ခရစ်တော်၏သေခြင်းကို တန်ဖိုးထားလေးမြတ်ခြင်း
၁ “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း” ကြွလာသည်။ (မ၊ ၂၀:၂၈) ကမ္ဘာပေါ်အသက်ရှင်ခဲ့သူ မည်သူမျှ လူသားတို့အတွက် ယေရှုခရစ်ပြုမူခဲ့ရာကို မပြုပေးနိုင်ပါ။ ကိုယ်တော်၏အသက်တာလမ်းစဉ်နှင့် နောက်ဆုံးသစ်တိုင်ပေါ်သေဆုံးခဲ့ခြင်းအားဖြင့် လူတို့ရရှိနိုင်သည့် အကြီးမြတ်ဆုံးဆုကျေးဇူးဖြစ်သော ထာဝရအသက်ဆုရနိုင်သည့်နည်းလမ်းကို သိရှိခဲ့ကြပြီ။ သို့ပင်ငြားလည်း ခရစ်တော်ပြုမူပေးခဲ့ရာကို လူအများကျေးဇူးမတင်ကြပါ။
၂ နူနာစွဲသူဆယ်ယောက်နှင့်ယေရှုကြုံတွေ့ခဲ့သောအဖြစ်အပျက်ကို သတိပြုပါ။ ယေရှုကို သူတို့တွေ့မြင်သောအခါ “သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ” ဟုကြွေးကြော်ခဲ့သည်။ (လု၊ ၁၇:၁၃) သူတို့ကိုကိုယ်တော်သနားသဖြင့် ပညတ်တရားအတိုင်း ယဇ်ပုရောဟိတ်များထံပြသရန် သူတို့အားညွှန်ကြားတော်မူသည်။ လမ်းတွင်ပင် နူနာစွဲသူဆယ်ဦးစလုံး ရောဂါပျောက်ကင်းလေသည်။
၃ သို့သော်ယေရှုထံ တစ်ဦးသာလျှင်ပြန်လာ၍ ကျေးဇူးတင်သည်။ အခြားသူကိုးဦးကော။ သူတို့အားအကျိုးပြုသူကို ကျေးဇူးတင်သင့်ကြောင်း သတိမရဘဲ ကိုယ်လမ်းကိုယ်သွားကြ၏။ (လု၊ ၁၇:၁၅-၁၇) ကျွန်ုပ်တို့မည်သူနှင့်တူသနည်း။ ပြန်လာသူနှင့် တူလိုကြသည်။ တကယ်ကျေးဇူးတင်တတ်သူဖြစ်သည်။ ခရစ်တော်၏သေခြင်းကိုလည်း ထို့အတူသဘောထားပါသလော။
၄ ကျေးဇူးတင်ကြောင်း တင်ပြခြင်း။ သတိရအောက်မေ့ပွဲမတိုင်မီအပတ်အတွင်း အဘယ်ကျမ်းပိုဒ်များကိုဖတ်သင့်ကြောင်း အသင်းမက နှစ်စဉ်အကြံပြုထားပါသည်။ ဧပြီ ၁၂-၁၇ ရက်စွဲအတိုင်း ဖတ်ရမည့်ကျမ်းပိုဒ်များကို ၁၉၉၂ ယေဟောဝါသက်သေများ၏ပြက္ခဒိန် ပေါ်တွေ့နိုင်သည်။ ယေရှုမသေမီ သူ၏ဘဝအဖြစ်အပျက်များကို ဖတ်ရှုခြင်း၊ သုံးသပ်ခြင်းအားဖြင့် လေးစားတန်ဖိုးထားကြောင်း တင်ပြသင့်သည်။
၅ ကျွန်ုပ်တို့၏လယ်ကွင်းလုပ်ငန်းသည် သတိရအောက်မေ့ပွဲကို တန်ဖိုးထားခြင်းနှင့် ဆက်စပ်နေသည်။ ဧပြီလတွင် ရှေ့ဆောင်များနှင့်ကြေညာသူများသည် လယ်ကွင်းလုပ်ငန်း၌တိုး၍ပါဝင်နိုင်ရန် အကြီးအကဲများသည် စနစ်ကျသောအစီအစဉ်များကို ပြုလုပ်ထားနိုင်ပါသည်။
၆ ဤလအတွင်း ထောင်သောင်းမကသောသူတို့သည် အရန်ရှေ့ဆောင်လုပ်ငန်း၌ ပါဝင်လေ့ရှိသည်။ လွန်ခဲ့သောနှစ်က မြန်မာပြည်တွင် ၈၁ ယောက်ပါဝင်ခဲ့သည်။ ဤနှစ်ဧပြီလတွင် ထပ်တူပြုလုပ်နိုင်မည်လော။ အရန်ရှေ့ဆောင်မဖြစ်နိုင်လျှင် အခွင့်အရေးပေးသမျှ ဟောပြောခြင်းလုပ်ငန်း၌ တိုး၍ပါဝင်နိုင်ရန် ကြံစည်ပါ။
၇ ကျေးဇူးတင်စိတ် သူတစ်ထူး၌လည်း တိုးပွားစေပါ။ နှစ်စဉ်သတိရအောက်မေ့ပွဲကျင်းပချိန်တွင် စိတ်ဝင်စားသူများစွာတို့သည် ကျွန်ုပ်တို့နှင့်အတူ စည်းဝေးကြသည်။ ဥပမာ၊ လွန်ခဲ့သောနှစ်မတ်လက ကမ္ဘာတစ်ဝန်း သတိရအောက်မေ့ပွဲကိုတက်ရောက်ခဲ့သူ ၁၀,၆၅၀,၁၅၈ အနက် ၆,၃၇၀,၀၀၀ သည်စိတ်ဝင်စားသူများဖြစ်သည်။ ယင်းက အဖွဲ့အစည်းတွင် တိုးတက်နိုင်စရာလမ်းရှိသေးကြောင်း တင်ပြပါသည်။
၈ အသင်းမပုံနှိပ်ပေးထားသောဖိတ်စာများကိုအသုံးပြုပါ။ ကျမ်းစာသင်သားများနှင့်စိတ်ဝင်စားသူများအား ကြိုပို့ပေးစရာလိုမည်ဆိုလျှင် စီစဉ်ပေးသင့်သည်။ သူတို့ကိုဖိတ်ခေါ်သည့်အခါ ရင်းနှီးခင်မင်မှုနှင့်ပြူငှာစိတ်ကို တင်ပြပါ။
၉ သတိရအောက်မေ့ပွဲကို အဘယ်ကြောင့်ကျင်းပရကြောင်း၊ မည်သူတို့ပါဝင်စားသုံးကြောင်း၊ မုန့်နှင့်စပျစ်ရည်သည် ဘာကိုတင်စားကြောင်း သူတို့အားနားလည်စေပါ။ (၁ ကော၊ ၁၁:၂၃-၂၆) ထို့ပြင် ပါဝင်စားသုံးသူများနှင့် မစားသုံးဘဲတက်ရောက်ကျင်းပသူတို့၏မျှော်လင့်ချက်ကိုရှင်းပြပါ။ (ယော၊ ၁၀:၁၆။ ဗျာ၊ ၁၄:၃၊ ၄) ဤသို့ပြုခြင်းအားဖြင့် လူတိုင်း ‘ယုံကြည်ကြောင်းသက်သေပြ’ ရန်နှင့် ခရစ်တော်၏သေခြင်းအောက်မေ့ရာနေ့ကို တစ်နှစ်တစ်ကြိမ်တက်ရုံနှင့် မလုံလောက်သေးကြောင်း စိတ်ဝင်စားသူများအား နားလည်စေပါလိမ့်မည်။—ယော၊ ၃:၁၆။
၁၀ ခရစ်တော်သေသောနေ့၏သတိရအောက်မေ့ခြင်းသည် အထူးအစီအစဉ်ဖြစ်သည်။ ယင်းအတွက် အသေအချာပြင်ဆင်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ယေဟောဝါနှင့်ခရစ်တော်ပြုပေးလေသမျှကို ကျွန်ုပ်တို့အမှန်ကျေးဇူးတင်ကြောင်း တင်ပြကြသည်။ ကျွန်ုပ်တို့၏ ကျမ်းစာသင်သားများနှင့် အခြားစိတ်ဝင်စားသူများ၌ ဤနေ့မြတ်ကိုလေးစားစိတ်မွေးပေးခြင်းအားဖြင့် ယေရှုခရစ်မှတစ်ဆင့်ပြင်ဆင်တော်မူသည့် ယေဟောဝါ၏ရွေးဖိုးအစီအစဉ်ကို ယုံကြည်ကြောင်းတင်ပြရန် အကူအညီဖြစ်ပါလိမ့်မည်။