ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၄/၁ စာ. ၁၅-၂၀
  • ဘုရားသခင့်ထံတော်မှ စာအုပ်တစ်အုပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်ထံတော်မှ စာအုပ်တစ်အုပ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိပ္ပံပညာနှင့်ညီညွတ်သောစာအုပ်
  • မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသောစာအုပ်
  • မှန်ကန်သောပရောဖက်ပြုချက်စာအုပ်
  • ဤစာအုပ်သည် သိပ္ပံပညာနှင့်ညီညွတ်၏လော
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • ပရောဖက်ပြုချက်စာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • သမ္မာကျမ်းစာ—ဘုရားသခင်ထံက စာအုပ်တစ်အုပ်
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသောစာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၄/၁ စာ. ၁၅-၂၀

ဘုရားသခင့်ထံတော်မှ စာအုပ်တစ်အုပ်

“အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်။ ဘုရားသခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏။”—၂ ပေတရု ၁:၂၁။

၁၊ ၂။ (က) ကျမ်းစာသည် မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် အံဝင်မဝင်နှင့်ပတ်သက်၍ အချို့သူများ အဘယ်ကြောင့် မေးခွန်းထုတ်ကြသနည်း။ (ခ) ကျမ်းစာသည် ဘုရားသခင့်ထံတော်မှဖြစ်ကြောင်းပြသရန် မည်သည့်သက်သေသုံးခုကိုအသုံးပြုနိုင်သနည်း။

၂၁ ရာစုနားနီးကပ်နေသည့်အချိန်တွင် အသက်ရှင်နေကြသူများအတွက် ကျမ်းစာသည် အံဝင်ပါသလော။ အံဝင်မှုမရှိဟု အချို့ကထင်မှတ်ကြသည်။ “ခေတ်သစ်ဓာတုဗေဒသင်တန်းတစ်ခုတွင် ၁၉၂၄ ခုနှစ်ထုတ် ဓာတုဗေဒ ကျောင်းသုံး [စာအုပ်] တစ်အုပ်ကို အသုံးပြုဖို့ မည်သူမျှ ထောက်ခံပြောဆိုမည်မဟုတ်ပါ—ထိုအချိန်နောက်ပိုင်းတွင် ဓာတုဗေဒနှင့်ပတ်သက်သည့်အရာမြောက်မြားစွာကို ထပ်မံသိရှိလာသောကြောင့်ဖြစ်သည်” ဟုဒေါက်တာ အီလိုင် အက်စ်. ချီစင်က ရေးသားကာ ကျမ်းစာသည် ခေတ်နောက်ကျ၏ဟု သူအဘယ်ကြောင့်ယူဆရကြောင်း ရှင်းပြခဲ့သည်။ အပေါ်ယံကကြည့်လျှင် ဤအချေအတင်ပြောဆိုချက်သည် အကျိုးသင့်အကြောင်းသင့်ဖြစ်သည့်ပုံပင်။ အမှန်အားဖြင့်ဆိုလျှင် လူသားတို့သည် ကျမ်းစာခေတ်နောက်ပိုင်းတွင် သိပ္ပံပညာ၊ စိတ္တကျန်းမာရေးနှင့် လူ့အမူအကျင့်တို့အကြောင်း အတော်များများသိနားလည်ခဲ့ပြီ။ ထို့ကြောင့် အချို့က ‘ထိုသို့သောရှေးကျသည့်စာအုပ်တစ်အုပ်သည် သိပ္ပံဆိုင်ရာမတိကျမှုများနှင့် မည်သို့ကင်းလွတ်နိုင်မည်နည်း။ မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသောအကြံဉာဏ် မည်သို့ပါဝင်နိုင်မည်နည်း’ ဟူ၍အတွေးဝင်ကြသည်။

၂ ကျမ်းစာကိုယ်နှိုက်က အဖြေပေးပါသည်။ ၂ ပေတရု ၁:၂၁ တွင် ကျမ်းစာပရောဖက်များသည် “သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏” ဟုပြောပြသည်။ သို့ဖြင့် ကျမ်းစာသည် ဘုရားသခင့်ထံတော်မှဖြစ်ကြောင်း ဖော်ပြသည်။ ထိုသို့ဖြစ်ကြောင်း အခြားသူများကို မည်သို့လက်ခံယုံကြည်စေနိုင်သနည်း။ ကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖြစ်သည်ဟူသည့် သာဓကသုံးခုကို သုံးသပ်ကြည့်ကြစို့– (၁) သိပ္ပံနည်းကျ တိကျမှုရှိသည်၊ (၂) သမ္မာကျမ်းစာသည် မျက်မှောက်ခေတ် အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျပြီး ကာလအကန့်အသတ်မရှိသည့်မူများပါရှိသည်၊ နှင့် (၃) သမိုင်းဝင်ဖြစ်ရပ်များက သက်သေထူသည့်အတိုင်း ပြည့်စုံပြီးသည့် အတိအကျပရောဖက်ပြုချက်များပါဝင်သည်။

သိပ္ပံပညာနှင့်ညီညွတ်သောစာအုပ်

၃။ ကျမ်းစာသည် သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိမှုများကို အဘယ်ကြောင့် မစိုးရွံ့သနည်း။

၃ ကျမ်းစာသည် သိပ္ပံပညာ ကျောင်းသုံးစာအုပ်မဟုတ်ပါ။ သို့ရာတွင် ယင်းသည် အမှန်တရားစာအုပ်ဖြစ်ပြီး အမှန်တရားသည် မကွယ်မပျောက်အစဉ်တည်ရှိနိုင်သည်။ (ယောဟန် ၁၇:၁၇) ကျမ်းစာသည် သိပ္ပံပညာဆိုင်ရာ ရှာဖွေတွေ့ရှိချက်များကို မစိုးရွံ့ပါ။ သိပ္ပံပညာနှင့်ဆက်နွှယ်သည့်ကိစ္စရပ်များကို ဖော်ပြသောအခါ ဒဏ္ဍာရီမျှသာဖြစ်ကြောင်းထင်ရှားသည့် ရှေးဟောင်း “သိပ္ပံ” သီအိုရီများနှင့် လုံးဝကင်းရှင်းသည်။ အမှန်မှာ သမ္မာကျမ်းစာတွင် သိပ္ပံပညာအရ တိကျမှန်ကန်သောဖော်ပြချက်များသာမကဘဲ ထိုအချိန်ကအများလက်ခံထားသော အယူအဆများကို ပြတ်ပြတ်သားသားဆန့်ကျင်သည့်အဆိုများလည်း ပါဝင်သည်။ ဥပမာအနေနှင့် ကျမ်းစာနှင့် ဆေးသိပ္ပံပညာတို့အကြား သဘောတူညီမှုကို သုံးသပ်ကြည့်ပါ။

၄၊ ၅။ (က) ရှေးသမားတော်များသည် ရောဂါနှင့်ပတ်သက်၍ မည်သည့်အချက်ကို နားမလည်ခဲ့ကြသနည်း။ (ခ) မောရှေသည် အီဂျစ်ဆေးသမားတော်တို့၏ ကုထုံးများနှင့်လက်ပွန်းတတီးရှိခဲ့ကြောင်း အဘယ်ကြောင့် ယုံမှားဖွယ်မရှိသနည်း။

၄ ရှေးသမားတော်များသည် ရောဂါပိုးပျံ့နှံ့ပုံကို အပြည့်အဝနားမလည်ခဲ့ကြသကဲ့သို့ ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်း၏ အရေးကြီးမှုကိုပါ နားမလည်ခဲ့ကြပါ။ သူတို့၏ဆေးဘက်ဆိုင်ရာလုပ်ထုံးအများအပြားမှာ ယနေ့ခေတ်အဆင့်အတန်းနှင့်ဆိုလျှင် အလွန်ခေတ်နောက်ကျနေသည်။ ရရှိနိုင်သည့် ရှေးအကျဆုံး ဆေးကျမ်းတစ်ဆူမှာ ဘီ.စီ.အီး. ၁၅၅၀ ခန့်မှဟု နေ့စွဲတပ်နိုင်သည့် အီဂျစ်ဆေးပညာပေါင်းချုပ်တစ်ခုဖြစ်သော အီးဘားစ် ပါပိုင်းရတ်ဖြစ်သည်။ ၎င်းတွင် “မိချောင်းကိုက်ခံရခြင်းမှ ခြေသည်းနာအထိဖြစ်သည့်” ဝေဒနာအမျိုးမျိုးအတွက် ကုသနည်း ၇၀၀ ခန့်ပါဝင်သည်။ ကုသနည်းအများဆုံးမှာ မထိရောက်ရုံမက အချို့မှာ အကြီးအကျယ်အန္တရာယ်ရှိသည်။ ထိခိုက်ဒဏ်ရာတစ်ခုကို ကုသဖို့အတွက် ဆေးညွှန်းတစ်ခုမှာ လူ့မစင်ကို အခြားပစ္စည်းများနှင့် သမအောင်ရောထားသည့်ဆေးကို လိမ်းပေးဖို့ အကြံပြုထားသည်။

၅ ဤအီဂျစ်ဆေးကုထုံးကျမ်းကို မောရှေပညတ်ပါဝင်သည့် ကျမ်းစာ၏ပထမကျမ်းစောင်များနှင့် တစ်ချိန်တည်းလောက်တွင် ပြုစုခဲ့သည်။ မောရှေသည် ဘီ.စီ.အီး. ၁၅၉၃ ၌ အီဂျစ်ပြည်တွင် မွေးဖွားကြီးပြင်းလာသည်။ (ထွက်မြောက်ရာ ၂:၁-၁၀) ဖာရော၏အိမ်ထောင်တွင်ကြီးပြင်းလာပြီး မောရှေသည် “အဲဂုတ္တုအတတ်ပညာအလုံးစုံတို့ကိုသင်” ခဲ့ရလေသည်။ (တမန်တော် ၇:၂၂) သူသည် အီဂျစ် ‘ဆေးသမားတော်တို့’ နှင့်လက်ပွန်းတတီးရှိခဲ့သည်။ (ကမ္ဘာဦး ၅၀:၁-၃) မထိရောက်သော သို့မဟုတ် အန္တရာယ်ရှိသော သူတို့၏ဆေးကုထုံးများသည် သူ၏ရေးသားချက်များအပေါ် ဩဇာလွှမ်းမိုးခဲ့သလော။

၆။ မျက်မှောက်ခေတ်ဆေးသိပ္ပံပညာအရ အကျိုးသင့်အကြောင်းသင့်ဖြစ်သည်ဟု ယူမှတ်နိုင်သော မောရှေ၏ပညတ်တရားရှိ သန့်ရှင်းမှုဆိုင်ရာပြဋ္ဌာန်းချက်များကား အဘယ်နည်း။

၆ ယင်းသို့လွှမ်းမိုးမည့်အစား မောရှေ၏ပညတ်တရားတွင် မျက်မှောက်ခေတ်ဆေးသိပ္ပံပညာအရ အကျိုးသင့်အကြောင်းသင့်ဖြစ်သည်ဟု ယူမှတ်နိုင်သော သန့်ရှင်းမှုဆိုင်ရာပြဋ္ဌာန်းချက်များပါဝင်သည်။ ဥပမာ၊ တပ်စခန်းချမှုများနှင့်ပတ်သက်သည့် ပညတ်တစ်ခုက မစင်ကို စခန်းနှင့်ဝေးဝေးတွင် မြေမြှုပ်ရန် တောင်းဆိုသည်။ (တရားဟောရာ ၂၃:၁၃) ယင်းသည် အလွန်အဆင့်မြင့်သော ကြိုတင်ကာကွယ်မှုတစ်ရပ်ဖြစ်သည်။ ယင်းသို့ပြုခြင်းဖြင့် ရေကိုညစ်ညမ်းမှုမှ ကင်းဝေးစေသည်၊ အဆိုးဆုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သန်းနှင့်ချီသောသူများ၏အသက်ကို နှစ်စဉ်ခြွေယူလျက်ရှိသည့် ယင်ပေါက်ပွားမှုကြောင့်ဖြစ်သော ရှီဂယ်လာဝမ်းကိုက်ရောဂါနှင့် ဝမ်းလျှောရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးသည်။

၇။ မောရှေ၏ ပညတ်တရားတွင် သန့်ရှင်းမှုဆိုင်ရာ မည်သည့်ပြဋ္ဌာန်းချက်များက ကူးစက်တတ်သည့်ရောဂါပိုးများ ပြန့်ပွားမှုကိုကာကွယ်ရန် အကူအညီဖြစ်စေသနည်း။

၇ မောရှေ၏ ပညတ်တရားတွင် ကူးစက်တတ်သည့်ရောဂါပိုးများ ပြန့်ပွားမှုမှ ဣသရေလလူမျိုးကို ကာကွယ်ပေးသည့် သန့်ရှင်းမှုဆိုင်ရာ အခြားပြဋ္ဌာန်းချက်များလည်းပါဝင်သည်။ ကူးစက်တတ်သည့်ရောဂါအရိပ်အယောင်ပြသူ သို့မဟုတ် ရောဂါရှိသူကို သီးသန့်ထားသည်။ (ဝတ်ပြုရာ ၁၃:၁-၅) (ရောဂါကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော) အလိုလိုသေသည့် တိရစ္ဆာန်တစ်ကောင်နှင့်ထိမိသော အဝတ်အစား သို့မဟုတ် အိုးခွက်များကို ပြန်အသုံးမပြုမီ ဆေးကြောပစ်ရသည် သို့မဟုတ် ဖျက်ဆီးပစ်ရသည်။ (ဝတ်ပြုရာ ၁၁:၂၇၊ ၂၈၊ ၃၂၊ ၃၃) လူသေအလောင်းနှင့်ထိမိသောလူတစ်ဦးကို မစင်ကြယ်သူဟုယူမှတ်ရာ ထိုသူသည် အဝတ်လျှော်ရေချိုးခြင်းပါဝင်သည့် စင်ကြယ်မှုအစီအစဉ်ကို ပြုလုပ်ရသည်။ မစင်ကြယ်သည့် ခုနစ်ရက်တာကာလအတွင်း အခြားသူများနှင့် ခန္ဓာချင်းမထိရန် ရှောင်ကြဉ်ရသည်။—တောလည်ရာ ၁၉:၁-၁၃။

၈၊ ၉။ မောရှေ၏ ပညတ်တရားပါ သန့်ရှင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက်များသည် များစွာခေတ်ရှေ့ပြေးသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၈ အဆိုပါသန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းသည် ခေတ်ရှေ့ပြေးသည့်ဉာဏ်ပညာကို ဖော်ပြသည်။ မျက်မှောက်ခေတ် ဆေးသိပ္ပံပညာသည် ရောဂါပြန့်ပွားသည့်နည်းများအကြောင်းနှင့် ရောဂါကာကွယ်မှုအကြောင်းကို များစွာသိရှိလာခဲ့ကြသည်။ ဥပမာအနေဖြင့် ၁၉ ရာစုတွင် ဆေးဘက်ဆိုင်ရာတိုးတက်မှုများကြောင့် ရောဂါပိုးဟန့်တားခြင်း—ရောဂါပိုးကူးစက်မှုများကို လျော့ပါးစေရန် သန့်ရှင်းမှုအကြောင်း စတင်ပြောလာကြသည်။ ရလဒ်ကား ရောဂါကူးစက်ခြင်းနှင့် သေချိန်မတန်ဘဲသေခြင်းတို့သည် သိသိသာသာလျော့နည်းသွားသည်။ ၁၉၀၀ ပြည့်နှစ်တွင် ဥရောပနိုင်ငံအများနှင့် အမေရိကန်ပြည်ထောင်စုတွင် ပျမ်းမျှ သက်တမ်းမှာ ၅၀ ပင်မပြည့်ပါ။ ထိုနှစ်မှစ၍ နောက်ပိုင်း ရောဂါပိုးများထိန်းချုပ်ခြင်းနှင့်ပတ်သက်သည့် ဆေးဘက်ဆိုင်ရာတိုးတက်မှုကြောင့်သာမကဘဲ သာ၍သန့်ရှင်းပြီး နေမှုထိုင်မှုအခြေအနေ သာ၍ကောင်းလာခြင်းတို့ကြောင့် လူ့သက်တမ်းမှာ သိသိသာသာရှည်လာပါသည်။

၉ သို့တိုင် ရောဂါပြန့်ပွားသည့်နည်းများအကြောင်း ဆေးသိပ္ပံပညာက မသိရှိမီ နှစ်ပေါင်းထောင်နှင့်ချီပြီး ကျမ်းစာက ရောဂါကာကွယ်မှုအနေနှင့် ခြေမြစ်သော ကာကွယ်နည်းနိဿယများကို ပြဋ္ဌာန်းပေးခဲ့သည်။ မောရှေက သူ့ခေတ်တွင် ဣသရေလအမျိုးသားများသည် သာမန်အားဖြင့် အသက် ၇၀၊ ၈၀ နေသည်ဟုပြောနိုင်ခြင်းမှာအံ့အားသင့်စရာမဟုတ်ပေ။ (ဆာလံ ၉၀:၁၀) အဆိုပါသန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းများကို မောရှေ မည်သို့သိရှိနိုင်သနည်း။ ကျမ်းစာကိုယ်နှိုက်က ရှင်းပြပေးသည်– ပညတ်တရားကို “ကောင်းကင်တမန်များအားဖြင့်” ထားတော်မူ၏။ (ဂလာတိ ၃:၁၉) မှန်ပါသည်၊ ကျမ်းစာသည် လူ့ဉာဏ်ပညာစာအုပ်မဟုတ်ပါ; ဘုရားသခင့်ထံတော်မှစာအုပ်ဖြစ်သည်။

မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသောစာအုပ်

၁၀။ ကျမ်းစာကို လွန်ခဲ့သည့် နှစ်ပေါင်း ၂,၀၀၀ နီးပါးက ရေးပြီးခဲ့သော်လည်း ၎င်း၏အကြံဉာဏ်နှင့်ပတ်သက်၍ မည်သည့်အချက်မှန်ကန်သနည်း။

၁၀ အကြံဉာဏ်ပေးစာအုပ်များသည် ခေတ်နောက်ကျသွားလေ့ရှိရာ မကြာမီတွင် ပြင်ဆင်တည်းဖြတ်လိုက်ရ သို့မဟုတ် အစားထိုးလိုက်ရသည်။ သို့သော် ကျမ်းစာသည် အမှန်ပင် တစ်မူထူးခြားပါသည်။ “ကိုယ်တော်၏သတိပေးချက်တို့သည် အလွန်ယုံကြည်ကိုးစားထိုက်ကြောင်း သက်သေထင်ရှားပါ၏” ဟုဆာလံ ၉၃:၅ (ကဘ) ကဆို၏။ ကျမ်းစာကို လွန်ခဲ့သည့် နှစ်ပေါင်း ၂,၀၀၀ နီးပါးက ရေးပြီးခဲ့သော်လည်း ယင်း၏စကားများသည် လက်တွေ့ကျဆဲပင်။ ထို့အပြင် ကျွန်ုပ်တို့သည် မည်သည့်အသားအရောင်ရှိလူမျိုး သို့မဟုတ် မည်သည့်နိုင်ငံသားပင်ဖြစ်စေကာမူ တန်းတူအကျိုးသက်ရောက်မှုဖြင့် လက်တွေ့ကျပါသည်။ ကျမ်းစာပါ ကာလအကန့်အသတ်မရှိ “အလွန်ယုံကြည်ကိုးစားထိုက်” သောအကြံဉာဏ်ဆိုင်ရာ ပုံနမူနာအချို့ကိုသုံးသပ်ကြည့်ပါ။

၁၁။ လွန်ခဲ့သော ဆယ်စုနှစ်အတော်များများတွင် များစွာသောမိဘများသည် သားသမီးဆုံးမခြင်းနှင့်စပ်လျဉ်း၍ မည်သည့်အရာကိုယုံကြည်ခဲ့ကြသနည်း။

၁၁ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က—သားသမီးလေ့ကျင့်ရေးနှင့်ပတ်သက်သည့် “ဆန်းသစ်သောအကြံဉာဏ်များ” ၏စေ့ဆော်ခံရခြင်းကြောင့်—မိဘများစွာတို့သည် “တားမြစ်ခြင်းမပြုရန် မြစ်တားထား” သည်ဟု ယူမှတ်ခဲ့ကြသည်။ ကလေးများကို ကန့်သတ်ချက်များချမှတ်ခြင်းဖြင့် စိတ်ထိခိုက်ကာ စိတ်ပျက်အားလျော့အောင်လုပ်ရာကျမည်ကို သူတို့စိုးရိမ်ခဲ့ကြသည်။ ကလေးပြုစုပျိုးထောင်ရေးအပေါ် ကောင်းကျိုးလိုလားသော အကြံပေးပုဂ္ဂိုလ်များက မိဘတို့သည် မိမိတို့၏သားသမီးများအား အညင်သာဆုံးပဲ့ပြင်မှုထက်ပို၍ပြုခြင်းကို ရှောင်ဖို့ အခိုင်အမာပြောဆိုခဲ့ကြသည်။ အဆိုပါကျွမ်းကျင်သူများသည် ယခုအခါတွင် “မိဘများကို အနည်းငယ်ပို၍တင်းကျပ်ရန်၊ ပြန်ထိန်းချုပ်ရန် တိုက်တွန်းနေကြောင်း” နယူးယောက်တိုင်းမ်စ်က ဖော်ပြသည်။

၁၂။ “ပဲ့ပြင်ဆုံးမခြင်း” ဟုပြန်ဆိုသော ဂရိနာမ်သည် အဘယ်အရာကိုဆိုလိုပြီး သားသမီးများအား ထိုသို့သောပဲ့ပြင်ဆုံးမမှုမျိုးကိုပြုရန် အဘယ်ကြောင့်လိုသနည်း။

၁၂ သို့ရာတွင် ကျမ်းစာသည် သားသမီးလေ့ကျင့်ခြင်းအကြောင်းနှင့်ပတ်သက်ပြီး ဟန်ချက်ညီ၍ တိကျသောအကြံဉာဏ်ကို တစ်လျှောက်လုံးပေးလာခဲ့သည်။ ၎င်းက ဤသို့အကြံပြုသည်– “အဘတို့ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းခြင်းတို့နှင့်အညီ သူတို့ကို ဆက်၍ပြုစုပျိုးထောင်ပေးကြလော့။” (ဧဖက် ၆:၄၊ ကဘ) “ပဲ့ပြင်ဆုံးမခြင်း” ဟုပြန်ဆိုသော ဂရိနာမ်မှာ “ပြုစုပျိုးထောင်ပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ သွန်သင်ပို့ချပေးခြင်း” ဟုအဓိပ္ပာယ်ရသည်။ ဆုံးမပဲ့ပြင်ခြင်း သို့မဟုတ် သွန်သင်ပို့ချခြင်းသည် မိဘမေတ္တာ၏အထောက်အထားဖြစ်သည်ဟု ကျမ်းစာကဆိုသည်။ (သု. ၁၃:၂၄) ကလေးများသည် အမှားအမှန်ခွဲခြားနိုင်စွမ်းတိုးပွားရန် အကူအညီဖြစ်စေသည့် ရှင်းလင်းပြတ်သားသော ကျင့်ဝတ်ဆိုင်ရာလမ်းညွှန်ချက်များအောက်တွင် ကောင်းစွာတိုးတက်ဖွံ့ဖြိုးကြသည်။ တော်မှန်သောထိန်းချုပ်ဆုံးမမှုက သူတို့ကို လုံခြုံသည်ဟုခံစားရစေရန် ထောက်ကူပေးသည်; ဆုံးမပဲ့ပြင်မှုခံရခြင်းက မိဘတို့သည် မိမိတို့ကိုလည်းကောင်း၊ မိမိတို့ မည်သို့သောလူစားမျိုး ဖြစ်လာနေကြောင်းကိုလည်းကောင်း ဂရုစိုက်ကြောင်း သူတို့အားသိစေသည်။—သု. ၄:၁၀-၁၃ နှိုင်းယှဉ်။

၁၃။ (က) ပဲ့ပြင်ဆုံးမခြင်းနှင့်စပ်လျဉ်း၍ မိဘများကို ကျမ်းစာကမည်သို့သတိပြုစေသနည်း။ (ခ) မည်သည့်ပဲ့ပြင်ဆုံးမမှုမျိုးကို ကျမ်းစာက အားပေးသနည်း။

၁၃ သို့သော် ဤဆုံးမခြင်းကိစ္စနှင့်ပတ်သက်၍ မိဘများကို ကျမ်းစာက သတိပေးထားသည်။ မိဘအခွင့်အာဏာကို အလွဲသုံးစားမပြုသင့်။ (သု. ၂၂:၁၅) မည်သည့်ကလေးကိုမျှ ဘယ်တော့မှ ရက်စက်စွာ ပြစ်ဒဏ်မပေးသင့်ချေ။ ကျမ်းစာနှင့်အညီအသက်ရှင်သောမိသားစုတွင် ကာယအကြမ်းဖက်ခြင်းသည် နေရာမရှိပါ။ (ဆာလံ ၁၁:၅) စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု—ရင့်သီးသောစကားလုံးများ၊ အဆက်မပြတ် အပြစ်တင်ခြင်း၊ ငေါ့လုံးထေ့လုံးစကားဖြင့် နာကြည်းစေခြင်း—ယင်းတို့အားလုံးသည် ကလေး၏စိတ်ဓာတ်ကိုကြေမွသွားစေနိုင်သည်။ (သု. ၁၂:၁၈ နှိုင်းယှဉ်။) မိဘများကို ကျမ်းစာကပညာရှိစွာ ဤသို့သတိပေးသည်– “ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ရောက်ကြလိမ့်မည်။ [သို့မဟုတ်၊ “သင်သည် သူတို့ကို လုံးလုံးစိတ်ဓာတ်ကျစေရာ ရောက်လိမ့်မည်၊” ဖိလစ်]” (ကောလောသဲ ၃:၂၁) ကျမ်းစာက ကြိုတင်ကာကွယ်မှုကို ထောက်ခံပါသည်။ တရားဟောရာ ၁၁:၁၉ တွင် မိဘတို့သည် အားလပ်ချိန်များကို အခွင့်အရေးယူကာ ကိုယ်ကျင့်သိက္ခာနှင့် ဝိညာဉ်ရေးစံများကို မိမိတို့သားသမီးတို့အတွင်းတွင် သွတ်သွင်းပေးဖို့ တိုက်တွန်းထားသည်။ သားသမီးပြုစုပျိုးထောင်ရေးနှင့်ပတ်သက်သည့် ယင်းသို့သော ရှင်းလင်း၍အကျိုးသင့်အကြောင်းသင့်ဖြစ်သော အကြံဉာဏ်သည် ကျမ်းစာခေတ်ကကဲ့သို့ပင် ယနေ့နှင့်လည်း အံဝင်ပါသည်။

၁၄၊ ၁၅။ (က) ကျမ်းစာသည် မည်သည့်နည်းဖြင့် ပညာရှိသောအကြံဉာဏ်ပေးရုံထက်မက ပို၍လုပ်ဆောင်ပေးသနည်း။ (ခ) မည်သည့်ကျမ်းစာသွန်သင်ချက်များက အနွယ်နှင့်လူမျိုးကွဲပြားသော အမျိုးသမီးအမျိုးသားများအား အချင်းချင်းတန်းတူရည်တူဖြစ်သည်ဟု သဘောထားရန်ကူညီပေးသနည်း။

၁၄ ကျမ်းစာသည် ပညာရှိသောအကြံဉာဏ်ပေးရုံထက်မက ပို၍လုပ်ဆောင်ပေးသည်။ ၎င်း၏သတင်းတရားသည် နှလုံးသားကို တိမ်းညွတ်လာစေသည်။ ဟေဗြဲ ၄:၁၂ က “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီကိုလည်းကောင်းပိုင်းခြား၍ ထုတ်ခြင်းခွင်းတတ်၏။ စိတ်နှလုံးအကြံစည်များကိုလည်း သိမြင်တတ်၏” ဟုဆိုထားသည်။ ကျမ်းစာ၏ လှုံ့ဆော်သည့်စွမ်းအားဆိုင်ရာ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။

၁၅ ယနေ့လူများသည် အနွယ်အရ၊ လူမျိုးအရနှင့်လူမျိုးစုအရ ခြားနားမှုများဖြင့် ကွဲပြားနေကြသည်။ ထိုသို့သော လူတို့ဖန်တီးသည့်တံတိုင်းများသည် ကမ္ဘာတစ်ခွင်စစ်ပွဲများအတွင်း အပြစ်မဲ့လူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်အောင် သွေးထိုးပေးခဲ့သည်။ အခြားတစ်ဖက်၌ ကျမ်းစာတွင် အနွယ်နှင့်လူမျိုးကွဲပြားသော အမျိုးသမီးအမျိုးသားများအား အချင်းချင်းတန်းတူရည်တူဖြစ်သည်ဟု သဘောထားရန်ကူညီပေးသည့် သွန်သင်ချက်များပါရှိသည်။ ဥပမာ တမန်တော် ၁၇:၂၆ က “ဘုရားသခင်သည် မြေတစ်ပြင်လုံး၌နေရသောလူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ . . . ၏” ဟုပြောထားသည်။ ၎င်းက လူသားမျိုးနွယ် တစ်နွယ်တည်းရှိကြောင်း ပြသပါသည်တကား! ကျမ်းစာကထပ်၍ “ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့” ဟုကျွန်ုပ်တို့အား တိုက်တွန်းအားပေးထားကာ “အကယ်စင်စစ်ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်” ဟုဆိုသည်။ (ဧဖက် ၅:၁; တမန်တော် ၁၀:၃၄၊ ၃၅) ဤအသိပညာက ကျမ်းစာကိုအလေးအနက်ထားသူများနှင့် ၎င်း၏သွန်သင်ချက်များအတိုင်း နေထိုင်ရန်အမှန်တကယ်ကြိုးစားသူများကို စည်းလုံးစေသည်။ ၎င်းသည် အနက်ရှိုင်းဆုံးအပိုင်းဖြစ်သည့် လူ့နှလုံးတွင် အကျိုးသက်ရောက်ကာ လူတို့ကိုကွဲပြားစေသော လူများဖန်တီးသည့်တံတိုင်းများကို ဖယ်ရှားပစ်သည်။ ၎င်းသည် ယနေ့ကမ္ဘာတွင် အမှန်ပင် အကျိုးသက်ရောက်နေပါသလော။

၁၆။ ယေဟောဝါသက်သေများသည် စစ်မှန်သော အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအပင်းတစ်ခုဖြစ်ကြောင်း ပြသသည့်တွေ့ကြုံမှုတစ်ခုကို ပြောပြပါ။

၁၆ အမှန်ပင်အကျိုးသက်ရောက်နေသည်! သာမန်အားဖြင့် တစ်ဦးနှင့်တစ်ဦး ငြိမ်သက်စွာနေ၍မရသော ခြားနားသည့်နောက်ခံရှိသူများကို စည်းလုံးစေသည့် သူတို့၏ကမ္ဘာချီညီအစ်ကိုအသင်းအပင်းကြောင့် ယေဟောဝါသက်သေများကို လူသိများကြသည်။ ဥပမာအနေဖြင့် ရဝမ်ဒါနိုင်ငံရှိ လူမျိုးစုသတ်ဖြတ်မှုအတွင်း လူမျိုးစုတစ်နွယ်စီဖြစ်သော ယေဟောဝါသက်သေများသည် အခြားလူမျိုးစုဖြစ်သော မိမိတို့၏ခရစ်ယာန်ညီအစ်ကိုညီအစ်မများကို အကာအကွယ်ပေးခဲ့ကြပြီး ယင်းဖြစ်ရပ်တွင် သူတို့၏အသက်ကိုယ်နှိုက်ကို အန္တရာယ်ရှိစေသည်။ ဖြစ်ရပ်တစ်ခုတွင် ဟူတူသက်သေခံတစ်ဦးက သူ၏အသင်းတော်မှ တွတ်စီမိသားစုခြောက်ယောက်ကို သူ့အိမ်တွင် ဝှက်ထားလိုက်သည်။ ဝမ်းနည်းစရာကား နောက်ဆုံးတွင် တွတ်စီမိသားစုကိုရှာဖွေတွေ့ရှိသွားပြီး အသတ်ခံလိုက်ရကြသည်။ ယခုတွင် ဟူတူညီအစ်ကိုနှင့် သူ၏မိသားစုသည် သတ်ဖြတ်သူများ၏ ဒေါသအမျက်ကိုရင်ဆိုင်ရပြီး တန်ဇန်းနီးယားသို့ထွက်ပြေးကြရသည်။ အလားတူ ပုံနမူနာများစွာကို သတင်းရရှိထားပါသည်။ ယေဟောဝါသက်သေများသည် ကျမ်းစာပါ သတင်းတရား၏လှုံ့ဆော်ပေးသည့်တန်ခိုးအားဖြင့် သူတို့၏နှလုံးကိုအလွန်ထိမိသောကြောင့် ထိုသို့သောစည်းလုံးနိုင်ခြင်းသာဖြစ်ကြောင်း ရှောရှောရှူရှူအသိအမှတ်ပြုကြသည်။ ကျမ်းစာသည် မုန်းတီးမှုပြည့်နေသောဤလောကတွင် လူများကိုစည်းလုံးစေနိုင်ခြင်းက ၎င်းသည် ဘုရားသခင့်ထံတော်မှဖြစ်သည်ဟူသော ခိုင်လုံသည့်အထောက်အထားဖြစ်သည်။

မှန်ကန်သောပရောဖက်ပြုချက်စာအုပ်

၁၇။ ကျမ်းစာပရောဖက်ပြုချက်များသည် လူတို့၏ကြိုတင်ခန့်မှန်းဖော်ပြချက်များနှင့် မည်သို့ကွာခြားသနည်း။

၁၇ “ကျမ်းစာ၌ပါသောအနာဂတ္တိစကားမည်သည်ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်” ဟု ၂ ပေတရု ၁:၂၀ ကဆို၏။ ကျမ်းစာပရောဖက်များသည် တည်ရှိနေသော ကမ္ဘာ့ရေးရာရေစီးကြောင်းကိုလိုက်ပြီး ထိုတိုးတက်ဖြစ်ပေါ်မှုများအပေါ် သူတို့၏ကိုယ်ပိုင်ဖွင့်ဆိုချက်များကိုအခြေပြု၍ ကြိုတင်ခန့်မှန်းခြင်းမပြုကြချေ။ မည်သည့်အနာဂတ်ဖြစ်ပျက်မှုနှင့်မဆိုအံဝင်စေရန် မရေရာသော ကြိုတင်ခန့်မှန်းချက်များကိုလည်း မဟောကြပါ။ ဥပမာအနေဖြင့် သာမန်ထက်ထူးကဲတိကျမှုရှိပြီး သူ့ခေတ်သူ့အချိန်က အသက်ရှင်နေထိုင်သူများမျှော်လင့်သည့်အရာနှင့် လုံးဝဆန့်ကျင်၍ကြိုဟောခဲ့သည့် ပရောဖက်ပြုချက်တစ်ခုကို သုံးသပ်ကြည့်ကြစို့။

၁၈။ ရှေးဗာဗုလုန်မြို့သားများသည် အဘယ်ကြောင့် အလွန်လုံခြုံမှုရှိသည်ဟု ယူမှတ်ကြသနည်း၊ သို့တိုင် ဗာဗုလုန်မြို့နှင့်ပတ်သက်၍ အဘယ်အရာကို ဟေရှာယ တင်ကူးဟောပြောခဲ့သနည်း။

၁၈ ဘီ.စီ.အီး. သတ္တမရာစု၌ ဗာဗုလုန်သည် ဖြိုဖျက်၍မရနိုင်ပုံရှိသော ဘေဘီလိုးနီးယန်းအင်ပါယာ၏ မြို့တော်ကြီးဖြစ်ခဲ့သည်။ ထိုမြို့သည် ယူဖရေးတီးမြစ်ပေါ်တွင် ခွ၍ဆောက်ထားပြီး ၎င်းမြစ်ရေကို ကျယ်၍နက်သော ကျုံးနှင့် တူးမြောင်းကွန်ရက်တို့အတွက် အသုံးပြုခဲ့သည်။ မြို့ကို ခံတပ်မျှော်စင်များစွာဖြင့် ကျားကန်ထားသည့် ထုကောင်းသော မြို့ရိုးနှစ်ထပ်စနစ်ကလည်း အကာအကွယ်ပေးထားသည်။ ဗာဗုလုန်တွင်နေထိုင်သူများသည် အလွန်လုံခြုံမှုရှိသည်ဟုယူမှတ်ကြသည်မှာ သံသယရှိစရာမလိုပါ။ သို့တိုင် ဗာဗုလုန်သည် ဘီ.စီ.အီး. အဋ္ဌမရာစုတွင် ဘုန်းတန်ခိုးလျှမ်းလျှမ်းမတောက်မီကပင် ပရောဖက်ဟေရှာယက “ဗာဗုလုန်မြို့သည် . . . ဘုရားသခင်ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ ထိုမြို့၌ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ။ ထိုမြို့၌ အာရပ်လူသည်တဲကိုမျှမဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှမလုပ်ရကြ။” (ဟေရှာယ ၁၃:၁၉၊ ၂၀) ပရောဖက်ပြုချက်က ဗာဗုလုန်သည် ဖျက်ဆီးခံရရုံမကဘဲ ထာဝစဉ်လူသူကင်းမဲ့သောနေရာဖြစ်မည်ဟု ကြိုပြောထားသည်ကို မှတ်သားပါ။ မည်မျှရဲရင့်စွာပြုရသော ဟောကိန်းတစ်ခုဖြစ်ပါသည်တကား! ဟေရှာယသည် ဗာဗုလုန်လူသူကင်းမဲ့မှုကို တွေ့မြင်ပြီးနောက်မှ သူ၏ပရောဖက်ပြုချက်ကိုရေးသားခဲ့ခြင်း ဖြစ်နိုင်ပါသလော။ မဖြစ်နိုင်ပါဟု သမိုင်းကအဖြေပေးသည်။

၁၉။ ဘီ.စီ.အီး. ၅၃၉၊ အောက်တိုဘာ ၅ ရက်တွင် ဟေရှာယ၏ပရောဖက်ပြုချက်သည် အဘယ်ကြောင့် လုံးလုံးလျားလျား မပြည့်စုံခဲ့သနည်း။

၁၉ ဘီ.စီ.အီး. ၅၃၉ အောက်တိုဘာ ၅ ရက်နေ့ညတွင် ဗာဗုလုန်သည် မဟာကုရုလက်အောက်ရှိ မီဒို-ပါးရှား တပ်များလက်အောက်သို့ကျရောက်ခဲ့သည်။ သို့သော် ထိုအချိန်၌ ဟေရှာယ၏ပရောဖက်ပြုချက်သည် လုံးလုံးလျားလျား မပြည့်စုံသေးပါ။ ကုရုသိမ်းပိုက်အောင်မြင်ပြီးနောက်ပိုင်းတွင် လူနေထိုင်သောဗာဗုလုန်သည် တန်ခိုးမှေးမှိန်သွားသော်လည်း ရာစုနှစ်ချီ၍ဆက်ရှိနေသေးသည်။ ဘီ.စီ.အီး. ဒုတိယရာစု၊ ပင်လယ်သေကျမ်းလိပ်ပါ ဟေရှာယကျမ်းကို မိတ္တူကူးသည့်အချိန်ခန့်တွင် အနီးပတ်ဝန်းကျင်ရှိနိုင်ငံများက ထူးထူးခြားခြားနှစ်သက်ဖွယ်ကောင်းသည့်မြို့တစ်မြို့အဖြစ်ယူမှတ်ကာ တိုက်ခိုက်ကြသောဗာဗုလုန်မြို့ကို ပါသီးယန်းလူမျိုးတို့က ထိန်းချုပ်သိမ်းပိုက်လိုက်ကြသည်။ ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်က ဘီ.စီ.အီး. ပထမရာစုတွင် “မြောက်မြားစွာသော” ဂျူးများသည် ထိုတွင်နေထိုင်ကြသည်ဟုရေးသားခဲ့သည်။ ကဲင်းဗရိတ်ချ်ရှေးသမိုင်းစာအုပ်အရ စီ.အီး. ၂၄ တွင် ပါလ်မီရဲန်ကုန်သည်များသည် ဗာဗုလုန်နိုင်ငံတွင် ဖြစ်ထွန်းအောင်မြင်သော စီးပွားရေးနယ်ပယ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ထို့ကြောင့် စီ.အီး. ပထမရာစုအထိပင် ဗာဗုလုန်သည် လုံးလုံးပျက်ပြုန်းမသွားသေးဘဲတည်ရှိနေဆဲဖြစ်သော်လည်း ဟေရှာယကျမ်းမှာမူ ထိုအချိန်မတိုင်မီကြာမြင့်စွာကတည်းက ရေးသားပြီးစီးခဲ့သည်။—၁ ပေတရု ၅:၁၃။

၂၀။ ဗာဗုလုန်သည် နောက်ဆုံးတွင် “ကျောက်ပုံများ” သာဖြစ်သွားကြောင်း မည်သည့်သာဓကရှိသနည်း။

၂၀ ဗာဗုလုန်မြို့ လူဆိတ်ညံရာဖြစ်သွားခြင်းကို ဟေရှာယ လုံးဝမြင်မသွားခဲ့ရပါ။ သို့သော် ပရောဖက်ပြုချက်သည် မှန်ကန်ပြီး ဗာဗုလုန်သည် နောက်ဆုံးတွင် “ကျောက်ပုံများ” သာဖြစ်သွားတော့သည်။ (ယေရမိ ၅၁:၃၇၊ ကဘ) ဟေဗြဲကျမ်းဂန်ပညာရှင် ဂျရုမ်း (စီ.အီး. စတုတ္ထရာစုတွင်မွေးဖွားခဲ့) ၏အဆိုအရ သူ့အချိန်တွင် ဗာဗုလုန်သည် “သားရဲမျိုးစုံ” ကျက်စားရာ အမဲလိုက်ကွင်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းသည် ယနေ့အချိန်အထိ လူသူဆိတ်ညံရာအရပ်ဖြစ်နေသည်။ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် ဗာဗုလုန်ကို တစ်နည်းနည်းဖြင့် ပြန်ပြုပြင်ခြင်းက ဧည့်သည်များကို ဆွဲဆောင်နိုင်ကောင်းသော်လည်း ဟေရှာယကြိုတင်ဟောခဲ့သကဲ့သို့ ဗာဗုလုန်၏ “သားမြေး” တို့မူကား ထာဝစဉ်ပျောက်ကွယ်သွားလေပြီ။—ဟေရှာယ ၁၄:၂၂။

၂၁။ သစ္စာရှိပရောဖက်များသည် အဘယ်ကြောင့် အနာဂတ်ကို အမှားအယွင်းမရှိတိကျမှန်ကန်စွာ ကြိုတင်ဟောပြောနိုင်ကြသနည်း။

၂၁ ပရောဖက်ဟေရှာယသည် ပညာရှိခန့်မှန်းချက်များကို ပြောခဲ့ခြင်းမဟုတ်ပါ။ ပရောဖက်ပြုချက်ပုံထွက်စေရန် သမိုင်းမှတ်တမ်းကို ပြန်လည်လည်းမရေးသားခဲ့ပါ။ ဟေရှာယသည် စစ်မှန်သောပရောဖက်ဖြစ်သည်။ ကျမ်းစာပါအခြား ပရောဖက်များအားလုံးသည်လည်း အလားတူဖြစ်သည်။ အခြားမည်သည့်လူသားမျှမပြုနိုင်သော—အနာဂတ်ကို တိကျမှန်ကန်စွာ တင်ကူးပြောခြင်းကို ဤလူများမည်သို့ပြုနိုင်ကြသနည်း။ အဖြေမှာ ရှင်းနေသည်။ ပရောဖက်ပြုချက်များ၏ ဇာစ်မြစ်သည် “အဦးမှစ၍ အဆုံးတိုင်အောင် . . . ဖော်ပြ” သည့်ပရောဖက်ပြုသောဘုရား ယေဟောဝါ၌ မြစ်ဖျားခံသည်။—ဟေရှာယ ၄၆:၁၀။

၂၂။ စိတ်နှလုံးရိုးဖြောင့်သူများသည် သူတို့ကိုယ်တိုင် ကျမ်းစာကိုဆန်းစစ်ရန် တိုက်တွန်းဖို့ အဘယ်ကြောင့် ကျွန်ုပ်တို့ အစွမ်းကုန်ကြိုးစားသင့်သနည်း။

၂၂ သို့ဖြစ်လျှင် ကျမ်းစာကိုဆန်းစစ်ထိုက်ပါသလော။ ဆန်းစစ်ထိုက်ကြောင်း ကျွန်ုပ်တို့သိရှိသည်! သို့သော် လူအများက မယုံကြချေ။ သူတို့သည် ၎င်းကိုတစ်ခါမျှဖတ်မိဖွယ်မရှိပါလျက်နှင့်ပင် ကျမ်းစာနှင့်ပတ်သက်၍ အယူအဆများရှိကြသည်။ ရှေ့ဆောင်းပါး၏အစတွင် ဖော်ပြခဲ့သော ပါမောက္ခကိုပြန်သတိရပါ။ သူသည် ကျမ်းစာသင်ရန်သဘောတူခဲ့၍ ကျမ်းစာကိုစေ့စပ်စွာဆန်းစစ်ပြီးနောက် ၎င်းသည် ဘုရားသခင့်ထံတော်မှဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။ နောက်ဆုံး၌သူသည် ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့ပြီး ယနေ့တွင် ထိုပါမောက္ခသည် အကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းနေပါသည်! စိတ်နှလုံးရိုးဖြောင့်သူများသည် သူတို့ကိုယ်တိုင် ကျမ်းစာကိုဆန်းစစ်ကာ ပြီးနောက်မှ မိမိတို့၏အမြင်ကိုဆုံးဖြတ်ရန် အစွမ်းကုန်တိုက်တွန်းကြစို့။ သူတို့ကိုယ်တိုင် ရိုးသားစွာ ဆန်းစစ်ကြမည်ဆိုလျှင် တစ်မူထူးသောဤစာအုပ်ဖြစ်သည့် ကျမ်းစာသည် အမှန်ပင် လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သဘောပေါက်ကြပါလိမ့်မည်!

သင်ရှင်းပြနိုင်သလော

▫ ကျမ်းစာသည် လူ့ဇာစ်မြစ်မှမဟုတ်ကြောင်းပြသရန် မောရှေပညတ်ကို သင်မည်သို့အသုံးပြုနိုင်သနည်း။

▫ မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုအတွက် လက်တွေ့ကျသော ကျမ်းစာပါ ကာလအကန့်အသတ်မရှိသည့်မူများကား အဘယ်နည်း။

▫ ဟေရှာယ ၁၃:၁၉၊ ၂၀ ပါပရောဖက်ပြုချက်သည် ဖြစ်ပျက်ခဲ့သည့်အရာကို ရေးသားခဲ့ခြင်း အဘယ်ကြောင့် မဖြစ်နိုင်သနည်း။

▫ စိတ်နှလုံးရိုးဖြောင့်သူများကို အဘယ်အရာပြုကြရန် ကျွန်ုပ်တို့အားပေးသင့်သနည်း၊ အဘယ်ကြောင့်နည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

မောရှေသည် သူ၏ခေတ်တွင် များစွာရှေ့ပြေးသော သန့်ရှင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက်များကို မှတ်တမ်းတင်ခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ