နာရုံမျှ နာသူများသာ မဟုတ်—ကျင့်သူများ ဖြစ်ကြလော့
၁ ယနေ့ စစ်မှန်သော ခရစ်ယာန်များသည် နာရုံမျှ နာသူများ မဟုတ်ဘဲ နှုတ်ကပါဌ်တရားကို ကျင့်သူများ ဖြစ်ရန် ကျမ်းစာသြဝါဒကို နှလုံးပိုက်ကျုံးကြသည်။ (ယာ. ၁:၂၂) ယင်းကား နှုတ်ခမ်းနှင့်သာ ဘုရားဝတ်ကို ပြုသော ခရစ်ယာန် အမည်ခံသူများနှင့် သူတို့ကို အပြတ်အသတ် ကွာခြားစေသည်။ (ဟေရှာ. ၂၉:၁၃) ဘုရားသခင်၏ အလိုတော်ကို ဆောင်သောသူသာလျှင် ကယ်တင်ခြင်း ရမည်ဟု ယေရှု ရှင်းလင်းပြတ်သားစွာ မိန့်တော်မူခဲ့သည်။—မ. ၇:၂၁။
၂ ဘုရားရေးရာအကျင့် မရှိသော ကိုးကွယ်ဝတ်ပြုရေးသည် အဓိပ္ပာယ်မဲ့သည်။ (ယာ. ၂:၂၆) ထို့ကြောင့် မိမိကိုယ်ကို မေးသင့်သည်ကား ‘ကျွန်တော့်ယုံကြည်ခြင်းသည် စစ်မှန်ကြောင်း ကျွန်တော့်အကျင့်များက မည်သို့ သက်သေထူသနည်း။ ကျွန်တော့်ယုံကြည်ချက်နှင့်အညီ ကျွန်တော် အမှန် အသက်ရှင်ကြောင်း အဘယ်အရာက တင်ပြသနည်း။ ကျွန်တော်သည် ယေရှုကို မည်သို့ ပို၍ အပြည့်အဝ အတုယူမည်နည်း’ တို့ ဖြစ်သည်။ ဤမေးခွန်းများကို ရိုးသားမှန်ကန်စွာ ဖြေဆိုခြင်းက ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်ရာတွင် ကျွန်ုပ်တို့သည် မည်မျှ တိုးတက်လာကြောင်း သို့မဟုတ် မည်သို့ တိုးတက်စရာ လိုနေသေးကြောင်းကို သိရှိစေရန် အကူအညီ ပေးပါလိမ့်မည်။
၃ ယေရှု၏ တပည့်နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့ဘဝအသက်တာ၏ အဓိက ပန်းတိုင်သည် ဆာလံဆရာ တင်ပြခဲ့သကဲ့သို့ ဖြစ်ရမည်– “အကျွန်ုပ်တို့သည် နေ့ရှိသမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။” (ဆာ. ၄၄:၈၊ ကဘ) ခရစ်ယာန်ဘာသာတရားသည် ကျွန်ုပ်တို့ နေ့စဉ်ပြုမူသော အမှုတိုင်းတွင် ထင်ရှားရသော ဘဝလမ်းစဉ် ဖြစ်သည်။ ကျွန်ုပ်တို့ ပြုတတ်သော အမှုအားလုံးတို့တွင် ယေဟောဝါအား လှိုက်လှိုက်လှဲလှဲ ချီးမွမ်းလိုစိတ် တင်ပြသည်နှင့်အမျှ တကယ် ကျေနပ်မှု ရရှိသည်တကား!—ဖိ. ၁:၁၁။
၄ ယေဟောဝါအား ချီးမွမ်းခြင်းတွင် ဖြောင့်မတ်စွာ ကျင့်ခြင်းထက်မက ပါဝင်– အကျင့်ကောင်းကိုသာ ဘုရားသခင် တောင်းဆိုတော်မူလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းဖြူစင်ဖို့အတွက်သာ အဓိက အာရုံပြုနိုင်မည်။ သို့ရာတွင် ကျွန်ုပ်တို့၏ ဝတ်ပြုရေးတွင် ယေဟောဝါ၏ မြင့်မြတ်ထည်ဝါမှုကို ဖော်ထုတ်ခြင်းနှင့် နာမတော်ကို လူအများရှေ့ ဝန်ခံခြင်းလည်း ပါဝင်သည်တကား!—ဟေဗြဲ ၁၃:၁၅; ၁ ပေ. ၂:၉။
၅ လူအများရှေ့ သတင်းကောင်း ဟောပြောခြင်းသည် ကျွန်ုပ်တို့ ပြုသော အရေးအကြီးဆုံးအမှုများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သတင်းကို နားထောင်သူများသည် ထာဝရအသက် ရမည်ဟု ယေရှု သိတော်မူသောကြောင့် ကိုယ်တော်သည် ယင်းလုပ်ငန်းတွင် မိမိကိုယ်ကို မြှုပ်နှံတော်မူခဲ့သည်။ (ယော. ၁၇:၃) ယနေ့ “နှုတ်ကပါဌ် တရားတော်ကို ဟောပြောခြင်းအမှု” သည် အရေးကြီးဆဲ ရှိသည်; လူတို့သည် ဤနည်းအားဖြင့်သာလျှင် ကယ်တင်ခြင်း ရနိုင်မည်။ (တ. ၆:၄; ရော. ၁၀:၁၃) ရေရှည်အကျိုးကျေးဇူးများကို သိရှိထားမည်ဆိုလျှင် ကျွန်ုပ်တို့အား ပေါလုက “နှုတ်ကပါဌ် တရားတော်ကို ဟောပြောလော့၊” “ထိုအမှုကို အရေးတကြီး ပြုလော့” ဟု အဘယ်ကြောင့် သတိပေးရကြောင်း နားလည်နိုင်ကြမည်။—၂ တိ. ၄:၂၊ ကဘ။
၆ ယေဟောဝါအား ချီးမွမ်းခြင်းအမှုကို အဘယ်အတိုင်းအတာအထိ ပြုလုပ်သင့်သနည်း။ ဆာလံဆရာက ယင်းကို နေ့ရှိသမျှ စိတ်စွဲလမ်းနေသည်ဟု ဆို၏။ ကျွန်ုပ်တို့လည်း ထပ်တူ မခံစားရသလော။ ခံစားရကြသည်။ အခြားသူတစ်ဦးနှင့် တွေ့ဆုံတိုင်း ယေဟောဝါ၏ နာမတော်ကို ချီးမွမ်းရန် အခွင့်ကောင်းဟူ၍ ယူမှတ်ကြမည်။ ဝိညာဏရေးရာများကို ပြောဆိုရန် အခွင့်ကောင်းများကို ရှာယူမည်။ အသင်းတော်မှ စီစဉ်သည့် လယ်ကွင်းလုပ်ငန်းတွင် အတတ်နိုင်ဆုံး မှန်မှန် ပါဝင်မည်။ အခြေအနေက ခွင့်ပြုသောသူများသည် ရှေ့ဆောင်လုပ်ငန်းကို အလေးအနက်ထား စဉ်းစားမည်။ အကြောင်းမှာ ရှေ့ဆောင်ခြင်းအားဖြင့် ဟောပြောခြင်းလုပ်ငန်းကို နေ့စဉ်အသက်တာတွင် ဦးစားပေးနိုင်စေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်နှင့်အကျင့် အစဉ်အမြဲ ကျင့်ကြံပြုမူသူများ ဖြစ်ခြင်းအားဖြင့် ပျော်ရွှင်မှု ခံစားရလိမ့်မည်ဟု ဘုရားသခင်၏ နှုတ်ကပါဌ်တော်က အာမခံသည်။—ယာ. ၁:၂၅။