သင် သိပါသလား
ရှေးခေတ်မှာ ကြိတ်ဆုံတွေကို ဘယ်လိုအသုံးပြုခဲ့သလဲ
မုန့်လုပ်ဖို့ ဂျုံမှုန့်ရအောင် ဂျုံစေ့တွေကို ကြိတ်ဆုံနဲ့ ကြိတ်ရပါတယ်။ အိမ်ထောင်စုအများစုမှာရှိတဲ့ အမျိုးသမီးတွေ၊ ကျွန်တွေ နေ့စဉ်လုပ်ရတဲ့ အိမ်မှုကိစ္စတွေထဲမှာ ကြိတ်ဆုံကြိတ်တာလည်းပါတယ်။ ကြိတ်ဆုံကြိတ်သံတွေကို ရှေးခေတ်လူနေမှုဘဝပုံစံနဲ့ ဆက်စပ်ဖော်ပြကြတယ်။—ထွက်မြောက်ရာ ၁၁:၅; ယေရမိ ၂၅:၁၀။
ရှေးခေတ် အီဂျစ်ပန်းချီကားတွေနဲ့ ရုပ်တုတွေကနေ ကြိတ်ဆုံကြိတ်နည်းတွေကို သိရှိရတယ်။ အောက်ခံကြိတ်ဆုံကျောက်ပြားက အနည်းငယ်ခွက်ပြီး အရှေ့ဘက်ကို နိမ့်ဆင်းသွားတယ်။ အဲဒါကို ကုန်းနှီးကြိတ်ဆုံလို့လည်း ခေါ်ကြတယ်။ ကြိတ်ဆုံကြိတ်သူက အသေတပ်ထားတဲ့ ကြိတ်ဆုံကျောက်ရဲ့ အရှေ့ဘက်မှာ ဒူးထောက်ထိုင်၊ အပေါ်ကြိတ်ဆုံကျောက်အသေးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်၊ ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ဂျုံစေ့တွေကို ကြိတ်ရတယ်။ အပေါ်ကြိတ်ဆုံကျောက်က ပုံမှန်အားဖြင့် လေးပေါင်နဲ့ ကိုးပေါင်ကြား လေးတယ်လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ အဲဒီကျောက်နဲ့ ပစ်ပေါက်၊ ထုရိုက်မယ်ဆိုရင် သေနိုင်ပါတယ်။—တရားသူကြီး ၉:၅၀-၅၄။
ဂျုံကြိတ်တဲ့အလုပ်က မိသားစုအတွက် အလွန်အရေးပါတဲ့အလုပ်ဖြစ်လို့ ကြိတ်ဆုံကို အပေါင်ပစ္စည်းအဖြစ် မယူဖို့ ကျမ်းစာပညတ်မှာ တားမြစ်ထားတယ်။ “ကြိတ်ဆုံအပေါ် ကျောက်ပြားကိုဖြစ်စေ၊ အောက်ကျောက်ပြားကိုဖြစ်စေ၊ အဘယ်သူမျှ အပေါင်မယူရ။ ထိုသို့ယူလျှင် သူ့အသက်ကို အပေါင်ယူသည်နှင့်တူ၏” လို့ကျမ်းစာမှာ ဖော်ပြထားပါတယ်။—တရားဟောရာ ၂၄:၆။
“ရင်ခွင်၌ရှိ” ဆိုတဲ့ အသုံးအနှုန်းက ဘာကိုပြောတာလဲ
ယေရှုက “ခမည်းတော်၏ရင်ခွင်၌ရှိ” တယ်လို့ ကျမ်းစာမှာ ဆိုထားပါတယ်။ (ယောဟန် ၁:၁၈) ဒီအသုံးအနှုန်းက ယေရှုဟာ ဘုရားသခင်နဲ့ ရင်းနှီးမှုရှိတယ်၊ ဘုရားရဲ့မျက်နှာသာရရှိတယ်ဆိုတာ ဖော်ပြပါတယ်။ “ရင်ခွင်၌ရှိ” ဆိုတဲ့အသုံးအနှုန်းက အစာစားချိန်မှာ ဂျူးတွေလုပ်လေ့လုပ်ထရှိတဲ့ ဓလေ့ထုံးစံကို တစေ့တစောင်းဖော်ပြတယ်။
ယေရှုခေတ်တုန်းက ဂျူးတွေဟာ အစာစားချိန်အတွင်း စားပွဲပတ်လည်မှာခင်းထားတဲ့ ဆိုဖာတွေအပေါ် လဲလျောင်းတတ်ကြတယ်။ သူတို့က စားပွဲဘက်ကိုမျက်နှာမူပြီး အနောက်ဘက်ကို ခြေထောက် ဆန့်ထားကြတယ်။ ကူရှင်ပေါ် ဘယ်ဘက်လက်ထောက်ပြီး ဘေးတစောင်း လဲလျောင်းကြတယ်။ အဲဒါကြောင့် ညာဘက်လက် အားသွားတယ်။ အစာစားမယ့်သူတွေက ဘယ်ဘက်လက်ကိုထောက်ပြီး တစ်ယောက်ဘေးမှာ တစ်ယောက် လဲလျောင်းတတ်ကြတယ်။ “တစ်ယောက်ရဲ့ခေါင်းက သူ့အနောက်မှာ လဲလျောင်းနေသူရဲ့ ရင်ဘတ်နားမှာ ရှိတယ်။ ဒါကြောင့် သူက တခြားသူတစ်ယောက်ရဲ့ ‘ရင်ခွင်မှာရှိနေတယ်’”လို့ စာအုပ်တစ်အုပ်မှာ ရှင်းပြထားတယ်။
အိမ်ထောင်ဦးစီးရဲ့ ဒါမှမဟုတ် ထမင်းစားဖိတ်တဲ့အိမ်ရှင်ရဲ့ ရင်ခွင်မှာ လဲလျောင်းတာက အထူးဂုဏ်တင်ခံရတာ၊ အထူးအခွင့်အရေးပေးခံရတာလို့ ယူမှတ်ကြတယ်။ ယေရှုအတွက် နောက်ဆုံးပသခါပွဲချိန်မှာ “ချစ်တော်မူသော တပည့်တော်” ဖြစ်တဲ့ တမန်တော်ယောဟန်က ကိုယ်တော်ရဲ့ရင်ခွင်မှာ လဲလျောင်းခဲ့ပါတယ်။ ဒါကြောင့် ယောဟန်က ‘ယေရှု၏ ရင်တော်ကိုမှီ’ ပြီးတော့ မေးခွန်းမေးနိုင်ခဲ့တာဖြစ်တယ်။—ယောဟန် ၁၃:၂၃-၂၅; ၂၁:၂၀။