ခရစ်ယာန်သိုးထိန်းများက သင့်အတွက် အကျိုးဆောင်ပေးကြပုံ
သိုးထိန်းများသည် သိုးအုပ်အား ဂရုစိုက်ကြပုံကို နေရာများစွာတွင် တွေ့မြင်နိုင်သည်။ သူတို့သည် ဦးဆောင်ကြသည်၊ သိုးများကို အကာအကွယ်ပေးကြသည်၊ ထောက်မပေးကြသည်။ ယင်းသည် ခရစ်ယာန်အကြီးအကဲများအတွက် စိတ်ဝင်စားစရာဖြစ်သည်။ အကြောင်းမှာ သူတို့၏လုပ်ငန်းတွင် သိုးထိန်းခြင်းအလုပ်များပါဝင်သောကြောင့်ဖြစ်သည်။ ‘ဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်း’ ရန်နှင့် “သိုးစုတစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရှု” ရန်မှာ သူတို့၏တာဝန်ဖြစ်သည်အမှန်။—တမန်တော် ၂၀:၂၈။
အသင်သည် ခရစ်ယာန်အသင်းတော်သားတစ်ဦးဖြစ်ပါမူ ဝိညာဏသိုးထိန်းများသည် သင့်အတွက် မည်သို့အကျိုးဆောင်ပေးနိုင်သနည်း။ ထို့အပြင် သင်၏အကျိုးအလို့ငှာ သူတို့၏ကြိုးစားအားထုတ်မှုများကို သင်မည်သို့တုံ့ပြန်သင့်သနည်း။ အသင်းတော်သည် သူတို့၏အကူအညီအဘယ်ကြောင့် လိုအပ်ရသနည်း။
အဘယ်အရာမှ ကာကွယ်ပေးသနည်း
ရှေးအချိန်က ခြင်္သေ့နှင့် အခြားသားရဲများသည် သိုးစုများကို အန္တရာယ်ပေးကာ အုပ်ကွဲသွားသောသိုးကို ဖမ်းယူစားသောက်ခဲ့ကြသည်။ သိုးထိန်းများသည် အကာအကွယ်ပေးခဲ့ကြရသည်။ (၁ ဓမ္မရာဇဝင် ၁၇:၃၄၊ ၃၅) အမှန်ပင်၊ စာတန်မာရ်နတ်သည် “ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိသည်။” (၁ ပေတရု ၅:၈) သူသည် ယေဟောဝါ၏မြေကြီးဆိုင်ရာ အဖွဲ့အစည်းကို တစ်ဖွဲ့လုံးအရသာမက အုပ်ကွဲနေသော ဘုရားသခင့်ကျေးကျွန်တစ်ဦးချင်းကိုပါ ဒေါမာန်ထလျက်စစ်ဆင်နွှဲတတ်သည်။ စာတန်၏ကြံရွယ်ချက်ကား အဘယ်နည်း။ ယေဟောဝါ၏လူမျိုးတော် စိတ်ဓာတ်ကျသွားရန် သူလိုလားပြီး ‘ဘုရားသခင်၏ပညတ်တော်တို့ကို ကျင့်ခြင်း’ နှင့် “ခရစ်တော်၏သက်သေခံတော်မူချက်ကို စွဲလမ်း” ခြင်းတို့ကို တားဆီးပိတ်ပင်ရန်ပင် ဆန္ဒရှိသည်။—ဗျာဒိတ် ၁၂:၁၇။
ရှေးဣသရေလနိုင်ငံတွင် ယေဟောဝါ၏သိုးများသည် “ခပ်သိမ်းသော တောသားရဲစားစရာ” ဖြစ်သွားကြရသောကြောင့် လျစ်လျူရှုမှုအတွက် အုပ်ချုပ်ရေးပိုင်းမှသိုးထိန်းများကို ကိုယ်တော်စွဲချက်တင်ခဲ့သည်။ (ယေဇကျေလ ၃၄:၈) သို့ရာတွင် ခရစ်ယာန်အကြီးအကဲများသည် အသင်းတော်တွင် ရှိသူတစ်ဦး လျစ်လျူရှုထားခံရသောကြောင့်သော်လည်းကောင်း၊ စာတန်၊ ဤလောကနှင့် အယူဖောက်ပြန်သော “ဝံပုလွေတို့” ၏သြဇာကြောင့်သော်လည်းကောင်း ဆုံးပါးမသွားရလေအောင် သူတို့ကို ကာကွယ်ပေးလိုစိတ်ပြင်းပြကြသည်။ (တမန်တော် ၂၀:၂၉၊ ၃၀၊ သမ) သိုးထိန်းများသည် သိုးတော်စုဝင်အားလုံး သတိရှိနေစေရေးအတွက် မည်သို့အကူအညီပေးကြသနည်း။ တစ်နည်းအနေနှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမရှိစင်မြင့်ပေါ်မှ ကောင်းစွာပြင်ဆင်ထားသော ကျမ်းစာဆိုင်ရာ ဟောပြောချက်များပေးခြင်းအားဖြင့်ဖြစ်သည်။ နောက်တစ်နည်းမှာ စည်းဝေးမတိုင်မီနှင့် စည်းဝေးအပြီးတို့တွင် အပြုသဘောပါပါ အားရှိစေသော စကားစမြည်ပြောဆိုမှုများအားဖြင့်ဖြစ်သည်။ ထို့အပြင် အခြားထိရောက်သောနည်းမှာ ‘သိုးများ’ ထံ အိမ်တွင်ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်းအားဖြင့် ဖြစ်သည်။ (ဆာလံ ၉၅:၇ နှိုင်းယှဉ်။) သို့ရာတွင် သိုးထိန်းလည်ပတ်မှုဟူသည် အဘယ်နည်း။ ဤကဲ့သို့သောလည်ပတ်မှုကို မည်သို့လုပ်ဆောင်သင့်သနည်း။ မည်သူများထံ လည်ပတ်ပေးသင့်သနည်း။
သိုးထိန်းလည်ပတ်မှုဟူသည် အဘယ်နည်း
သိုးထိန်းလည်ပတ်မှုဟူသည် ထွေရာလေးပါးပြောဆိုသည့် လူမှုရေးအရလည်ပတ်မှုသက်သက်မျှ မဟုတ်ပါ။ အကြီးအကဲတစ်ဦး ဤသို့ပြောသည်– “ကြေညာသူအများစုဟာ ကျမ်းစောင်တစ်ခုကို ဖတ်ခြင်း ဒါမှမဟုတ် ကျမ်းစာမှာပါတဲ့သူတစ်ယောက်အကြောင်း ဆွေးနွေးခြင်းတို့ကို တကယ်နှစ်ခြိုက်ကြတယ်။ တကယ်တော့ အကြီးအကဲဟာ တစ်ချိန်လုံးစကားပြောမနေဘူး။ အများအားဖြင့် အိမ်ရှင်ဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်ကြေညာသူဟာ ကျမ်းစာနဲ့ပတ်သက်တဲ့ သူ့ရဲ့သဘောထားတွေကို တင်ပြရတဲ့အတွက် ပျော်ရွှင်ပါတယ်၊ အဲ့လိုလုပ်ပေးခြင်းက သူ့ရဲ့ယုံကြည်ခြင်းကို သန်စွမ်းခိုင်မာလာစေပါတယ်၊ အကြီးအကဲက တည်ဆောက်မှုပေးတဲ့ ဆောင်းပါးတစ်ခုကို ဆွေးနွေးနိုင်ဖို့အတွက် ကင်းမျှော်စင်တစ်စောင် ဒါမှမဟုတ် နိုးလော့! တစ်စောင်ကိုပါ ယူသွားနိုင်တယ်။ ဒီဝိညာဉ်ရေးဆွေးနွေးခန်းဟာ သိုးထိန်းလည်ပတ်မှုနဲ့ လူမှုရေးအရလည်ပတ်မှုတို့ကို ခြားနားစေတဲ့အရာဖြစ်တယ်။”
အတွေ့အကြုံရှိသော နောက်အကြီးအကဲတစ်ဦးက ဤသို့မှတ်ချက်ချသည်– “မလည်ပတ်မီ အကြီးအကဲဖြစ်သူဟာ သွားရောက်လည်ပတ်ရမယ့် ကြေညာသူအကြောင်း စဉ်းစားဖို့အတွက် အချိန်အနည်းငယ်ယူတယ်၊ အဲ့ဒီကြေညာသူကို ဘာက တည်ဆောက်မှုဖြစ်စေနိုင်မလဲ။ လူတစ်ယောက် ခံရပ်တည်ကြည်နိုင်ရေးအတွက် လိုအပ်တဲ့စွမ်းအားရရှိစေဖို့ စိတ်ရင်းမှန်နဲ့ချီးမွမ်းပေးခြင်းဟာ သိုးထိန်းလည်ပတ်မှုအတွက် မရှိမဖြစ်တဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။” မှန်ပါသည်၊ သိုးထိန်းလည်ပတ်မှုသည် အသင်းတော်တွင်ရှိသည့် တစ်စုံတစ်ဦး ပြုကောင်းပြုမည့် ခင်မင်သောလည်ပတ်ခြင်းမျှထက်မက ပိုပါသည်။
သင့်ထံသို့ အဘယ်ကြောင့်သိုးထိန်းလည်ပတ်ရသနည်း
အကြီးအကဲတစ်ဦးသည် အိမ်တစ်အိမ်သို့ သွားရောက်လည်ပတ်သောအခါ ယုံကြည်သူချင်းများကို အားပေးရန်နှင့် သူတို့၏ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေဖို့ အကူအညီပေးရန် သူပြင်ဆင်ထားသည်။ (ရောမ ၁:၁၁) ထို့ကြောင့် အကြီးအကဲတစ်ဦး သို့မဟုတ် နှစ်ဦးသည် သင့်ထံသို့အလည်အပတ်လာလိုလျှင် သင်မည်သို့ တုံ့ပြန်သနည်း။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးဤသို့ဆိုသည်– “ပြဿနာတစ်ခုခုပေါ်ပေါက်သောအခါ သိုးထိန်းလည်ပတ်မှုလုပ်ပါက ကမ်းလှမ်းထားသော လည်ပတ်မှုကို စစချင်းတုံ့ပြန်ပုံမှာ ‘ကျွန်တော် ဘာအမှားများလုပ်မိလို့လဲ’ ဟူ၍ ဖြစ်ပေမည်။” မေတ္တာရှိသောဝိညာဏသိုးထိန်းတို့သည် အထူးသဖြင့် စိတ်သောကရောက်နေသောအချိန်နှင့် အထူးလိုအပ်ချိန်များတွင် ဆာလံဆရာကို ဂရုစိုက်ကာ အမြဲပင် ‘သူ၏စိုးလ်ကို လန်းဆန်းစေ’ သူဖြစ်သည့် ယေဟောဝါကို တုပကြသည်။—ဆာလံ ၂၃:၁-၄။
သိုးထိန်းလည်ပတ်မှု၏ ရည်ရွယ်ချက်မှာ “ဖြိုလှဲရန်မဟုတ်၊ တည်ဆောက်ရန်” ဖြစ်သည်။ (၂ ကောရိန္သု ၁၃:၁၀၊ သမ) အမှန်အားရှိစေသောအရာမှာ အိမ်ရှင်ဖြစ်သူ၏ ခံနိုင်ရည်၊ ဇွဲနှင့် သစ္စာရှိရှိလုပ်ဆောင်မှုတို့အတွက် တန်ဖိုးထားလေးမြတ်သည့် စကားများပင်တည်း။ အကြီးအကဲတစ်ဦး ဤသို့ဆိုသည်– “သိုးထိန်းလည်ပတ်သောအခါ ပြဿနာများကိုဖော်ထုတ်၍ဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် လာပါပြီဟု ထိုသူထင်မှတ်သွားစေဖို့ မကောင်းပါ။ သိုးဖြစ်သူသည် နွမ်းနယ်နေပါက သို့မဟုတ် သိုးတော်စုမှ ကျန်သူများနှင့် မိမိကိုယ်ကို အုပ်ခွဲပြီးနေပါက အကြီးအကဲဖြစ်သူသည် အကူအညီတစ်ခုခုပေးဖို့လိုသည်။”
ခရစ်ယာန်သိုးထိန်းများသည် ဤစကားများတွင်ဖော်ပြထားသည့် မည်သည့်ပုဂ္ဂိုလ်မျိုးကိုမဆို အထူးဂရုစိုက်မည်မှာ မုချဧကန်ပင်– “ပျောက်သောသိုးကို ငါ [ယေဟောဝါ] ရှာမည်။ သူတစ်ပါးနှင်သောသိုးကို လိုက်၍ဆောင်ခဲ့မည်။ အရိုးကျိုးသောသိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသောသိုးကို မစမည်။” (ယေဇကျေလ ၃၄:၁၆) မှန်ပါသည်၊ သိုးများကို လိုက်လံရှာဖွေခြင်း၊ ပြန်ဆောင်ခဲ့ခြင်း၊ အဝတ်နှင့်စည်းခြင်း သို့မဟုတ် အားရှိစေခြင်းလိုအပ်ပေမည်။ ဣသရေလသိုးထိန်းများသည် ဤတာဝန်များကို လျစ်လျူရှုခဲ့ကြသည်။ ဤသို့ပြုနိုင်ရန် သိုးထိန်းတစ်ဦးသည် အနားသို့ချဉ်းကပ်ကာ ယင်း၏လိုအပ်ချက်များကို ဆောင်ရွက်ပေးရန်လိုအပ်သည်။ အခြေခံအားဖြင့် ယင်းသည် ယနေ့သိုးထိန်းလည်ပတ်မှုတစ်ခုစီအတွက် သိသာထင်ရှားသောကဏ္ဍတစ်ခုဖြစ်သင့်သည်။
ကျန်းမာသန်စွမ်းသောသိုးများ ဂရုစိုက်မှုလို
ယခုခေတ်ဝိညာဏသိုးထိန်းများသည် ကျန်းမာသန်စွမ်းသောသိုးများကို အထူးဂရုစိုက်ပေးဖို့မလိုဟု ကျွန်ုပ်တို့ယူမှတ်သင့်သလော။ ပကတိသိုးတစ်ကောင် ဒုက္ခရောက်သောအချိန်၌ သိုးက သိုးထိန်းကို ယုံကြည်စိတ်ချပါက အကူအညီပေးဖို့ပို၍အလွန်လွယ်ကူသည်။ လက်စွဲစာအုပ်တစ်အုပ်က “သိုးများသည် ပင်ကိုအားဖြင့် လူများနှင့် ခပ်ကင်းကင်းနေတတ်ကြသည်။ ၎င်းတို့၏ယုံကြည်စိတ်ချမှုကိုရရှိဖို့အတွက် အမြဲမလွယ်ကူပါ” ဟုဖော်ပြထားသည်။ အရေးကြီးဆုံးကား သိုးများ၏ယုံကြည်စိတ်ချမှုကို ရရှိဖို့အတွက် အခြေခံလမ်းညွှန်ချက်ကို ဤစာအုပ်ကပင် ဤသို့အကြံပြုထားသည်– “တိရစ္ဆာန်များကို မှန်မှန်စကားပြောပေးပါ။ သူတို့အား စိတ်ချစေသည့် အသံကို သူတို့နားယဉ်ကြသည်။ သိုးများရှိရာ စားကျက်ထဲသို့ မကြာမကြာသွားရောက်လည်ပတ်ပါ။”—အားလိစ်ဖူအဲရ်ဒတ်စ်ရှပ်ဖ်။ ဟန့်ဘွတ်ဖူအဲရ်ဒီအာ့တ်ဂဲရက်တဲဟာလ်တွန် (သိုးများအတွက် ကိစ္စအဝဝ။ ယင်းတို့ကိုသင့်တော်စွာ ထိန်းကျောင်းနည်း လက်စွဲစာအုပ်)
ထို့ကြောင့် သိုးထိန်းနှင့် သိုးများစပ်ကြား ယုံကြည်စိတ်ချရသော ဆက်ဆံရေးရှိရန် သိုးတစ်ကောင်ချင်းနှင့် အဆက်အသွယ်ရှိဖို့လိုသည်။ ခရစ်ယာန်အသင်းတော်တွင်လည်း အလားတူပင်ဖြစ်သည်။ အကြီးအကဲတစ်ဦး ဤသို့မှတ်ချက်ချသည်– “သိုးများထံသို့ မှန်မှန်လည်ပတ်တတ်သည့် အကြီးအကဲအဖြစ် အသင်းတော်က သိထားခြင်းက ပြဿနာတက်နေသူတစ်ဦးထံ သွားရောက်လည်ပတ်ဖို့ သာ၍လွယ်ကူစေသည်။” သို့ဖြစ်ရကား ဝိညာဏသိုးထိန်းများသည် သိုးဖြစ်သူများကို ဘုရားသခင့်နိုင်ငံတော်ခန်းမတွင်သာ ကျွေးမွေးဂရုစိုက်ဖို့ကြိုးစားသူများ မဖြစ်သင့်ပါ။ အခြေအနေကခွင့်ပြုသ၍ သိုးဖြစ်သူများ၏အိမ်တွင် သိုးထိန်းလည်ပတ်မှုလုပ်ခြင်းဖြင့် သူတို့နှင့်ရင်းနှီးမှုကို ရှာယူပါ။ အကြီးအကဲအဖြစ်မိမိခန့်အပ်ခံရခါစအချိန်ကအကြောင်းကို ခရစ်ယာန်တစ်ဦးပြန်ပြောင်းပြောပြသည်။ လမ်းပေါ်တွင် ထိတ်လန့်ဖွယ်ကောင်းသော မတော်တဆဖြစ်မှုတစ်ခုကြောင့် သမီးဖြစ်သူ လောလောလတ်လတ်သေဆုံးသွားသည့် ညီအစ်ကိုတစ်ဦးထံ သွားရောက်လည်ပတ်ကာ နှစ်သိမ့်ပေးဖို့ ဦးစီးကြီးကြပ်မှူးက သူ့ကို ဖုန်းဆက်ပြောခဲ့သည့်အကြောင်းဖြစ်သည်။ ထိုအကြီးအကဲ ဤသို့ဝန်ခံသည်– “ကျွန်တော်ဟာ အဲ့ဒီညီအစ်ကိုဆီကို တစ်ခါမှ သွားမလည်ဖူးဘူး၊ သူဘယ်မှာနေလဲဆိုတာတောင်မသိတော့ ကျွန်တော်ရင်ထိတ်သွားတယ်ဗျာ! ရင့်ကျက်တဲ့အကြီးအကဲတစ်ယောက်က ကျွန်တော်နဲ့အတူလိုက်မယ်လို့ ပြောလိုက်တဲ့အခါကျမှ စိတ်ပေါ့သွားတော့တယ်။” မှန်ပါသည်၊ အကြီးအကဲများသည် သိုးထိန်းလည်ပတ်မှုတွင် တစ်ဦးကိုတစ်ဦး အကူအညီပေးကြသည်။
အချို့သောသိုးထိန်းလည်ပတ်မှုများကို ပြင်ဆင်ပြီး သွားရောက်ရာတွင် အကြီးအကဲဖြစ်သူသည် ကြီးကြပ်မှူးတစ်ဦ၏ “ကောင်းသောအမှု” ကို တက်လှမ်းယူနေသည့် ဓမ္မအမှုထမ်းတစ်ယောက်နှင့် အတူလုပ်ဆောင်နိုင်သည်။ (၁ တိမောသေ ၃:၁၊ ၁၃) အကြီးအကဲတစ်ဦးက သိုးထိန်းလည်ပတ်မှုတွင် သိုးများအတွက် မည်သို့အကျိုးဆောင်ကြောင်း တွေ့မြင်ရခြင်းအတွက် ဓမ္မအမှုထမ်းတစ်ဦး မည်မျှလေးစားတန်ဖိုးထားလိုက်မည်ဖြစ်ခြင်း! သို့နှင့် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် အသင်းတော်တွင်ရှိသူအားလုံးနှင့် တရင်းတနှီးဖြစ်ကာ ခရစ်ယာန်မေတ္တာနှင့် စည်းလုံးမှု နှောင်ကြိုးကို သန်မာခိုင်ခံ့လာစေသည်။—ကောလောသဲ ၃:၁၄။
သိုးထိန်းလည်ပတ်မှုများအတွက် အချိန်ဇယားဆွဲခြင်း
အကြီးအကဲအဖွဲ့သည် သိုးထိန်းလည်ပတ်မှုများကို အသင်းတော်စာအုပ်ကြီးသင်တန်းမှူးများနှင့် လွှဲထားလိုက်ပါက ခြောက်လအတွင်း အုပ်စုအချို့ရှိ ကြေညာသူအားလုံးထံသို့ သွားရောက်လည်ပတ်ဖြစ်မည်ဖြစ်သည်၊ တစ်ဖက်တွင်မူ အခြားအုပ်စုများတွင်ရှိမည်သူ့ထံမျှ သွားရောက်လည်ပတ်ဖြစ်မည်မဟုတ်ပါ။ ယင်းက အကြီးအကဲတစ်ဦးအား ဤစကားထွက်လာစေသည်– “အချို့အကြီးအကဲများသည် စတင်အကောင်အထည်ဖော်ကာ သိုးထိန်းခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသော်လည်း အချို့မှာမူ ဤသို့လုပ်ဆောင်ကြဖို့အတွက် သူတို့၏အကြီးအကဲချင်းတို့က တိုက်တွန်းအားပေးဖို့လိုအပ်သည်။” ထို့ကြောင့် အချို့သောအကြီးအကဲအဖွဲ့တို့သည် တိတိကျကျသတ်မှတ်ထားသော အချိန်ကာလပိုင်းတစ်ခုအတွင်း သိုးထိန်းများက ကြေညာသူအားလုံးထံသို့ လည်ပတ်ဖြစ်ရန် အစီအစဉ်များဆွဲကြသည်။
အမှန်မှာ၊ အကြီးအကဲတစ်ဦးဖြစ်စေ၊ အခြားကြေညာသူတစ်ဦးဦးဖြစ်စေ၊ အသင်းတော်တွင်ရှိသူတစ်ဦးဦးထံ လည်ပတ်ဖြစ်ဖို့အတွက် အထူးအစီအစဉ်များကို စောင့်မနေဘဲ သွားရောက်လည်ပတ်နိုင်သည်။ သိုးထိန်းလည်ပတ်မှုမသွားမီ အကြီးအကဲတစ်ဦးက ဖုန်းဆက်ကာ “တစ်လကိုတစ်အိမ်စီ ကျွန်တော်သွားရောက်လည်ပတ်ပါတယ်။ နောက်လ တစ်ချိန်ချိန်မှာ ညီအစ်ကို/ညီအစ်မဆီကို တစ်နာရီလောက် ကျွန်တော်အလည်အပတ်လာလို့ရမလား၊ ညီအစ်ကို/ညီအစ်မ ဘယ်အချိန်လောက် အဆင်ပြေမလဲ” ဟုမေးသည်။
သိုးထိန်းလည်ပတ်မှုများမှရသည့် ကောင်းချီးများ
ဤစနစ်ဆိုး၏ဖိစီးမှုများ ဆက်တိုက်တိုးလာသည်နှင့်အမျှ နားလည်မှုရှိသောသိုးထိန်းများ၏ အားပေးလည်ပတ်မှုများသည် ယခင်ကထက်သာ၍အကျိုးရှိသော အရေးကိစ္စဖြစ်လာသည်။ သိုးတော်စုတွင်ရှိသူအားလုံးသည် သိုးထိန်းလည်ပတ်မှုများအားဖြင့် အားပေးကူညီမှုရရှိကြသောအခါတွင် သိုးဖြစ်သူတိုင်းသည် ဘေးဘယာကင်းဝေးလုံခြုံသည်ဟု ခံစားကြရသည်။
ကြေညာသူအားလုံးထံသို့ သိုးထိန်းများ လည်ပတ်ဖြစ်သည့် အသင်းတော်တစ်ခုနှင့်စပ်လျဉ်း၍ ဤသို့သတင်းရရှိသည်– “ကြေညာသူများသည် သိုးထိန်းလည်ပတ်မှုအပေါ် အပြုသဘောထား အလွန်ရှိလာကြသည်။ အကြီးအကဲတစ်ဦးကို ချဉ်းကပ်ကာ နောက်တစ်ကြိမ်လည်ပတ်မည့်အချိန်ကို မေးမြန်းခြင်းသည် ကြေညာသူတစ်ဦးအတွက် လုပ်ရိုးလုပ်စဉ်မျှဖြစ်သည်။ မေးမြန်းသူသည် ယခင်တစ်ခေါက်လည်ပတ်စဉ်အတွင်း တည်ဆောက်မှုပေးသောဆွေးနွေးခန်းများ၌ ပျော်ရွှင်ခဲ့သောကြောင့်ဖြစ်သည်။ သိုးထိန်းလည်ပတ်မှုများသည် အသင်းတော်ကိုပို၍တက်ကြွလှုပ်ရှားလာစေရန် အကူအညီပေးသည့် အစီအစဉ်တစ်ခုဖြစ်သည်။” သိုးထိန်းများသည် ဤနည်းဖြင့် မေတ္တာရှိရှိအမှုဆောင်သောအခါ အသင်းတော်သည် မေတ္တာ၊ စည်းလုံးမှုနှင့် လှိုက်လှဲမှုတိုးပွားလာကြောင်း အခြားသတင်းများကဖော်ပြသည်။ ကောင်းချီးတစ်ရပ်ပါတကား!
ခရစ်ယာန်သိုးထိန်းများသည် သိုးများ၏ဝိညာဉ်ရေး သာ၍ကောင်းစေရန် လည်ပတ်ကြသည်။ အကြီးအကဲများသည် မိမိတို့၏ယုံကြည်သူချင်းများကို အားပေးလိုကြသည်၊ မြဲမြံခိုင်ခံ့စေလိုကြသည်။ လည်ပတ်ချိန်အတွင်း သွန်သင်ချက်ပေးဖို့လိုသည့် ကြီးလေးသောပြဿနာတစ်ရပ် ပေါ်လာပါက နောက်အချိန်တစ်ချိန်တွင် ဆွေးနွေးဖို့အစီအစဉ်များဆွဲခြင်းသည် အကောင်းဆုံးဖြစ်ပေမည်၊ အထူးသဖြင့် အကြီးအကဲဖြစ်သူသည် ဓမ္မအမှုထမ်းတစ်ဦးနှင့် အတူသွားသောအခါတွင်ဖြစ်သည်။ မည်သည့်ကိစ္စပင်ပေါ်ပေါက်ပါစေ သိုးထိန်းလည်ပတ်မှုကို ဆုတောင်းမှုဖြင့် နိဂုံးချုပ်ခြင်းသည် သင့်လျော်ပါသည်။
ဝိညာဏသိုးထိန်းတစ်ဦးက မကြာမီအချိန်တွင် သင့်အိမ်သို့ လာရောက်လည်ပတ်လိုပါသလော။ ဤသို့လည်ပတ်လိုသည်ဆိုပါက သင်ရရှိမည့် အားပေးမှုကို ပျော်ရွှင်စွာစောင့်မျှော်နေပါလေ။ သူသည် သင့်အတွက် အကျိုးဆောင်ရန်နှင့် ထာဝရအသက်ရစေသည့်လမ်းပေါ်တွင် ရှိမြဲရှိနေရန်ဟူသည့် သင်၏စိတ်ပိုင်းဖြတ်ချက်ကို ခိုင်ခံ့မြဲမြံစေရန် လာခြင်းဖြစ်ပေသည်။—မဿဲ ၇:၁၃၊ ၁၄။
[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]
သိုးထိန်းလည်ပတ်မှုများအတွက် အကြံပြုချက်များ
▫ အချိန်းအချက်ပြုပါ– အချိန်းအချက်ပြုခြင်းသည် အများအားဖြင့်ကောင်းသည်။ အကြီးအကဲဖြစ်သူသည် ကြီးလေးသောပြဿနာတစ်ခုကို ကိုင်တွယ်မည်ဆိုပါက ဤသို့မကိုင်တွယ်မီ ထိုကြေညာသူကို အသိပေးခြင်းသည် သင့်လျော်မည်ဖြစ်သည်။
▫ ပြင်ဆင်မှု– ထိုသူ၏ပင်ကိုအနေအထားနှင့် အခြေအနေကို သုံးသပ်ပါ။ လှိုက်လှဲသော ချီးမွမ်းမှုကို ထုတ်ဖော်ပြောပါ။ အားရှိစေသော၊ ယုံကြည်ခြင်းသန်မာစေသော “ဝိညာဉ်ဆုကျေးဇူး” တစ်ခုဝေမျှပေးရန် ပန်းတိုင်ထားပါ။—ရောမ ၁:၁၁၊ ၁၂။
▫ ခေါ်သွားမည့်သူ– အခြားအကြီးအကဲတစ်ဦး သို့မဟုတ် အရည်အချင်းရှိသော ဓမ္မအမှုထမ်းတစ်ဦး။
▫ လည်ပတ်စဉ်အတွင်း– အကြီးအကဲဖြစ်သူသည် သက်သောင့်သက်သာရှိပါ၊ မေတ္တာပါပြီး အပြုသဘောရှိပါ၊ ပြောင်းသာလွှဲသာရှိပါ။ မိသားစုအကြောင်း၊ ယင်း၏ကောင်းကျိုးချမ်းသာအကြောင်း အစရှိသည်တို့ကို မေးမြန်းပါ၊ ဂရုတစိုက်နားထောင်ပါ။ ကြီးလေးသောပြဿနာပေါ်လာပါက အထူးသိုးထိန်းလည်ပတ်မှုအတွက် စီစဉ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
▫ လည်ပတ်မှု၏ကြာချိန်– သဘောတူထားသည့်အချိန်အတိုင်းအတာကိုမကျော်စေပါနှင့်၊ သင့်အိမ်ရှင်သည် လည်ပတ်မှုကို မွေ့လျော်နေလျက် ကျန်ရစ်ပါစေ။
▫ လည်ပတ်မှုနိဂုံး– ဆုတောင်းခြင်းသည် သင့်တော်ပါသည်၊ အမှန်ပင် တန်ဖိုးထားစရာဖြစ်သည်။—ဖိလိပ္ပိ ၄:၆၊ ၇။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ခရစ်ယာန်သိုးထိန်းများသည် ဝိညာဏအကာအကွယ်ပေးသည်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
သိုးထိန်းလည်ပတ်မှုများသည် ဝိညာဉ်ရေးအားပေးတိုက်တွန်းဖို့အတွက် အခွင့်အခါကောင်းများ ရရှိစေသည်