လိုချင်ရာတွေကို စွန့်လွှတ်ခဲ့ရတယ်။ ရုပ်ပစ္စည်းတွေက ဟောင်းနွမ်းသွားတတ်ပြီး ရပြီးတဲ့နောက် အချိန်ကြာလာတဲ့အခါ အဲဒါကို စိတ်မဝင်စားတော့ဘူး၊ ပြီးတော့ လိုချင်ရာတွေနောက်လိုက်လေ စိတ်မောလေဆိုတာ ကျွန်မသိလာတယ်။” သူမသည် ဘ၀ကိုရိုးရှင်းစေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ အလုပ်ပြောင်းလိုက်သဖြင့် ရှေ့ဆောင်လုပ်ငန်းတွင် ဆက်ပါဝင်နိုင်ခဲ့သည်။
၄။ ကျွန်ုပ်တို့၏မျက်စိကို ဆက်၍ရိုးရှင်းစေရန် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။
၄ အချိန်၏အရေးကြီးမှုကြောင့် ကျွန်ုပ်တို့၏မျက်စိကို ဆက်၍ရိုးရှင်းစွာထားရန် ပို၍အရေးကြီးလာသည်။ တစ်ရက်ကုန်လွန်သွားတိုင်း ဤအစီအစဉ်စနစ်၏အဆုံးရောက်ဖို့နှင့် ဘုရားသခင့်ကမ္ဘာသစ်စတင်ဖို့ တစ်ရက်နီးကပ်လာသည်။ (၁ ကော. ၇:၂၉၊ ၃၁) ဟောပြောခြင်းလုပ်ငန်းကို အာရုံစိုက်လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် နားထောင်သူများပါ ကယ်တင်ခြင်းရနိုင်သည်။—၁ တိ. ၄:၁၆။