သင့်ဖန်ဆင်းရှင်—ကိုယ်တော်သည်မည်သို့သောအရှင်ဖြစ်ကြောင်း သင်ယူလော့
“ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါလျှောက်သွားစေမည်။ ထာဝရဘုရား၏နာမတော်ကိုလည်း သင့်ရှေ့၌ငါကြွေးကြော်မည်။”—ထွက်မြောက်ရာ ၃၃:၁၉။
၁။ ဖန်ဆင်းရှင်သည် အဘယ်ကြောင့်ဂုဏ်တင်ခံထိုက်သနည်း။
သမ္မာကျမ်းစာ၏ နောက်ဆုံးကျမ်းရေးသူ တမန်တော်ယောဟန်သည် ဖန်ဆင်းရှင်အကြောင်း ဤလေးနက်သောကြွေးကြော်ချက်ကို မှတ်တမ်းတင်ထားသည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။” (ဗျာဒိတ် ၄:၁၁) ရှေ့ဆောင်းပါးတွင် ဖော်ပြထားသကဲ့သို့ မျက်မှောက်ခေတ်သိပ္ပံတွေ့ရှိချက်များသည် အရာခပ်သိမ်း၏ဖန်ဆင်းရှင်အားယုံကြည်ရန် အကြောင်းများထပ်တိုးစေလေ့ရှိသည်။
၂၊ ၃။ (က) လူတို့သည် ဖန်ဆင်းရှင်အကြောင်းကိုသိရှိရန် အဘယ်အရာလိုသနည်း။ (ခ) ဖန်ဆင်းရှင်နှင့် ကိုယ်တိုင်ကိုယ်ကျတွေ့ခြင်းသည် အဘယ်ကြောင့်ကျိုးကြောင်းမညီညွတ်သနည်း။
၂ ဖန်ဆင်းရှင်ရှိကြောင်းလက်ခံရန်အရေးကြီးသကဲ့သို့ ကိုယ်တော်သည် မည်သို့သောအရှင်ဖြစ်ကြောင်း—လူတို့ကိုဆွဲဆောင်သည့် ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များရှိသည့် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း—သိလာရန် ထပ်တူအရေးကြီးသည်။ ထိုသို့ မည်မျှအထိပြုခဲ့ပြီဖြစ်စေ ကိုယ်တော်အား ပိုသိကျွမ်းခြင်းက အကျိုးရှိမည်မဟုတ်လော။ သို့ပြုရန် အခြားလူများနှင့် ကျွန်ုပ်တို့တွေ့ဆုံရသကဲ့သို့ ကိုယ်တော်နှင့် ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံရန်မလိုချေ။
၃ ယေဟောဝါသည် ကြယ်များ၏ရင်းမြစ်ပင်ဖြစ်ကာ ကျွန်ုပ်တို့၏နေသည် အလယ်အလတ်ရှိသောကြယ်တစ်လုံးမျှဖြစ်၏။ နေနှင့်နီးနီးကပ်ကပ်ထိတွေ့ရန် ကြိုးစားဖို့စိတ်ကူးမည်လော။ ဝေးလေစွ! လူအများစုသည် ယင်းကိုစိုက်ကြည့်ရန် သို့မဟုတ် ယင်း၏ရောင်ခြည်ကိုကြာမြင့်စွာခံရန်ပင် သတိထားကြသည်။ ၎င်း၏အပူချိန်သည် ၁၅,၀၀၀,၀၀၀ ဒီဂရီဆဲလ်စီယပ်စ် (၂၇,၀၀၀,၀၀၀ ဒီဂရီဖာရင်ဟိုက်) ခန့်ရှိသည်။ စက္ကန့်တိုင်းတွင် ဤသာမိုနယူကလီးယားမီးဖိုသည် ဒြပ်ထုတန်ချိန်လေးသန်းခန့်ကို စွမ်းအင်အဖြစ်ပြောင်းလဲပေး၏။ ယင်း၏တစ်စိတ်တစ်ပိုင်းသာ အပူနှင့်အလင်းအဖြစ် ကမ္ဘာပေါ်သို့ရောက်ရှိသော်လည်း ယင်းပမာဏသည် ဤနေရာမှသက်ရှိအားလုံးကို ရှင်သန်စေသည်။ ထိုအခြေခံဖြစ်ရပ်များသည် ဖန်ဆင်းရှင်၏စိုးရွံ့ဖွယ်တန်ခိုးတော်ကို အထင်ကြီးစေသင့်၏။ ဖန်ဆင်းရှင်သည် “ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံ” ကြောင်းဟေရှာယက လျောက်ပတ်စွာရေးသားနိုင်ခဲ့သည်။—ဟေရှာယ ၄၀:၂၆။
၄။ မောရှေသည် အဘယ်အရာကိုတောင်းဆိုခဲ့သနည်း၊ ယေဟောဝါမည်သို့တုံ့ပြန်ခဲ့သနည်း။
၄ သို့တိုင် ဘီ.စီ.အီး. ၁၅၁၃ တွင်အီဂျစ်ပြည်မှ ဣသရေလလူတို့ထွက်သွားပြီး လအနည်းငယ်အကြာတွင် မောရှေက ဖန်ဆင်းရှင်အား “ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အားပြတော်မူပါ” ဟုတောင်းပန်ခဲ့သည်ကို သင်သိပါသလော။ (ထွက်မြောက်ရာ ၃၃:၁၈) ဘုရားသခင်သည် နေ၏ရင်းမြစ်ပင်လျှင်ဖြစ်ကြောင်းသတိရ၍ မောရှေကို ကိုယ်တော်က “သင်သည် ငါ့မျက်နှာကိုမမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အဘယ်သူမျှအသက်မရှင်နိုင်ရာ” ဟုအဘယ်ကြောင့်ဆိုခဲ့ကြောင်းကို နားလည်နိုင်သည်။ ဖန်ဆင်းရှင်ဖြတ် “လျှောက်သွား” စဉ် သိနာတောင်၏ကွယ်ရာတစ်နေရာတွင် မောရှေကိုနေခွင့်ပေးခဲ့သည်။ ယင်းသို့ ဖြတ်သန်းပြီးနောက် ဖန်ဆင်းရှင်၏ဘုန်း သို့မဟုတ် ရောက်ရှိခြင်း၏အလင်းတစ်မျိုးမျိုးကိုပုံဆောင်သော ဘုရားသခင်၏ “ကျော” ကိုမောရှေတွေ့မြင်ခဲ့ရခြင်းဖြစ်သည်။—ထွက်မြောက်ရာ ၃၃:၂၀-၂၃; ယောဟန် ၁:၁၈။
၅။ ဖန်ဆင်းရှင်သည် မောရှေ၏တောင်းဆိုချက်ကို အဘယ်နည်းဖြင့် ဖြေဆိုခဲ့ရာ အဘယ်အရာကိုသက်သေထူခဲ့သနည်း။
၅ ဖန်ဆင်းရှင်အား ပို၍ကောင်းစွာသိကျွမ်းလိုသည့် မောရှေ၏ဆန္ဒမပြည့်ဘဲမနေခဲ့ပါ။ မောရှေနားမှ ဘုရားသခင်ဖြတ်လျှောက်သွားပြီး ကောင်းကင်တမန်မှတစ်ဆင့်စကားပြောကြောင်းထင်ရှားကာ ဤသို့ကြွေးကြော်ခဲ့သည်– “ထာဝရဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊ အထောင်အသောင်းများသောသူတို့အား သနားခြင်းကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ . . . ဘုရားသခင်။” (ထွက်မြောက်ရာ ၃၄:၆၊ ၇) ယင်းကြောင့် ဖန်ဆင်းရှင်အားပို၍သိကျွမ်းခြင်းတွင် ပကတိတွေ့မြင်ရခြင်းကိုမဆိုလိုဘဲ ကိုယ်တော်သည် မည်သို့သောအရှင်ဖြစ်ကြောင်း၊ ကိုယ်တော့်ဂုဏ်ရည်တော်နှင့် စရိုက်လက္ခဏာများကို ပိုမိုအပြည့်အဝသိရှိရခြင်းဖြစ်သည်။
၆။ ကျွန်ုပ်တို့၏ရောဂါပြီးစနစ်သည် မည်သို့အံ့ဖွယ်ကောင်းသနည်း။
၆ ထိုသို့ပြုနိုင်သည့်နည်းတစ်နည်းမှာ ကိုယ်တော့်ဖန်ဆင်းရာများမှ ဘုရားသခင့်အရည်အသွေးများကို ပိုင်းခြားသိမြင်ခြင်းအားဖြင့်ဖြစ်သည်။ သင်၏ရောဂါပြီးစနစ်ကို သုံးသပ်ကြည့်ပါ။ ရောဂါပြီးစနစ်နှင့်ပတ်သက်၍ အမေရိကန်သိပ္ပံပညာရပ်က ဤသို့ဆိုသည်– “မမွေးမီအချိန်မှ သေဆုံးသည့်အထိ ရောဂါပြီးစနစ်သည် အမြဲနိုးကြားသည့်အခြေအနေတွင်ရှိ၏။ များပြားလှသည့် မော်လီကျူးများနှင့် ဆဲလ်များသည် . . . ကပ်ပါးပိုးများနှင့် ရောဂါပိုးများမှကာကွယ်ပေးသည်။ ထိုကာကွယ်မှုများမရှိလျှင် လူသားများအသက်ဆက်နိုင်မည်မဟုတ်ပါ။” ထိုစနစ်၏ရင်းမြစ်ကား အဘယ်နည်း။ ထိုမဂ္ဂဇင်းတွင်ပါရှိသောဆောင်းပါးတစ်ပုဒ်က ဤသို့ဆိုသည်– “ကျူးကျော်ပိုးမွှားနှင့် ကျူးကျော်ဗိုင်းရပ်စ်တို့ ခန္ဓာကိုယ်တွင်းမဝင်စေရန် ကာကွယ်ပေးသည့် အပြန်အလှန်ဆက်စပ်နေသောဆဲလ်မြောက်မြားစွာသည် သန္ဓေတည်ပြီး ကိုးပတ်ခန့်တွင် ဦးဆုံးဖြစ်ပေါ်လာသော ရှေးဦးဆဲလ်အနည်းငယ်မှ ပေါ်ထွက်လာသည်။” ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ရောဂါပြီးစနစ်ကို ကြီးထွားဖွံ့ဖြိုးလာနေသည့်သန္ဓေသားထံ တစ်ဆင့်ပို့ပေး၏။ နောက်ပိုင်းတွင် သူ၏နို့ရည်မှတစ်ဆင့် ရင်သွေးငယ်အတွက် ရောဂါပြီးသည့်ဆဲလ်များနှင့် အကျိုးပြုဓာတ်များကိုလည်း ပံ့ပိုးပေးသည်။
၇။ ကျွန်ုပ်တို့၏ရောဂါပြီးစနစ်အကြောင်း အဘယ်အရာကိုသုံးသပ်ကာ အဘယ်ကောက်ချက်ချစေသနည်း။
၇ သင့်ရောဂါပြီးစနစ်သည် မျက်မှောက်ခေတ်ဆေးပညာပေးနိုင်သည့် မည်သည့်အရာထက်မဆို သာလွန်ကြောင်း သင်ကောက်ချက်ချစရာအကြောင်းကောင်းရှိ၏။ ထို့ကြောင့် ‘ယင်းက မူလအမြစ်ဖြစ်သူနှင့် ဤစနစ်ကိုထောက်မပေးသူအကြောင်း အဘယ်အရာကိုဖော်ပြသနည်း’ ဟုသင့်ကိုယ်သင်မေးကြည့်ပါ။ ‘သန္ဓေတည်ပြီးနောက် ကိုးပတ်ခန့်တွင် ဦးဆုံးဖြစ်ပေါ်လာ’ ပြီးဖွားမြင်စကလေးငယ်ကို ကာကွယ်ရန်အဆင်သင့်ရှိသော ဤစနစ်က ဉာဏ်ပညာနှင့် ကြိုတင်မှန်းဆမှုကို အမှန်ထင်ရှားစေသည်။ သို့သော် ဤစနစ်မှ ဖန်ဆင်းရှင်အကြောင်း ကျွန်ုပ်တို့ ပို၍ပိုင်းခြားသိမြင်နိုင်မည်လော။ ဆင်းရဲချို့ငဲ့သူများကို ဆေးဝါးကုသပေးဖို့ မိမိတို့ဘဝကိုမြှုပ်နှံခဲ့ကြသည့် အဲလ်ဘတ်စဝိုက်ဇာနှင့် အခြားသူများကို ကျွန်ုပ်တို့အများစုက မည်သို့ကောက်ချက်ချကြသနည်း။ ထိုသို့သောလူ့အကျိုးဆောင်သူများကို စိတ်ထားကောင်းရှိသည်ဟု များသောအားဖြင့် ကျွန်ုပ်တို့ပြောလေ့ရှိကြသည်။ ဆင်းရဲချမ်းသာမရွေး ရောဂါပြီးစနစ်ကို တန်းတူပေးတော်မူသော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့်ပတ်သက်၍ မည်သို့ကောက်ချက်ချနိုင်သနည်း။ ကိုယ်တော်သည် မေတ္တာရှိပြီး မျက်နှာမလိုက်ဘဲ ထောက်ထားစာနာတတ်သည့် တရားမျှတသောအရှင်ဖြစ်သည်မှာ ထင်ရှားသည်။ ယင်းသည် မောရှေကြားခဲ့သော ဖန်ဆင်းရှင်အကြောင်းဖော်ပြချက်နှင့် မကိုက်နေပေလော။
ကိုယ်တော်သည်မည်သို့သောအရှင်ဖြစ်ကြောင်း ဖော်ပြ
၈။ ယေဟောဝါသည် အဘယ်အထူးနည်းဖြင့် မိမိကိုယ်ကိုဖော်ပြသနည်း။
၈ သို့သော် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို ပို၍သိကျွမ်းလာစေသော အခြားနည်းတစ်နည်းရှိသေးသည်၊ ၎င်းမှာ သမ္မာကျမ်းစာအားဖြင့်ဖြစ်သည်။ ဤနည်းကား အထူးအရေးကြီးသည်။ အကြောင်းမှာ ကိုယ်တော့်အကြောင်း သိပ္ပံနှင့် စကြဝဠာတို့ လုံးဝမဖော်ပြနိုင်သည့်အရာများကို သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်းဖော်ပြနိုင်သောကြောင့်ဖြစ်၏။ ဥပမာအနေဖြင့် ဖန်ဆင်းရှင်၏ကိုယ်ပိုင်နာမတော်ကို ထုတ်ဖော်ပြခြင်းဖြစ်သည်။ သမ္မာကျမ်းစာကသာလျှင် ဖန်ဆင်းရှင်၏နာမတော်နှင့် ယင်း၏အဓိပ္ပာယ်တို့ကို ဖော်ထုတ်တင်ပြသည်။ ဟေဗြဲကျမ်းစာစောင်များတွင် ကိုယ်တော်၏နာမတော်သည် ယဟဝဟ ဟုအက္ခရာလှယ်ရေးသားနိုင်သည့် ဗျည်းလေးလုံးအဖြစ် အကြိမ် ၇,၀၀၀ ခန့်ပါရှိပြီး မြန်မာဘာသာဖြင့် ယေဟောဝါဟုအသံထွက်လေ့ရှိကြသည်။—ထွက်မြောက်ရာ ၃:၁၅; ၆:၃။
၉။ ဖန်ဆင်းရှင်၏ကိုယ်ပိုင်နာမသည် အဘယ်အဓိပ္ပာယ်ရှိသနည်း၊ ယင်းမှ ကျွန်ုပ်တို့အဘယ်ကောက်ချက်ချနိုင်သနည်း။
၉ ဖန်ဆင်းရှင်အား ပို၍သိကျွမ်းလာရန် ကိုယ်တော်သည် သဘောတရားမျှသာဖြစ်သော “အဦးဆုံးအကြောင်းရင်း” သို့မဟုတ် မရေရာသော “ငါဖြစ်သည်” မဟုတ်ကြောင်း ကျွန်ုပ်တို့နားလည်ထားရန်လိုသည်။ ကိုယ်တော်၏ကိုယ်ပိုင်နာမတော်က ယင်းကိုဖော်ပြထားသည်။ ၎င်းသည် ဟေဗြဲကြိယာပုံစံတစ်ခုဖြစ်၍ အဓိပ္ပာယ်မှာ “ဖြစ်လာသည်” သို့မဟုတ် “ဖြစ်စေသည်”a ဟူ၍ဖြစ်သည်။ (ကမ္ဘာဦး ၂၇:၂၉; ဒေ. ၁၁:၃ နှိုင်းယှဉ်။) ဘုရားသခင့်နာမတော်သည် “ကိုယ်တော်ဖြစ်လာစေသည်” ဟုသဘောရှိရာ ရည်ရွယ်ပြီး လုပ်ဆောင်ကြောင်းကို အလေးပေးဖော်ပြသည်။ ကိုယ်တော့်နာမတော်ကိုသိကျွမ်းပြီး အသုံးပြုခြင်းအားဖြင့် ကိုယ်တော်သည် ကတိတော်များကိုပြည့်စုံစေပြီး မိမိ၏ရည်ရွယ်ချက်များဖြစ်မြောက်လာစေရန် တက်ကြွစွာလုပ်ဆောင်နေကြောင်း ပို၍သဘောပေါက်နိုင်သည်။
၁၀။ ကမ္ဘာဦးကျမ်းမှတ်တမ်းမှ အဘယ်အရေးကြီးသောထိုးထွင်းသိမြင်မှုကို ကျွန်ုပ်တို့ရနိုင်သနည်း။
၁၀ သမ္မာကျမ်းစာသည် ဘုရားသခင့်ရည်ရွယ်ချက်များနှင့် ကိုယ်တော့်ဂုဏ်ရည်တော်ကိုဖော်ပြသော အသိပညာ၏ရင်းမြစ်ဖြစ်သည်။ တစ်ချိန်က လူတို့သည် ဘုရားသခင်နှင့်သင့်တင့်ခဲ့ပြီး အဓိပ္ပာယ်ပြည့်ဝသည့် အသက်တာမျိုးဖြင့် ကြာရှည်အသက်ရှင်ဖို့ မျှော်လင့်ခဲ့ကြောင်း ကမ္ဘာဦးကျမ်းမှတ်တမ်းကဖော်ပြထားသည်။ (ကမ္ဘာဦး ၁:၂၈; ၂:၇-၉) ကိုယ်တော့်နာမတော်၏အဓိပ္ပာယ်နှင့်အညီ ယေဟောဝါသည် လူသားများကြာမြင့်စွာရင်ဆိုင်ခဲ့ကြရသော ဆင်းရဲခြင်းနှင့် စိတ်ပျက်ဖွယ်ရာတို့ကို အဆုံးတိုင်စေလိမ့်မည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။ ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံခြင်းအကြောင်းကို ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ဤလောကသည် မိမိတို့ဆန္ဒအလျောက်စိတ်ပျက်ဖွယ်အောက်ရောက်ခဲ့ရသည်မဟုတ်။ ဘုရားသခင့်သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာ . . . ကိုတစ်နေ့နေ့ဝင်စားမည်ဟု မျှော်လင့်ရသောအခွင့်ကိုပေးသော ဖန်ဆင်းရှင်၏အလိုတော်ကြောင့်ဖြစ်၏။”—ရောမ ၈:၂၀၊ ၂၁၊ ဂျေ၊ ဒဗလျူ၊ စီ၊ ဝန်ဒ်၏ ဓမ္မသစ်ကျမ်းစာစောင်များ။
၁၁။ သမ္မာကျမ်းစာမှတ်တမ်းများကို ကျွန်ုပ်တို့အဘယ်ကြောင့်သုံးသပ်ရမည်နည်း၊ ထိုမှတ်တမ်းတစ်ခု၏ အသေးစိတ်အချက်အလက်များကား အဘယ်နည်း။
၁၁ ရှေးဣသရေလလူမျိုးနှင့်ပတ်သက်၍ ဖန်ဆင်းရှင်၏လုပ်ရပ်များနှင့် တုံ့ပြန်မှုများကို သမ္မာကျမ်းစာက ဖော်ပြထားသည့်အတွက် ကိုယ်တော်အားပိုမိုသိကျွမ်းလာရန် ကူညီပေးနိုင်သည်။ ဧလိရှဲနှင့် ရန်လိုသောရှုရိဗိုလ်ချုပ်နေမန်နှင့်ပတ်သက်သော ဥပမာတစ်ခုကိုသုံးသပ်ကြည့်ပါ။ ၄ ဓမ္မရာဇဝင်အခန်းကြီး ၅ ပါဤမှတ်တမ်းကို သင်ဖတ်ရှုသည့်အခါ နေမန်၏နူနာကို ဣသရေလနိုင်ငံရှိဧလိရှဲ ကုသပေးနိုင်မည်ဟု ဣသရေလသုံ့ပန်းမိန်းကလေးတစ်ဦးက တိုက်တွန်းခဲ့ကြောင်းကို သင်တွေ့မြင်ရပါလိမ့်မည်။ အဆန်းတကြယ်နည်းဖြင့် ကိုယ်ရိပ်လက်ရိပ်လှုပ်ရှားပြ၍ကုသပေးမည်ဟုမျှော်လင့်ကာ ဧလိရှဲထံ နေမန်သွားရောက်ခဲ့သည်။ သို့ဖြစ်မည့်အစား ယောဒန်မြစ်ထဲတွင် ရေချိုးရန် ရှုရိအမျိုးသားကို ဧလိရှဲပြောခဲ့၏။ နေမန်၏လက်ပါးစေများက လုပ်ကိုင်ဖို့ သူ့ကိုဖျောင်းဖျခဲ့ကြ၍ ထိုသို့သူပြုလုပ်သောအခါ ရောဂါပျောက်ကင်းခဲ့သည်။ နေမန်သည် အဖိုးတန်လက်ဆောင်များကိုဆက်သခဲ့ရာ ဧလိရှဲက ငြင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် အဖော်ဖြစ်သူတစ်ဦးသည် နေမန်ထံသို့ခိုးကြောင်ခိုးဝှက်သွားကာ အဖိုးတန်လက်ဆောင်အချို့ကို လိမ်လည်၍ယူခဲ့သည်။ သူ၏မရိုးသားမှုက သူ့ကိုနူနာစွဲစေခဲ့သည်။ ယင်းသည် စိတ်ဝင်စားစရာကောင်းသောလူ့မှတ်တမ်းတစ်ခုဖြစ်ရာ ယင်းမှ သင်ခန်းစာရယူနိုင်သည်။
၁၂။ ဧလိရှဲနှင့်နေမန်တို့၏မှတ်တမ်းမှ ဖန်ဆင်းရှင်အကြောင်း အဘယ်ကောက်ချက်များချနိုင်သနည်း။
၁၂ ယနေ့ ယဉ်ကျေးမှုများစွာ၏ထုံးစံနှင့်ခြားနားစွာ စကြဝဠာ၏ကြီးမြတ်သောဖန်ဆင်းရှင်သည် မိန်းကလေးငယ်တစ်ဦးကိုမျက်နှာသာပေးဖို့ စိတ်နေမမြင့်လွန်းကြောင်း မှတ်တမ်းက နှစ်သက်ဖွယ်နည်းဖြင့်ဖော်ပြသည်။ ထို့ပြင် ဖန်ဆင်းရှင်သည် လူမျိုးတစ်မျိုး သို့မဟုတ် နိုင်ငံတစ်နိုင်ငံတည်းကိုသာ မျက်နှာသာမပေးကြောင်းကိုလည်း ဖော်ပြသည်။ (တမန်တော် ၁၀:၃၄၊ ၃၅) စိတ်ဝင်စားစရာမှာ အတိတ်နှင့် မျက်မှောက်ခေတ် “ကုသသူများ” လုပ်လေ့လုပ်ထရှိသည့် လှည့်ဖြားခြင်းကိုအသုံးပြုမည့်အစား ဖန်ဆင်းရှင်သည် အံ့ဖွယ်ကောင်းသည့်ဉာဏ်ပညာကိုပြသခဲ့သည်။ နူနာကုသနည်းကို ကိုယ်တော်သိ၏။ လိမ်လည်လှည့်ဖြားမှု အထမမြောက်စေရန် ထိုးထွင်းသိမြင်မှုနှင့် တရားမျှတမှုကိုလည်း ဖော်ပြခဲ့သည်။ တစ်ဖန်၊ ယင်းသည် မောရှေကြားခဲ့သည့် ယေဟောဝါ၏ဂုဏ်ရည်တော်နှင့်တစ်ထပ်တည်းမဖြစ်ပေလော။ ထိုသမ္မာကျမ်းစာမှတ်တမ်းသည် တိုတုတ်သော်လည်း ဖန်ဆင်းရှင်သည် မည်သို့သောအရှင်ဖြစ်ကြောင်း ၎င်းမှများစွာသိရှိခဲ့ရသည်တကား!—ဆာလံ ၃၃:၅; ၃၇:၂၈။
၁၃။ သမ္မာကျမ်းစာမှတ်တမ်းများမှ တန်ဖိုးရှိသင်ခန်းစာများကို မည်သို့ရနိုင်ကြောင်း ဥပမာပြပါ။
၁၃ ဣသရေလလူမျိုး၏ ကျေးဇူးကန်းသည့်လုပ်ရပ်များနှင့် ဘုရားသခင်၏တုံ့ပြန်မှုအကြောင်းတင်ပြသည့် အခြားမှတ်တမ်းက ယေဟောဝါသည် အမှန်ပင်ဂရုစိုက်တော်မူကြောင်း ဖော်ပြသည်။ ဣသရေလလူများသည် ယေဟောဝါအား အထပ်ထပ်စုံစမ်းကြကာ စိတ်နာစေခဲ့ကြကြောင်း ကျမ်းစာကဖော်ပြသည်။ (ဆာလံ ၇၈:၄၀၊ ၄၁) ထို့ကြောင့် ဖန်ဆင်းရှင်တွင် ခံစားချက်ရှိပြီး လူတို့ပြုရာကို ဂရုစိုက်၏။ လူသိများသောပုဂ္ဂိုလ်တို့၏မှတ်တမ်းများမှလည်း သင်ယူစရာများစွာရှိ၏။ ဣသရေလဘုရင်ဖြစ်ရန် ဒါဝိဒ်ကိုရွေးချယ်သောအခါ ရှမွေလအား ဘုရားသခင်က ဤသို့မိန့်တော်မူခဲ့သည်– “လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။” (၁ ဓမ္မရာဇဝင် ၁၆:၇) မှန်ပါသည်၊ ဖန်ဆင်းရှင်သည် အပြင်ပန်းသဏ္ဌာန်ကိုသာမကြည့်ဘဲ ကျွန်ုပ်တို့၏အတွင်းသဘောကို ကြည့်ရှုတော်မူ၏။ မည်မျှကျေနပ်စရာပါတကား!
၁၄။ ဟေဗြဲကျမ်းစောင်များကို ကျွန်ုပ်တို့ဖတ်ရှုစဉ် အကျိုးရှိရှိဖြင့် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။
၁၄ ကျမ်းစာစောင် သုံးဆယ့်ကိုးစောင်ကို ယေရှုခေတ်မတိုင်မီကရေးသားခဲ့ပြီး ၎င်းကိုဖတ်ရှုရန်လိုသည်။ သို့ပြုခြင်းသည် သမ္မာကျမ်းစာမှတ်တမ်းများ သို့မဟုတ် သမိုင်းကိုသိရှိဖို့မျှသာမဖြစ်သင့်ချေ။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် မည်သို့သောအရှင်ဖြစ်ကြောင်း တကယ်သိလိုလျှင် ထိုမှတ်တမ်းများကို တွေးတောဆင်ခြင်သင့်၏၊ ‘ဤဖြစ်ရပ်သည် ကိုယ်တော့်ဂုဏ်ရည်တော်အကြောင်း အဘယ်အရာကိုသိရှိစေသနည်း၊ ကိုယ်တော်၏အဘယ်အရည်အသွေးများ ဤတွင်ထင်ရှားသနည်း စသည်ဖြင့်စဉ်းစားနိုင်သည်။b ထိုသို့ပြုခြင်းက သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှအစပြုကြောင်း မယုံကြည်သူများကိုပင်သိရှိစေနိုင်ရာ ယင်း၏မေတ္တာပြည့်ဝသောအာဘော်ရှင်ကို သူတို့ကောင်းစွာသိကျွမ်းလာဖို့ အကြောင်းရှိစေသည်။
ကြီးမြတ်သောဆရာသည်ဖန်ဆင်းရှင်အားသိကျွမ်းရန်ကူညီပေး
၁၅။ ယေရှု၏လုပ်ရပ်များနှင့် သွန်သင်ချက်များသည် အဘယ်ကြောင့် သွန်သင်မှုပေးသင့်သနည်း။
၁၅ မှန်ပါသည်၊ ဖန်ဆင်းရှင်ရှိကြောင်းကို သံသယဝင်သူများ သို့မဟုတ် ဘုရားသခင်ကိုမရေမရာရှုမြင်သူတို့သည် သမ္မာကျမ်းစာအကြောင်း အနည်းအကျဉ်းသာသိကြပေမည်။ မောရှေသည် မဿဲအရင် သို့မဟုတ် နောက်မှအသက်ရှင်ခဲ့မှန်း မပြောပြနိုင်သော၊ ယေရှု၏ဆောင်ရွက်ချက်များ သို့မဟုတ် သွန်သင်ချက်များကို မသိသလောက်ပင်ဖြစ်သူများကို သင်တွေ့ဆုံခဲ့ကောင်းတွေ့ဆုံခဲ့ဖူးမည်။ ယင်းသည် အလွန်ဝမ်းနည်းစရာပင်ဖြစ်သည်၊ အကြောင်းမှာ ကြီးမြတ်သောဆရာယေရှုထံမှ ဖန်ဆင်းရှင်အကြောင်းသင်ယူစရာများစွာရှိသောကြောင့်ဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိထားရာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် မည်ကဲ့သို့သောအရှင်ဖြစ်ကြောင်း ဖော်ပြနိုင်၏။ (ယောဟန် ၁:၁၈; ၂ ကောရိန္သု ၄:၆; ဟေဗြဲ ၁:၃) ထိုသို့လည်း ကိုယ်တော်ပြုခဲ့၏။ အမှန်မှာ တစ်ခါက ကိုယ်တော်ဤသို့ဆိုခဲ့သည်– “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။”—ယောဟန် ၁၄:၉။
၁၆။ ရှမာရိအမျိုးသမီးတစ်ဦးနှင့် ယေရှုအပြန်အလှန်စကားပြောဆိုခဲ့ခြင်းက အဘယ်အရာကိုပုံတင်ပြသနည်း။
၁၆ ဤသာဓကကိုသုံးသပ်ကြည့်ပါ။ တစ်ခါတွင် ယေရှုမောပန်းနေသောအခါ ရှုခါမြို့အနီး၌ ရှမာရိအမျိုးသမီးတစ်ဦးနှင့် စကားပြောတော်မူခဲ့သည်။ ကိုယ်တော်သည် လေးနက်သောသမ္မာတရားစကားဖြစ်သည့် ‘ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ အမှန်တရားနှင့်လည်းကောင်းကိုးကွယ်’ ဖို့လိုကြောင်းကို အဓိကထားပြောဆိုခဲ့သည်။ ထိုခေတ်ရှိဂျူးများသည် ရှမာရိလူမျိုးကိုရှောင်ကြဉ်ခဲ့ကြသည်။ ၎င်းနှင့်ဆန့်ကျင်ကာ ဧလိရှဲနှင့်နေမန်တို့အဖြစ်အပျက်မှ ကျွန်ုပ်တို့သတိပြုခဲ့သကဲ့သို့ပင် လူမျိုးအားလုံးရှိ စိတ်ရင်းမှန်သော အမျိုးသား၊ အမျိုးသမီးများကို ယေဟောဝါလိုလိုလားလားလက်ခံခဲ့သည့်သဘော ယေရှုထင်ဟပ်ပြပါသည်။ ယေဟောဝါသည် ယနေ့ လောကတွင် စိမ့်ဝင်ပျံ့နှံ့နေသော သဘောထားကျဉ်းမြောင်းသည့် ဘာသာရေးတစ်ယူသန်မှုနှင့်ကင်းလွတ်ကြောင်း ယင်းက ကျွန်ုပ်တို့ကိုစိတ်ချစေသင့်သည်။ ယေရှုသည် အမျိုးသမီးတစ်ဦးကိုသွန်သင်ဖို့ လိုလိုလားလားရှိခဲ့ကြောင်း၊ ဤဖြစ်ရပ်တွင် ကိုယ်ခင်ပွန်းမဟုတ်သူတစ်ဦးနှင့် နေထိုင်နေသည့်အမျိုးသမီးတစ်ဦးဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့သတိပြုနိုင်သည်။ သူ့ကို အပြစ်တင်ရှုတ်ချမည့်အစား ယေရှုသည် သူ့ကိုလေးလေးစားစား၊ သူ့အတွက် တကယ်အကူအညီပေးနိုင်သည့်နည်းဖြင့် ဆက်ဆံခဲ့သည်။ နောက်ပိုင်းတွင် အခြားရှမာရိအမျိုးသားများသည် ယေရှု၏စကားကိုနားထောင်ခဲ့ကြပြီး ဤသို့ကောက်ချက်ချခဲ့ကြသည်– “ဤသူသည် လော[က]သားတို့ကိုကယ်တင်တော်မူသောသခင် . . . အမှန်စင်စစ်ဖြစ်တော်မူကြောင်းကိုသိသည်။”—ယောဟန် ၄:၂-၃၀၊ ၃၉-၄၂; ၃ ဓမ္မရာဇဝင် ၈:၄၁-၄၃; မဿဲ ၉:၁၀-၁၃။
၁၇။ လာဇရုရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းက အဘယ်ကောက်ချက်ကိုချစေသနည်း။
၁၇ ယေရှု၏လုပ်ရပ်များ၊ သွန်သင်ချက်များနှင့် ကျွန်ုပ်တို့အကျွမ်းတဝင်ဖြစ်ခြင်းအားဖြင့် ဖန်ဆင်းရှင်ကို မည်သို့သိရှိနိုင်ကြောင်း နောက်ထပ်ပုံဥပမာတစ်ခုကို သုံးသပ်ကြည့်ကြစို့။ ယေရှု၏အဆွေလာဇရုသေဆုံးသည့်အခါသမယကို ပြန်စဉ်းစားကြည့်ပါ။ ယေရှုသည် သေလွန်သူကို အသက်ပြန်ရှင်စေနိုင်သည့်တန်ခိုးမိမိ၌ရှိကြောင်း ယခင်က သက်သေထူခဲ့ပြီးဖြစ်သည်။ (လုကာ ၇:၁၁-၁၇; ၈:၄၀-၅၆) သို့သော် လာဇရု၏အစ်မမာရိငိုကြွေးနေသည်ကို တွေ့ရှိသောအခါ ကိုယ်တော်မည်သို့တုံ့ပြန်ခဲ့သနည်း။ ယေရှုသည် “အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ” ခဲ့၏။ ကိုယ်တော်သည် လျစ်လျူရှုကာ ဘာသိဘာသာမနေခဲ့ဘဲ “မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၃-၃၅) ယင်းသည် စိတ်လှုပ်ရှားမှုဖော်ပြချက်တစ်ရပ်မျှမဟုတ်ချေ။ အပြုသဘောပါပါ လာဇရုကိုထမြောက်စေဖို့ ယေရှုလှုံ့ဆော်ခံခဲ့ရ၏။ ယင်းကြောင့် ဖန်ဆင်းရှင်၏ခံစားချက်များနှင့် လုပ်ရပ်များကို တမန်တော်များ မည်မျှလေးမြတ်ရန် အကူအညီဖြစ်ခဲ့မည်ကို မြင်ယောင်ကြည့်နိုင်သည်။ ထို့ပြင် ဖန်ဆင်းရှင်၏ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များကိုနားလည်ရန် ယင်းက ကျွန်ုပ်တို့ကိုကူညီပေးသင့်သည်။
၁၈။ သမ္မာကျမ်းစာလေ့လာခြင်းအမှုကို လူတို့မည်သို့သဘောထားသင့်သနည်း။
၁၈ သမ္မာကျမ်းစာကိုလေ့လာကာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အကြောင်း ပို၍သင်ယူခြင်းသည် ရှက်စရာအကြောင်းရင်းမရှိပါ။ သမ္မာကျမ်းစာသည် ခေတ်မမီတော့သည့်စာအုပ်တစ်အုပ်မဟုတ်ပေ။ ယင်းကိုလေ့လာခဲ့ပြီး ယေရှု၏ရင်းနှီးသောအဖော်တစ်ဦးဖြစ်လာခဲ့သူမှာ ယောဟန်ဖြစ်၏။ နောက်ပိုင်းတွင် သူက ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏သားတော်သည်ကြွလာ၍ မှန်သောဘုရားသခင်ကိုသိသောဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌လည်းကောင်း၊ သားတော်ယေရှုခရစ်၌လည်းကောင်း ငါတို့သည်တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သောဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်းဖြစ်တော်မူ၏။” (၁ ယောဟန် ၅:၂၀) “မှန်သောဘုရားသခင်” ဖန်ဆင်းရှင်ကိုသိကျွမ်းရန် “ဉာဏ်” ကိုအသုံးချခြင်းသည် “ထာဝရအသက်” ရစေနိုင်ကြောင်း သတိပြုပါ။
ကိုယ်တော်အားသိကျွမ်းရန်အခြားသူများကို မည်သို့ကူညီပေးနိုင်သနည်း
၁၉။ သံသယဝင်သူတို့ကိုကူညီရန် အဘယ်အမှုကိုပြုလုပ်ခဲ့ကြပြီနည်း။
၁၉ ကျွန်ုပ်တို့ကိုဂရုစိုက်သည့် ထောက်ထားစာနာတတ်သော ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း ယုံကြည်ပြီး ကိုယ်တော်သည် မည်သို့သောအရှင်ဖြစ်ကြောင်း အချို့သူတို့နားလည်ရန် များစွာကူညီပေးဖို့လိုသည်။ ဖန်ဆင်းရှင်နှင့်ပတ်သက်ပြီး သံသယဝင်ဆဲရှိသူ သို့မဟုတ် ကိုယ်တော်အား ကျမ်းစာဖော်ပြချက်နှင့်အညီ မယူမှတ်သူ သန်းပေါင်းများစွာရှိ၏။ သူတို့ကို မည်သို့ကူညီပေးနိုင်သနည်း။ ယေဟောဝါသက်သေများ၏ ၁၉၉၈/၉၉ ခရိုင်နှင့်အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများတွင် ထိရောက်မှုရှိသော ကိရိယာသစ်တစ်ခုကို ဘာသာစကားများစွာဖြင့် ထုတ်ဝေခဲ့သည်—၎င်းကား သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိပါသလောစာအုပ်ဖြစ်သည်။
၂၀၊ ၂၁။ (က) ဖန်ဆင်းရှင်စာအုပ်ကို မည်သို့အောင်မြင်စွာအသုံးပြုနိုင်သနည်း။ (ခ) ဖန်ဆင်းရှင်စာအုပ်သည် မည်သို့ထိရောက်ခဲ့သည်နှင့်ပတ်သက်၍ တွေ့ကြုံမှုများကိုဖော်ပြပါ။
၂၀ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အပေါ် သင့်ယုံကြည်ခြင်းနှင့် ကိုယ်တော်၏ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များအပေါ် သင့်လေးမြတ်မှုကို တိုးမြှင့်ပေးမည့် စာအုပ်တစ်အုပ်ဖြစ်သည်။ ယင်းသည် အဘယ်ကြောင့် သေချာသနည်း။ အကြောင်းမှာ အဆိုပါရည်မှန်းချက်များဖြင့် သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိပါသလော စာအုပ်ကို အထူးပုံနှိပ်ထုတ်ဝေထားသောကြောင့်ဖြစ်သည်။ ဤစာအုပ်တစ်အုပ်လုံးတွင် “သင့်ဘဝကို အဘယ်အရာက ပို၍အဓိပ္ပာယ်ရှိစေနိုင်သနည်း” ဟူသည့်အဓိကအချက်ကို တောက်လျှောက်ဖော်ပြထား၏။ ဤစာအုပ်တွင်ပါဝင်သည့်အကြောင်းအရာများကို ကျောင်းပညာအတော်အတန်ရှိသူများပင် စိတ်ဝင်စားမည့်နည်းဖြင့် တင်ဆက်ထားပါသည်။ သို့တိုင် ကျွန်ုပ်တို့အားလုံးတမ်းတသည့်အရာများကို ဖော်ပြထားသည်။ ဖန်ဆင်းရှင်ရှိသည်ကို သံသယဝင်သော စာရှုသူများ အလွန်စိတ်ဝင်စားမည့် လက်ခံယုံကြည်လောက်သော အကြောင်းအရာများပါရှိသည်။ စာရှုသူသည် ဖန်ဆင်းရှင်ရှိကြောင်း ယုံကြည်သည်ဟု ဤစာအုပ်ကမယူဆပါ။ မကြာသေးမီက သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချက်များနှင့် အယူအဆများကို အသုံးပြုဖော်ပြထားပုံကြောင့် သံသယဝင်သူတို့သည် စိတ်ဖမ်းစားခြင်းခံရကြပါလိမ့်မည်။ ထိုဖြစ်ရပ်မှန်များသည် ဘုရားသခင်အား ယုံကြည်သူတို့ကိုပင် အားရှိစေပါလိမ့်မည်။
၂၁ ဤစာအုပ်အသစ်ကိုလေ့လာကြရာ၌ အခန်းအချို့တွင် ဘုရားသခင်၏ဂုဏ်ရည်တော်ပေါ်လွင်စေသည့်နည်းဖြင့် သမ္မာကျမ်းစာသမိုင်းကိုခြုံငုံတင်ဆက်ထားရာ စာရှုသူများသည် ဘုရားသခင်အားပို၍သိကျွမ်းလာလိမ့်မည်။ ဤစာအုပ်ကိုဖတ်ရှုပြီးသူအများက ထိုသို့ဟုတ်မှန်ကြောင်းမှတ်ချက်ချခဲ့ကြပြီ။ (နောက်ဆောင်းပါး စာမျက်နှာ ၂၅-၂၆ ရှု။) ထိုစာအုပ်ကို သင်ကိုယ်တိုင်အကျွမ်းတဝင်ဖြစ်လာပြီးဖန်ဆင်းရှင်အား အခြားသူများ ပို၍ကောင်းစွာသိကျွမ်းလာစေရန် ယင်းကိုအသုံးပြု၍ ကူညီပေးရာတွင် သင့်အတွက်လည်း ထိုသို့ပင်ဖြစ်ပါလေစေ။
[အောက်ခြေမှတ်ချက်များ]
a သုံးလတစ်ကြိမ်ထုတ်ကက်သလစ်ကျမ်းစာစာပေ၏အယ်ဒီတာချုပ် ဂျက်စွတ်ပညာရှင် အမ်. ဂျေ. ဂရန့်ထ်ဟေးနာက ယင်းနှင့်ဆက်နွှယ်သောကြိယာကိုရည်ညွှန်းကာ ဤကြိယာသည် “သဘောတရားအရတည်ရှိခြင်းသဘော ဘယ်သောအခါမျှမသက်ရောက်ဘဲ ဖြစ်ခြင်း သို့မဟုတ် တည်ရှိခြင်း၊ ဆိုလိုသည်ကား အမှန်တကယ်ဖြစ်ကြောင်းကိုဖော်ပြခြင်းဖြစ်သည်။”
b မိဘများသည် သားသမီးများကို သမ္မာကျမ်းစာမှတ်တမ်းများပြောပြပေးစဉ် အဆိုပါမေးခွန်းများကိုမေးခြင်းအားဖြင့် ကလေးများကိုကူညီပေးနိုင်သည်။ သို့နှင့် လူငယ်များသည် ဘုရားသခင်နှင့်အကျွမ်းတဝင်ရှိလာနိုင်သည့်အပြင် ကိုယ်တော့်နှုတ်မြွက်စကားတော်ကို တွေးတောဆင်ခြင်တတ်လာနိုင်သည်။
သင်မှတ်သားသလော
◻ မောရှေသည် သိနာတောင်ပေါ်တွင် ယေဟောဝါနှင့် မည်သို့ပို၍အကျွမ်းတဝင်ဖြစ်လာခဲ့သနည်း။
◻ ဘုရားသခင်သည် မည်သို့သောအရှင်ဖြစ်ကြောင်းသိရှိရန် သမ္မာကျမ်းစာလေ့လာခြင်းက အဘယ်ကြောင့်အကူအညီတစ်ခုဖြစ်သနည်း။
◻ သမ္မာကျမ်းစာကိုဖတ်ရှုစဉ် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့်ပိုရင်းနှီးလာစေရန် အဘယ်အရာကိုလုပ်ဆောင်နိုင်သနည်း။
◻ ဖန်ဆင်းရှင်စာအုပ်ကို အဘယ်နည်းဖြင့်အသုံးပြုရန် သင်စီစဉ်ထားသနည်း။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့၏ရောဂါပြီးစနစ်သည် ဖန်ဆင်းရှင်အကြောင်းအဘယ်အရာကိုဖော်ပြသနည်း
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
တက်တြာဂရမ်မီတန် (ဟေဗြဲဘာသာဖြင့် ဘုရားသခင့်နာမတော်) ကိုပေါ်လွင်စေသည့် ပင်လယ်သေကျမ်းလိပ်အပိုင်း
[Credit Line]
Courtesy of the Shrine of the Book, Israel Museum, Jerusalem
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
မာရိ၏ဝမ်းနည်းမှုကို ယေရှုတုံ့ပြန်ပုံမှ အဘယ်အရာကိုသင်ယူနိုင်သနည်း