“လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦးချစ်ခင်မည့်အချိန် ရောက်ပါဦးမည်လော”
၁ အထူးကောင်းမွန်ပြီး စိတ်ရွှင်လန်းတက်ကြွဖွယ်သတင်းတရားကို ကမ္ဘာတစ်ဝန်းတွင် ၁၆၉ ဘာသာစကားဖြင့်ကြေညာကြမည်။ ဤသတင်းတရားကား အဘယ်နည်း။ ၎င်းကို မည်သို့ကြေညာမည်နည်း။
၂ သတင်းတရားမှာ အိမ်နီးချင်းမေတ္တာအကြောင်းဖြစ်သည်။ ယင်းကို “လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦးချစ်ခင်မည့်အချိန် ရောက်ပါဦးမည်လော” ဟူ၍ခေါင်းစဉ်တပ်ထားသည့် နိုင်ငံတော်သတင်း နံပါတ် ၃၅ တွင်တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်သတင်းသည် ကမ္ဘာတစ်ဝန်းရှိ လက်ရှိအခြေအနေများကို အကျဉ်းချုံးဆန်းစစ်ထားပြီး လူလူချင်း ချစ်ခြင်းမေတ္တာကင်းမဲ့ခြင်းသည် ပူဆွေးသောကနှင့်နာကျင်မှု ဤမျှများပြားရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်ကြောင်း တင်ပြထားသည်။ ၎င်းက အထူးသဖြင့် ကျွန်ုပ်တို့အချိန်တွင် အိမ်နီးချင်းမေတ္တာ အဘယ်ကြောင့်ခေါင်းပါးလာရပြီး ယင်းက အနာဂတ်အတွက် မည်သို့အဓိပ္ပာယ်ရှိကြောင်း ရှင်းပြသည်။
၃ ထို့အပြင် နိုင်ငံတော်သတင်း နံပါတ် ၃၅ က ယနေ့လောကတွင်အသက်ရှင်သူသန်းပေါင်းများစွာအလယ်တွင် စစ်မှန်သောအိမ်နီးချင်းမေတ္တာတည်ရှိကြောင်း တင်ပြသည်။ ၎င်းက ယေရှုခရစ်သွန်သင်ခဲ့သည့်အတိုင်း အိမ်နီးချင်းကိုချစ်သည့်မေတ္တာဖြင့် မှတ်သားဖော်ပြခံရသည့် ပထမရာစုဝတ်ပြုရေးဖြစ်သော တစ်ဖန်ပြန်အသက်ဝင်လာသည့် အစကနဦးခရစ်ယာန်ဘာသာတရားတွင် ပါဝင်သူများကို ခွဲခြားသိရှိစေသည်။—လု. ၁၀:၂၅-၃၇။
၄ ကမ္ဘာ့လူသားထုတစ်ရပ်လုံးသည် မကြာမီ ယေရှုအုပ်ချုပ်မည့် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်၌ အိမ်နီးချင်းကိုချစ်သည့်မေတ္တာကို မည်သို့ကျင့်သုံးကြမည်ဟူသည့် ရှင်းပြချက်ဖြင့် နိုင်ငံတော်သတင်း နံပါတ် ၃၅ ကနိဂုံးချုပ်ထားသည်။ ဤသတင်းတရားကိုဖတ်ရှုသူများသည် ကျွန်ုပ်တို့ထံမှဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာကို ရယူရန်နှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် အသေးစိတ်ဖော်ပြထားသော ဤကမ္ဘာချီမေတ္တာပါသည့်အစီအစဉ်၏အဝင် မည်သို့ဖြစ်လာနိုင်ပုံကို သင်ယူရန်အားပေးထားသည်။
၅ ဤသတင်းတရားကို မည်သူကြေညာမည်နည်း။ ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေများသည် အောက်တိုဘာနှင့်နိုဝင်ဘာလအတွင်းတွင် အိမ်နီးချင်းမေတ္တာနှင့်စပ်လျဉ်းသည့်ဤသတင်းတရားကို မိမိတို့၏အသိအကျွမ်းများ၊ အိမ်နီးချင်းများနှင့် ဆွေမျိုးများကိုကြေညာကြမည်ဖြစ်သည်။ အရည်အချင်းပြည့်မီသူအားလုံးသည် နိုင်ငံတော်သတင်း နံပါတ် ၃၅ ကိုလူထုထံဖြန့်ချိခြင်းတွင်ပါဝင်ရန် တိုက်တွန်းထားသည်။
၆ ဤကင်ပိန်း၏အဆုံးစွန်ပန်းတိုင်မှာ တောင်းဆိုဘရိုရှာဖြင့်ဖြစ်စေ၊ အသိပညာစာအုပ်ဖြင့်ဖြစ်စေ ကျမ်းစာလေ့လာခြင်းကို လူတို့စိတ်ဝင်စားလာရန်လှုံ့ဆော်ပေးဖို့ဖြစ်သည်။ ထို့အပြင် ယေဟောဝါ၏ကျေးကျွန်တစ်ဦးအနေနှင့် အားတက်သရောကြိုးစားလုပ်ဆောင်ခြင်းက မေတ္တာရှင်ဘုရားသခင်ယေဟောဝါနှင့် ကိုယ်တော့်သားတော်ယေရှုခရစ်တို့အကြောင်း ကောင်းစွာသက်သေခံခြင်းကိုဖြစ်မြောက်စေမည်ဖြစ်သည်။