ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုစာပေများကို ပညာရှိရှိအသုံးပြုပါ
၁၊ ၂။ ကျွန်ုပ်တို့၏စာပေများကို လူအများက မည်သို့ယူမှတ်ကြသနည်း၊ ယင်းက မည်သည့်မေးခွန်း ပေါ်ပေါက်စေသနည်း။
၁ “သင်တို့ရဲ့စာပေတွေကို ၁၉၆၅ ခုနှစ်ကတည်းက ကျွန်တော်ဖတ်ရှုခဲ့တယ်။ ဖတ်ရှုတဲ့အခါ ကျမ်းစာနဲ့တိုက်ကြည့်တယ်။ သင်တို့ရဲ့စာပေတွေထဲမှာ ပါတဲ့အရာအားလုံး ကျမ်းစာနဲ့ကိုက်ညီတယ်။ ဘုရားသခင်နဲ့ ယေရှုအကြောင်း တကယ့်အမှန်တရားကို ကျွန်တော်အမြဲသိချင်ခဲ့တယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်ဟာ သင်တို့ရဲ့ဆောင်းပါးတွေနဲ့ သမ္မာကျမ်းစာကနေ မှန်ကန်တဲ့အဖြေတွေကို ရှာနေသူပါ။” အမျိုးသားတစ်ဦးက ယေဟောဝါသက်သေများ၏ဌာနချုပ်သို့ ထိုအတိုင်းစာရေးခဲ့သည်။ ထိုစာတွင် ကျမ်းစာသင်အံမှုတစ်ခု တောင်းဆိုထားသည်။
၂ ကျေးဇူးသိတတ်သော ထိုအမျိုးသားနည်းတူ ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောသူတို့သည် ‘သစ္စာနှင့်သတိပညာရှိကျွန်’ ပြင်ဆင်ပေးသော ကျမ်းစာလေ့လာမှုအထောက်အကူများအတွက် ကျေးဇူးတင်ကြသည်။ (မ. ၂၄:၄၅) “သမ္မာတရားကိုသိစေခြင်းငှာ” စိတ်နှလုံး ရိုးဖြောင့်သူများအား ကူညီပေးရန် နှစ်စဉ် စာအုပ်စာတမ်းမြောက်မြားစွာ ပုံနှိပ်ထုတ်ဝေလျက်ရှိ၏။ (၁ တိ. ၂:၄) ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုစာပေများကို မည်သို့ ပညာရှိရှိအသုံးပြုနိုင်သနည်း။
၃။ စာအုပ်စာတမ်းများ အလဟဿဖြစ်ခြင်းကို ကျွန်ုပ်တို့ မည်သို့ရှောင်နိုင်သနည်း။
၃ အလဟဿမဖြစ်စေနှင့်– အချိန်ကြာလာသည်နှင့်အမျှ ကျွန်ုပ်တို့အမှန်တကယ်အသုံးပြုနိုင်သည်ထက် စာအုပ်စာတမ်းများပိုမိုစုပုံလာနိုင်သည်။ ကျွန်ုပ်တို့၏တန်ဖိုးရှိစာအုပ်များကို အလဟဿမဖြစ်စေရန် မည်သို့ပြုလုပ်နိုင်သနည်း။ ဓမ္မအမှုတွင်အသုံးပြုရန် စာအုပ်များထုတ်ယူသည့်အခါ ပိုင်းခြားသိမြင်မှုရှိဖို့လို၏။ ကျွန်ုပ်တို့ဝေငှမည့်စာအုပ်ကို များစွာထုတ်ယူမည့်အစား တစ်မျိုးလျှင် တစ်အုပ်နှစ်အုပ်သာထုတ်ယူကာ ၎င်းတို့ကို ဝေငှပြီးသည့်အခါ နောက်ထပ်ယူနိုင်ပါသည်။ ထိုသို့ပြုလျှင် ကျွန်ုပ်တို့၏အိမ်တွင် စာအုပ်စာတမ်းများစွာ စုပုံနေမည်မဟုတ်ပေ။ အလားတူ ကျွန်ုပ်တို့တွင် မဝေရသေးသောမဂ္ဂဇင်းများစွာရှိနေလျှင် တောင်းခံသည့်အရေအတွက်ကို လျှော့ချခြင်းသည် သင့်လျော်ပေမည်။
၄။ အသင်းတော်တွင် စာပေများပိုလျှံနေလျှင် မည်သို့ပြုလုပ်နိုင်သနည်း။
၄ ပိုလျှံနေသောစာပေများ– အသင်းတော်တွင် တချို့သောစာပေများပိုလျှံနေလျှင် စာအုပ်စာတမ်းညှိနှိုင်းရေးမှူးသည် ပိုနေသောစာပေများကို နယ်မြေအတွင်းရှိ အခြားအသင်းတော်များက သုံးပေးနိုင်၊ မနိုင်သိရှိရန် ၎င်းတို့ထံ စုံစမ်းမေးမြန်းလိုပေမည်။ ကြေညာသူများသည် မယုံကြည်သောမိသားစုဝင်များ၊ ကျမ်းစာသင်သားများနှင့် အခြားသူများအား စာပေအဟောင်းများဝေငှနိုင်သည်။ အသင်းတော်နှင့်ပေါင်းသင်းခါစ လူသစ်များသည် သူတို့၏ကိုယ်ပိုင် သီအိုကရက်တစ် စာကြည့်တိုက်အတွက် ဤစာပေအဟောင်းများကို ရရှိလိုကြပေမည်။
၅။ ကျွန်ုပ်တို့၏စာပေများကို တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့ပြသနိုင်သနည်း။
၅ စိတ်ရိုးဖြောင့်သူများအား ယေဟောဝါ၏အံ့မခန်းဖွယ်ရည်ရွယ်ချက်များအကြောင်း ပိုမိုသိရှိအောင်ကူညီပေးရန်ဟူသော ရည်ရွယ်ချက်အထမြောက်စေဖို့ ကျွန်ုပ်တို့၏စာပေများကို အသုံးပြုလိုကြသည်။ ယေရှုသည် လူအုပ်ကို အံ့ဖွယ်နည်းဖြင့်ကျွေးမွေးပြီးနောက် ကျန်ကြွင်းသည့်အစားအစာကို အလဟဿမဖြစ်စေခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း ပြင်ဆင်ပေးထားသည့် တန်ဖိုးရှိ ကျမ်းစာအခြေပြုစာပေများကို အကျိုးအရှိဆုံးနည်းဖြင့်အသုံးပြုရန် ပန်းတိုင်ထားသင့်သည်။ (ယော. ၆:၁၁-၁၃) ကျွန်ုပ်တို့၏စာပေများကို စင်ပေါ်တွင် သို့မဟုတ် လွယ်အိတ်ထဲတွင် ထားမည်ဆိုလျှင် ၎င်းတွင်ပါသော အသက်ကယ်ဆယ်ရေးသတင်းသည် ဖြောင့်မတ်ခြင်းတရားမြတ်နိုးသူများ၏နှလုံးကို ထိမိစေနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ဓမ္မအမှုအတွက် စာပေများထုတ်ယူသည့်အခါ တော်ရုံသင့်ရုံယူကာ အခြားသူများကောင်းကျိုးအတွက် ယင်းတို့ကို ပညာရှိရှိအသုံးပြုရမည်။—ဖိ. ၄:၅၊ ကဘ။