ယေဟောဝါ၏ကရုဏာတော်ကို တုပလော့
“သင်တို့အဘသည် ကရုဏာသက်တော်မူသည်နည်းတူ သင်တို့လည်းသက်ကြလော့။”—လုကာ ၆:၃၆၊ သမ။
၁။ ဖာရိရှဲများသည် ကရုဏာမရှိကြကြောင်း မည်သို့တင်ပြခဲ့ကြသနည်း။
လူသားများသည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသော်လည်း ကိုယ်တော်၏ကရုဏာတော်ကိုတုပရန် မကြာခဏပျက်ကွက်တတ်ကြသည်။ (ကမ္ဘာဦး ၁:၂၇) ဥပမာ၊ ဖာရိရှဲများကိုသုံးသပ်ကြည့်ပါ။ ဥပုသ်နေ့တွင် ယေရှုသည် လက်တစ်ဖက်သေနေသူတစ်ဦးကို ကရုဏာပါစွာကုသပေးခဲ့သောအခါ သူတို့သည် အုပ်စုတစ်စုအနေဖြင့် ဝမ်းမသာနိုင်ခဲ့ကြပါ။ ယင်းအစား ယေရှုကို “အဘယ်သို့ဖျက်ဆီးရအံ့နည်း” ဟုတိုင်ပင်ခဲ့ကြသည်။ (မဿဲ ၁၂:၉-၁၄) နောက်တစ်ကြိမ်တွင် ယေရှုသည် ဝမ်းတွင်းပါမျက်မမြင်တစ်ဦးကို ကုသပေးခဲ့သည်။ တစ်ဖန် “ဖာရိရှဲအချို့တို့” သည် ယေရှု၏စာနာထောက်ထားမှုကို ဝမ်းမမြောက်ခဲ့ကြပါ။ ယင်းအစား သူတို့က ဤသို့အပြစ်တင်ခဲ့ကြသည်– “ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်။”—ယောဟန် ၉:၁-၇၊ ၁၆။
၂၊ ၃။ ‘ဖာရိရှဲတို့၏တဆေးကို သတိနှင့်ကြဉ်ရှောင်ကြလော့’ ဟုဆိုရာ၌ ယေရှုသည် အဘယ်အရာကိုဆိုလိုသနည်း။
၂ ဖာရိရှဲများ၏ စာနာမှုကင်းမဲ့သောသဘောထားသည် လူမဆန်သောရာဇဝတ်မှုတစ်ခုနှင့် ဘုရားသခင်ကိုပြစ်မှားသည့်အပြစ်တစ်ခုဖြစ်ပေသည်။ (ယောဟန် ၉:၃၉-၄၁) ဤသြဇာရှိသော လူနည်းစုနှင့် ဇဒ္ဒုကဲများအစရှိသည့် အခြားဘာသာရေးသမားများ၏ “တဆေးကို သတိနှင့်ကြဉ်ရှောင်ကြလော့” ဟုတပည့်တော်များအား ယေရှုသတိပေးစရာ အကြောင်းကောင်းရှိခဲ့သည်။ (မဿဲ ၁၆:၆) သမ္မာကျမ်းစာ၌တဆေးကို အပြစ် သို့မဟုတ် ပုပ်ပျက်ခြင်းကိုပုံဆောင်ရန် အသုံးပြုထားသည်။ ထို့ကြောင့် “ကျမ်းပြုဆရာ၊ ဖာရိရှဲတို့” ၏သွန်သင်ချက်သည် စင်ကြယ်သောဝတ်ပြုရေးကိုယိုယွင်းစေနိုင်သည်ဟု ယေရှုပြောနေခြင်းဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင့်ပညတ်တော်၏ကရုဏာအပါအဝင် အခြား “လေးသောအရာတို့ကို” လျစ်လျူရှုစဉ် သူတို့စိတ်ထင်ရာရေးဆွဲထားသည့်စည်းမျဉ်းများနှင့် ထုံးတမ်းစဉ်လာများကိုသာရှုမြင်ရန် လူတို့ကိုသွန်သင်ပေးကြခြင်းအားဖြင့်ဖြစ်သည်။ (မဿဲ ၂၃:၂၃) ဤဘာသာရေးထုံးတမ်းစဉ်လာသည် ဘုရားသခင့်ဝတ်ပြုရေးကို မခံနိုင်သောဝန်တစ်ခုဖြစ်စေခဲ့သည်။
၃ ယေရှု၏ဖြုန်းတီးသူပုံဥပမာ၏ ဒုတိယအပိုင်းတွင် ကိုယ်တော်သည် ဂျူးဘာသာရေးခေါင်းဆောင်များ၏ ယိုယွင်းသောအတွေးအခေါ်ကို ထုတ်ဖော်ခဲ့သည်။ ထိုပုံဥပမာတွင် ယေဟောဝါအားပုံဆောင်သောဖခင်သည် နောင်တရသောသားကို ခွင့်လွှတ်လိုစိတ်ပြင်းပြခဲ့သည်။ သို့သော် “ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့” ကိုသရုပ်ဖော်သောအစ်ကိုဖြစ်သူသည် ထိုကိစ္စတွင် လုံးဝခြားနားသောသဘောတင်ပြခဲ့သည်။—လုကာ ၁၅:၂။
အစ်ကိုတစ်ဦး၏အမျက်
၄၊ ၅။ ဖြုန်းတီးသူ၏အစ်ကိုသည် အဘယ်သဘောဖြင့် “ပျောက်” နေသနည်း။
၄ “သားအကြီးသည်တောင်ယာကလာ၍ အိမ်အနီးသို့ရောက်သောအခါ၊ ကခြင်း၊ တီးမှုတ်ခြင်းအသံကိုကြားလျှင်၊ ငယ်သားတစ်ယောက်ကိုခေါ်၍ ‘အဘယ်သို့သောအခြင်းအရာနည်း’ ဟုမေး၏။ ငယ်သားက ‘သခင်၏ညီသည်ရောက်လာပါပြီ။ ဘေးနှင့်ကင်းလွတ်လျက်ရှိသည်ကို အဘတွေ့သောကြောင့်၊ ဆူအောင်ကျွေးသောနွားကလေးကို သတ်ပါပြီ’ ဟုပြောဆို၏။ သားအကြီးသည်အမျက်ထွက်၍ အိမ်သို့မဝင်ဘဲနေ၏။”—လုကာ ၁၅:၂၅-၂၈။
၅ ယေရှု၏ပုံပမာတွင် ဖြုန်းတီးသူတစ်ဦးတည်းသာပြဿနာလုပ်ခဲ့သည်မဟုတ်ပါ။ “ဤတွင်ဖော်ပြထားသော သားနှစ်ယောက်စလုံးသည် ပျောက်ဆုံးနေကြ၏၊ တစ်ယောက်မှာ သူ့ကိုယုတ်ညံ့စေခဲ့သော မဖြောင့်မတ်မှုကြောင့်ဖြစ်၍ အခြားတစ်ယောက်မှာမူ သူ့ကိုပိုင်းခြားသိမြင်မှုမရှိစေသည့် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်ခြင်းအားဖြင့်ဖြစ်သည်” ဟုကိုးကားဖော်ပြချက်တစ်ခုကဆို၏။ ဖြုန်းတီးသူ၏အစ်ကိုသည် ဝမ်းမသာသည်သာမက “အမျက်ထွက်” ကြောင်းကိုလည်းသတိပြုပါ။ “အမျက်ထွက်” အတွက် ဂရိစကားလုံးရင်းမြစ်သည် ဒေါသအကြီးအကျယ်ပေါက်ကွဲခြင်းကိုမဟုတ်ဘဲ ကြိတ်မှိတ်ခံစားရသောစိတ်အခြေအနေကိုဆိုလိုခြင်းဖြစ်သည်။ ဖြုန်းတီးသူ၏အစ်ကိုသည် မကျေနပ်မှုကိုအခိုင်အမာသိုထားကြောင်းထင်ရှားသည်၊ ထို့ကြောင့် အစကတည်းက အိမ်မှလုံးဝမထွက်ခွာသင့်သူ ပြန်ရောက်လာခြင်းကို ပွဲလုပ်ပေးရန်မသင့်တော်ဟု ယူမှတ်ခဲ့သည်။
၆။ ဖြုန်းတီးသူ၏အစ်ကိုသည် မည်သူ့ကိုပုံဆောင်သနည်း၊ အဘယ်ကြောင့်နည်း။
၆ ဖြုန်းတီးသူ၏အစ်ကိုသည် အပြစ်သားများအား ယေရှုတင်ပြခဲ့သောစာနာထောက်ထားမှုနှင့် ဂရုစိုက်မှုတို့ကိုမကျေနပ်သူတို့အား ကောင်းစွာသရုပ်ဖော်သည်။ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုအထင်ရှိကြသော ဤသူများသည် ယေရှု၏ကရုဏာတော်ကြောင့်လှုံ့ဆော်မခံကြရပါ; အပြစ်သားတစ်ဦးခွင့်လွှတ်ခံရသောအခါကောင်းကင်ဘုံတွင်ဖြစ်ပေါ်သည့် ရွှင်လန်းမှုမျိုးကိုလည်း မဖော်ပြခဲ့ကြချေ။ ယင်းအစား ယေရှု၏ကရုဏာတော်သည် သူတို့၏အမျက်ကိုနှိုးဆွပြီး သူတို့၏နှလုံးထဲတွင် “ဆိုးညစ်သောအရာများကို” စတင်စဉ်းစားကြလေသည်။ (မဿဲ ၉:၂-၄၊ ကဘ) တစ်ကြိမ်တွင် ဖာရိရှဲအချို့၏ဒေါသသည် ပြင်းထန်လွန်းသဖြင့် ယေရှုကုသပေးခဲ့သူတစ်ဦးအား ဆင့်ခေါ်ခဲ့ကြကာ “ထိုသူကိုတရားဇရပ်မှနှင်ထုတ်” လိုက်ကြသည်! (ယောဟန် ၉:၂၂၊ ၃၄) “အိမ်သို့မဝင်ဘဲနေ” သောဖြုန်းတီးသူ၏အစ်ကိုကဲ့သို့ ဂျူးဘာသာရေးခေါင်းဆောင်များသည် “ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်” ခွင့်ကိုငြင်းဆိုခဲ့ကြသည်။ (ရောမ ၁၂:၁၅) ယေရှုသည် မိမိ၏ပုံဥပမာကိုဆက်တင်ပြရာတွင် သူတို့၏ဆိုးညစ်သောအတွေးအခေါ်ကို ထပ်မံထုတ်ဖော်ပြခဲ့သည်။
မှားယွင်းသောအတွေးအခေါ်
၇၊ ၈။ (က) ဖြန်းတီးသူ၏အစ်ကိုသည် အဘယ်သဘောဖြင့် သားဖြစ်ခြင်း၏အဓိပ္ပာယ်ကို နားမလည်ကြောင်းတင်ပြခဲ့သနည်း။ (ခ) သားကြီးသည် ဖခင်နှင့်မည်သို့မတူသနည်း။
၇ “အဘသည် သူ့ဆီသို့သွား၍ချော့မော့ရ၏။ သားအကြီးကလည်း၊ ‘အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏အစေကိုခံပါပြီ။ အဘ၏အလိုကိုတစ်ခါမျှမလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အတူပျော်မွေ့ခြင်းကိုပြုစေသောငှာ၊ အဘသည် ဆိတ်ကလေးတစ်ကောင်ကိုတစ်ခါမျှမပေး။ ပြည့်တန်ဆာမိန်းမတို့နှင့်ပေါင်းဖော်၍ မိမိဥစ္စာကိုဖြုန်းသော ဤသားငယ်ရောက်လာသောအခါမူကား၊ အဘသည် ဆူအောင်ကျွေးသောနွားကလေးကို သတ်လေပြီတကား’ ဟုဆို၏။”—လုကာ ၁၅:၂၈-၃၀။
၈ ဤစကားများဖြင့် ဖြုန်းတီးသူ၏အစ်ကိုသည် သားဖြစ်ခြင်း၏စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်ကြောင်းတင်ပြခဲ့သည်။ သူသည် အလုပ်သမားတစ်ဦးက မိမိအလုပ်ရှင်ကိုလုပ်ကျွေးပြုစုသကဲ့သို့ ဖခင်ကိုလုပ်ကျွေးပြုစုခဲ့၏။ ဖခင်အား သူပြောသကဲ့သို့ “အကျွန်ုပ်သည် . . . အဘ၏အစေကိုခံပါပြီ။” ဤသားကြီးသည် အိမ်မှထွက်သွားခြင်း သို့မဟုတ် ဖခင်ဖြစ်သူ၏အမိန့်ကိုလွန်ဆန်ခြင်းမပြုခဲ့သည်မှာ မှန်၏။ သို့သော် သူ၏နာခံမှုသည် မေတ္တာ၏လှုံ့ဆော်မှုကြောင့်လော။ သူသည် ဖခင်အားလုပ်ကျွေးပြုစုရာတွင် စစ်မှန်သောရွှင်လန်းမှုရရှိခဲ့ပါသလော၊ သို့မဟုတ် သူသည် “တောင်ယာ” တွင်တာဝန်ကျေပွန်ရုံဖြင့် မိမိသည်သားကောင်းဖြစ်သည်ဟုယုံကြည်ကာ အကျေနပ်ကြီးကျေနပ်နေပါသလော။ သူသည် အမှန်ပင်သားကောင်းတစ်ဦးဖြစ်မည်ဆိုလျှင် ဖခင်ဖြစ်သူ၏စိတ်ထားကို အဘယ်ကြောင့်မတင်ပြခဲ့သနည်း။ သူ၏ညီကို ကရုဏာပြခွင့်ရလျက်နှင့် သူ၏နှလုံးတွင်စာနာမှုအဘယ်ကြောင့်မရှိခဲ့သနည်း။—ဆာလံ ၅၀:၂၀-၂၂ နှိုင်းယှဉ်။
၉။ ဂျူးဘာသာရေးခေါင်းဆောင်များသည် သားကြီးနှင့်မည်သို့တူသည်ကို ရှင်းပြပါ။
၉ ဂျူးဘာသာရေးခေါင်းဆောင်များသည် ဤသားကြီးနှင့်တူခဲ့ကြသည်။ သူတို့သည် ပညတ်များကိုတင်းကျပ်စွာလိုက်နာခဲ့ကြသောကြောင့် ဘုရားသခင်အား သစ္စာစောင့်သိကြသည်ဟု ယုံကြည်ခဲ့ကြ၏။ မှန်ပါသည်၊ နာခံမှုသည် အရေးကြီး၏။ (၁ ဓမ္မရာဇဝင် ၁၅:၂၂) သို့သော် အကျင့်ကိုသူတို့အလေးပေးလွန်းခြင်းက ဘုရားသခင်အားဝတ်ပြုခြင်းကို စာအုပ်ကြီးအတိုင်းလိုက်သည့် လုပ်ရိုးလုပ်စဉ်ဖြစ်စေခဲ့ရာ စစ်မှန်သောဝိညာဉ်ရေးစိတ်ဓာတ်မရှိသည့် ဟန်ပြဝတ်ပြုမှုတစ်ခုမျှဖြစ်သွားပါသည်။ သူတို့စိတ်တွင် ထုံးတမ်းစဉ်လာများသာလွှမ်းမိုးနေ၏။ သူတို့၏နှလုံးများသည် မေတ္တာခေါင်းပါးနေ၏။ သာမန်လူတို့ကို သူတို့ခြေအောက်ရှိအညစ်အကြေးအဖြစ်ယူမှတ်ကာ “ကျိန်ခြင်းကိုခံရသောသူ” ဟူ၍ပင် အထင်သေးစွာခေါ်ဆိုကြသည်။ (ယောဟန် ၇:၄၉) ထိုခေါင်းဆောင်များ၏နှလုံးများသည် ဘုရားသခင်နှင့် ဤမျှအလှမ်းဝေးနေရာ သူတို့၏အကျင့်များကို ကိုယ်တော်မည်သို့နှစ်သက်နိုင်မည်နည်း။—မဿဲ ၁၅:၇၊ ၈။
၁၀။ (က) “ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏” ဟူသောစကားသည် အဘယ်ကြောင့် လျောက်ပတ်သောဆုံးမမှုဖြစ်သနည်း။ (ခ) ကရုဏာကင်းမဲ့ခြင်းသည် မည်မျှကြီးလေးသောအပြစ်ဖြစ်သနည်း။
၁၀ “‘ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏’ ဟူသောကျမ်းစကားကိုနားလည်ခြင်းငှာ . . . သွား၍သင်ကြလော့” ဟုဖာရိရှဲများအား ယေရှုဆိုခဲ့သည်။ (မဿဲ ၉:၁၃; ဟောရှေ ၆:၆) ကရုဏာမပါလျှင် သူတို့၏ယဇ်အားလုံးသည် တန်ဖိုးမဲ့သွားမည်ဖြစ်ရာ သူတို့၏ဦးစားပေးရာများသည် မသဲမကွဲဖြစ်ခဲ့သည်။ “သနားခြင်းကရုဏာစိတ်မရှိသောသူ” သည် “သေပြစ်ကိုခံထိုက်” သူဖြစ်၏ဟု ဘုရားသခင်ယူမှတ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသောကြောင့် ယင်းသည် အမှန်ပင်အပြစ်ကြီးလေးသောကိစ္စဖြစ်သည်။ (ရောမ ၁:၃၁၊ ၃၂) ထို့ကြောင့် လူတန်းစားတစ်ရပ်အနေဖြင့် ဘာသာရေးခေါင်းဆောင်များသည် ထာဝရဖျက်ဆီးခံထိုက်သည်ဟု ယေရှုဆိုခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ ဤသို့တရားစီရင်ခံရခြင်းသည် အဓိကအားဖြင့် သူတို့၏ကရုဏာကင်းမဲ့မှုကြောင့်ဖြစ်ကြောင်းထင်ရှားသည်။ (မဿဲ ၂၃:၃၃) သို့သော် ဤလူတန်းစားမှသူများကို ကူညီနိုင်ပေမည်။ သူ၏ပုံဥပမာကိုနိဂုံးချုပ်ရာတွင် သားကြီးအားပြောသော ဖခင်၏စကားများအားဖြင့် အဆိုပါဂျူးများ၏အတွေးအခေါ်ကိုပြုပြင်ပေးရန် ယေရှုကြိုးပမ်းခဲ့သည်။ မည်သို့ပြုခဲ့သည်ကို ကြည့်ကြစို့။
ဖခင်တစ်ဦး၏ကရုဏာ
၁၁၊ ၁၂။ ယေရှု၏ပုံဥပမာရှိဖခင်သည် သားကြီးကိုမည်သို့ကြိုးစားဖျောင်းဖျပြီး ဖခင်က “သင့်ညီ” ဟုပြောခြင်းမှာ အဘယ်အချက်ကိုထင်ရှားစေသနည်း။
၁၁ “အဘကလည်း၊ ‘ငါ့သား၊ သင်သည် ငါ့ထံမှာအစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။ သင်၏ညီမူကား အထက်ကသေ၏၊ ယခုရှင်ပြန်၏။ အထက်ကပျောက်၏၊ ယခုတွေ့ ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ၏ အဘဆိုသည်’ ဟုမိန့်တော်မူ၏။”—လုကာ ၁၅:၃၁၊ ၃၂။
၁၂ ဖခင်က “သင်၏ညီ” ဟူသောစကားကို သုံးခဲ့ကြောင်းသတိပြုပါ။ အဘယ်ကြောင့်နည်း။ အစောပိုင်း၌ ဖခင်ဖြစ်သူအားသားကြီးပြောဆိုခဲ့ပုံရှိ ဖြုန်းတီးသူကို “အကျွန်ုပ်၏ညီ” ဟုမခေါ်ဘဲ ‘အဘ၏သား’ ဟုခေါ်ခဲ့သည်ကို သတိရပါ။ သူနှင့် သူ၏မွေးချင်းကြားတွင်ရှိသော မိသားစုနှောင်ကြိုးကို အသိအမှတ်ပြုပုံမရခဲ့ချေ။ ထို့ကြောင့် ယခုဖခင်က သားကြီးကိုဤသို့ပြောဆိုခဲ့ပုံရှိ၏– ‘ဤသူသည် ငါ၏သားသာမဟုတ်။ သင်၏အသွေးအသားဖြစ်သော သင့်ညီဖြစ်၏။ သူပြန်လာ၍ သင်ဝမ်းမြောက်စရာအကြောင်းရှိ၏!’ ယေရှု၏သတင်းတရားသည် ဂျူးခေါင်းဆောင်များအတွက် ရှင်းနေသင့်သည်။ သူတို့ငြင်းပယ်သော အပြစ်သားများသည် အမှန်မှာသူတို့၏ “ညီတော်” ရင်းများဖြစ်ကြ၏။ မှန်ပါသည်၊ “အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သောသူတော်ကောင်းတစ်ယောက်မျှ မြေကြီးပေါ်မှာမရှိ။” (ဒေသနာ ၇:၂၀) ထို့ကြောင့်အထင်ကရဂျူးများသည် အပြစ်သားများနောင်တရကြသောအခါ ဝမ်းသာသင့်ပေသည်။
၁၃။ ယေရှု၏ပုံဥပမာရုတ်တရက်ပြီးဆုံးသွားခြင်းက အဘယ်လေးနက်သောမေးခွန်းကိုမေးစရာရှိသနည်း။
၁၃ ဖခင်ကဤသို့ရှင်းပြပြီးနောက် ပုံဥပမာသည် ရုတ်တရက်ပြီးဆုံးသွားသည်။ ယေရှုက ပရိသတ်အား ပုံပြင်ကိုမိမိတို့ဘာသာ ကောက်ချက်ချအဆုံးသတ်စေသည့်သဘောဖြစ်သည်။ သားကြီးသည် မည်သို့ပင်တုံ့ပြန်စေကာမူ ‘လူဆိုးတစ်ယောက်နောင်တရသောအခါ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်နည်းတူ သင်ကောပါဝင်ဝမ်းမြောက်မည်လော’ ဟူသောမေးခွန်းကို ပရိသတ်တစ်ဦးစီအမေးခံခဲ့ကြရသည်။ ယနေ့ခရစ်ယာန်များသည်လည်း ထိုမေးခွန်းကို ဖြေဆိုခွင့်ရရှိကြသည်။ မည်သို့အားဖြင့်နည်း။
ယနေ့ ဘုရားသခင်၏ကရုဏာတော်ကိုတုပခြင်း
၁၄။ (က) ကရုဏာပြခြင်းကိစ္စနှင့်ပတ်သက်၍ ဧဖက် ၅:၁ တွင်တွေ့ရသော ပေါလု၏သြဝါဒကို ကျွန်ုပ်တို့မည်သို့လိုက်လျှောက်နိုင်သနည်း။ (ခ) ဘုရားသခင့်ကရုဏာတော်နှင့်ပတ်သက်၍ အဘယ်လွဲမှားသောသဘောကို ရှောင်ဖို့လိုသနည်း။
၁၄ “ထိုသို့ သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့” ဟုဧဖက်မြို့သားများကို ပေါလုသတိပေးခဲ့သည်။ (ဧဖက် ၅:၁) ထို့ကြောင့် ခရစ်ယာန်များအနေဖြင့် ဘုရားသခင်၏ကရုဏာတော်ကိုလေးမြတ်ကာ ကျွန်ုပ်တို့၏နှလုံးထဲနက်ရှိုင်းစွာအမြစ်စွဲစေပြီး အခြားသူများနှင့်ဆက်ဆံရာတွင် ဤအရည်အသွေးကို တင်ပြသင့်သည်။ သို့သော် သတိရှိရန်လို၏။ ဘုရားသခင်၏ကရုဏာတော်အား အပြစ်၏ကြီးလေးမှုကိုလျှော့ပေါ့စေခြင်းဟု တလွဲအနက်မဖွင့်သင့်ချေ။ ဥပမာ၊ ‘ကျွန်တော်အပြစ်ပြုမိတယ်ဆိုရင် ခွင့်လွှတ်ဖို့ ဘုရားသခင်ဆီအမြဲဆုတောင်းနိုင်တယ်၊ ဒါဆိုရင် ကိုယ်တော် ကရုဏာသက်မှာပါ’ ဟုပေါ့ပေါ့တန်တန်စဉ်းစားသူအချို့ရှိသည်။ ထိုသဘောထားသည် သမ္မာကျမ်းစာရေးသူယုဒဆိုသကဲ့သို့ “ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်းအလိုငှာမှောက်လှန်” ခြင်းနှင့်တူမည်။ (ယုဒ ၄) ယေဟောဝါသည် ကရုဏာရှိသော်လည်း နောင်တမယူသောမှားယွင်းသူများအပေါ် “အပြစ်ဒဏ်စီရင်ခြင်းကို အဘယ်နည်းနှင့်မျှလွတ်ကင်းစေတော်မမူ” ချေ။—ထွက်မြောက်ရာ ၃၄:၇၊ ကဘ; ယောရှု ၂၄:၁၉ နှိုင်းယှဉ်; ၁ ယောဟန် ၅:၁၆။
၁၅။ (က) အထူးသဖြင့် အကြီးအကဲများသည် ကရုဏာနှင့်ပတ်သက်၍ မျှတသောအမြင်ရှိဖို့ အဘယ်ကြောင့်လိုသနည်း။ (ခ) တမင်သက်သက်အပြစ်ပြုခြင်းကိုသည်းမခံကြသော်လည်း အကြီးအကဲများသည် အဘယ်အရာကိုကြိုးစားလုပ်ဆောင်သင့်သနည်း။ အဘယ်ကြောင့်နည်း။
၁၅ အခြားတစ်ဖက်တွင် မိမိတို့အပြစ်ကိုဝန်ခံပြီး အမှန်နောင်တရ၍ ဘုရားသခင်ရေးရာဝမ်းနည်းမှုတင်ပြသူတို့နှင့်ပတ်သက်၍ အတင်းအကျပ်စီရင်ဆက်ဆံလိုသည့် တစ်ဖက်စွန်းရောက်သော သဘောထားမရှိရန် သတိပြုဖို့လည်းလိုသည်။ (၂ ကောရိန္သု ၇:၁၁) အကြီးအကဲများသည် ယေဟောဝါ၏သိုးတော်စုကိုစောင့်ရှောက်ရန် အပ်နှင်းခံထားကြသောကြောင့် ယင်းကိစ္စတွင်၊ အထူးသဖြင့် တရားရေးကိစ္စများကိုင်တွယ်သောအခါ မျှတသောအမြင်ရှိရန်အရေးကြီးသည်။ ခရစ်ယာန်အသင်းတော်ကို သန့်ရှင်းစေရမည်ဖြစ်ရာ “ဆိုးညစ်သောသူကို . . . နှင်ထုတ်” ခြင်းသည်ကျမ်းစာနှင့်ညီညွတ်ပါသည်။ (၁ ကောရိန္သု ၅:၁၁-၁၃) တစ်ချိန်တည်းတွင် ကရုဏာပြရန် အကြောင်းခိုင်လုံပါက ကရုဏာပြသင့်သည်။ ထို့ကြောင့် အကြီးအကဲများသည် တမင်သက်သက်အပြစ်ပြုခြင်းကိုသည်းမခံကြသော်လည်း တရားမျှတမှုဘောင်အတွင်း မေတ္တာကရုဏာပါသောလမ်းစဉ်ကို ကြိုးစားပြသကြသည်။ သူတို့သည် ဤသမ္မာကျမ်းစာမူကိုအမြဲဂရုစိုက်ကြသည်– “ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။”—ယာကုပ် ၂:၁၃; သု. ၁၉:၁၇; မဿဲ ၅:၇။
၁၆။ (က) ယေဟောဝါသည် အမှားပြုသူများကို မိမိထံသို့ပြန်လှည့်လာစေလိုကြောင်း သမ္မာကျမ်းစာကိုအသုံးပြု၍ဖော်ပြပါ။ (ခ) နောင်တရသောအပြစ်သားများပြန်လှည့်လာခြင်းကို ကျွန်ုပ်တို့လည်းကြိုဆိုကြောင်း မည်သို့တင်ပြနိုင်သနည်း။
၁၆ ယေဟောဝါသည် အမှားပြုသူများကို မိမိထံသို့ပြန်လှည့်လာစေလိုကြောင်း ဖြုန်းတီးသူပုံဥပမာကရှင်းလင်းစွာဖော်ပြသည်။ မမျှော်လင့်နိုင်တော့ကြောင်း သူတို့ကိုယ်နှိုက်သက်သေထူသည့်အထိ ကိုယ်တော်သည် သူတို့ကိုဖိတ်ခေါ်လျက်နေသည်မှာ အမှန်ပင်ဖြစ်သည်။ (ယေဇကျေလ ၃၃:၁၁; မာလခိ ၃:၇; ရောမ ၂:၄၊ ၅; ၂ ပေတရု ၃:၉) ယေဟောဝါသည် ဖြုန်းတီးသူ၏ဖခင်နည်းတူ ပြန်လှည့်လာသူတို့ကို မိသားစုဝင်အဖြစ် လှိုက်လှိုက်လှဲလှဲပြန်လက်ခံ၏။ ဤကိစ္စတွင် သင်သည် ယေဟောဝါအားတုပနေသလော။ အချိန်အတန်ကြာ နှင်ထုတ်ထားသော ယုံကြည်သူချင်းတစ်ဦးကို ပြန်လက်ခံသောအခါ သင်မည်သို့တုံ့ပြန်သနည်း။ “ကောင်းကင်ဘုံတွင်ဝမ်းမြောက်ခြင်း” ရှိကြောင်း ကျွန်ုပ်တို့သိထားကြသည်။ (လုကာ ၁၅:၇၊ သမ) သို့သော် မြေကြီးပေါ်၊ သင့်အသင်းတော်၌၊ သင့်နှလုံးထဲ၌ကော ဝမ်းမြောက်ခြင်းရှိသလော။ သို့မဟုတ် ပုံဥပမာထဲရှိ သားကြီးကဲ့သို့ အစကတည်းက ဘုရားသခင့်သိုးတော်စုကိုမစွန့်သင့်သူတစ်ဦးအား မကြိုဆိုထိုက်ဟုယူဆပြီး မကျေမနပ်ဖြစ်သလော။
၁၇။ (က) ပထမရာစုကောရိန္သုမြို့၌ အဘယ်အခြေအနေပေါ်ပေါက်ခဲ့သနည်း။ အသင်းတော်ရှိသူတို့သည် ထိုကိစ္စကို မည်သို့ကိုင်တွယ်ရန် ပေါလုအကြံပြုခဲ့သနည်း။ (ခ) ပေါလု၏ဆုံးမစကားသည် အဘယ်ကြောင့်လက်တွေ့ကျသနည်း။ ယနေ့ ယင်းကိုကျွန်ုပ်တို့မည်သို့လိုက်လျှောက်နိုင်သနည်း။ (လက်ယာဘက်လေးထောင့်ကွက်ကိုလည်းရှု။)
၁၇ ဤကိစ္စတွင် မိမိတို့ကိုယ်ကိုဆန်းစစ်ရာ၌ အထောက်အကူရဖို့အတွက် စီ.အီး. ၅၅ ခန့်တွင် ကောရိန္သုမြို့၌ဖြစ်ပျက်ခဲ့ရာကို သုံးသပ်ကြည့်ပါ။ ထိုတွင် အသင်းတော်မှနှင်ထုတ်ခံခဲ့ရသူတစ်ဦးသည် နောက်ဆုံး၌ သူ၏အသက်တာကိုသန့်စင်စေခဲ့သည်။ ညီအစ်ကိုများသည် အဘယ်အမှုကိုပြုလုပ်ခဲ့ကြရမည်နည်း။ သူ၏နောင်တကို သံသယအမြင်ရှိကာ သူ့ကိုဆက်၍ရှောင်ကြဉ်နေသင့်လော။ သို့အစား ကောရိန္သုမြို့သားများကို ပေါလုက ဤသို့တိုက်တွန်းခဲ့သည်– “သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်းအားကြီးလျက်၊ မိန်းမောတွေဝေခြင်းမရှိစေခြင်းငှာ၊ သင်တို့သည် ခြားနားသောအားဖြင့် သူ၏အပြစ်ကိုလွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာပြုသင့်၏။ ထိုကြောင့် သင်တို့သည် သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။” (၂ ကောရိန္သု ၂:၇၊ ၈) များသောအားဖြင့် နောင်တရသောအမှားပြုသူများသည် အထူးသဖြင့် စိတ်ပျက်အားငယ်တတ်ကြသည်။ ထို့ကြောင့် ဤသူများကို ယုံကြည်သူချင်းများနှင့် ယေဟောဝါကချစ်ကြောင်း စိတ်ချစေဖို့လိုသည်။ (ယေရမိ ၃၁:၃; ရောမ ၁:၁၂) ယင်းသည် အရေးကြီး၏။ အဘယ်ကြောင့်နည်း။
၁၈၊ ၁၉။ (က) အစောပိုင်းကောရိန္သုမြို့သားများသည် သက်ညှာလွန်းခဲ့ကြကြောင်းမည်သို့တင်ပြခဲ့ကြသနည်း။ (ခ) ကရုဏာကင်းမဲ့သောသဘောထားသည် ကောရိန္သုမြို့သားများကို ‘စာတန်အနိုင်ယူ’ နိုင်ရန်မည်သို့ဖြစ်ခဲ့သနည်း။
၁၈ ကောရိန္သုမြို့သားများကို ခွင့်လွှတ်တတ်ရန် ပေါလုမှာကြားရသည့် အကြောင်းပြချက်တစ်ခုမှာ “စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏” ဟူ၍ဖြစ်သည်။ (၂ ကောရိန္သု ၂:၁၁) အဘယ်အရာကိုဆိုလိုသနည်း။ အစောပိုင်း၌ သက်ညှာလွန်းခြင်းကြောင့် ကောရိန္သုအသင်းတော်ကို ပေါလုပြစ်တင်ဆုံးမခဲ့ရသည်။ ဤအပြစ်ပြုသူကို အပြစ်ဒဏ်မပေးဘဲ အပြစ်ပြုနေရန်ခွင့်ပြုခဲ့ကြသည်။ ထိုသို့ပြုခြင်းဖြင့် အသင်းတော်—အထူးသဖြင့် အကြီးအကဲများ—သည် အသင်းတော်ကိုအသရေပျက်စေလိုသည့် စာတန့်အကြိုက်ကိုလိုက်နေသည်။—၁ ကောရိန္သု ၅:၁-၅။
၁၉ ယခုသူတို့သည် အခြားတစ်ဖက်စွန်းသို့ရောက်ပြီး နောင်တရသူကိုခွင့်မလွှတ်ဘဲနေလျှင် အခြားနည်းလမ်းဖြင့် သူတို့ကိုစာတန်အနိုင်ယူသွားပေလိမ့်မည်။ မည်သို့အားဖြင့်နည်း။ ခက်ထန်ပြီး ကရုဏာကင်းမဲ့မှုကို သူအခွင့်ကောင်းယူလိမ့်မည်ဖြစ်သည်။ နောင်တရသောအပြစ်သားသည် “ဝမ်းနည်းခြင်းအားကြီး”—သို့မဟုတ် ယနေ့အင်္ဂလိပ်ဘာသာပြန်ကျမ်းအရ “လုံးလုံးလက်မြှောက်အရှုံးပေးသည့်အထိ အလွန်ဝမ်းနည်း”—သည်ဆိုလျှင် ယေဟောဝါရှေ့မှောက်တွင် အကြီးအကဲများသည် ကြီးလေးသောအပြစ်ကိုခံကြရမည်ဖြစ်၏! (ယေဇကျေလ ၃၄:၆ နှိုင်းယှဉ်; ယာကုပ် ၃:၁) “ဤသူငယ်တစ်စုံတစ်ယောက်ကို” ထိမိ၍မလဲစေရန် မိမိ၏နောက်တော်လိုက်များအားသတိပေးပြီးနောက် အကြောင်းရှိ၍ ယေရှုကဤသို့ဆိုခဲ့သည်– “သင်တို့သည်ကိုယ်ကိုကိုယ်သတိပြုကြလော့။ သင်၏ညီအစ်ကိုသည်သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည်နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။”a—လုကာ ၁၇:၁-၄။
၂၀။ အပြစ်သားတစ်ဦးနောင်တရသောအခါ ကောင်းကင်ပေါ် မြေကြီးပေါ်တွင် အဘယ်နည်းဖြင့်ဝမ်းမြောက်ခြင်းရှိသနည်း။
၂၀ နှစ်စဉ် စင်ကြယ်သောဝတ်ပြုရေးသို့ ပြန်လှည့်လာကြသည့်ထောင်နှင့်ချီသောသူများသည် သူတို့ကို ယေဟောဝါတင်ပြခဲ့သော ကရုဏာတော်အတွက် ကျေးဇူးတင်ကြသည်။ “ကျွန်မဘဝမှာ တစ်ခါမှ ဒီလောက်ပျော်ခဲ့ဖူးတာမမှတ်မိဘူး” ဟုပြန်လက်ခံခံရသည့် ခရစ်ယာန်ညီအစ်မတစ်ဦးကဆိုသည်။ သူမ၏ရွှင်လန်းမှုသည် ကောင်းကင်တမန်များကြား၌ အမှန်ပဲ့တင်ထပ်ခဲ့မည်။ ကျွန်ုပ်တို့သည်လည်း အပြစ်သားတစ်ဦးနောင်တရသောအခါ ‘ကောင်းကင်သားတို့ဝမ်းမြောက်’ သည်နည်းတူ ဝမ်းမြောက်ကြစို့လေ။ (လုကာ ၁၅:၇) သို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏ကရုဏာတော်ကို တုပနေကြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ကောရိန္သုအသင်းတော်ရှိအမှားပြုသူကို အချိန်တိုအတွင်းပြန်လက်ခံဟန်ရှိသော်လည်း ယင်းသည် နှင်ထုတ်ခြင်းကိစ္စအားလုံးအတွက် စံအဖြစ်အသုံးပြုရန်မဟုတ်ချေ။ အဖြစ်အပျက်တစ်ခုနှင့်တစ်ခု မတူကြချေ။ အမှားပြုသူအချို့သည် နှင်ထုတ်ခံရပြီးပြီးချင်းလောက်တွင် စစ်မှန်သောနောင်တကိုစ၍ပြကြသည်။ အခြားသူများမူ အဆိုပါသဘောထားကို အတန်ကြာမှတင်ပြကြသည်။ သို့ရာတွင် ကိစ္စရပ်တိုင်းတွင် ပြန်လက်ခံခံရသူတို့သည် ဘုရားသခင်ရေးရာဝမ်းနည်းမှုကို ဦးဆုံးပြရမည်ဖြစ်ပြီး ဖြစ်နိုင်သည့်အခါ နောင်တနှင့်ညီသည့်အကျင့်များကိုပြသရမည်ဖြစ်သည်။—တမန်တော် ၂၆:၂၀; ၂ ကောရိန္သု ၇:၁၁။
ပြန်လည်သုံးသပ်ရာဝယ်
◻ ဖြုန်းတီးသူ၏အစ်ကိုသည် ဂျူးဘာသာရေးခေါင်းဆောင်များနှင့် အဘယ်နည်းဖြင့်တူသနည်း။
◻ ဖြုန်းတီးသူ၏အစ်ကိုသည် အဘယ်နည်းဖြင့် သားဖြစ်ခြင်း၏စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်ခဲ့သနည်း။
◻ ဘုရားသခင်၏ကရုဏာတော်ကို ရောင်ပြန်ဟပ်ရာတွင် အဘယ်အစွန်းရောက်မှုနှစ်ခုကိုရှောင်ဖို့လိုသနည်း။
◻ ယနေ့ ဘုရားသခင့်ကရုဏာတော်ကို မည်သို့တုပနိုင်သနည်း။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
“သူ့ကို အမှန်ချစ်ကြသည်ကို ထင်ရှားစွာပြ”
နောင်တရကြောင်းတင်ပြခဲ့သော နှင်ထုတ်ခဲ့ရသည့်အမှားပြုသူနှင့်စပ်လျဉ်း၍ ကောရိန္သုအသင်းတော်ကို ပေါလုဤသို့ဆိုခဲ့သည်– “သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။” (၂ ကောရိန္သု ၂:၈) “ထင်ရှားစွာပြ” ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် “ခိုင်ခံ့မြဲမြံစေသည်” ဟုအဓိပ္ပာယ်ရှိသော တရားရေးရာဝေါဟာရတစ်ရပ်ဖြစ်သည်။ မှန်ပါသည်၊ ပြန်လည်လက်ခံထားသောနောင်တရသူများသည် သူတို့အားချစ်ကြောင်းနှင့် အသင်းတော်သားများအဖြစ် တစ်ဖန်ကြိုဆိုခံရကြောင်းတို့ကို သိရန်လိုသည်။
သို့ရာတွင် အသင်းတော်ရှိအများစုသည် လူတစ်ဦးကို ထုတ်ပစ်ခြင်း သို့မဟုတ် ပြန်လည်လက်ခံခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာသောအခြေအနေများကို မသိရှိကြကြောင်း ကျွန်ုပ်တို့သတိရရမည်။ ထို့အပြင် နောင်တရသောသူပြုခဲ့သောအမှားကြောင့် အချိန်အတန်ကြာကိုယ်တိုင်ထိခိုက်နစ်နာမှုခံစားခဲ့သူအချို့ရှိနိုင်သည်။ ယင်းသို့သောကိစ္စရပ်များတွင် အကဲဆတ်သည့်အားလျော်စွာ ထိုသို့သောကိစ္စရပ်များကြောင့် ပြန်လည်လက်ခံပြီဖြစ်ကြောင်းကြေညာသောအခါ ကိုယ်တိုင်ကိုယ်ကျပြေလည်ရှင်းလင်းမှုမရှိမီ နှုတ်ဆက်ကြိုဆိုရန်တွန့်ဆုတ်နေခြင်းကို ကျွန်ုပ်တို့နားလည်နိုင်ပါသည်။
ခရစ်ယာန်အသင်းသားများအဖြစ် ပြန်လည်ကြိုဆိုခံရကြောင်းသိရခြင်းသည် ပြန်လည်လက်ခံခြင်းခံရသူတို့အတွက် ယုံကြည်ခြင်းတိုးပွားစရာ အမှန်ဖြစ်သည်တကား! ကျွန်ုပ်တို့သည် အဆိုပါနောင်တရသူများကို စကားစမြည်ပြောဆိုခြင်းဖြင့်ဖြစ်စေ၊ ဘုရားသခင့်နိုင်ငံတော်ခန်းမ၊ ခရစ်ယာန်ဓမ္မအမှုနှင့် အခြားသင့်လျော်သောအခြေအနေများတွင် သူတို့နှင့်ပေါင်းသင်းခြင်းဖြင့်ဖြစ်စေ အားပေးနိုင်သည်။ ချစ်အပ်သော ဤသူတို့ကို ဤသို့မေတ္တာထင်ရှားစွာပြခြင်း သို့မဟုတ် ခိုင်ခံ့မြဲမြံစေခြင်းအားဖြင့် သူတို့ကျူးလွန်ခဲ့သောအပြစ်များ၏ကြီးလေးမှုကို တစ်နည်းနည်းဖြင့် ပေါ့ပေါ့တန်တန်သဘောထားရာမကျပါ။ ယင်းအစား အပြစ်ရှိသောလမ်းစဉ်ကိုစွန့်ပြီး ယေဟောဝါထံပြန်လှည့်လာသည့်အတွက် ကောင်းကင်ဗိုလ်ခြေများနှင့်အတူ ကျွန်ုပ်တို့ဝမ်းမြောက်ကြ၏။—လုကာ ၁၅:၇။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
သားကြီးသည် သူ၏ညီပြန်လာရာတွင် ဝမ်းမသာခဲ့