ဘုရားသခင့်ဖြောင့်မတ်ခြင်း၌ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေခြင်း
“သင်သည် ထာဝရဘုရား၌ခိုလှုံ [ယုံကြည်စိတ်ချ] မည်အကြောင်း၊ သင့်ကိုယ်တိုင်ကို ယနေ့ငါသွန်သင်၏။”—နယပုံပြင် ၂၂:၁၉။
၁၊ ၂။ (က) ယေဟောဝါသက်သေများသည် ယေဟောဝါအား ယုံကြည်စိတ်ချမှုရှိကြောင်း အဘယ်ကြောင့် တင်ပြကြသနည်း။ (သု. ၂၂:၁၉) (ခ) အချို့သူများသည် ယေဟောဝါ၌ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေဖို့လိုကြောင်း အဘယ်အရာကပြညွှန်သနည်း။
ခရစ်ယာန်စစ်များသည် ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်များကို တိကျမှန်ကန်စွာသိကျွမ်းရသည့်ကောင်းချီး ခံစားကြရ၏။ “သစ္စာနှင့်သတိပညာရှိသောကျွန်” က “အချိန်တန်” ဝိညာဉ် ‘အစာတို့ကို’ သူတို့အား မေတ္တာပါစွာပံ့ပိုးပေးနေသည်။ (မဿဲ ၂၄:၄၅၊ သမ) သူတို့ရရှိသောအသိပညာက သူတို့အား ဘုရားသခင်၌ ယုံကြည်စိတ်ချမှုကိုအခြေခံရန် ခိုင်မာသောအုတ်မြစ်ကိုဖြစ်စေ၏။ သို့ဖြင့် ယေဟောဝါသက်သေများသည် အုပ်စုတစ်စုအနေဖြင့် ယေဟောဝါနှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းအပေါ် ထူးခြားစွာယုံကြည်စိတ်ချကြောင်း တင်ပြကြသည်။
၂ သို့သော် တစ်ဦးချင်းစီအနေနှင့် သက်သေခံအချို့သည် ထိုသို့သော ယုံကြည်စိတ်ချမှုမျိုးကို ခိုင်ခံ့အောင်ပြုလုပ်ပေးဖို့ လိုအပ်ပုံရှိသည်။ အခါအားလျော်စွာ အသင်းမထုတ်ဝေထားသောစာအုပ်စာတမ်းများမှ ရှင်းပြချက်များသည် မရှင်းမလင်းဖြစ်နေသည်ဟုဖော်ပြသည့် စာများလက်ခံရရှိလေ့ရှိသည်။ ဤသို့ သံသယများဖြစ်ပေါ်လာခြင်းမှာ သိနားလည်မှုကို ပြုပြင်ပြောင်းလဲခဲ့၍ဖြစ်မည်၊ သို့မဟုတ် မေးမြန်းသူနှင့် အထူးသဖြင့် ထိုသူ၏စိတ်လှုပ်ရှားမှုနှင့် ဆိုင်နေ၍ဖြစ်မည်။—ယောဟန် ၆:၆၀၊ ၆၁ နှိုင်းယှဉ်။
၃။ ယေဟောဝါ၏ သစ္စာရှိကျေးကျွန်များပင်လျှင် အဘယ်အရာဖြစ်နိုင်သနည်း၊ အဘယ်ကြောင့်နည်း။
၃ ယေဟောဝါ၏ ကျေးကျွန်စစ်များပင်လျှင် ဒေသနာ ၉:၁၁ ၏မှန်ကန်ချက်ကို ကြုံတွေ့ကြရသည်– “တစ်ဖန် နေအောက်မှာရှိသောအမှုအရာတို့ကို ငါပြန်၍ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည်ပြိုင်၍ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကိုမရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌မျက်နှာမရတတ်၊ ခပ်သိမ်းသောသူတို့၌ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင်၏။” ယင်းသည် အကျယ်တဝင့် သို့မဟုတ် ဝိညာဉ်ရေးသဘောအရ မှန်ကန်ကြောင်း မည်သို့ထင်ရှားမည်နည်း။ ကျမ်းစာဆုံးမစကားကို လိုက်လျှောက်ရာတွင် လျင်မြန်သူ၊ သမ္မာတရားဘက် အင်တိုက်အားတိုက်ခုခံရပ်တည်သူ၊ ကျမ်းစာမူများကို လိုက်လျှောက်ရာတွင် ပညာရှိပြီး တိကျမှန်ကန်သောအသိပညာကို ဆည်းပူးရာတွင်ဇွဲရှိခဲ့သူ ခရစ်ယာန်များကို ကျွန်ုပ်တို့ သိဖူးခဲ့ပေမည်။ သို့တိုင် “ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်း” ကြောင့် အချို့တို့သည် မတော်တဆဖြစ်မှုတစ်ခုခု သို့မဟုတ် အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ယခုအခါ မစွမ်းဆောင်နိုင်တော့ဘဲဖြစ်ချေမည်။ သူတို့သည် မသေဘဲ ဘုရားသခင့်ကမ္ဘာသစ်ထဲ ဝင်၊ မဝင်သိလိုကြပေမည်။
၄၊ ၅။ ခရစ်ယာန်များသည် ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ ယုံကြည်စိတ်ချမှုပျောက်ဆုံးသွားဖို့အကြောင်း အဘယ်ကြောင့်မရှိသနည်း။
၄ ခရစ်ယာန်တစ်ဦးသည် သူ၏ကြင်ဖော်ဆုံးသွားသောအခါ ဆုံးရှုံးမှုဝေဒနာကို အပြင်းအထန်ခံစားရမည်။ အတူတကွ နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များစွာပင် ယေဟောဝါ အမှုတော်ထမ်းဆောင်ခဲ့ကြမည်။ သေခြင်းက အိမ်ထောင်ရေးနှောင်ကြိုးကို ဖြတ်တောက်ပစ်လိုက်ကြောင်း ကျန်ရစ်သူသိပေသည်။a (၁ ကောရိန္သု ၇:၃၉) ယခု သူ၏ယုံကြည်စိတ်ချမှုသည် အခြေပျက်သွားနိုင်သည်ဖြစ်ရာ သူ၏စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ထားရန်လိုပေမည်။—မာကု ၁၆:၈ နှိုင်းယှဉ်။
၅ ကြင်ဖော်၊ မိဘ၊ သားသမီး သို့မဟုတ် ရင်းနှီးသောခရစ်ယာန်မိတ်ဆွေတစ်ဦး သေဆုံးသွားရာတွင် ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ ယုံကြည်စိတ်ချမှုရှိကြောင်းတင်ပြဖို့ရန် အခွင့်ကောင်းပင်ဟု ရှုမြင်ခြင်းက မည်မျှပညာရှိလေစွတကား! ဆုံးရှုံးမှုကို ကိုယ်တိုင်ကြုံတွေ့ရစေကာမူ ယေဟောဝါသည် မဖြောင့်မတ်သူ မဟုတ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ ထာဝရအသက်ရရှိသူအားလုံး—ကပ်ကျော်သူဖြစ်စေ၊ ရှင်ပြန်ထမြောက်သူဖြစ်စေ—ပျော်ရွှင်ကြမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်၏။ ဘုရားသခင်နှင့်ပတ်သက်၍ ဆာလံဆရာက ဤသို့ဆိုသည်– “လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။ ထာဝရဘုရား၏လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏။ ထာဝရဘုရားသည် [ဆုတောင်း] သောသူအပေါင်း၊ သစ္စာနှင့်တကွ [ဆုတောင်း] သောသူအပေါင်းတို့၏ အနီးအပါး၌ရှိတော်မူ၏။ ကြောက်ရွံ့သောသူတို့၏အလိုကို ပြည့်စုံစေတော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်တင်တော်မူ၏။”—ဆာလံ ၁၄၅:၁၆-၁၉။
မလိုအပ်ဘဲနှင့် ဆင်းရဲခံရသည်ဟူသော ခံစားချက်များ
၆၊ ၇။ (က) ယခင်က ဆင်းရဲခံစားခဲ့ရသော သက်သေခံအချို့တို့သည် ယခု အဘယ်ကြောင့် ကွဲလွဲသောနားလည်မှု ရှိနိုင်သနည်း။ (ခ) ယခင်က ထိုသို့ဆင်းရဲခံစားစေရန် ခွင့်ပြုခဲ့ခြင်းအတွက် ယေဟောဝါကိုမဖြောင့်မတ်ဟူ၍ ကျွန်ုပ်တို့ အဘယ်ကြောင့်မရှုမြင်သင့်သနည်း။
၆ သက်သေခံအချို့သည် ယခု သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ်က ခွင့်ပြုသော်လည်း တစ်ချိန်ကခွင့်မပြုသဖြင့် ပါဝင်ဖို့ငြင်းဆိုခဲ့သည့်အတွက် ဆင်းရဲခံခဲ့ကြရဖူးမည်။ ဥပမာ၊ တစ်စုံတစ်ရာသော အရပ်ဘက်ဆိုင်ရာလုပ်ငန်းနှင့်စပ်လျဉ်း၍ လွန်ခဲ့သောနှစ်များက သူတို့ ထိုသို့ရွေးချယ်ပြုမူခဲ့ပေမည်။ ယခုတွင် ညီအစ်ကိုတစ်ဦးသည် လက်ရှိအစီအစဉ်စနစ်နှင့်ပတ်သက်၍ သူ၏ခရစ်ယာန်ကြားနေခြင်းကို မချိုးဖောက်ဘဲ စိတ်သန့်သန့်ဖြင့် ယင်းသို့သောအမှုကို လုပ်ဆောင်နိုင်သည်ဟု ယူမှတ်ပေမည်။
၇ ယခုဆိုးကျိုးမခံရဘဲ သူပြုလုပ်နိုင်ရာကို ငြင်းဆန်ခဲ့ခြင်းကြောင့် ဆင်းရဲခံစားရရန် ယေဟောဝါခွင့်ပြုခဲ့ခြင်းသည် မဖြောင့်မတ်ရာကျပါသလော။ ထိုသို့ကြုံတွေ့ခဲ့ကြရသူ အများစုမှာ ယင်းသို့ စဉ်းစားမည်မဟုတ်ပေ။ ၎င်းအစား သူတို့သည် စကြဝဠာပိုင်သအုပ်စိုးရှင်၏အရေးကိစ္စတွင် ခိုင်မြဲစွာရပ်တည်ဖို့ ဆုံးဖြတ်ထားကြောင်း လူသိရှင်ကြား ပြတ်ပြတ်သားသားဖော်ပြခွင့်ရရှိခဲ့ခြင်းကို ဝမ်းမြောက်ကြ၏။ (ယောဘ ၂၇:၅ နှိုင်းယှဉ်။) ယေဟောဝါဘက် မားမားမတ်မတ်ရပ်တည်ခြင်းငှာ မိမိ၏ကိုယ်ကိုကိုယ်သိသောစိတ်အတိုင်း လိုက်လျှောက်ခဲ့ခြင်းကို မည်သူကနောင်တရစရာ အဘယ်အကြောင်းရှိမည်နည်း။ သစ္စာရှိရှိဖြင့် ခရစ်ယာန်မူများကို မိမိတို့သိရှိနားလည်ထားရာနှင့်အညီ စွဲမြဲစွာဆုပ်ကိုင်ထားခြင်း သို့မဟုတ် ကိုယ်ကိုကိုယ်သိသောစိတ်၏ တိုက်တွန်းလှုံ့ဆော်မှုကို တုံ့ပြန်ခြင်းဖြင့် သူတို့သည် ယေဟောဝါ၏မိတ်ဆွေဖြစ်ရခြင်းအခွင့်နှင့် ထိုက်တန်ကြောင်း သက်သေပြသည်။ သေချာသည်မှာ ကိုယ်ကိုကိုယ်သိသောစိတ်ကို အနှောင့်အယှက်ဖြစ်စေမည့် သို့မဟုတ် အခြားသူတို့ကို ထိမိလဲစရာဖြစ်ကောင်းဖြစ်စေမည့် လမ်းစဉ်တစ်ခုကို ရှောင်ရှားခြင်းသည် ပညာရှိရာကျ၏။ ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုထားခဲ့သော ပုံနမူနာကို ကျွန်ုပ်တို့စဉ်းစားကြည့်နိုင်သည်။—၁ ကောရိန္သု ၈:၁၂၊ ၁၃; ၁၀:၃၁-၃၃။
၈။ ယခင်က ပညတ်ကိုစွဲကိုင်ထားခဲ့ကြသော ဂျူးခရစ်ယာန်များသည် ယေဟောဝါ၏ဖြောင့်မတ်ခြင်းကို သံသယဖြစ်ဖို့အကြောင်း အဘယ်ကြောင့်မရှိသနည်း။
၈ ယေဟောဝါအလိုတော်နှင့်တွေ့ရန် ဂျူးတို့သည် ပညတ်တော်ဆယ်ပါးအပြင် ထပ်ဆင့်ထုတ်ထားသော ၆၀၀ ခန့်ရှိပညတ်အမျိုးမျိုးကိုလည်း လိုက်နာကြရ၏။ နောက်ပိုင်း၌ ခရစ်ယာန်အစီအစဉ်အောက်တွင် ဇာတိဂျူးများအတွက်ပင် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် ဤပညတ်များကိုလိုက်နာဖို့ မလိုအပ်တော့ချေ။ ၎င်းတို့တွင် အရေဖျားလှီးခြင်း၊ ဥပုသ်စောင့်ခြင်း၊ ယဇ်ပူဇော်ခြင်းနှင့် တားမြစ်ထားသည့်အစာအချို့ကိုရှောင်ခြင်း အစရှိသည့်ပညတ်များပါဝင်ပါသည်။ (၁ ကောရိန္သု ၇:၁၉; ၁၀:၂၅; ကောလောသဲ ၂:၁၆၊ ၁၇; ဟေဗြဲ ၁၀:၁၊ ၁၁-၁၄) ခရစ်ယာန်များဖြစ်လာကြသောဂျူးများ—တမန်တော်များအပါအဝင်—သည် ပညတ်ပဋိညာဉ်အောက်တွင်ရှိစဉ်က သူတို့လိုက်နာဖို့ တောင်းဆိုခံရသောပညတ်များမှ လွတ်မြောက်ခဲ့သည်။ စောင့်ရှောက်စရာမလိုအပ်တော့သည့် ပညတ်များကို ယခင်က စောင့်လျှောက်စေခဲ့သောကြောင့် ဘုရားသခင့်အစီအစဉ်သည် မဖြောင့်မတ်ပါဟု သူတို့အပြစ်တင်ခဲ့သလော။ အပြစ်မတင်ခဲ့ကြချေ၊ ယေဟောဝါ၏ရည်ရွယ်ချက်များကို တိုးသိနားလည်ရသောကြောင့် သူတို့ ဝမ်းမြောက်ခဲ့ကြ၏။—တမန်တော် ၁၆:၄၊ ၅။
၉။ သက်သေခံအချို့နှင့်ပတ်သက်၍ အဘယ်အရာ မှန်ကန်ခဲ့ပြီနည်း၊ သို့သော် သူတို့အဘယ်ကြောင့်နောင်တရစရာ အကြောင်းမရှိသနည်း။
၉ ခေတ်သစ်အချိန်တွင် သက်သေခံအချို့သည် သူတို့ပြုလုပ်ရမည့်အရာ သို့မဟုတ် မပြုလုပ်ရမည့်အရာနှင့်ပတ်သက်၍ အမြင်အလွန်တင်းကျပ်ခဲ့ကြပြီ။ ထို့အတွက် သူတို့သည် အခြားသူများထက် ဆင်းရဲခံခဲ့ကြရ၏။ နောက်ပိုင်းတွင် တိုး၍သိလာသောအသိပညာက အကြောင်းအရာများအပေါ် သူတို့အမြင်ပိုကျယ်လာစေဖို့ ကူညီပေးခဲ့သည်။ သို့သော် အစောပိုင်းက သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ်နှင့်အညီ ဆောင်ရွက်ခဲ့သဖြင့် အထူးတလည် ဆင်းရဲခံစားခဲ့ရသည့်တိုင် ယင်းအတွက် သူတို့နောင်တရစရာ အကြောင်းမရှိချေ။ ‘သတင်းကောင်းအတွက် ခပ်သိမ်းသောအရာများကို ပြု’ ရန် ယေဟောဝါအားသစ္စာတည်ကြည်စွာ တလိုတလားဆင်းရဲခံခဲ့ခြင်းသည် အမှန်ပင်ချီးကျူးစရာဖြစ်ပေသည်။ ထိုသို့သောဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းမျိုးကို ယေဟောဝါကောင်းချီးပေးတော်မူ၏။ (၁ ကောရိန္သု ၉:၂၃; ဟေဗြဲ ၆:၁၀) တမန်တော်ပေတရုက ထိုးထွင်းသိမြင်စွာဖြင့် ဤသို့ရေးသားခဲ့သည်– “ကောင်းမွန်စွာပြု၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့်ရှေ့တော်၌ ကျေးဇူးရှိ၏။”—၁ ပေတရု ၂:၂၀။
ယောနထံမှ သင်ခန်းစာယူခြင်း
၁၀၊ ၁၁။ (က) နိနေဝေမြို့သို့ သွားရောက်ဖို့ တာဝန်ပေးအပ်ခြင်းခံရသောအခါ (ခ) နိနေဝေမြို့သားတို့ကို ဘုရားသခင်မဖျက်ဆီးသောအခါ ယောနသည် ယေဟောဝါအပေါ် ယုံကြည်စိတ်ချမှုကင်းမဲ့ကြောင်း မည်သို့ပြသခဲ့သနည်း။
၁၀ ယောနသည် နိနေဝေမြို့သို့သွားရန် ညွှန်ကြားခံရသောအခါ မိမိအပေါ် ယေဟောဝါထားရှိသည့်ယုံကြည်စိတ်ချမှုကို အလေးအနက်သဘောမထားကြောင်း တင်ပြခဲ့၏။ နာခံဖို့တွန့်ဆုတ်ခဲ့ခြင်းကြောင့် ထိတ်လန့်ဖွယ်တွေ့ကြုံမှုကိုရပြီးနောက် ယောနသည် ပြန်သတိလည်လာရာ မိမိ၏အမှားကိုအသိအမှတ်ပြုပြီး တိုင်းတစ်ပါးတွင် တာဝန်ကျမှုကိုလက်ခံလိုက်ကာ ကျရောက်အံ့ဆဲဆဲဖျက်ဆီးခြင်းဘေးအကြောင်း နိနေဝေမြို့သားတို့ကို သတိပေးခဲ့သည်။ ထိုအခါ မမျှော်လင့်သောအရာ ဖြစ်ခဲ့သည်– နိနေဝေမြို့သားတို့၏ နောင်တရသောသဘောထားကြောင့် ယေဟောဝါသည် သူတို့ကိုမဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့၏။—ယောန ၁:၁–၃:၁၀။
၁၁ ယောနမည်သို့ တုံ့ပြန်ခဲ့သနည်း။ မကျေမနပ်ဖြင့် သူဆုတောင်းရာတွင် ဘုရားသခင်ကို အပြစ်တင်ခဲ့၏။ သူ့ခံပြင်းမှု အကျဉ်းချုပ်ကား ဤသို့ဖြစ်သည်– ‘ဒီအတိုင်းဖြစ်လာမယ်လို့ ငါထင်မိသားပဲ။ ဒါကြောင့် အစကတည်းက နိနေဝေမြို့ကို ငါမသွားချင်တာ။ အခုတော့ ငါးကြီးကမျိုလိုက်လို့ ကြောက်ခဲ့ရတာနဲ့ အရှက်ခွဲခံခဲ့ရတဲ့ဆင်းရဲမှုတွေကိုခံရပြီး ဖျက်ဆီးခံရတော့မယ့်အကြောင်း နိနေဝေမြို့သားတွေကို ပင်ပင်ပန်းပန်း သတိပေးခဲ့ပြီးနောက် အဖတ်တင်တာကတော့ ဒါပါပဲ! ငါ့ကြိုးစားမှုအားလုံးနဲ့ ဆင်းရဲခံခဲ့ရသမျှဟာ အချည်းနှီးပါပဲ။ ငါ သေဖို့ပဲကောင်းတယ်!’—ယောန ၄:၁-၃။
၁၂။ ယောန၏အတွေ့အကြုံမှ အဘယ်အရာကို ကျွန်ုပ်တို့သင်ယူနိုင်သနည်း။
၁၂ ယောနတွင် ညည်းညူဖို့ရာ ခိုင်လုံသောအကြောင်း ရှိသလော။ နောင်တရသောမှားယွင်းသူတို့ကို ကရုဏာပြခြင်းသည် ယေဟောဝါမဖြောင့်မတ်၍လော။ အမှန်မှာ ယောနအနေဖြင့် ဝမ်းမြောက်သင့်သည်; ထောင်နှင့်ချီသောလူတို့သည် ကွပ်မျက်မခံရဘဲ အသက်ချမ်းသာရခဲ့ကြသည်တကား! (ယောန ၄:၁၁) သို့သော် သူ၏ထောက်ထားစာနာမှုမရှိသော၊ ညည်းညူသောသဘောထားက ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ ယုံကြည်စိတ်ချမှုအပြည့်အဝ မရှိကြောင်း ဖော်ပြနေသည်။ သူသည် အခြားသူအကျိုးထက် မိမိအကျိုးကိုပိုရှာကြောင်း တင်ပြနေ၏။ မိမိနှင့် မိမိ၏ခံစားချက်များကို ဦးစားမပေးခြင်းဖြင့် ယောနထံမှ သင်ခန်းစာယူကြစို့။ ယေဟောဝါအားနာခံခြင်း၊ ကိုယ်တော်၏အဖွဲ့အစည်းမှတစ်ဆင့် ပေးသောလမ်းညွှန်မှုကို လိုက်လျှောက်ခြင်းနှင့် ကိုယ်တော်၏ဆုံးဖြတ်ချက်များကိုလက်ခံခြင်းသည် ပြုသင့်ပြုအပ်ရာဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချကြစို့။ “[စစ်မှန်သော] ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် . . . ကောင်းသောအကျိုးကိုခံရကြမည်” ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။—ဒေသနာ ၈:၁၂။
ယခု၊ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေရန်အချိန်ဖြစ်!
၁၃။ ကျွန်ုပ်တို့အားလုံး ယေဟောဝါ၌ ယုံကြည်စိတ်ချမှုကို မည်သို့ခိုင်ခံ့စေနိုင်သနည်း။
၁၃ ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေခြင်းသည် ပညာရှိသောလမ်းစဉ်ဖြစ်၏။ (သု. ၃:၅-၈) ပို၍ယုံကြည်စိတ်ချမှုရှိရန် ယေဟောဝါအကူအညီပေးပါဟု ဆုတောင်းခြင်းထက်မက ကျွန်ုပ်တို့ ပြုလုပ်ရမည်ကားအမှန်ပင်။ ယုံကြည်စိတ်ချမှုသည် တိကျသောအသိပညာပေါ်အခြေခံ၍တိုးပွားလာရာ ကျွန်ုပ်တို့သည် ကိုယ်ပိုင်လေ့လာမှု၊ သမ္မာကျမ်းစာနှင့် ကျမ်းစာဆိုင်ရာရှင်းလင်းချက်စာအုပ်စာတမ်းများဖတ်ရှုခြင်းကို နေ့စဉ်လုပ်ငန်းတစ်ခု ဖြစ်စေရပေမည်။ ခရစ်ယာန်စည်းဝေးများကို မှန်မှန်တက်ရောက်ခြင်းသည် အလွန်အရေးပါသကဲ့သို့ ကောင်းမွန်စွာပြင်ဆင်ခြင်းနှင့် အတတ်နိုင်ဆုံးပါဝင်ခြင်းသည်လည်း အရေးကြီး၏။ အခြားသူတို့အား ကျမ်းစာအမှန်တရားကို ဝေမျှသည့်အကျင့်ရှိခြင်း၊ အတားအဆီးများကို လိမ္မာပါးနပ်စွာဖြေရှင်းခြင်းတို့သည်လည်း ယေဟောဝါနှင့် ကိုယ်တော်၏နှုတ်မြွက်စကားတော်၌ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကိုလည်း ပို၍နက်ရှိုင်းစေသည်။ သို့ဖြင့် ကျွန်ုပ်တို့သည် တစ်နေ့ချင်းစီ ကိုယ်တော်နှင့် ပို၍ပတ်သက်လာမည်။
၁၄။ မကြာမီတွင် ဘုရားသခင့်လူတို့သည် တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် ယေဟောဝါ၌ ယုံကြည်စိတ်ချကြောင်းကို အဘယ်ကြောင့်ပြသရလိမ့်မည်နည်း။
၁၄ မဝေးတော့သည့်အနာဂတ်တွင် တစ်ခါမျှမကျရောက်ဖူးသော ကြီးစွာသောဒုက္ခသည် လူမျိုးနွယ်အပေါ် ရုတ်တရက်ပင်ကျရောက်လာမည်။ (မဿဲ ၂၄:၂၁) ထိုသို့ဖြစ်သောအခါ ဘုရားသခင့်ကျေးကျွန်တို့အနေဖြင့် ယေဟောဝါ၏ဖြောင့်မတ်ခြင်းနှင့် ကိုယ်တော်၏အဖွဲ့အစည်းမှတစ်ဆင့်ရသောလမ်းညွှန်မှုကို တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် ယုံကြည်စိတ်ချမှုတင်ပြရန် လိုအပ်ပေလိမ့်မည်။ ထိုအခါ သူတို့သည် ဘုရားသခင်၏ ဤမိန့်မှာချက်ကို ပုံဆောင်နည်းဖြင့် ယုံကြည်စိတ်ချစွာ နာခံကြပေမည်– “ငါ၏လူတို့၊ လာကြ။ အတွင်းခန်းထဲသို့ဝင်၍၊ သင်တို့ကိုကွယ်ကာသောတံခါးများကိုပိတ်ထားကြ။ အမျက်ကာလလွန်သည်တိုင်အောင် ခဏသာပုန်းရှောင်၍နေကြလော့။” (ဟေရှာယ ၂၆:၂၀) သူတို့သည် နိုင်ငံပေါင်း ၂၃၂ နိုင်ငံရှိ အသင်းတော် ၈၅,၀၀၀ တွင်ကာကွယ်ခြင်းခံရသည့်အခြေအနေသို့ ရောက်ရှိနှင့်နေကြပြီဖြစ်သည်။ “အတွင်းခန်းထဲသို့ဝင်” ဟူသောမိန့်မှာချက်တွင် မည်သို့သောအရာ ထပ်ဆင့်၍ပါဝင်စေကာမူ ယင်းကိုလိုက်နာနိုင်ဖို့ ယေဟောဝါသည် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။
၁၅။ ၁၉၉၈ ခုနှစ်အတွင်း ယုံကြည်စိတ်ချမှုအကြောင်းကို မည်သို့အလေးပေးထားသနည်း၊ အဘယ်ကြောင့် လျော်ကန်သနည်း။
၁၅ ယခုပင် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေဖို့ လိုအပ်သည်။ ခရစ်ယာန်ညီအစ်ကိုများ၊ ယေဟောဝါ၏အဖွဲ့အစည်းနှင့် သာ၍အရေးကြီးသည်ကား ယေဟောဝါကိုယ်တော်တိုင်အား ယုံကြည်စိတ်မှုမရှိလျှင် ကပ်ကျော်ဖို့မဖြစ်နိုင်ချေ။ သို့နှင့် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေတို့၏ ၁၉၉၈၊ နှစ်ချုပ်ကျမ်းချက်ပါ “ယေဟောဝါ၏နာမတော်ကို [ဆုတောင်း] သောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြလတ္တံ့” ဟူသောစကားများမှ ထပ်တလဲလဲသတိပေးခြင်းသည် မည်မျှဆီလျော်လိုက်လေခြင်း! (ရောမ ၁၀:၁၃၊ ကဘ) ယင်းကို ကျွန်ုပ်တို့ ဆက်၍ယုံကြည်စိတ်ချရပေမည်။ ဤသို့သောယုံကြည်စိတ်ချမှု အနည်းအကျဉ်းလျော့နေသည်ကို ကျွန်ုပ်တို့သတိပြုမိလျှင် ယင်းကို ယခု၊ မှန်ပါသည်၊ ယနေ့ပင်ပြုပြင်သင့်သည်။
ယေဟောဝါ၏တရားစီရင်ခြင်းမှာ ဖြောင့်မတ်မည်
၁၆။ ယုံကြည်စိတ်ချမှုကို မပြုစုမပျိုးထောင်လျှင် မည်သို့ဖြစ်နိုင်သနည်း၊ ထိုသို့မဖြစ်စေရန် မည်သို့တားဆီးနိုင်မည်နည်း။
၁၆ ဟေဗြဲ ၃:၁၄ တွင် ဘိသိက်ခံခရစ်ယာန်တို့ကို ဤသို့သတိပေးသည်– “ငါတို့သည် စိတ်စွဲလမ်းခြင်းကိုအစပြုသကဲ့သို့ အဆုံးတိုင်အောင်တည်ကြည်လျှင်၊ ခရစ်တော်နှင့်ဆက်ဆံသောသူဖြစ်ကြ၏။” မူအရ ဤစကားများသည် မြေကြီးမျှော်လင့်ချက်ရှိသူ ခရစ်ယာန်တို့နှင့်လည်း သက်ဆိုင်ပေသည်။ ယုံကြည်စိတ်ချမှု ရှင်သန်လာစေရန် မပြုလုပ်ပေးလျှင် ရှိလက်စပင် လုံးပါးပါးနိုင်၏။ တိကျသောအသိပညာကို ဆက်ဆည်းပူးခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုအုတ်မြစ်ကို ခိုင်ခံ့စေခြင်းသည် မည်မျှအရေးကြီးလှလေခြင်း!
၁၇။ ကပ်ကျော်ခြင်းနှင့်ပတ်သက်၍ ယေရှုသည် မှန်ကန်စွာတရားစီရင်လိမ့်မည်ဖြစ်ကြောင်း အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။
၁၇ ခရစ်တော်အနေနှင့် “သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့၊ လူအပေါင်းတို့ကို အသီးအခြားခွဲ” နိုင်မည်အကြောင်း လူမျိုးအားလုံးသည် မကြာမီစစ်ဆေးခံရလိမ့်မည်။ (မဿဲ ၂၅:၃၁-၃၃) ခရစ်တော်သည် မည်သူကပ်ကျော်ထိုက်သည်ကို ဖြောင့်မတ်စွာစီရင်မည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ “ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာ စစ်ကြောစီရင်” ရန် ယေဟောဝါသည် ကိုယ်တော်အား ဉာဏ်ပညာ၊ ထိုးထွင်းသိမြင်ခြင်းနှင့် အခြားလိုအပ်သောအရည်အသွေးများကို ပေးအပ်တော်မူ၏။ (တမန်တော် ၁၇:၃၀၊ ၃၁) ကျွန်ုပ်တို့၏ခံယူချက်သည် ဤသို့ဆိုခဲ့သော အာဗြဟံကဲ့သို့ ဖြစ်ပါလေစေ– “ထိုသို့ပြု၍ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော် [ယေဟောဝါ] နှင့်ဝေးပါစေသတည်း။ မြေကြီးလုံးကိုစီရင်တော်မူသောသခင်သည်၊ တရားသဖြင့်ပြုတော်မူမည်မဟုတ်လော။”—ကမ္ဘာဦး ၁၈:၂၅။
၁၈။ ယခုတွင် ကျွန်ုပ်တို့ မသိရှိသေးသောအရာနှင့်ပတ်သက်၍ အဘယ်ကြောင့် အလွန်အမင်းစိတ်မပူသင့်သနည်း။
၁၈ ယေဟောဝါ၏ဖြောင့်မတ်ခြင်း၌ ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ဤကဲ့သို့သောမေးခွန်းများ၏အဖြေကိုရရှိရန် စိတ်မပူသင့်ပေ– ‘နို့စို့ကလေးများနှင့် ကလေးငယ်များသည် မည်သို့တရားစီရင်ခံရမည်နည်း။ အာမဂေဒုန်ရောက်လာသောအခါ သတင်းကောင်းမကြားရသေးသော လူအများစုရှိနေမည်လော။ စိတ်ရောဂါသည်များကော။ . . . ကော။’ အဆိုပါကိစ္စများကို ယေဟောဝါမည်သို့မည်ပုံဖြေရှင်းမည်ကို လက်ရှိအချိန်တွင် ကျွန်ုပ်တို့ သိမည်မဟုတ်သေးချေ။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ်သောနည်းလမ်းနှင် သနားကြင်နာစွာဖြင့် စီရင်တော်မူပေလိမ့်မည်။ ယင်းကို ကျွန်ုပ်တို့ မည်သည့်အခါမျှ သံသယမဖြစ်သင့်ချေ။ အမှန်မှာ၊ ကျွန်ုပ်တို့ မည်သည့်အခါမျှပင် မစဉ်းစားဖူးသောနည်းဖြင့် ကိုယ်တော်ဖြေရှင်းပုံကို ကြည့်မြင်ရခြင်းသည် အံ့အားသင့်၍ ဝမ်းမြောက်စရာဖြစ်ပေမည်။—ယောဘ ၄၂:၃; ဆာလံ ၇၈:၁၁-၁၆; ၁၃၆:၄-၉; မဿဲ ၁၅:၃၁; လုကာ ၂:၄၇ နှိုင်းယှဉ်။
၁၉၊ ၂၀။ (က) ကျိုးကြောင်းညီညွတ်သောမေးခွန်းများကို မေးမြန်းခြင်းသည် အဘယ်ကြောင့်မမှားသနည်း။ (ခ) ယေဟောဝါသည် လိုအပ်သောအဖြေများကို မည်သည့်အချိန်တွင် ပေးမည်နည်း။
၁၉ ဆန့်ကျင်သူအချို့က လွဲမှားစွာပြောကြသကဲ့သို့ ယေဟောဝါ၏အဖွဲ့အစည်းသည် စိတ်ရင်းမှန်နှင့် အချိန်သင့်အခါသင့်ဖြစ်သောမေးခွန်းများကို မဟန့်တားချေ။ (၁ ပေတရု ၁:၁၀-၁၂) သို့သော် သမ္မာကျမ်းစာက မိုက်မဲပြီး မှန်းဆ၍ပြောသောမေးခွန်းများကို ကျွန်ုပ်တို့ရှောင်ရှားရမည်ဟု ဆုံးမထားသည်။ (တိတု ၃:၉) ကျိုးကြောင်းညီညွတ်သောမေးခွန်းများကိုမေး၍ ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ခရစ်ယာန်စာပေများမှ ဝိညာဉ်ရေးဆိုင်ရာအဖြေများကို ရှာဖွေလေ့လာခြင်းက ကျွန်ုပ်တို့၏ တိကျသောအသိပညာကို တိုးပွားစေနိုင်သဖြင့် ယေဟောဝါအပေါ်၌ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေနိုင်သည်။ အဖွဲ့အစည်းက ယေရှု၏ပုံနမူနာကို လိုက်လျှောက်၏။ ဖြေဆိုဖို့အတွက် အချိန်မတန်သေးသောမေးခွန်းများကို ဝေဖန်ခြင်းမှသူရှောင်ရှားခဲ့သည်။ သူက ဤသို့ရှင်းပြသည်– “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။” (ယောဟန် ၁၆:၁၂) ထိုအချိန်၌ မိမိကိုယ်တော်တိုင် မသိရှိရသေးသောအရာများရှိကြောင်းကိုလည်း ကိုယ်တော်ဝန်ခံတော်မူ၏။—မဿဲ ၂၄:၃၆။
၂၀ ယေဟောဝါသည် ဖော်ပြစရာအကြောင်း များစွာရှိသေး၏။ ဘုရားသခင်သည် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို သင့်လျော်သောအချိန်တွင် ဖော်ပြမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစွာ စောင့်မျှော်နေခြင်းသည် တကယ်ပင်ပညာရှိ၏။ ယေဟောဝါသတ်မှတ်ထားသောအချိန် ကျရောက်လာသည့်အခါ ကိုယ်တော်၏နည်းလမ်းများကို ထပ်ဆင့်၍ထိုးထွင်းသိမြင်ရသည့် ပျော်ရွှင်မှုရရှိလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်၏။ မှန်ပါသည်၊ ယေဟောဝါနှင့် ကိုယ်တော်အသုံးပြုနေသောအဖွဲ့အစည်းအပေါ် အကြွင်းမဲ့ယုံကြည်စိတ်ချမှုရှိပါက ကျွန်ုပ်တို့ဆုကျေးဇူးခံစားကြရမည်။ နယပုံပြင် ၁၄:၂၆ က ကျွန်ုပ်တို့ကို ဤသို့အာမခံထားသည်– “ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အားကြီးသောကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့သည်လည်း၊ ခိုလှုံရာအရပ်ကိုရကြလိမ့်မည်။”
[အောက်ခြေမှတ်ချက်များ]
a ၁၉၆၇၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၆၃၈; ၁၉၈၇၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၃၀ ရှု။
သင်မည်သို့ထင်သနည်း
◻ ယေဟောဝါ၌ ယုံကြည်စိတ်ချမှုကို အခြေပျက်စေသည့်အထိ စိတ်လှုပ်ရှားခြင်းသည် အဘယ်ကြောင့်ပညာမဲ့ရာကျသနည်း။
◻ ယောန၏အတွေ့အကြုံမှ အဘယ်အရာကို ကျွန်ုပ်တို့ သင်ယူနိုင်သနည်း။
◻ ကျမ်းစာလေ့လာခြင်းနှင့် အစည်းအဝေးတက်ခြင်းသည် အဘယ်ကြောင့် ဤမျှအရေးကြီးရသနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဆုံးရှုံးမှုကြုံရစေကာမူ ယေဟောဝါသည် ဖြောင့်မတ်တော်မူကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
သင့်ယုံကြည်စိတ်ချမှုသည် ယေဟောဝါ၌ဖြစ်ကြောင်း သေချာပါသလော