သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်—ကျွန်ုပ်တို့၏ ကျမ်းစာသင်အံမှု အဓိကအထောက်အကူ
၁ “ဘုရားရေးရာနာခံမှု” ခရိုင်စည်းဝေးကြီးတွင် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း ဟူသောစာအုပ် ထုတ်ဝေသည်ကိုမြင်ရ၍ ပီတိဖြစ်ခဲ့ကြသည်! ကိုယ်စားလှယ်များသည် စနေနေ့အစီအစဉ်ပြီးသည့်အခါ ကိုယ်ပိုင်တစ်အုပ်စီရသောကြောင့် ဝမ်းသာကြသည်။ ဤသွန်သင်ခြင်းကိရိယာအသစ်ကို မည်သို့အသုံးပြုကြမည်နည်း။ ယင်းစာအုပ်ကို ကျမ်းစာသင်အံမှု အဓိကအထောက်အကူအဖြစ် ရည်ရွယ်ထားသည်။ ဤစာအုပ်အသစ်[လိပ်]ကို မတ်လတွင်ဝေငှမည့်စာပေအဖြစ် ဦးစွာဖော်ပြထားမည်ဖြစ်သော်လည်း ကျမ်းစာသင်အံမှုများ စတင်ကျင်းပရန် ချက်ချင်းအသုံးပြုကြဖို့ကြေညာသူများကို တိုက်တွန်းပါသည်။
၂ လက်ရှိကျမ်းစာသင်အံမှုများ– အသိပညာ စာအုပ် သို့မဟုတ် တောင်းဆို ဘရိုရှာဖြင့် ကျမ်းစာသင်အံမှုကျင်းပနေသော ကြေညာသူများသည် သင်အံမှု၌ ဤစာအုပ်အသစ်ကို မည်သို့နှင့် မည်သည့်အချိန်တွင် စတင်အသုံးပြုမည်နှင့်ပတ်သက်၍ ကောင်းစွာချင့်ချိန် ဆုံးဖြတ်သင့်သည်။ သင်အံမှုစသည်မှာ မကြာသေးပါက စာအုပ်သစ်၏အစမှ ပြန်စနိုင်သည်။ အသိပညာ စာအုပ်ဖြင့် အတော်များများသင်ပြီးနေလျှင် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်မှ သက်ဆိုင်ရာအခန်းဖြင့် သင်အံမှုကို ဆက်ကျင်းပနိုင်သည်။ အသိပညာ စာအုပ်အဆုံးပိုင်းသို့ ရောက်နေပြီဆိုလျှင် ၎င်းစာအုပ်ပြီးသည်အထိသင်ရန် ဆုံးဖြတ်ပေမည်။
၃ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို လေ့လာခြင်းမှ လူများစွာအကျိုးခံစားရမည်ကို ကျွန်ုပ်တို့အားလုံး အသေအချာ သိကြပါသည်။ အဆင့်ဆင့်တင်ဆက်ထားသော ဤသင်အံမှုအထောက်အကူဖြင့် လူတစ်ဦးစီကို ကျမ်းစာသင်အံမှုကမ်းလှမ်းကြည့်ပါ။ ဥပမာ၊ တောင်းဆို ဘရိုရှာ သို့မဟုတ် အသိပညာ စာအုပ်ဖြင့်လေ့လာခဲ့ကြသော်လည်း ဆက်ကပ်အပ်နှံနှစ်ခြင်းခံသည်အထိ တိုးတက်မှုမရှိသူများသည် စာအုပ်အသစ်ကိုသုံး၍ ကျမ်းစာပြန်သင်လိုပေမည်။ မိဘတို့သည် မိမိတို့၏သားသမီးများအား ဘုရားသခင့်အလိုတော်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာဝေမျှပေးသည့်အခါ ဤစာအုပ်ကိုအသုံးပြုရန် ဆုံးဖြတ်ကြပေမည်။—ကော. ၁:၉-၁၁။
၄ ဒုတိယစာအုပ်ကိုလေ့လာခြင်း– ကျမ်းစာသင်သားတစ်ဦးသည် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို လေ့လာပြီးနောက် ဒုတိယစာအုပ်ကိုလေ့လာရန် အစီအစဉ်ရှိသလော။ ရှိပါသည်။ သင်သားတစ်ဦးသည် တိုးတက်မှုနှေးကွေးသော်လည်း တိုးတက်နေကာ သူလေ့လာနေသောအရာကို လေးမြတ်မှုတင်ပြနေကြောင်းထင်ရှားလျှင် စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်ဖြင့် ကျမ်းစာသင်အံမှု ဆက်၍ကျင်းပနိုင်သည်။ တပည့်ဖြစ်စေခြင်းတာဝန်ကို ထမ်းဆောင်စဉ် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်သည် ကျွန်ုပ်တို့လက်ဝယ်ရှိ အစွမ်းထက်သောကိရိယာတစ်ခုဖြစ်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။—မ. ၂၈:၁၉၊ ၂၀။