တိုက်နယ်စည်းဝေးပွဲအစီအစဉ်သစ်
ဤ “ခဲယဉ်းသောကာလ” တွင် ဘုရားသခင်၏မျက်နှာသာကို အစဉ်သဖြင့်ရရှိနေရန် ဘုရားရေးရာဉာဏ်ပညာရှိဖို့လို၏။ (၂ တိ. ၃:၁) ၂၀၀၅ လုပ်ငန်းတော်နှစ်အတွက် တိုက်နယ်စည်းဝေးပွဲအစီအစဉ်က “‘အထက်မှသက်ရောက်သော ဉာဏ်ပညာ’ ၏လမ်းညွှန်မှုကို ခံယူလော့” ဟူသောအဓိကအကြောင်းကို တင်ပြသွားစဉ် လက်တွေ့ကျအကြံဉာဏ်နှင့် အားပေးမှုရရှိကြမည်ဖြစ်သည်။—ယာ. ၃:၁၇။
“ကျွန်ုပ်တို့၏အသက်တာတွင် ‘အထက်မှသက်ရောက်သော ဉာဏ်ပညာ’ ကိုထင်ရှားစေခြင်း” ဟူသည့် ပထမအခန်းဆက်ဟောပြောချက်က စင်ကြယ်မှုရှိခြင်း၊ ငြိမ်းချမ်းစွာနေခြင်း၊ အကျိုးသင့်အကြောင်းသင့်ရှိခြင်းနှင့် နာခံရန်အသင့်ရှိခြင်းတွင် အဘယ်အရာပါဝင်ကြောင်း နားလည်စေလိမ့်မည်။ ထို့နောက် တိုက်နယ်ကြီးကြပ်မှူးသည် ကောင်းကင်ဆိုင်ရာဉာဏ်ပညာ၏ အခြားကဏ္ဍသုံးခုကို အာရုံစိုက်စေမည်။ ခရိုင်ကြီးကြပ်မှူးက ခရစ်ယာန်ဓမ္မအမှုဆောင်များသည် “လူသာမည” အဖြစ် အချို့သူတို့၏ရှုမြင်မှုကို ခံရသော်လည်း ဘုရားသခင်၏ဉာဏ်ပညာကိုပြသရန် မည်သို့အသင့်ပြင်ဆင်ခံရကြောင်း တင်ပြခြင်းဖြင့် ပထမနေ့ကို နိဂုံးချုပ်ပေးပါမည်။—တ. ၄:၁၃။
ဒုတိယနေ့တွင် “တည်ဆောက်မှုဖြစ်စေသောအရာများကို မီအောင်လိုက်ပါ” ဟူသောအခန်းဆက်ဟောပြောချက်က ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို အားနည်းစေနိုင်သည့်အရာများအား အသိအမှတ်ပြုကာ ရှောင်ကြဉ်ရန် ကူညီပေးလိမ့်မည်။ အသင်းတော်အစည်းအဝေးများတွင်၊ လယ်ကွင်းဓမ္မအမှုတွင်နှင့် မိသားစုအသိုင်းအဝိုင်းတွင် အခြားသူများအား တည်ဆောက်ပေးနိုင်ပုံကိုလည်း ဖော်ပြမည်ဖြစ်သည်။ “ဘုရားရေးရာဉာဏ်ပညာက ကျွန်ုပ်တို့ကို အကျိုးပြုပုံ” ဟူသောလူထုဟောပြောချက်က ကျွန်ုပ်တို့၏အသက်တာတွင် ဘုရားရေးရာမူများကို လက်တွေ့ကျင့်သုံးစဉ် ရရှိသည့် အကျိုးကျေးဇူးများအတွက် ကျေးဇူးတင်လေးမြတ်မှု တိုးပွားစေမည်ဖြစ်သည်။ “ဘုရားရေးရာဉာဏ်ပညာအတိုင်း ပြုမူခြင်းက ကျွန်ုပ်တို့ကို အကာအကွယ်ပေး” ဟူသောနိဂုံးချုပ်ဟောပြောချက်က ဤနောက်ဆုံးကာလအတွင်း ယေဟောဝါထံမှ ဉာဏ်ပညာဆည်းပူးရန်ဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မြဲစေပါမည်။
စည်းဝေးပွဲတိုင်း၏ ပေါ်လွင်ချက်တစ်ခုမှာ တပည့်သစ်များနှစ်ခြင်းခံခြင်းဖြစ်၏။ အစီအစဉ်တွင် အပတ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် ကင်းမျှော်စင် သင်တန်းလည်း ပါဝင်မည်။ ယေဟောဝါသည် ကျွန်ုပ်တို့အားလုံးကို ပေးသနားတော်မူသည့်ဉာဏ်ပညာမှ အကျိုးခံစားစေလို၏။ ကျွန်ုပ်တို့သည် တိုက်နယ်စည်းဝေးပွဲတွင် စောင့်ကြိုနေသည့် အကြံပြုချက်နှင့် အားပေးမှုတို့ဖြင့် ဝိညာဉ်ရေးကြွယ်ဝလာကြမည်ဖြစ်သည်။—သု. ၃:၁၃-၁၈။