လူငယ်များ—သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်လော့!
“ကြေခဲသောအစာမူကား အသုံးပြုခြင်းဖြင့် မိမိတို့၏ပိုင်းခြားသိမြင်နိုင်စွမ်းကို အမှားအမှန်ခွဲခြားတတ်စေရန် လေ့ကျင့်ပေးသောရင့်ကျက်သူများအတွက်ဖြစ်သည်။”—ဟေဗြဲ ၅:၁၄၊ ကဘ။
၁၊ ၂။ (က) ယနေ့ ကျွန်ုပ်တို့၏အခြေအနေသည် ဧဖက်မြို့ရှိ ရှေးခရစ်ယာန်များ၏အခြေအနေနှင့်နှိုင်းယှဉ်ကြည့်က မည်သို့နည်း။ (ခ) အဘယ်အရည်အချင်းများက သင့်အား အန္တရာယ်မှအကာအကွယ်ပေးနိုင်သနည်း၊ ယင်းတို့ကို မည်သို့ပြုစုပျိုးထောင်ပေးနိုင်သနည်း။
“ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကိုရွေးနုတ်ကြလော့။” (ဧဖက် ၅:၁၅၊ ၁၆) ထိုစကားများကို တမန်တော်ပေါလုရေးသားခဲ့သည့် လွန်ခဲ့သောအနှစ်နှစ်ထောင်ခန့်ကတည်းက ‘ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့သည် ဆိုးညစ်ခြင်း၌တရွေ့ရွေ့တိုးပွားလာခဲ့ကြပေပြီ။’ ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ၊” သို့မဟုတ် အခြားဘာသာပြန်ကျမ်းတစ်စောင်အရ “အန္တရာယ်ပြည့်နှက်” နေသောကာလတွင် အသက်ရှင်နေကြသည်။—၂ တိမောသေ ၃:၁-၅၊ ၁၃; ဖိလစ်။
၂ သို့သော် သင်သည် “လိမ္မာသောဉာဏ်၊ . . . အသိပညာနှင့် ကြံစည်သောဉာဏ်” တို့ကို ပြုစုပျိုးထောင်ပေးခြင်းဖြင့် သင်သွားရာလမ်းတွင် တွေ့ကြုံတတ်သည့်ဘေးအန္တရာယ်များကို ရှောင်ရှားနိုင်သည်။ (သု. ၁:၄၊ သမ) နယပုံပြင် ၂:၁၀-၁၇ ကဤသို့ဆိုသည်– “ပညာသည် သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည်သိကြားခြင်း၌ မွေ့လျော်သောအခါ၊ [ပညာ] သတိသည် သင့်ကိုထိန်းသိမ်း၍၊ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊ ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက်သောစကားကိုပြောတတ်သောသူ . . . လက်မှ . . . သင့်ကိုကယ်တင်လိမ့်မည်။” သို့သော် ဤအရည်အသွေးများကို မည်သို့ပြုစုပျိုးထောင်ပေးနိုင်မည်နည်း။ ဟေဗြဲ ၅:၁၄ (ကဘ) ကဤသို့ဆိုသည်– “ကြေခဲသောအစာမူကား မိမိတို့၏ပိုင်းခြားသိမြင်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် ယင်းကို အမှားအမှန်ခွဲခြားတတ်စေရန် လေ့ကျင့်ပေးသော ရင့်ကျက်သူများအတွက်ဖြစ်သည်။” မည်သည့်ကျွမ်းကျင်မှုတစ်ခုခုမဆိုကဲ့သို့ပင် မိမိ၏ပိုင်းခြားသိမြင်နိုင်စွမ်းကို ပိုင်နိုင်စွာအသုံးပြုရန် လေ့ကျင့်မှုလိုသည်။ ပေါလုအသုံးပြုခဲ့သောဂရိစကားလုံးသည် စာသားအတိုင်းဆိုလျှင် ‘အားကစားသမားတစ်ဦးကဲ့သို့ လေ့ကျင့်မှုခံယူခြင်း’ ဟူသည့်အဓိပ္ပာယ်ထွက်သည်။ ထိုလေ့ကျင့်မှုကိုသင်မည်သို့စတင်ယူမည်နည်း။
သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးခြင်း
၃။ ဆုံးဖြတ်ချက်တစ်ခုချဖို့ရှိသောအခါ သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကို မည်သို့အသုံးပြုနိုင်သနည်း။
၃ သင့်ပိုင်းခြားသိမြင်နိုင်စွမ်းဖြစ်သော အမှားအမှန်ကိုပိုင်းခြားသိမြင်နိုင်သည့်စွမ်းရည်ကို “အသုံးပြုခြင်းဖြင့်” လေ့ကျင့်ပေးရကြောင်း သတိပြုပါ။ သင်သည် ဆုံးဖြတ်ချက်တစ်ခုကို ချရမည့်အချိန်တွင် မှန်းဆနေမည်၊ စိတ်ကူးပေါက်ရာလျှောက်လုပ်နေမည် သို့မဟုတ် ရေလိုက်ငါးလိုက်နေမည်ဆိုလျှင် ပညာရှိသောရွေးချယ်မှုဖြစ်လာဖို့ ခဲယဉ်းပေလိမ့်မည်။ ပညာရှိသောဆုံးဖြတ်ချက်များချရန် သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကို အသုံးပြုရမည်။ မည်သို့အသုံးပြုမည်နည်း။ ဦးဆုံးအနေဖြင့် အခြေအနေကို အသေအချာစူးစမ်းလေ့လာကာ အချက်အလက်အားလုံးကို ရယူခြင်းအားဖြင့်ဖြစ်သည်။ လိုအပ်လျှင် မေးပါ။ သင်ရွေးချယ်မည့်အရာများကို ဆုံးဖြတ်ပါ။ နယပုံပြင် ၁၃:၁၆၊ (သမ္မာ) ကဤသို့ဆိုသည်– “ပညာသတိရှိသောသူသည် အရာရာ၌ အသိပညာနှင့်ပြုမူတတ်၏။” ထို့နောက် အဘယ်ကျမ်းစာပညတ်များ သို့မဟုတ် မူများသည် ဤအကြောင်းအရာနှင့်ဆက်စပ်မှုရှိကြောင်း ဆုံးဖြတ်ရန်ကြိုးစားပါ။ (သု. ၃:၅) ထိုသို့ပြုရန် သင့်တွင် ကျမ်းစာအသိပညာရှိထားရမည်အမှန်။ ထို့ကြောင့် ပေါလုက ကျွန်ုပ်တို့အား “ကြေခဲသောအစာ” ဖြစ်သော အမှန်တရား၏ “အနံအလျားအနက်အမြင့်တို့ကို” သင်ယူရန် တိုက်တွန်းထားသည်။—ဧဖက် ၃:၁၈။
၄။ ဘုရားသခင်၏မူများကိုသိကျွမ်းဖို့ရန် အဘယ်ကြောင့်မရှိမဖြစ်လိုအပ်သနည်း။
၄ ကျွန်ုပ်တို့သည် မစုံမလင်ဖြစ်ပြီး အပြစ်ဘက်ယိမ်းတတ်ကြသောကြောင့် ဤသို့မဖြစ်မနေပြုရန်လိုအပ်သည်။ (ကမ္ဘာဦး ၈:၂၁; ရောမ ၅:၁၂) “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက်စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏” ဟုယေရမိ ၁၇:၉ ကဆိုသည်။ ကျွန်ုပ်တို့အားလမ်းပြဖို့ ဘုရားရေးရာမူများသာမရှိလျှင် မကောင်းသောအရာတစ်ခုကို ကျွန်ုပ်တို့၏သွေးသားက တောင့်တရုံမျှဖြင့် အကောင်းအဖြစ်ယူမှတ်စေရန် ကိုယ့်ကိုယ်ကိုပြန်လှည့်ဖြားမိနိုင်သည်။ (ဟေရှာယ ၅:၂၀ နှိုင်းယှဉ်။) ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– “လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်[မြွက်]တော်အတိုင်းသတိပြုရမည်။ ကိုယ်တော်၏ဥပဒေသများအားဖြင့်၊ အကျွန်ုပ်သည် ဉာဏ်တိုးပွား၍၊ မိစ္ဆာလမ်းရှိသမျှတို့ကိုမုန်းပါ၏။”—ဆာလံ ၁၁၉:၉၊ ၁၀၄။
၅။ (က) လူငယ်အချို့ အဘယ်ကြောင့်လမ်းမှားနောက်လိုက်ကြသနည်း။ (ခ) လူငယ်တစ်ယောက်သည် အမှန်တရားကို မည်သို့ကိုယ်ပိုင်ဖြစ်စေခဲ့သနည်း။
၅ ခရစ်ယာန်မိသားစုမှပေါက်ဖွားကြီးပြင်းလာသည့် လူငယ်အချို့သည် အဘယ်ကြောင့်လမ်းမှားလိုက်သွားကြသနည်း။ ‘ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို ကိုယ်တိုင်သိအောင်’ မလုပ်ခဲ့၍ဖြစ်သည်ဟုဆိုနိုင်မည်လော။ (ရောမ ၁၂:၂) အချို့တို့သည် မိဘတို့နှင့်အတူ အစည်းအဝေးများတက်ကောင်းတက်မည်၊ ကျမ်းစာပါအခြေခံသွန်သင်ချက်အချို့ကို အလွတ်ပင်ဆိုနိုင်ပေမည်။ သို့သော် သူတို့၏ယုံကြည်ချက်များကို သက်သေပြရန် သို့မဟုတ် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ သာ၍နက်နဲသောအရာအချို့ကို ရှင်းပြရန် တောင်းဆိုခံရသည့်အခါ သူတို့၌အသိပညာနည်းကြောင်း စိတ်ပျက်ဖွယ် တွေ့ရလေသည်။ ဤကဲ့သို့သောလူငယ်များသည် လွယ်လွယ်နှင့်လှည့်စားခံရနိုင်သည်။ (ဧဖက် ၄:၁၄) သင်သည် ဤအတိုင်းဖြစ်နေလျှင် အပြောင်းအလဲများလုပ်ဖို့ သန္နိဋ္ဌာန်ချပါလေ။ ညီအစ်မငယ်တစ်ဦးက ဤသို့ပြန်ပြောပြသည်– “ကျွန်မ ရှာဖွေလေ့လာခဲ့တယ်။ ‘ဒါ မှန်တဲ့ဘာသာဆိုတာ ဘယ်လိုသိမှာလဲ၊ ယေဟောဝါလို့ နာမတော်ရှိတဲ့ဘုရားသခင်တစ်ပါးရှိတယ်ဆိုတာ ဘယ်လိုသိမှာလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးတယ်။”a ကျမ်းစာကို စေ့စေ့မြေ့မြေ့စူးစမ်းလေ့လာမှုက မိဘများထံမှ သူသင်ယူခဲ့သည့်အရာများသည် မှန်ကန်ကြောင်း သူ့အားစိတ်ချစေခဲ့သည်!—တမန်တော် ၁၇:၁၁ နှိုင်းယှဉ်။
၆။ ယေဟောဝါ ‘ဘုရားသခင် နှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို’ မည်သို့သေချာသိနိုင်မည်နည်း။
၆ ယေဟောဝါ၏မူများကို ကောင်းစွာသိထားသည့်အခါ “သခင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို” သာ၍လွယ်ကူစွာ သေချာသိနိုင်မည်။ (ဧဖက် ၅:၁၀) သို့တိုင် အခြေအနေတစ်ခုနှင့်ပတ်သက်၍ လိုက်လျှောက်ရမည့် ပညာရှိလမ်းစဉ်ကို သင်အသေအချာမသိလျှင်ကော။ လမ်းညွှန်ပေးဖို့ ယေဟောဝါထံဆုတောင်းပါ။ (ဆာလံ ၁၁၉:၁၄၄) ကိစ္စရပ်များကို သင့်မိဘများ သို့မဟုတ် ရင့်ကျက်သောခရစ်ယာန်တစ်ဦးနှင့် ဆွေးနွေးရန်ကြိုးစားပါ။ (သု. ၁၅:၂၂; ၂၇:၁၇) ကျမ်းစာနှင့် ကင်းမျှော်စင်စာပေစာတမ်းများကို ရှာဖွေလေ့လာခြင်းအားဖြင့်လည်း အထောက်အကူပေးသောလမ်းညွှန်မှု ရရှိနိုင်သည်။ (သု. ၂:၃-၅) သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကို အသုံးပြုလေလေ ပို၍ထက်မြက်လာလေလေဖြစ်မည်။
အပန်းဖြေမှုတွင် ပိုင်းခြားသိမြင်မှုရှိကြောင်းပြခြင်း
၇၊ ၈။ (က) မိတ်ဆုံပွဲတစ်ခုကို တက်မတက်ဆုံးဖြတ်ဖို့ သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကို မည်သို့အသုံးပြုနိုင်သနည်း။ (ခ) ဖျော်ဖြေမှုနှင့်ပတ်သက်၍ ကျမ်းစာ၏ရှုမြင်ချက်ကား အဘယ်နည်း။
၇ သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကို သတ်သတ်မှတ်မှတ်အခြေအနေအချို့တွင် မည်သို့အသုံးပြုနိုင်ကြောင်း ယခုကြည့်ကြစို့။ ဥပမာ၊ သင်သည် မိတ်ဆုံပွဲတစ်ခုသို့ ခေါ်ဖိတ်ခံရသည်ဆိုပါစို့။ မိတ်ဆုံစားပွဲကို ကြော်ငြာထားသည့် လက်ကမ်းစာစောင်တစ်ရွက်ပင် သင်ရထားမည်။ ထိုနေရာတွင် သက်သေခံလူငယ်များစွာ စုဝေးရောက်ရှိလာကြမည်ဖြစ်ကြောင်း သတင်းရထားသည်။ သို့သော် အကုန်အကျကို ကာမိစေရန် ပါဝင်ကြေးကောက်ခံမည်ဖြစ်သည်။ သွားရောက်ပါဝင်သင့်သလော။
၈ သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကို အသုံးချပါလေ။ ဦးဆုံး၊ ဤအချက်အလက်များကို စူးစမ်းပါ။ ဤမိတ်ဆုံပွဲသည် မည်မျှကြီးကျယ်မည်နည်း။ ထိုတွင် မည်သူများပါဝင်မည်နည်း။ မည်သည့်အချိန်တွင် စမည်နည်း။ မည်သည့်အချိန်တွင် ပြီးမည်နည်း။ အဘယ်အစီအစဉ်များရှိသနည်း။ မည်သို့ကြီးကြပ်မည်နည်း။ ထို့နောက် ကင်းမျှော်စင်စာပေအညွှန်းပါ “မိတ်ဆုံပွဲများ” နှင့် “ဖျော်ဖြေမှု” တို့ကိုရှာဖွေပြီး သုတေသနပြုပါ။b သင့်သုတေသနပြုချက်က အဘယ်အရာကို ဖော်ပြသနည်း။ တစ်ခုမှာ မိတ်ဆုံပွဲလုပ်ကာ ပျော်ရွှင်ကြခြင်းကို ယေဟောဝါအပြစ်မဆိုကြောင်းတွေ့ရမည်။ အမှန်မှာ ဒေ. ၈:၁၅ က အလုပ်ကြိုးစားခြင်းနှင့်အတူ “နေအောက်မှာ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသောအရာ” လူ၌မရှိဟုဆိုထားသည်။ ယေရှုခရစ်သည်ပင် အထူးစားသောက်ပွဲများနှင့် အနည်းဆုံး မင်္ဂလာဆောင်ပွဲတစ်ပွဲကို တက်ရောက်ခဲ့သည်။ (လုကာ ၅:၂၇-၂၉; ယောဟန် ၂:၁-၁၀) ချင့်ချိန်ပြုလုပ်လျှင် လူမှုပေါင်းသင်းခြင်းသည် အကျိုးရှိနိုင်သည်။
၉၊ ၁၀။ (က) အချို့မိတ်ဆုံပွဲများတွင် အဘယ်အန္တရာယ်များရှိနေနိုင်သနည်း။ (ခ) မိတ်ဆုံပွဲတစ်ခုကို တက်မတက်မဆုံးဖြတ်မီ သင့်ကိုယ်သင် အဘယ်မေးခွန်းများမေးနိုင်သနည်း။
၉ သို့သော် ဖွဲ့စည်းစီစဉ်မှုမကောင်းသည့်မိတ်ဆုံပွဲများသည် ပြဿနာတက်နိုင်သည်။ ၁ ကောရိန္သု ၁၀:၈ တွင် ဉာဏ်ပညာမဲ့သောပေါင်းသင်းမှုများကြောင့် မတရားသောမေထုန်အမှုနှင့် “တစ်နေ့ချင်းတွင် [သစ္စာမဲ့သောဣသရေလ] လူနှစ်သောင်းသုံးထောင်” ကွပ်မျက်ခံရခြင်းအကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ နောက်အလေးအနက်သတိပေးချက်တစ်ရပ်ကို ရောမ ၁၃:၁၃ တွင် ဤသို့တွေ့ရသည်– “ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။” (၁ ပေတရု ၄:၃ နှိုင်းယှဉ်။) မိတ်ဆုံပွဲတစ်ခုကို လူဦးရေမည်မျှတက်ရောက်နိုင်ကြောင်း အတိအကျမသတ်မှတ်နိုင်သည်မှာ မှန်ပါသည်။ သို့သော် အတွေ့အကြုံအရ မိတ်ဆုံပွဲသာ၍ကြီးလေလေ၊ ကြီးကြပ်ရခက်လေလေဖြစ်သည်။ အုပ်စုငယ်ပြီး ကောင်းစွာစီစဉ်ထားသောမိတ်ဆုံပွဲများသည် “ထင်တိုင်းကြဲပါတီပွဲများ” ဖြစ်သွားနိုင်စရာအကြောင်းနည်းသည်။—ဂလာတိ ၅:၂၁၊ ဘိုင်ရင်တန်ကျမ်း။
၁၀ သင်စူးစမ်းလေ့လာကြည့်သည့်အခါ မိတ်ဆုံပွဲတွင် ရင့်ကျက်သောခရစ်ယာန်လူကြီးအချို့ ရှိနေမည်လော။ မည်သူက ကမကထပြုကျင်းပသနည်း။ မိတ်ဆုံပွဲ၏ရည်ရွယ်ချက်မှာ အကျိုးရှိသောပေါင်းသင်းမှုကို ရရှိစေလို၍လော သို့မဟုတ် တစ်ဦးတစ်ယောက် အမြတ်ထုတ်လို၍လော။ တက်ရောက်နိုင်မည့်သူနှင့်ပတ်သက်၍ ကန့်သတ်ချက်တစ်စုံတစ်ရာရှိသလော။ မိတ်ဆုံပွဲသည် သီတင်းပတ်အဆုံးပိုင်းရက်အတွင်းဖြစ်နေလျှင် မိတ်ဆုံပွဲလာသူများ နောက်တစ်နေ့ ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်နိုင်စေရန် သင့်တော်သောအချိန်တွင် ပြီးဆုံးမည်လော။ အဆိုအကပါမည်ဆိုလျှင် ခရစ်ယာန်စံနှုန်းနှင့်ကိုက်ညီမည်လောအစရှိသော နောက်ထပ်မေးခွန်းများပေါ်လာမည်မှာမလွဲပေ။ (၂ ကောရိန္သု ၆:၃) ဤကဲ့သို့သောမေးခွန်းများမေးဖို့ လွယ်လှမည်မဟုတ်ချေ။ သို့သော် နယပုံပြင် ၂၂:၃၊ (သမ္မာ) ကဤသို့သတိပေးသည်– “ပညာသတိရှိသောသူသည် ဘေးကိုမြော်မြင်၍ ပုန်းနေတတ်၏။ မလိမ္မာသောသူမူကား၊ သွားမြဲသွား၍ဒဏ်ခံရ၏။” မှန်၏၊ သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကိုအသုံးပြုခြင်းဖြင့် အန္တရာယ်ရှိသောအခြေအနေများကို ရှောင်ရှားနိုင်သည်။
သင့်ပညာရေးကို စီမံရာတွင် ပိုင်းခြားသိမြင်မှုရှိခြင်း
၁၁။ လူငယ်များသည် မိမိတို့၏အနာဂတ်ရေးစီမံရာတွင် ပိုင်းခြားသိမြင်နိုင်စွမ်းကို မည်သို့အသုံးပြုနိုင်သနည်း။
၁၁ အနာဂတ်အတွက် စီမံထားခြင်းသည် ပညာရှိရာကျကြောင်း ကျမ်းစာက မိန့်မှာထားသည်။ (သု. ၂၁:၅) သင်နှင့်သင့်မိဘတို့သည် သင့်အနာဂတ်ရေးအတွက် ဆွေးနွေးပြီးပြီလော။ ရှေ့ဆောင်တစ်ယောက်အဖြစ် အချိန်ပြည့်ဓမ္မအမှုတွင် ဝင်ရောက်ဖို့ ကြံရွယ်ကောင်းကြံရွယ်ထားပေမည်။ အဘယ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းမျှ ၎င်းထက်ကျေနပ်မှုပိုပေးနိုင်မည်မဟုတ်သည်မှာ အမှန်ပင်။ သင်သည် ကောင်းစွာလေ့လာသည့်အကျင့်ရှိပြီး ဓမ္မအမှုတွင် ကျွမ်းကျင်မှုတိုးများလာစေမည်ဆိုလျှင် ဤစိတ်လှုပ်ရှားဖွယ်အသက်မွေးဝမ်းကျောင်းမှုအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ ဓမ္မအမှုတွင် မိမိကိုယ်ကို မည်သို့ထောက်ပံ့မည်ကို စဉ်းစားထားပြီလော။ နောင်တွင် အိမ်ထောင်သားမွေးမှုပြုရန် ရွေးချယ်မည်ဆိုလျှင် ထိုထပ်ဆင့်တာဝန်ကို သင်ထမ်းဆောင်နိုင်မည်လော။ ဤကဲ့သို့သောကိစ္စများနှင့်ပတ်သက်၍ မျှတမှုရှိပြီး လက်တွေ့ကျသောဆုံးဖြတ်ချက်များချရန် ပိုင်းခြားသိမြင်နိုင်စွမ်းကိုအသုံးပြုဖို့လိုသည်။
၁၂။ (က) မိသားစုအချို့သည် စီးပွားရေးအခြေအနေပြောင်းလဲလာခြင်းနှင့်အညီ အလိုက်သင့်ပြောင်းပေးရန် မည်သို့ရွေးချယ်ခဲ့ကြသနည်း။ (ခ) ထပ်ဆင့်ပညာရေးတစ်မျိုးမျိုးကိုဆည်းပူးခြင်းသည် ရှေ့ဆောင်ပန်းတိုင်ကို အတားအဆီးဖြစ်စေပါသလော။ ရှင်းပြပါ။
၁၂ ဒေသအချို့တွင် အလုပ်လုပ်ရင်းနှင့် အသုံးဝင်သော အတတ်ပညာတစ်ခု သို့မဟုတ် အသက်မွေးဝမ်းကျောင်းပညာတစ်ခုကို သင်ယူနိုင်ဆဲဖြစ်သည်။ မိသားစုစီးပွားရေးလုပ်တတ်သည့်လူငယ်များ သို့မဟုတ် စီးပွားရေးလုပ်ငန်းပိုင်ဆိုင်ထားသော လူကြီးများထံ၌ ပညာသင်သည့်လူငယ်များရှိသည်။ အခြားသူများမူ နောင်တွင် အသက်မွေးဝမ်းကျောင်းအတွက် အသုံးဝင်သော သင်တန်းများကို ကျောင်းတွင်ဆည်းပူးယူကြသည်။ ဤကဲ့သို့သောအခွင့်အလမ်းများမရှိသည့်ဒေသများတွင် မိဘများသည် အသေအချာစဉ်းစားပြီး သူတို့၏သားသမီးများအထက်တန်းအောင်ပြီးနောက် ထပ်ဆင့်ပညာရေးတစ်မျိုးမျိုးကိုရယူရန် စီစဉ်ပေးနိုင်ပေမည်။ လူကြီး၏တာဝန်များကို ယူနိုင်ရန်နှင့် အထူးသဖြင့် ရှေ့ဆောင်လုပ်ငန်းတွင် နှစ်ရှည်ပါဝင်နိုင်ရန်အလို့ငှာ ဤအတိုင်းကြိုတင်စီမံပေးခြင်းသည် ဘုရားသခင့်နိုင်ငံတော်ရှေးဦးထားခြင်းကို မထိခိုက်ပါ။ (မဿဲ ၆:၃၃) ထို့အပြင် ထပ်ဆင့်ပညာရေးကြောင့် ရှေ့ဆောင်လုပ်ငန်း မလုပ်နိုင်စရာအကြောင်းမရှိပါ။ ဥပမာ၊ သက်သေခံညီအစ်မငယ်တစ်ဦးသည် ရှေ့ဆောင်လိုသည်မှာ ကြာပေပြီ။ မှန်မှန်ရှေ့ဆောင်များဖြစ်ကြသော သူ၏မိဘတို့က အထက်တန်းအောင်ပြီးနောက် ထပ်ဆင့်ပညာရေးတစ်မျိုးကိုဆည်းပူးရန် စီစဉ်ပေးခဲ့သည်။ ကျောင်းတက်ရင်း ရှေ့ဆောင်လုပ်နိုင်ရာ ယခုဆိုလျှင် ရှေ့ဆောင်ဆက်လုပ်ရင်း မိမိကိုယ်ကိုထောက်ပံ့နိုင်သည့် အတတ်ပညာတစ်ခုရထားပြီဖြစ်သည်။
၁၃။ ထပ်ဆင့်ပညာရေး၏အကုန်အကျကို မိသားစုများ မည်သို့တွက်ချက်သင့်သနည်း။
၁၃ ထပ်ဆင့်ပညာဆည်းပူးရေးကိစ္စတွင် မိသားစုတစ်ခုစီ၌ ကိုယ့်ဆုံးဖြတ်ချက်ကိုယ်ပြုရန် အခွင့်အရေးနှင့်တာဝန်ရှိသည်။ ဤပညာရေးကို ကောင်းစွာရွေးချယ်လျှင် အကူအညီဖြစ်နိုင်သည်။ သို့သော် ထောင်ချောက်တစ်ခုလည်းဖြစ်သွားနိုင်သည်။ သင်သည် ဤကဲ့သို့သောပညာရေးကိုဆည်းပူးရန် စဉ်းစားနေလျှင် သင့်ပန်းတိုင်ကားအဘယ်နည်း။ လူကြီးတာဝန်များကို သိက္ခာရှိရှိဖြင့်ထမ်းဆောင်နိုင်ရန် မိမိကိုယ်ကိုပြင်ဆင်နေခြင်းလော။ သို့မဟုတ် သင်သည် “ကြီးစွာသောအရာတို့ကို ကိုယ်အဖို့ရှာ” နေခြင်းလော။ (ယေရမိ ၄၅:၅; ၂ သက်သာလောနိတ် ၃:၁၀; ၁ တိမောသေ ၅:၈; ၆:၉) မိသားစုနှင့်ဝေးရာ တက္ကသိုလ်နယ်မြေတစ်ခုတွင် သွားနေဖို့လိုသည့် ထပ်ဆင့်ပညာရေးကို ဆည်းပူးရန်လိုလျှင်ကောအသို့နည်း။ “မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏” ဟူသည့် ပေါလု၏သတိပေးချက်ကိုထောက်လျှင် ပညာရှိရာကျမည်လော။ (၁ ကောရိန္သု ၁၅:၃၃; ၂ တိမောသေ ၂:၂၂) “ကာလအချိန်တိုလာပြီ” ဖြစ်ကြောင်းကိုလည်း မမေ့ပါနှင့်။ (၁ ကောရိန္သု ၇:၂၉၊ သမ္မာ) ဤပညာရေးအတွက် အချိန်မည်မျှကုန်ခန်းစေမည်နည်း။ သင့်နုပျိုချိန်အတော်များများ ကုန်ခန်းသွားမည်လော။ သို့ဆိုလျှင် “ယခုအသက်ပျိုစဉ်အခါပင်၊ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့” ဟူသည့် ကျမ်းစာတိုက်တွန်းချက်ကို သင်မည်သို့လိုက်နာမည်နည်း။ (ဒေ. ၁၂:၁) ထို့အပြင် သင်ယူထားသည့်သင်တန်းများက အစည်းအဝေးတက်ခြင်း၊ လယ်ကွင်းလုပ်ငန်းနှင့် ကိုယ်ပိုင်လေ့လာမှုကဲ့သို့သော အရေးကြီးသည့် ခရစ်ယာန်လုပ်ငန်းများအတွက် အချိန်ပေးမည်လော။ (မဿဲ ၂၄:၁၄; ဟေဗြဲ ၁၀:၂၄၊ ၂၅) သင့်ပိုင်းခြားသိမြင်နိုင်စွမ်းသည် ထက်မြက်နေလျှင် သင့်အနာဂတ်အတွက် အသင်နှင့်သင့်မိဘများစီမံသည့်ဝိညာဉ်ရေးပန်းတိုင်များကို ဘယ်သောအခါမျှ မျက်ခြည်ပြတ်မည်မဟုတ်ချေ။
ရည်းစားထားခြင်းကို အသရေရှိစေခြင်း
၁၄။ (က) တစ်ဦးအပေါ်တစ်ဦး ချစ်ခင်တွယ်တာမှုပြသည့်အခါ အဘယ်မူများက သမီးရည်းစားစုံတွဲများကို လမ်းညွှန်ပေးသင့်သနည်း။ (ခ) ဤကိစ္စတွင် အချို့စုံတွဲများ ချင့်ချိန်ပိုင်းခြားမှုကောင်းမရှိကြောင်း မည်သို့ပြသခဲ့သနည်း။
၁၄ သင့်ပိုင်းခြားသိမြင်နိုင်စွမ်းလိုအပ်သည့် နောက်ကဏ္ဍတစ်ခုမှာ ရည်းစားထားခြင်းကိစ္စတွင်ဖြစ်သည်။ မိမိစိတ်ဝင်စားနေသူကို ချစ်ခင်တွယ်တာကြောင်းပြလိုသည်မှာ သဘာဝပင်။ ရှောလမုန်သီချင်းပါ စင်ကြယ်သောစုံတွဲသည် လက်မထပ်မီ ချစ်ခင်တွယ်တာမှုဖော်ပြသည့် အမူအရာအချို့ကို အပြန်အလှန်တင်ပြခဲ့ကြောင်းထင်ရှားသည်။ (ရှောလမုန်သီချင်း ၁:၂; ၂:၆; ၈:၅) ယနေ့ ရည်းစားစုံတွဲအချို့က အထူးသဖြင့် မကြာမီလက်ထပ်တော့မည်ဟုယူဆထားချိန်တွင် လက်ကိုင်ခြင်း၊ နမ်းခြင်း၊ သိုင်းဖက်ခြင်းတို့သည် သင့်လျော်သည်ဟု ယူဆထားကြပေမည်။ သို့သော် သတိရရမည်မှာ “မိမိစိတ်နှလုံးကိုကိုးစားသောသူသည် လူမိုက်ဖြစ်၏။” (သု. ၂၈:၂၆) ဝမ်းနည်းစရာကား စုံတွဲအများအပြားသည် အလျှော့ပေးလိုက်လျောသည့်အခြေအနေများသို့ အရောက်ခံခြင်းဖြင့် ချင့်ချိန်ပိုင်းခြားမှုကောင်းမရှိကြောင်း တင်ပြခဲ့ကြသည်။ ချစ်ခင်တွယ်တာကြောင်းဖော်ပြမှုများသည် အရှိန်တက်လာကာ မထိန်းနိုင်တော့ပေ; မသန့်ရှင်းသောအကျင့်များပြုမိသည်သာမက လိင်ဆိုင်ရာအကျင့်ယိုယွင်းသည့်အဆင့်ပင် ရောက်သွားခဲ့ကြသည်။
၁၅၊ ၁၆။ ၎င်းတို့၏သမီးရည်းစားဘဝသည် အသရေရှိနေမြဲဖြစ်ကြောင်းသေချာစေရန် အဘယ်ကျိုးကြောင်းညီသောသတိပေးချက်များက စုံတွဲများကို ထောက်ကူပေးနိုင်သနည်း။
၁၅ သင်ချိန်းတွေ့လျှင် မသင့်လျော်သောအခြေအနေများအောက်တွင် သင့်အိမ်ထောင်ဖက်လောင်းနှင့် နှစ်ယောက်တည်းရှိနေခြင်းကို ရှောင်ခြင်းသည် ပညာရှိရာကျသည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးပေါင်းသင်းဆက်ဆံမှုကို အုပ်စုလိုက်အနေဖြင့်သော်လည်းကောင်း၊ အများပြည်သူရှိရာနေရာများတွင်သော်လည်းကောင်း ပြုခြင်းသည် အကောင်းဆုံးဖြစ်နိုင်သည်။ အချို့စုံတွဲများသည် အဖော်တစ်ယောက်ပါရန် စီစဉ်ကြသည်။ ဟောရှေ ၄:၁၁ (သမ္မာ) ပါစကားများကိုလည်း သုံးသပ်ပါ– “စပျစ်ရည်နှင့် အသစ်သောစပျစ်ရည်သည် ဉာဏ်ကို ကင်းမဲ့စေ၏။” အရက်သည် ကောင်းစွာချင့်ချိန်နိုင်မှုကို ပျက်စီးစေရာ နောက်ပိုင်းတွင် ၎င်းစုံတွဲ ယူကျုံးမရဖြစ်ရမည့်အပြုအမူကို ပြုမူမိစေတတ်သည်။
၁၆ နယပုံပြင် ၁၃:၁၀၊ (သမ) ကဤသို့ဆိုသည်– “ထောင်လွှားသောစိတ်အားဖြင့် ရန်ပွားခြင်းသက်သက်ဖြစ်၏၊ အကြံပေးရာလိုက်နာသူ [“နှီးနှောတတ်သူ၊” ကဘ] တို့၌မူကား ဉာဏ်ပညာရှိ၏။” မှန်သည်၊ ‘အချင်းချင်းနှီးနှော’ ကာမည်သို့ကျင့်ကြံပြုမူမည်ကို ဆွေးနွေးပါ။ ချစ်ခင်တွယ်တာကြောင်း ပြသမှုများအပေါ် ကန့်သတ်ချက်များထားပြီး အချင်းချင်း၏ခံစားချက်များနှင့် မှန်မှားသိစိတ်တို့ကို လေးစားပါ။ (၁ ကောရိန္သု ၁၃:၅; ၁ သက်သာလောနိတ် ၄:၃-၇; ၁ ပေတရု ၃:၁၆) ဤအထိမခံထိခိုက်လွယ်သော အကြောင်းကို ဆွေးနွေးခြင်းသည် အစပိုင်းတွင်ခဲယဉ်းမည်ဖြစ်သော်လည်း နောက်ပိုင်းတွင်ကြီးလေးသည့်ပြဿနာများ မဖြစ်ပေါ်လာစေရန် တားဆီးပေးနိုင်သည်။
‘ငယ်ရွယ်ချိန်မှစ၍’ သွန်သင်မှုခံယူခြင်း
၁၇။ ဒါဝိဒ်သည် ယေဟောဝါအား ‘ငယ်သောအရွယ်မှစ၍၊ သူ၏ကိုးစားရာ’ မည်သို့ဖြစ်စေခဲ့သနည်း၊ ယနေ့လူငယ်များအတွက် အဘယ်သင်ခန်းစာယူစရာရှိသနည်း။
၁၇ စာတန့်ကျော့ကွင်းများကို ရှောင်ဖို့ အစဉ်မပြတ်သတိဝီရိယရှိဖို့—ရံဖန်ရံခါ အကြီးအကျယ်သတ္တိရှိဖို့လိုမည်။ တစ်ခါတစ်ရံ ရွယ်တူချင်းများနှင့်သာမက တစ်လောကလုံးနှင့်ပင် အဆင်မပြေသည့်အခါများရှိကြောင်း သတိထားမိပေမည်။ ဆာလံဆရာက ဤသို့ဆုတောင်းခဲ့သည်– “အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာဖြစ်တော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင် အံ့ဖွယ်သောအမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။” (ဆာလံ ၇၁:၅၊ ၁၇)c ဒါဝိဒ်သည် သူ၏ရဲစွမ်းသတ္တိကြောင့် ကျော်ကြားခဲ့သည်။ ထိုစိတ်ထားကို အဘယ်အချိန်တွင် သူမွေးမြူခဲ့သနည်း။ ငယ်ရွယ်စဉ်ကပင်! ဂေါလျတ်နှင့် သူ၏ကျော်ကြားလှသော ထိပ်တိုက်ရင်ဆိုင်မှုမတိုင်မီကပင် ဒါဝိဒ်သည် ဖခင်၏သိုးအုပ်များကိုကာကွယ်ရာတွင် ထူးခြားသည့်ရဲစွမ်းသတ္တိ—ခြင်္သေ့တစ်ကောင်နှင့် ဝက်ဝံတစ်ကောင်ကိုသတ်ခြင်း—တင်ပြခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၃၄-၃၇) သို့သော် ဒါဝိဒ်က မိမိရဲရင့်ခဲ့သည်မှာ ယေဟောဝါကြောင့်ဖြစ်ကြောင်း ကိုယ်တော်အား “ငယ်သောအရွယ်မှစ၍၊ အကျွန်ုပ်ကိုးစားရာ” ဟုချီးကျူးခြင်းဖြင့် အပြည့်အဝဂုဏ်တင်ခဲ့သည်။ ယေဟောဝါအပေါ်မှီခိုအားထားတတ်သည့် ဒါဝိဒ်၏အရည်အသွေးက သူရင်ဆိုင်ခဲ့ရသည့် မည်သည့်အကျပ်အတည်းကိုမဆို ယှဉ်နိုင်စေခဲ့သည်။ အသင်လည်း ယေဟောဝါကို မှီခိုအားထားမည်ဆိုလျှင် “လောကကိုအောင်” နိုင်မည့် ရဲစွမ်းသတ္တိနှင့် ခွန်အားကို ကိုယ်တော်ပေးသနားပါလိမ့်မည်။—၁ ယောဟန် ၅:၄။
၁၈။ ယနေ့ဘုရားတရားကိုင်းရှိုင်းသောလူငယ်လေးများကို မည်သို့တိုက်တွန်းအားပေးထားသနည်း။
၁၈ သင့်ကဲ့သို့သော ထောင်သောင်းချီသည့် လူငယ်မောင်မယ်များသည် ရဲရဲရင့်ရင့်ရပ်တည်ခဲ့ကြကာ နှစ်ခြင်းခံပြီးသား သတင်းကောင်းကြေညာသူများအဖြစ် ယခုအမှုဆောင်နေကြသည်။ အသင်လူငယ်မောင်မယ်တို့၏ ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်! လောက၏ယိုယွင်းမှုမှလွတ်ကင်းလျက်နေရန် ဆုံးဖြတ်ပါ။ (၂ ပေတရု ၁:၄) ကျမ်းစာဖြင့်လေ့ကျင့်ထားသော သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကို ဆက်၍အသုံးပြုနေပါ။ ထိုသို့ပြုခြင်းဖြင့် ယခုကာလတွင် ဘေးလွတ်ကင်းပြီး နောက်ဆုံး၌ သင့်ကယ်တင်ခြင်းကို သေချာစေမည်။ ကျွန်ုပ်တို့၏နောက်ဆုံးဆောင်းပါးက ဖော်ပြမည်ဖြစ်သည့်အတိုင်း သင်သည် သင့်အသက်တာကို အမှန်ပင်အောင်မြင်စေပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၉ ခုနှစ် အောက်တိုဘာ ၈ ရက်ထုတ် နိုးလော့! “လူငယ်များအမေး . . . အမှန်တရားကို ကျွန်ုပ်၏ကိုယ်ပိုင်မည်သို့ဖြစ်စေနိုင်မည်နည်း” ဆောင်းပါးရှု။
b ၁၉၉၂၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်တွင်တွေ့ရသည့် “ဖျော်ဖြေခြင်း—အကျိုးကျေးဇူးများကိုပျော်မွေ့၊ ကျော့ကွင်းများကိုရှောင်” ဆောင်းပါးတွင် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး အချက်အလက်အစုံအလင်ဖော်ပြထားသည်။
c ဆာလံ ၇၁ သည် ဆာလံ ၇၀ ၏အဆက်ဖြစ်ကြောင်းထင်ရှားသည်၊ ယင်းအထက်တွင် ဒါဝိဒ်၏ဆာလံတစ်ပုဒ်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ပြန်လည်သုံးသပ်ရန်မေးခွန်းများ
◻ လူငယ်တစ်ယောက်သည် မိမိ၏ပိုင်းခြားသိမြင်နိုင်စွမ်းကို မည်သို့လေ့ကျင့်ပေးသနည်း။
◻ ခရစ်ယာန်မိတ်ဆုံပွဲများတက်ရောက်ခြင်းကိစ္စတွင် လူငယ်တစ်ဦးသည် မိမိ၏ပိုင်းခြားသိမြင်နိုင်စွမ်းကို မည်သို့အသုံးပြုနိုင်သနည်း။
◻ မိမိ၏ပညာရေးကိုစီမံရာတွင် အဘယ်အချက်များကို ထည့်သွင်းစဉ်းစားကြည့်နိုင်သနည်း။
◻ သမီးရည်းစားအတွဲများသည် လိင်ဆိုင်ရာအကျင့်ယိုယွင်းမှုညွှတ်ကွင်းကို မည်သို့ရှောင်ရှားနိုင်မည်နည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ရှာဖွေလေ့လာတတ်အောင်သင်ယူခြင်းက သင့်ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးရန် အထောက်အကူပေးမည်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
မိတ်ဆုံပွဲငယ်လေလေ ကြီးကြပ်ရန်လွယ်လေလေဖြစ်ပြီး အထိန်းအကွပ်မရှိသောပွဲများဖြစ်သွားရန် အကြောင်းနည်းသည်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
မိဘတို့သည် သားသမီးတို့၏ပညာရေးကိုစီမံရာတွင် သူတို့လေးများအားအကူအညီပေးသင့်သည်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
အုပ်စုရှိရာတွင်ချိန်းတွေ့ ခြင်းသည် အကာအကွယ်ဖြစ်သည်