အချိန် နှင့် ထာဝရ—၎င်းတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့အမှန်သိထားရာကား အဘယ်နည်း
“အချိန်သည် လူ့တွေ့ကြုံမှုတွင် အနက်နဲဆုံးအရာတစ်ခုဖြစ်ဟန်ရှိသည်” ဟုစွယ်စုံကျမ်းတစ်စောင်က ဖော်ပြသည်။ မှန်ပါသည်၊ အချိန်ကို သာမန်ဝေါဟာရဖြင့်ဖော်ပြရန် မဖြစ်နိုင်သလောက်ပင်။ အချိန်သည် “ကုန်လွန်၊” “ကုန်မြန်” ၍ကျွန်ုပ်တို့ကိုယ်တိုင် “ခေတ်ရေစီးကြောင်း” တွင်လိုက်ပါသွားသည်ဟုပင် ဆိုကြပေမည်။ သို့သော် အမှန်မှာ အဘယ်အရာကိုပြောဆိုနေကြကြောင်း ကျွန်ုပ်တို့မသိကြပါ။
အချိန်ကို “ဖြစ်ရပ်နှစ်ခုကြား အကွာအဝေး” အဖြစ်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပြီ။ သို့တိုင် အချိန်သည် ဖြစ်ရပ်များနှင့်မသက်ဆိုင်ကြောင်း ကျွန်ုပ်တို့၏တွေ့ကြုံမှုက ဖော်ပြဟန်ရှိသည်; တစ်စုံတစ်ရာဖြစ်ဖြစ်၊ မဖြစ်ဖြစ် အချိန်သည်ဆက်သွားနေဟန်ရှိသည်။ အတွေးအခေါ်ပညာရှင်တစ်ဦးက အမှန်အားဖြင့် အချိန်ဟူ၍မရှိ၊ စိတ်ကူးမျှသာဖြစ်သည်ဟုဆိုသည်။ များပြားလှသောတွေ့ကြုံမှုမှာ ၎င်းအပေါ်မူတည်ပြီးဖြစ်လာရာ ယင်းသည် စိတ်ကူးယဉ်မှုတစ်ခုမျှသာဖြစ်နိုင်မည်လော။
အချိန်နှင့်ပတ်သက်၍ သမ္မာကျမ်းစာရှုထောင့်
သမ္မာကျမ်းစာက အချိန်ကိုအဓိပ္ပာယ်မဖွင့်ထားရာ လူသည် ၎င်းကို အပြည့်အဝနားလည်နိုင်စွမ်းမရှိ၍ဖြစ်ပေမည်။ ၎င်းသည် ကျွန်ုပ်တို့နားလည်ရန်လည်းခက်ခဲသော အဆုံးမရှိသည့်အာကာသနှင့်တူသည်။ ဘုရားသခင်သာလျှင် အပြည့်အဝနားလည်နိုင်သောအရာများတွင် အချိန်သည် တစ်ခုအပါအဝင်ဖြစ်ဟန်တူသည်၊ အကြောင်းမှာ ကိုယ်တော်တစ်ပါးတည်းသာ “ရှေးအစဉ်အဆက်မှ နောက်အစဉ်အဆက်” တိုင်အောင်ဖြစ်တော်မူ၏။—ဆာလံ ၉၀:၂၊ ကဘ။
သမ္မာကျမ်းစာက အချိန်ကိုအဓိပ္ပာယ်မဖွင့်ထားသည့်တိုင် အချိန်ကိုဖြစ်ရပ်မှန်တစ်ခုအဖြစ် ဖော်ပြထားသည်။ စတင်ဖော်ပြရလျှင် ဘုရားသခင်သည် ‘အလင်းအိမ်များ’—နေ၊ လနှင့်ကြယ်များ—ကို အချိန်သတ်မှတ်ပေးရန် “နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြား” ဖြစ်ဖို့ဖန်ဆင်းခဲ့ကြောင်း သမ္မာကျမ်းစာကဆိုသည်။ သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသော ဖြစ်ရပ်များစွာသည် အချိန်၏ရေစီးကြောင်းတွင် အတည်တကျသတ်မှတ်ထားသည်။ (ကမ္ဘာဦး ၁:၁၄; ၅:၃-၃၂; ၇:၁၁၊ ၁၂; ၁၁:၁၀-၃၂; ထွက်မြောက်ရာ ၁၂:၄၀၊ ၄၁) ဘုရားသခင့်ကောင်းချီးကို အဆုံးမရှိ—ထာဝစဉ်အသက်ရှင်ခြင်းအလားအလာ—ခံစားရရန် အချိန်ကို ပညာရှိစွာအသုံးပြုသင့်သောအရာတစ်ခုအဖြစ်လည်း သမ္မာကျမ်းစာကဖော်ပြထားသည်။—ဧဖက် ၅:၁၅၊ ၁၆။
ထာဝရအသက်—ယုတ္တိတန်သလော
အချိန်ဟူသည် အဘယ်အရာဖြစ်ကြောင်း အမှန်သိဖို့ကြိုးစားရာတွင် အထမမြောက်သကဲ့သို့ လူများစွာအတွက် ထာဝရအသက် သို့မဟုတ် ထာဝစဉ်အသက်ရှင်ခြင်းဟူသော အတွေးသည် အလွန်နားလည်ရခက်လှသည်။ ထိုသို့ဖြစ်ရသည့်အကြောင်းတစ်ကြောင်းမှာ အချိန်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အတွေ့အကြုံသည် မွေးဖွားခြင်း၊ ကြီးထွားခြင်း၊ အိုမင်းခြင်း၊ သေဆုံးခြင်းသံသရာနှင့်သာ အမြဲဆက်စပ်ခဲ့မည်ဖြစ်သောကြောင့်ဖြစ်ပေမည်။ သို့ဖြင့် အိုမင်းခြင်းဖြစ်စဉ်ကိုယ်နှိုက်ကို အချိန်ရေစီးကြောင်းနှင့် သိမြင်ဖော်ပြခဲ့ကြပြီ။ လူများစွာအတွက် အခြားတစ်နည်းနည်းဖြင့်စဉ်းစားခြင်းသည် အချိန်နှင့်စပ်လျဉ်းသော အယူအဆကိုယ်နှိုက်ကို ချိုးဖောက်နေဟန်ရှိပေမည်။ ‘အခြားသက်ရှိသတ္တဝါများ တွေ့ကြုံနေရသည့်အရာကို လူသားသည် တစ်မူထူးပြီး အဘယ်ကြောင့်မတွေ့ကြုံဘဲနေရမည်နည်း’ ဟုသူတို့မေးကြပေမည်။
ဤသို့တွေးတောဆင်ခြင်ရာတွင် လူတို့လျစ်လျူရှုလေ့ရှိကြသည်မှာ လူသည် နယ်ပယ်အများတွင် အခြားသတ္တဝါများနှင့် ကွာခြားနှင့်ပြီးဖြစ်သည့်အချက်ပင်။ ဥပမာ၊ တိရစ္ဆာန်များတွင် လူ၌ရှိသော တွေးခေါ်ဆင်ခြင်နိုင်စွမ်းမရှိပါ။ အမျိုးမျိုးအဆိုပြုခဲ့ကြသော်လည်း သူတို့၏ပင်ကိုအသိစိတ် ခိုင်းစေသည်ထက်ပို၍ ယင်းတို့မလုပ်ဆောင်နိုင်ကြပေ။ လူ၌ရှိသော အနုပညာခံစားတတ်မှုသော်လည်းကောင်း၊ မေတ္တာနှင့်လေးမြတ်မှု ဖော်ပြနိုင်စွမ်းသော်လည်းကောင်း ယင်းတို့တွင် မရှိချေ။ လူ့ဘဝကိုပို၍အဓိပ္ပာယ်ရှိစေရန် ဤအရည်အချင်းများ၊ အစွမ်းအစများပေးအပ်ခံရပြီဆိုလျှင် အသက်ကိုယ်နှိုက်နှင့်ပတ်သက်၍လည်း အချိန်ပိုပေးရန် အဘယ်ကြောင့်မဖြစ်နိုင်သနည်း။
အခြားတစ်ဖက်တွင် အသိဉာဏ်ရှိသောလူသားများသည် ပျမ်းမျှအားဖြင့်အနှစ် ၇၀၊ ၈၀ အထိသာအသက်ရှင်နိုင်ကြပြီး မစဉ်းစားတတ်သော သစ်ပင်များမှာမူ အနှစ်ထောင်ချီ၍အသက်ရှင်ကြခြင်းသည် မထူးဆန်းပေလော။ ဖန်တီးတတ်သော သို့မဟုတ် အနုပညာခံစားနိုင်စွမ်းမရှိသော လိပ်များသည် အနှစ် ၂၀၀ ကျော်အသက်ရှင်နိုင်သော်လည်း ထိုစွမ်းရည်များစွာပေးအပ်ခံရသည့် လူသားများမူ ထိုသတ္တဝါများ၏အသက်တစ်ဝက်ပင် မရှင်နိုင်ကြရခြင်းသည် တွေးရမခက်ပေလော။
အချိန်နှင့် အဆုံးအစမရှိကာလကို လူသားတို့ အပြည့်အဝနားမလည်နိုင်ကြသည့်တိုင် ထာဝရအသက်နှင့်ဆိုင်သော ကတိတော်မှာမူ သမ္မာကျမ်းစာတွင် အခိုင်အလုံဖော်ပြထားဆဲပင်ဖြစ်သည်။ ကျမ်းစာတွင် “ထာဝရအသက်” ဟူသောအသုံးအနှုန်းကို အကြိမ် ၄၀ ခန့်ဖော်ပြထား၏။ သို့သော် လူသည် ထာဝစဉ်အသက်ရှင်သင့်သည်ဟု ဘုရားသခင်ရည်ရွယ်ထားလျှင် အဘယ်ကြောင့်ထိုသို့မဖြစ်သေးသနည်း။ ဤမေးခွန်းကို နောက်ဆောင်းပါးတွင်သုံးသပ်ပါမည်။