ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၇/၁ စာ. ၁၈-၂၁
  • သံသယများက သင့်ယုံကြည်ခြင်းကို မဖျက်ဆီးစေပါနှင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သံသယများက သင့်ယုံကြည်ခြင်းကို မဖျက်ဆီးစေပါနှင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သံသယ—အမြဲပင် အကျိုးယုတ်သလော
  • အခြေအမြစ်မရှိသောသံသယများ
  • ဝိညာဉ်ရေးကျန်းခံ့မှုကို ထိန်းသိမ်းထားခြင်း
  • ဝိညာဉ်အစာငတ်ပြတ်ခြင်းကိုရှောင်လော့
  • “ယုံမှားသောစိတ်နှင့်ကင်း” ကြလော့
  • သင်သည် အမှန်တရားကို သင့်ကိုယ်ပိုင်ဖြစ်စေပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေဟောဝါနှင့် ကိုယ်တော့် နှုတ်ကပါဌ်တော်ကို ယုံကြည်ကိုးစားလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သင်တို့သည် ဝိညာဉ်အစာကိုကောင်းစွာစားသုံးသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သင့်ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၇/၁ စာ. ၁၈-၂၁

သံသယများက သင့်ယုံကြည်ခြင်းကို မဖျက်ဆီးစေပါနှင့်

သင့်ကျန်းမာရေးသည် တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်ပေမည်။ ရုတ်တရက် သင့်မှာအားအင်မရှိ၊ ဖျတ်လတ်သန်စွမ်းမှုမရှိတော့။ ခေါင်းကိုက်လာကာ ကိုယ်ခန္ဓာ မချိမဆံ့နာကျင်လာမည်။ ဘာဖြစ်သွားပါသနည်း။ ကြောက်မက်ဖွယ်ရောဂါပိုးများက သင့်ကိုယ်ခန္ဓာ၏ကာကွယ်ရေးစနစ်များကို ပျက်ပြားစေခဲ့ပြီး အရေးပါအင်္ဂါများကို တိုက်ခိုက်နေသည်။ မကုသလျှင် ဝင်ရောက်လာသောဤရောဂါပိုးများသည် သင့်ကျန်းမာရေးကို လုံးဝထိခိုက်သွားစေပြီး သေပင်သေစေနိုင်သည်။

သင်သည် ကူးစက်နာရချိန်တွင် ကျန်းမာရေးမကောင်းပါက ပို၍ပင်ရောဂါရလွယ်ကူပေမည်။ ဥပမာ၊ အာဟာရချို့တဲ့မှုကြောင့် သင်၏ကိုယ်ခန္ဓာသည် အားနည်းနေလျှင် သင်၏ကိုယ်ခံအား “အလွန်လျော့ကျနေရာ အသေးဆုံးကူးစက်နာပင် သေစေနိုင်သည့်အထိဖြစ်သွားပေမည်” ဟုဆေးစာရေးဆရာ ပီတာဝင်းဂိတ်ကဆို၏။

ထိုသို့ဖြစ်သောကြောင့် မည်သူသည် အစာမစားဘဲနေလိုမည်နည်း။ ဖြစ်နိုင်ဖွယ်မှာ သင်သည် အတတ်နိုင်ဆုံးကောင်းစွာစားပြီး ကျန်းမာစွာနေပေမည်။ ဗိုင်းရတ်ပိုးနှင့် ဘက်တီးရီးယား ကူးစက်နာများ မရစေရန်လည်း အတတ်နိုင်ဆုံးပြုလုပ် ရှောင်ရှားနေပေမည်။ သို့သော် သင်သည် “ယုံကြည်ခြင်းကျန်းခံ့မှု” အတွက် အလားတူဂရုစိုက်ပါသလော။ (တိတု ၂:၂၊ ကဘ) ဥပမာ၊ မသိမသာများလာသောသံသယများ၏ အန္တရာယ်ကို သင်ဂရုစိုက်သတိပြုပါသလော။ ယင်းတို့သည် သင့်စိတ်နှလုံးကို အလွယ်တကူလွှမ်းမိုးသွားပြီး သင်၏ယုံကြည်ခြင်းကိုလည်းကောင်း၊ ယေဟောဝါနှင့်သင်၏ဆက်ဆံရေးကိုလည်းကောင်း ဖျက်ဆီးပစ်နိုင်သည်။ အချို့သူတို့သည် ဤအန္တရာယ်ကို သတိပြုမိပုံမရှိချေ။ ဝိညာဉ်အစာအငတ်ခံခြင်းအားဖြင့် သံသယများဝင်စေခွင့်ပြုကြသည်။ ထိုသို့ သင်ပြုလုပ်နေပုံရှိသလော။

သံသယ—အမြဲပင် အကျိုးယုတ်သလော

အမှန်ဆိုရလျှင် သံသယမှန်သမျှ အကျိုးယုတ်သည်မဟုတ်ပါ။ တစ်ခါတစ်ရံ အကြောင်းစုံကို အသေအချာမသိမချင်း တစ်စုံတစ်ရာကိုမလက်ခံဘဲနေဖို့လိုသည်။ သံသယမရှိသင့်ဘဲ ယုံကြည်လက်ခံသင့်သည်ဟူသော ဘာသာရေးတိုက်တွန်းချက်များသည် အန္တရာယ်ရှိပြီး လှည့်စားတတ်၏။ မှန်ပါသည်၊ သမ္မာကျမ်းစာက မေတ္တာသည် “ခပ်သိမ်းသောအရာကို ယုံတတ်၏” ဟူ၍ဆိုသည်။ (၁ ကောရိန္သု ၁၃:၇) မေတ္တာရှိသောခရစ်ယာန်တစ်ဦးသည် ယုံကြည်စိတ်ချထိုက်ကြောင်း ထင်ရှားပြသခဲ့သူများကို ယုံကြည်ရန် အမှန်ပင်အသင့်ရှိကြသည်။ သို့ရာတွင် ဘုရားသခင့်နှုတ်ထွက်စကားတော်က ‘သူတစ်ပါးပြောသမျှယုံ’ ခြင်းကိုသတိပြုရန် မှာကြားထားသည်။ (သု. ၁၄:၁၅) တစ်ခါတစ်ရံ လူတစ်ဦး၏အတိတ်က သူ့ကိုသံသယဝင်ရန် အကြောင်းရှိစေသည်။ “[လှည့်စားသူ] ၏စကားသည် ချိုသော်လည်း မယုံနှင့်” ဟုသမ္မာကျမ်းစာက သတိပေးသည်။—သု. ၂၆:၂၄၊ ၂၅။

တမန်တော်ယောဟန်သည် မျက်စိစုံမှိတ်ယုံခြင်းကို ရှောင်ရှားရန် ခရစ်ယာန်များကို သတိပေးသည်။ “ခပ်သိမ်းသောမှုတ်သွင်းခံစကားတော်တို့ကို မယုံကြနှင့်” ဟုသူရေးသားသည်။ ယင်းအစား၊ “မှုတ်သွင်းခံစကားတော်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်၊ မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။” (၁ ယောဟန် ၄:၁၊ ကဘ) သွန်သင်ချက် သို့မဟုတ် ထင်မြင်ယူဆချက်ဖြစ်သည့် “စကားတော်” သည်ဘုရားသခင့်အထံတော်မှ ဖြစ်ပုံရမည်။ သို့သော် ယင်းသည် ကိုယ်တော့်ထံမှ အမှန်တကယ်ဖြစ်ပါသလော။ တမန်တော်ယောဟန်ပြောသည့်အတိုင်း “လှည့်ဖြားသောသူအများတို့သည် လောကထဲသို့ဝင်ကြပြီ” ဖြစ်သောကြောင့် သံသယအနည်းငယ်ရှိခြင်း သို့မဟုတ် ချက်ချင်းမယုံခြင်းသည် အမှန်ပင်အကာအကွယ်ဖြစ်နိုင်သည်။—၂ ယောဟန် ၇။

အခြေအမြစ်မရှိသောသံသယများ

မှန်ပါသည်၊ အမှန်တရားဖြစ်ကြောင်း သက်သေပြရန် အချက်အလက်များကို ရိုးသားနှိမ့်ချစွာ စစ်ဆေးရမည်ဖြစ်သည်။ သို့ရာတွင် ဤသို့ပြုခြင်းသည် ကျွန်ုပ်တို့၏ခိုင်လုံ၍အတည်တကျဖြစ်သည့် ယုံကြည်ချက်များနှင့် ဆက်ဆံရေးများကို ပျက်စီးစေနိုင်သော အခြေအမြစ်မရှိ၊ ထိခိုက်နိုင်သည့်သံသယများ စိတ်နှလုံးထဲဝင်ခြင်းနှင့်မတူချေ။ ဤသို့သံသယဖြစ်ခြင်းမျိုးသည် “ဆုံးဖြတ်ချက်ချရခက်စေသည့် မရေရာမသေချာသောခံယူချက် သို့မဟုတ် ထင်မြင်ယူဆချက်” ဖြစ်၏ဟု ရှင်းလင်းဖော်ပြထားသည်။ ယေဟောဝါနှင့်ပတ်သက်၍ ဧဝ၏စိတ်ထဲတွင် သံသယများဝင်စေရန် စာတန်ပြုခဲ့ပုံကို သင်မှတ်မိသလော။ “သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလော” ဟူ၍ စာတန်မေးခဲ့သည်။ (ကမ္ဘာဦး ၃:၁) ထိုရိုးသားဟန်ရှိ မေးခွန်းကြောင့် မသေမချာဖြစ်လာကာ ဧဝဆုံးဖြတ်ရခက်သွားသည်။ ၎င်းသည် စာတန်၏နည်းများဖြစ်သည်။ သူသည် ရှုတ်ချစာများရေးသူကဲ့သို့ပင် ကောက်ကျစ်ပြီး မဟုတ်ကဟုတ်ကများကိုအသုံးပြုရန် ကျွမ်းကျင်သည်။ စာတန်သည် ထိုနည်းဖြင့် သံသယများ မသိမသာဝင်စေခဲ့ပြီး တစ်ဦးကိုတစ်ဦးယုံကြည်အားထားသော ဆက်ဆံမှုကောင်းများစွာကို ဖျက်ဆီးခဲ့ပေပြီ။—ဂလာတိ ၅:၇-၉။

ဤသို့သောသံသယဝင်ခြင်းမျိုး၏ အကျိုးယုတ်မှုကို တပည့်တော်ယာကုပ် နားလည်သဘောပေါက်ခဲ့သည်မှာ ထင်ရှားပါသည်။ ကျွန်ုပ်တို့သည် စမ်းသပ်ခံရချိန်တွင် ဘုရားသခင်ထံ လွတ်လွတ်လပ်လပ်ချဉ်းကပ်၍ အကူအညီတောင်းနိုင်သည့် အခွင့်ကောင်းအကြောင်း သူရေးသားခဲ့သည်။ သို့ရာတွင် သင်သည် ဘုရားသခင်ထံဆုတောင်းသောအခါ “တွေးတောခြင်း [“သံသယ၊” ကဘ] မရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်” ဟုယာကုပ်သတိပေးသည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးတွင် သံသယများရှိခြင်းသည် “လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ” သည်။ ကျွန်ုပ်တို့သည် “ပြုလေသမျှတို့၌ မပြတ်သားသောသူ” ကဲ့သို့ဖြစ်လာသည်။ (ယာကုပ် ၁:၆၊ ၈၊ ကဘ) ကျွန်ုပ်တို့သည် မပြတ်သားသူဖြစ်သော မသေချာမရေရာသည့်ယုံကြည်ခြင်းရှိလာစေသည်။ သို့ဖြင့် ကျွန်ုပ်တို့သည် ဧဝ၌ဖြစ်ပျက်ခဲ့သည့်အတိုင်း နတ်ဆိုးများ၏သွန်သင်ချက်နှင့် အတွေးအခေါ်အမျိုးမျိုးကို ခုခံနိုင်တော့မည်မဟုတ်ပါ။

ဝိညာဉ်ရေးကျန်းခံ့မှုကို ထိန်းသိမ်းထားခြင်း

သို့ဖြစ်လျှင် ပျက်စီးစေသောသံသယများမှ ကျွန်ုပ်တို့ကိုယ်ကို မည်သို့ကာကွယ်နိုင်မည်နည်း။ အဖြေမှာ ရိုးရှင်းလှပါသည်– စာတန်၏ဝါဒဖြန့်မှုကို အခိုင်အမာငြင်းပယ်၍ “ယုံကြည်ခြင်း၌တည်” နေစေရန် ဘုရားသခင်ပြင်ဆင်ပေးချက်များကို အပြည့်အဝအသုံးချခြင်းအားဖြင့်ဖြစ်သည်။—၁ ပေတရု ၅:၈-၁၀။

မရှိမဖြစ်အလိုအပ်ဆုံးမှာ ဝိညာဉ်အစာကို ကိုယ်တိုင်ကောင်းစွာစားသုံးခြင်းဖြစ်သည်။ အစပိုင်းတွင်ဖော်ပြခဲ့သော စာရေးဆရာဝင်းဂိတ်က ဤသို့ရှင်းပြသည်– “ကိုယ်ခန္ဓာ မလှုပ်ရှားသည့်အချိန်၌ပင် ဓာတ်ပြောင်းလဲဖို့နှင့် အရေးပါအင်္ဂါများအလုပ်လုပ်နိုင်ရန် စွမ်းအင်ဆက်ဖြည့်ပေးဖို့လိုသည်; တစ်ရှူးများစွာ၏အစိတ်အပိုင်းများကိုလည်း အဆက်မပြတ်အစားထိုးပေးနေဖို့လိုသည်။” ကျွန်ုပ်တို့၏ဝိညာဉ်ရေးကျန်းမာမှုနှင့်ပတ်သက်၍လည်း ထပ်တူထပ်မျှဖြစ်၏။ အဆက်မပြတ်ဝိညာဉ်အစာမစားလျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အစာချို့တဲ့နေသော ကိုယ်ခန္ဓာကဲ့သို့ တစ်စတစ်စယိုယွင်းလာကာ နောက်ဆုံးသေပင်သေနိုင်သည်။ ယေရှုခရစ်က “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်” ဟုမိန့်ဆိုစဉ်က ယင်းကို အလေးအနက်ဖော်ပြခဲ့သည်။—မဿဲ ၄:၄။

၎င်းကို စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့သည် အစအဦး၌ ခိုင်ခံ့သောယုံကြည်ခြင်း မည်သို့ရှိလာသနည်း။ “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏” ဟုတမန်တော်ပေါလုရေးခဲ့သည်။ (ရောမ ၁၀:၁၇) သူဆိုလိုသည်မှာ ဘုရားသခင့်နှုတ်ထွက်စကားတော်ကို ကျွန်ုပ်တို့မှီဝဲခြင်းအားဖြင့် ယေဟောဝါ၊ ကိုယ်တော်၏ကတိတော်များနှင့် ကိုယ်တော်၏အဖွဲ့အစည်း၌ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ဦးစွာတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကြားလေသမျှကို မျက်စိစုံမှိတ်ပြီး ယုံခဲ့ခြင်းသာမဟုတ်ချေ။ ဗေရိမြို့သားများပြုလုပ်ခဲ့သကဲ့သို့ ကျွန်ုပ်တို့ပြုလုပ်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ‘မှန်သည်မမှန်သည်ကိုသိခြင်းငှာ ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုခဲ့ကြ၏။’ (တမန်တော် ၁၇:၁၁) “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကိုသင် [“စစ်ဆေး၊” ကဘ]” ယူခဲ့ကြပြီး ကျွန်ုပ်တို့ကြားနာခဲ့ရာများသည် မှန်မမှန် အသေအချာစစ်ဆေးခဲ့ကြ၏။ (ရောမ ၁၂:၂; ၁ သက်သာလောနိတ် ၅:၂၁) ထိုအချိန်မှစ၍ ဘုရားသခင့်နှုတ်ထွက်စကားတော်နှင့် ကတိတော်များသည် အမြဲပြည့်စုံကြောင်း ပိုမိုရှင်းလင်းစွာသိမြင်လာကြရာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် သာ၍ခိုင်ခံ့မြဲမြံလာခဲ့ပုံရှိသည်။—ယောရှု ၂၃:၁၄; ဟေရှာယ ၅၅:၁၀၊ ၁၁။

ဝိညာဉ်အစာငတ်ပြတ်ခြင်းကိုရှောင်လော့

ယခု ကျွန်ုပ်တို့ရင်ဆိုင်နေရသော စိန်ခေါ်ချက်မှာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဆက်ထိန်းသိမ်းထားပြီး ယေဟောဝါနှင့် ကိုယ်တော်၏အဖွဲ့အစည်းအပေါ် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို အားနည်းစေနိုင်သည့် ယုံကြည်ချက်မရေရာမသေချာခြင်းကို ရှောင်ခြင်းဖြစ်သည်။ ယင်းသို့ပြုရန် သမ္မာကျမ်းစာကို ကျွန်ုပ်တို့နေ့စဉ် စွဲမြဲစွာစစ်ဆေးလေ့လာရမည်။ တမန်တော်ပေါလုက “နောင်ကာလ၌ . . . [အစအဦးတွင် ခိုင်ခံ့သောယုံကြည်ခြင်းရှိပုံပေါက်သည့်] လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍ လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော [ဆုံးမစကား] တို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်” ဟုသတိပေးခဲ့သည်။ (၁ တိမောသေ ၄:၁၊ ၂) အဆိုပါလှည့်ဖြားတတ်သောစကားများနှင့် သွန်သင်ချက်များသည် လူအချို့၏စိတ်တွင် သံသယများဝင်စေပြီး ဘုရားသခင်နှင့် ဝေးကွာစေသည်။ ကျွန်ုပ်တို့၏ကာကွယ်ရာကား အဘယ်နည်း။ “ယုံကြည်ခြင်းတရားနှင့်ဆိုင်သောစကားများ၊ ယခုတိုင်အောင် [ကျွန်ုပ်တို့] လျှောက်လိုက်သော ကောင်းမြတ်သည့်[ဆုံးမ]စကားများနှင့် မွေးမြူခြင်း” ကိုဆက်လက်ခံယူခြင်းဖြစ်သည်။—၁ တိမောသေ ၄:၆၊ သမ္မာ။

သို့သော် ဝမ်းနည်းစရာမှာ ယနေ့ လူအချို့သည် ‘ယုံကြည်ခြင်းတရားနှင့်ဆိုင်သောစကားတို့ဖြင့် မွေးမြူ’ မခံလိုခြင်းဖြစ်သည်၊ ဤသို့သောမွေးမြူမှုကို အခမဲ့ပင်ရရှိနိုင်သည့်တိုင် မခံယူလိုကြချေ။ နယပုံပြင်ကျမ်းရေးသူတစ်ဦး ဖော်ပြသည့်အတိုင်း ပုံဆောင်သဘောအရ ဝိညာဉ်ရေးစာကောင်းသောက်ဖွယ်၊ ဝိညာဉ်ရေးစားပွဲကြီးဖြင့် ဝိုင်းရံနေလျက်ပင် အမှန်တကယ်တွင် စားသောက်ချေညက်မှုမပြုခြင်းဖြစ်နိုင်သည်။—သု. ၁၉:၂၄; ၂၆:၁၅။

ယင်းသည် အန္တရာယ်ရှိ၏။ စာရေးဆရာဝင်းဂိတ်က ဤသို့ဆိုသည်– “ကိုယ်ခန္ဓာသည် ကိုယ်တွင်းရှိပရိုတင်းကို စတင်စုပ်ယူသည်နှင့်အမျှ ကျန်းမာရေး စချူချာလာလေတော့သည်။” သင်သည် အစာအငတ်ခံသောအခါ သင့်ကိုယ်ခန္ဓာသည် ကိုယ်ခန္ဓာတစ်လျှောက်တွင် သိုမှီးထားသောအရန်လောင်စာကို စ၍ထုတ်သုံးတော့သည်။ အဆိုပါပင်မလောင်စာများ ကုန်သွားသောအခါ ကိုယ်ခန္ဓာသည် ဆက်၍ကြီးထွားဖို့နှင့် တစ်ရှူးအစားထိုးပေးဖို့ မရှိမဖြစ်လိုအပ်သည့် ပရိုတင်းကိုစုပ်ယူစပြုလေသည်။ ထိုအခါ အရေးပါသောအင်္ဂါများ စတင်ပျက်ယွင်းလာသည်။ ထို့နောက် သင့်ကျန်းမာရေးသည် ယိုယွင်းလာမည်။

အစောပိုင်းခရစ်ယာန်အသင်းတော်တွင် လူအချို့သည် ဝိညာဉ်ရေးသဘောအရ ထိုသို့ပင်ဖြစ်ပျက်ခဲ့၏။ ထိုသူတို့သည် မိမိတို့၏ဝိညာဉ်ရေးအရန်လောင်စာကိုမှီဝဲနေရန် ကြိုးစားခဲ့ကြသည်။ ကိုယ်ပိုင်လေ့လာမှုကို သူတို့လျစ်လျူရှုထားကြသောကြောင့် ဝိညာဉ်ရေးဘက်အားနည်းလာကြသည်။ (ဟေဗြဲ ၅:၁၂) တမန်တော်ပေါလုသည် ဟေဗြဲခရစ်ယာန်များထံ ဤသို့စာရေးသောအခါ ယင်းသို့ပြုလုပ်ခြင်း၏အန္တရာယ်ကိုရှင်းပြခဲ့သည်– “ကြားရသော[တရား]တော်ကို မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌ သာ၍မှတ်မိစွဲလမ်းခြင်းရှိကြရမည်။” ကျွန်ုပ်တို့သည် “ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို . . . နားမထောင်ဘဲနေလျှင်” အကျင့်ပျက်သွားရန် မည်မျှလွယ်ကူသည်ကို သူသိရှိခဲ့သည်။—ဟေဗြဲ ၂:၁၊ ၃။

စိတ်ဝင်စားစရာမှာ အာဟာရချို့တဲ့သူသည် မမာမကျန်းပုံ၊ ပိန်လှီပုံ ရှိချင်မှရှိမည်။ ထိုနည်းတူစွာ လူတစ်ဦးတစ်ယောက်သည် ဝိညာဉ်ရေးငတ်ပြတ်နေသည်ဟု ချက်ချင်းမရိပ်မိနိုင်ချေ။ သင်သည် လျောက်ပတ်သောအာဟာရ ပြည့်မနေလျှင်ပင် ဝိညာဉ်ရေးကျန်းမာနေပုံရှိနိုင်သည်၊ သို့သော် တစ်ခဏသာဖြစ်သည်။ သင်သည် အခြေအမြစ်မရှိသောသံသယများဝင်လာပြီး ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်နိုင်စွမ်းမရှိဖြစ်ကာ ဧကန်မုချဝိညာဉ်ရေးအားနည်းလာလိမ့်မည်။ (ယုဒ ၃) သင်ကိုယ်တိုင်၏ ဝိညာဉ်အစာစားသုံးသည့် ပမာဏအမှန်ကို—မည်သူမျှမသိရှိသည့်တိုင်—အသင်သိရှိပေမည်။

ထို့ကြောင့် သင်၏ကိုယ်ပိုင်လေ့လာမှုကို စွဲမြဲစွာပြုလုပ်ပါ။ သံသယများကို ကြံ့ကြံ့ခံတိုက်လှန်ပါ။ ကူးစက်နာအနည်းငယ်ဖြစ်ပုံရသည့်အရာကို လျစ်လျူရှုခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်စေသည့် သံသယများကို လွှတ်ထားခြင်းတို့သည် ဆိုးကျိုးများပေးနိုင်သည်။ (၂ ကောရိန္သု ၁၁:၃) ‘ကျွန်ုပ်တို့သည် နောက်ဆုံးကာလတွင် အမှန်တကယ်အသက်ရှင်နေကြပါသလော။ သင်သည် ကျမ်းစာပြောသမျှကို ယုံကြည်နိုင်သလော။ ဤအဖွဲ့အစည်းသည် အမှန်ပင်ယေဟောဝါ၏အဖွဲ့အစည်းဖြစ်သလော။’ သင့်စိတ်ထဲတွင် ဤကဲ့သို့သောသံသယများကို စာတန်ဝင်စေလိုမည်။ ဝိညာဉ်အစာစားသုံးခြင်းအပေါ် ပေါ့ပေါ့ဆဆသဘောထားခြင်းဖြင့် သူ၏လှည့်စားတတ်သောသွန်သင်ချက်များတွင် အလွယ်တကူကျော့မိခံရသူ မဖြစ်စေပါနှင့်။ (ကောလောသဲ ၂:၄-၇) တိမောသေကိုပေးသော အကြံဉာဏ်ကိုလိုက်လျှောက်ပါ။ “အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌ တည်နေ” နိုင်ရန် “ဓမ္မကျမ်းစာ” ကျောင်းသားကောင်းတစ်ဦးဖြစ်ပါ။—၂ တိမောသေ ၃:၁၃-၁၅။

ယင်းသို့ပြုရန် သင်အကူအညီလိုပေမည်။ အစပိုင်းတွင်ဖော်ပြခဲ့သော စာရေးဆရာက ဤသို့ဆက်ဆိုသည်– “အလွန်အစာငတ်ခြင်းကြောင့် ဗီတာမင်နှင့် အခြားလိုအပ်ရာများ ချို့တဲ့သွားသဖြင့် အစာခြေအင်္ဂါများ အလွန်ထိခိုက်သွားနိုင်ပြီး သာမန်အစာစားသုံးလျက်ပင် အစာခြေအင်္ဂါများသည် အလုပ်မလုပ်နိုင်တော့ဘဲဖြစ်လာနိုင်သည်။ ယင်းအခြေအနေမျိုးရှိလူတို့သည် အတန်ကြာအထိ အစာခြေလွယ်သောအစာကို စားသုံးနေဖို့လိုပေမည်။” အစာငတ်မှုကြောင့် ဖြစ်ပေါ်သည့်ကိုယ်ခန္ဓာရှိ ဆိုးကျိုးများပျောက်ကင်းစေရန် အထူးဂရုစိုက်ဖို့လိုသည်။ အလားတူစွာ ကိုယ်ပိုင်ကျမ်းစာလေ့လာမှုကို လုံးဝလျစ်လျူရှုခဲ့သူတစ်ဦးသည် သူ၏ဝိညာဉ်ရေးခံတွင်းပြန်တွေ့နိုင်ရန် အကူအညီနှင့်အားပေးမှု အတော်အတန်လိုပေမည်။ ၎င်းသည် သင့်အခြေအနေဖြစ်နေပါက အကူအညီကို မရမကကြိုးစားရှာဖွေပြီး သင့်ဝိညာဉ်ရေးကျန်းခံ့မှုနှင့်ခွန်အား ပြန်လည်ကောင်းမွန်လာစေရန် ကမ်းလှမ်းလာသော မည်သည့်အကူအညီကိုမဆို ဝမ်းမြောက်စွာလက်ခံပါ။—ယာကုပ် ၅:၁၄၊ ၁၅။

“ယုံမှားသောစိတ်နှင့်ကင်း” ကြလော့

ဘိုးဘေးအာဗြဟံ၏အခြေအနေကိုသုံးသပ်ကြည့်ရာ သူသည် သံသယဖြစ်စရာအကြောင်းများရှိ၏ဟု အချို့ယူမှတ်ကြပေမည်။ သူသည် ဘုရားသခင်၏ကတိတော်ရရှိခဲ့သော်လည်း ‘လူမျိုးအများတို့၏အဘဖြစ်မည်ဟု မျှော်လင့်စရာအကြောင်းမရှိ’ ဟုအကျိုးသင့်အကြောင်းသင့်ယူမှတ်ရန် အတော်အတန်ရှိပုံရပေမည်။ အဘယ်ကြောင့်နည်း။ လူ့ရှုထောင့်မှကြည့်လျှင် အခြေအနေကောင်းမည့်ပုံမရှိချေ။ ‘မိမိကိုယ်သည် အသေကဲ့သို့ရှိကြောင်းကိုလည်းကောင်း၊ မိမိခင်ပွန်းစာရာ၏ဝမ်းသည် သေကြောင်းကိုလည်းကောင်း စဉ်းစားဆင်ခြင်မိသည်’ ဟုသမ္မာကျမ်းစာမှတ်တမ်းကဆိုသည်။ သို့တိုင် သူသည် ဘုရားသခင်နှင့် ကိုယ်တော်၏ကတိတော်များနှင့်ပတ်သက်၍ မိမိစိတ်နှလုံးထဲ သံသယများမဝင်စေရန် အခိုင်အမာကြိုးစားခဲ့သည်။ တမန်တော်ပေါလုက ဤသို့ရေးသည်– ‘သူသည် ယုံကြည်ခြင်းအားကြီးသည်၊’ ‘ယုံမှားသောစိတ်နှင့်ကင်း၏။’ အာဗြဟံသည် ‘ကတိထားတော်မူသောသူ [ဘုရားသခင်] က,ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို အပြည့်အဝယုံကြည်စိတ်ချ’ ၏။ (ရောမ ၄:၁၈-၂၁) သူသည် နှစ်ပေါင်းတစ်လျှောက် ယေဟောဝါနှင့် ခိုင်ခံ့မြဲမြံ၊ ယုံကြည်အားကိုးသော နှစ်ကိုယ်ကြားဆက်ဆံရေးကို တည်ဆောက်ခဲ့၏။ ထိုဆက်ဆံရေးကိုပျက်ပြားစေနိုင်သော မည်သည့်သံသယမျိုးကိုမဆို မဝင်စေခဲ့ပါ။

သင်သည် အကယ်၍ “စင်ကြယ်သောတရားစကားအချုပ်အခြာကို . . . စွဲလမ်း” ၍သင်ကိုယ်တိုင် ဝိညာဉ်ရေးအစာကို ကောင်းစွာစားသုံးမည်ဆိုပါက သင်သည်လည်း ထပ်တူပြုလုပ်နိုင်ပေသည်။ (၂ တိမောသေ ၁:၁၃) သံသယများဝင်ခြင်း၏အန္တရာယ်ကို အလေးအနက်သဘောထားပါ။ စာတန်သည် ပိုးမွှားစစ်ပွဲဟုခေါ်ဆိုနိုင်သောစစ်မှုတွင် ထိုးစစ်ဆင်လျက်ရှိသည်။ သင်သည် ကိုယ်ပိုင်ကျမ်းစာလေ့လာမှု ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ခြင်းဖြင့်လည်းကောင်း ဝိညာဉ်အစာမွန်ကိုစားသုံးရန် လျစ်လျူရှုမည်ဆိုလျှင် ဤတိုက်ခိုက်မှုများကိုခံရဖို့အတွက် သင်ကိုယ်တိုင်လမ်းဖွင့်ပေးထားရာကျပေမည်။ ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ ၏ရက်ရောစွာ အချိန်မှန်ပေးကမ်းကျွေးမွေးသော ဝိညာဉ်အစာကို ကောင်းစွာစားသုံးပါ။ (မဿဲ ၂၄:၄၅) “စင်ကြယ်သောစကားကို . . . ဝန်” ခံပြီး “ယုံကြည်ခြင်းကျန်းခံ့မှု” ဆက်ရှိပါ။ (၁ တိမောသေ ၆:၃; တိတု ၂:၂၊ ကဘ) သင့်ယုံကြည်ခြင်းကို သံသယများက ဖျက်ဆီးရန် ခွင့်မပြုပါနှင့်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

သင့်ကိုယ်ကို ဝိညာဉ်အစာ မည်မျှကောင်းစွာကျွေးမွေးသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ