ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၃/၁၅ စာ. ၁၀-၁၄
  • သစ္စာစောင့်သိသူများကို ရှုစားလော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သစ္စာစောင့်သိသူများကို ရှုစားလော့!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သစ္စာစောင့်သိခြင်းသည် ထူးခြားသောအရာဖြစ်
  • ယေဟောဝါ၊ ထူးကဲစွာသစ္စာစောင့်သိသောအရှင်
  • ယေရှုခရစ်တော်၊ သစ္စာစောင့်သိတော်မူသော သားတော်
  • သစ္စာစောင့်သိခဲ့သော မစုံလင်သူ လူသားများ
  • မျက်မှောက်ခေတ် သစ္စာစောင့်သိသူများ
  • “ကိုယ်တော်တစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူ၏”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • သစ္စာစောင့်သိမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • မည်သူ့အပေါ် တည်ကြည် ရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယေဟောဝါ၏အဖွဲ့အစည်းနှင့်အတူ သစ္စာစောင့်သိစွာအမှုဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၃/၁၅ စာ. ၁၀-၁၄

သစ္စာစောင့်သိသူများကို ရှုစားလော့!

“ယေဟောဝါကို မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူ၏။”—ဗျာဒိတ် ၁၅:၄၊ ကဘ။

၁။ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်သည် သူ့ထက်အလျင်ကျသူ စီ. တီ. ရပ်စယ်လ်၏ သစ္စာစောင့်သိခြင်း အရည်အသွေးအကြောင်း မည်သို့ထောက်ခံပြောဆိုသနည်း။

ကင်းမျှော်စင်အသင်း၏ဥက္ကဋ္ဌအဖြစ် စီ. တီ. ရပ်စယ်လ်၏အရာကို ၁၉၁၇ ခုနှစ်တွင် ဆက်ခံသူ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က ရပ်စယ်လ်၏ အောက်မေ့ရာပွဲအစီအစဉ်တွင် ဤသို့စတင်ပြောဆိုခဲ့သည်။ “ချားလ်စ် တေဇ် ရပ်စယ်လ်သည် ဘုရားသခင်ကို သစ္စာစောင့်သိသူ၊ ခရစ်တော်ယေရှုကို သစ္စာစောင့်သိသူ၊ မေရှိယ၏နိုင်ငံတော်အကျိုးအတွက် သစ္စာစောင့်သိသူဖြစ်သည်။ သူသည် လုံးလုံးလျားလျားသစ္စာစောင့်သိသူတစ်ဦးဖြစ်သည်။ မှန်ပါသည်၊ သေသည်တိုင် သစ္စာစောင့်သိခဲ့သည်။” ယင်းသည် ယေဟောဝါဘုရားသခင်၏ သစ္စာရှိကျေးကျွန်တစ်ဦးကို အမှန်ဂုဏ်ပြုချီးကျူးခြင်းပါတကား။ သစ္စာစောင့်သိခြင်းစိန်ခေါ်ချက်ကို အောင်မြင်စွာရင်ဆိုင်ခဲ့သည်၊ လုံးလုံးလျားလျား သစ္စာစောင့်သိသူဖြစ်သည်ဟု တစ်ဦးတစ်ယောက်အား ဂုဏ်တင်ခြင်းထက် ကောင်းသောချီးကျူးဂုဏ်ပြုမှု မရှိပါ။

၂၊ ၃။ (က) သစ္စာစောင့်သိခြင်းသည် အဘယ်ကြောင့် စိန်ခေါ်မှုဖြစ်ရသနည်း။ (ခ) ခရစ်ယာန်စစ်များသည် သစ္စာစောင့်သိရန် ကြိုးစားအားထုတ်နေကြရာတွင် မည်သူတို့ကလည်း သူတို့ကို စစ်ခင်းနေကြသနည်း။

၂ သစ္စာစောင့်သိခြင်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား သစ္စာစောင့်သိခြင်းသည် ကိုယ်ကျိုးနှင့် ဆန့်ကျင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်အပေါ်သစ္စာမရှိသူတို့တွင် ထိပ်ဆုံးမှပါဝင်သူများမှာ ဓမ္မဆရာများဖြစ်သည်။ ထို့အပြင် ယနေ့ အိမ်ထောင်ရေးတွင် သစ္စာမဲ့မှု ဤမျှနှံ့ပြားသကဲ့သို့ တစ်ခါမျှ မနှံ့ပြားခဲ့ဖူးပါ။ အိမ်ထောင်ရေးဖောက်ပြန်မှုသည် ရိုးနေပြီဖြစ်သည်။ စီးပွားရေးလောကတွင်လည်း သစ္စာမရှိခြင်းကို အနှံ့အပြားတွေ့ရှိရ၏။ ယင်းနှင့်ပတ်သက်၍ ပြောဆိုတတ်ကြသည်ကား “ယနေ့ မိမိကုမ္ပဏီကို သစ္စာစောင့်သိသူသည် ရိုးအပြီး ယုံလွယ်သူများသာဖြစ်သည်ဟု မန်နေဂျာများနှင့် အတတ်ပညာရှင်များ . . . ယုံကြည်ကြသည်” ဟူ၍ဖြစ်သည်။ “သစ္စာစောင့်သိလွန်း” သူများကို အထင်အမြင်သေးတတ်ကြသည်။ “သင်သည် ရှေးဦးပထမ သစ္စာစောင့်သိရမည်ကား သင့်ကိုယ်သင်သာဖြစ်သည်” ဟု အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ အကြံပေးလုပ်ငန်းအဖွဲ့တစ်ခု၏ ဥက္ကဋ္ဌတစ်ဦးက တင်ပြပြောဆိုခဲ့သည်။ သို့ရာတွင် မိမိကိုယ်ကိုသစ္စာစောင့်သိခြင်းအကြောင်းပြောဆိုခြင်းသည် ထိုစကားလုံး၏အနက်အဓိပ္ပာယ်ကို ပျက်ပြားစေခြင်းဖြစ်သည်။ ယင်းက မိက္ခာ ၇:၂ (ကဘ) တွင်ပါသည့် “သစ္စာစောင့်သိသူသည် ကမ္ဘာပေါ်မှ ကွယ်ပျောက်လေပြီ” ဟူသောစကားကို သတိရစေ၏။

၃ သိသိသာသာများပြားသည့်ပမာဏဖြင့် စာတန်နှင့် သူ၏နတ်ဆိုးများသည် ဘုရားသခင်အပေါ် ကျွန်ုပ်တို့ သစ္စာပျက်အောင်ပြုရန် ဆုံးဖြတ်ချက်ဖြင့် ကျွန်ုပ်တို့ကိုစစ်ခင်းနေကြသည်။ ယင်းကြောင့် ခရစ်ယာန်များကို ဧဖက် ၆:၁၂ တွင်ဤသို့မှာကြားထားသည်– “ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွတ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” မှန်ပါသည်၊ “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” ဟူသောသတိပေးချက်ကို ကျွန်ုပ်တို့လိုက်နာရန် လိုအပ်နေသည်။—၁ ပေတရု ၅:၈။

၄။ အဘယ်ဉာဉ်ဆိုးများသည် သစ္စာစောင့်သိရန် အလွန်ခဲယဉ်းစေသနည်း။

၄ ထို့ပြင် သစ္စာစောင့်သိရန် ခဲယဉ်းစေသည်ကား ကျွန်ုပ်တို့၏မိဘများထံမှ အမွေအဖြစ်ရရှိထားသော ကျွန်ုပ်တို့၏အတ္တဆန်သည့် ဉာဉ်ဆိုးများဖြစ်သည်။ ယင်းကို ကမ္ဘာဦး ၈:၂၁ ကဤသို့ဖော်ပြသည်– “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။”—အတ္တဆန်ကြသည်။—“ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကို ကျင့်” သည်ဟု တမန်တော်ပေါလုဝန်ခံခဲ့သော အခက်အခဲမျိုး ကျွန်ုပ်တို့အားလုံးတွင်ရှိကြသည်။—ရောမ ၇:၁၉။

သစ္စာစောင့်သိခြင်းသည် ထူးခြားသောအရာဖြစ်

၅၊ ၆။ သစ္စာစောင့်သိခြင်းသည် အဘယ်အရာဖြစ်ကြောင်း မည်သို့ပြောနိုင်သနည်း။ ယင်းကို မည်သို့အနက်ဖွင့်ထားသနည်း။

၅ “သစ္စာစောင့်သိခြင်း” သည်အလွန်ထူးခြားသော စကားလုံးတစ်လုံးဖြစ်သည်။ ယင်းကြောင့် ကျမ်းစာများအပေါ် ထိုးထွင်းသိမြင်ခြင်း (လိပ်) က ဤသို့ဆိုသည်– “ဟေဗြဲနှင့်ဂရိစကားလုံးများကို အဓိပ္ပာယ်ပြည့်ဝစုံလင်စွာ တိတိကျကျဖော်ပြသော အင်္ဂလိပ်စကားလုံးများ ရှိပုံမပေါက်ပါ။ သို့သော် ‘သစ္စာစောင့်သိခြင်း’ ကို ဘုရားသခင်နှင့်လည်းကောင်း၊ ကိုယ်တော်၏လုပ်ငန်းတော်နှင့်လည်းကောင်း ပတ်သက်၍ အသုံးပြုရာတွင် ဆည်းကပ်ဝတ်ပြုခြင်းနှင့် သစ္စာတည်ကြည်ခြင်းသဘောပါဝင်သက်ရောက်သည့်အတွက် ယင်းသည် အနီးစပ်ဆုံးအဓိပ္ပာယ်ကိုပေးသည်။”a“သစ္စာစောင့်သိခြင်းနှင့်ပတ်သက်၍ ကင်းမျှော်စင်က ဤသို့ဆိုခဲ့ဖူးသည်– “သစ္စာတည်ကြည်ခြင်း၊ ဝတ္တရား၊ ချစ်ခြင်း၊ တာဝန်၊ သစ္စာရှိခြင်း ဟူသောစကားလုံးများတွင် အဘယ်ဆင်တူချက်ရှိသနည်း။ ယင်းတို့သည် သစ္စာစောင့်သိခြင်း၏ အသွင်ကွဲများဖြစ်ကြသည်။” မှန်ပေသည်၊ ဂုဏ်ရည်များစွာတို့သည် သစ္စာစောင့်သိခြင်း၏ အသွင်အမျိုးမျိုးမျှသာဖြစ်သည်။ ကျမ်းစာတွင် သစ္စာစောင့်သိခြင်းနှင့် ဖြောင့်မတ်ခြင်းကို မကြာခဏဆက်စပ်အသုံးပြုထားခြင်းသည် အမှန်တကယ်ပင် ထူးခြားပေသည်။

၆ အောက်ပါအနက်ဖွင့်ဆိုချက်များသည်လည်း အထောက်အကူဖြစ်သည်– ‘သစ္စာစောင့်သိခြင်းကို စဉ်ဆက်မပြတ်ယုံကြည်စိတ်ချနိုင်သော၊ တိမ်းယိမ်းခြင်း သို့မဟုတ် သွေးဆောင်ခြင်းမှ အကာအကွယ်ပေးသော သစ္စာတည်ကြည်ခြင်းနှင့် သစ္စာရှိခြင်းတို့ဖြင့်ဖော်ညွှန်းနိုင်သည်။’ ‘သစ္စာစောင့်သိခြင်းဟူသည် ပေးထားသည့်ကတိအတိုင်းပြုခြင်း သို့မဟုတ် မိမိအနေနှင့် ကိုယ်ကျင့်တရားဆိုင်ရာဝတ္တရားရှိသည်ဟု ယူမှတ်သော အဖွဲ့အစည်းတစ်ခု သို့မဟုတ် မူဝါဒများအပေါ် အဆက်မပြတ်သစ္စာခံခြင်းသဘော သက်ရောက်သည်; ၎င်းစကားလုံးသည် မဖောက်မပြန် မြဲမြံခြင်းကိုသာမက သွေးဆောင်မှုကိုတွန်းလှန်ခြင်းနှင့် ထိုသို့မြဲမြံနေခြင်းမှ တိမ်းစောင်းမခံခြင်းကိုလည်း ဆိုလိုနေပုံရှိသည်။’ သို့ဖြစ်သောကြောင့် စမ်းသပ်မှုများ၊ အတိုက်အခံများနှင့် ညှဉ်းဆဲနှိပ်စက်မှုများကြားမှ ဆက်လက်သစ္စာတည်ကြည်သူများကို “သစ္စာစောင့်သိသူများ” ဟုခေါ်တွင်ထိုက်သည်။

၇။ သစ္စာစောင့်သိခြင်းနှင့် သစ္စာရှိခြင်းကို မည်သို့ခွဲခြားဖော်ပြနိုင်သနည်း။

၇ သို့ရာတွင် ယင်းနှင့်စပ်လျဉ်း၍ သစ္စာစောင့်သိခြင်းနှင့် သစ္စာတည်ကြည်ခြင်းကို ခွဲခြားဖော်ပြရန် ပုံဥပမာပေး၍ ရှင်းပြလျှင် ကောင်းပေမည်။ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းဒေသတွင် တစ်နာရီတစ်ကြိမ်ခန့် ရေပန်းထွက်သည့် ရေပူစမ်းတစ်ခုရှိသည်။ ယင်းသည် အချိန်တိကျမှန်ကန်လွန်းသဖြင့် သစ္စာရှင်ဟူသောနာမည်ရထားသည်။ သမ္မာကျမ်းစာက လကဲ့သို့သော အားကိုးအားထားနိုင်သည့် သက်မဲ့အရာအချို့ကို သစ္စာရှိသည်ဟုခေါ်ဆိုထားသည်။ လသည် “မိုးကောင်းကင်၌ သစ္စာစောင့်သောသက်သေ” ဖြစ်သည်ဟု ဆာလံ ၈၉:၃၇ တွင်ဆိုထားသည်။ ဘုရားသခင်၏နှုတ်ကပါဌ်စကားတော်သည် သစ္စာစကားဖြစ်သည်ဟု ဆို၏။ ဗျာဒိတ် ၂၁:၅ က “ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူကလည်း ‘ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်’ ဟုမိန့်တော်မူ၏။ ‘တစ်ဖန်တုံ၊ ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏’ ဟူ၍ . . . မိန့်တော်မူ၏” ဟုဆိုသည်။ ယင်းတို့အားလုံးသည် သစ္စာရှိ၏၊ ယုံကြည်စိတ်ချနိုင်စရာဖြစ်၏။ သို့သော် ယင်းတို့သည် အဘယ်နည်းဖြင့်မျှ မတွယ်တာတတ်ပါ။ သစ္စာစောင့်သိခြင်းကဲ့သို့သော စာရိတ္တဆိုင်ရာအရည်အချင်းမျိုးကိုလည်း မတင်ပြတတ်ကြပါ။

ယေဟောဝါ၊ ထူးကဲစွာသစ္စာစောင့်သိသောအရှင်

၈။ ကျမ်းဆိုင်ရာ အဘယ်ထောက်ခံပြောဆိုချက်သည် အကောင်းဆုံးသော သစ္စာစောင့်သိခြင်းစံနမူနာကို ခွဲခြားသတ်မှတ်ပေးသနည်း။

၈ ယေဟောဝါဘုရားသခင်သည် အကောင်းဆုံးသော သစ္စာစောင့်သိခြင်းစံနမူနာ ဖြစ်တော်မူကြောင်း ယုံမှားဖွယ်ရာ လုံးဝမရှိချေ။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ထာဝရအသက်ရရှိစေရန် သားတော်ကိုပင် စွန့်တော်မူသည်တိုင် လူသားတို့အပေါ် သစ္စာစောင့်သိတော်မူ၏။ (ယောဟန် ၃:၁၆) ယေရမိ ၃:၁၂ (သမ္မာ) တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရှုရ၏– “‘အိုဖောက်ပြန်သောဣသရေလ၊ ပြန်လာပါ’ ဟုထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် သင်ကို အမျက်နှင့်ကြည့်မည်မဟုတ်၊ ကရုဏာစိတ်သဘော [“သစ္စာစောင့်သိခြင်း၊” ကဘ] ရှိ၏။” ယေဟောဝါ၏သစ္စာစောင့်သိမှုကို ထပ်မံထောက်ခံပြောဆိုသည်ကား ဗျာဒိတ် ၁၆:၅ တွင်မှတ်တမ်းတင်ထားသော ဤစကားများဖြစ်သည်– “ပစ္စုပ္ပန်၊ အတိတ်ကာလတို့တွင်ရှိတော်မူ၍ သန့်ရှင်းမြင့်မြတ် [“သစ္စာစောင့်သိ၊” ကဘ] တော်မူသောအရှင်၊ ကိုယ်တော်သည် ဤသို့တရားစီရင်တော်မူသည်အမှုမှာ ဖြောင့်မတ်တော်မူ၏။” ၎င်းနောက်၊ ဆာလံ ၁၄၅:၁၇ တွင်တစ်ဖန် ကျွန်ုပ်တို့ကို မှာကြားသည်ကား “ထာဝရဘုရား၏လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏” ဟူ၍ဖြစ်သည်။ အမှန်မှာ၊ ယေဟောဝါသည် ထူးခြားစွာ သစ္စာစောင့်သိတော်မူသောကြောင့် ဗျာဒိတ် ၁၅:၄ (ကဘ) ကဤသို့ဆိုသည်– “ယေဟောဝါကို မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူ၏။” ယေဟောဝါဘုရားသခင်သည် အမြင့်ဆုံးအဆင့်အထိ သစ္စာစောင့်သိတော်မူသည်။

၉၊ ၁၀။ ဣသရေလလူမျိုးနှင့်ဆက်ဆံရာတွင် ယေဟောဝါသည် သစ္စာစောင့်သိခြင်းဆိုင်ရာ အဘယ်မှတ်တမ်း တင်တော်မူခဲ့သနည်း။

၉ ယေဟောဝါသည် မိမိ၏လူမျိုးတော်အပေါ် သစ္စာစောင့်သိကြောင်း ဣသရေလလူမျိုး၏သမိုင်းက အထူးတလည်ထောက်ခံပြောဆိုပါသည်။ တရားသူကြီးများခေတ်က ဣသရေလလူမျိုးသည် စစ်မှန်သောဝတ်ပြုရေးမှ အကြိမ်ကြိမ်သွေဖည်ခဲ့သော်လည်း ယေဟောဝါသည် ထပ်တလဲလဲ သနားတော်မူကာ ကယ်တင်တော်မူခဲ့သည်။ (တရားသူကြီး ၂:၁၅-၂၂) ဣသရေလနိုင်ငံတွင် ရှင်ဘုရင်များရှိခဲ့သည့် ရာစုနှစ်ငါးခုတစ်လျှောက် ထိုလူမျိုးအပေါ် ယေဟောဝါသစ္စာစောင့်သိတော်မူခဲ့သည်။

၁၀ ယေဟောဝါ၏သစ္စာစောင့်သိမှုက မိမိလူမျိုးတော်ကိုသည်းခံရန် ကိုယ်တော်ကိုဖြစ်စေကြောင်း ၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆ က “ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့်၊ စောစောထ၍ အထပ်ထပ်စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း ဘုရားသခင်၏တမန်တို့ကို ပြက်ရယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တော်တို့ကို ညှဉ်းဆဲသောကြောင့် ထာဝရဘုရား၏အမျက်တော် မငြိမ်းနိုင်အောင် မိမိလူမျိုးကို ထွက်” တော်မူသည်ဟု မှတ်တမ်းတင်သည်။

၁၁။ ယေဟောဝါ၏ သစ္စာစောင့်သိခြင်းက ကျွန်ုပ်တို့အား အဘယ်အာမခံချက် သို့မဟုတ် နှစ်သိမ့်မှုပေးသနည်း။

၁၁ ယေဟောဝါသည် သာလွန်ထူးကဲစွာသစ္စာစောင့်သိတော်မူသောကြောင့် တမန်တော်ပေါလုက ရောမ ၈:၃၈၊ ၃၉ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ရေးသားနိုင်ခဲ့ခြင်းဖြစ်သည်– “အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည် သဘောကျလျက်ရှိ၏။” မှန်ပေသည်၊ ယေဟောဝါက “ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထား” ဟုကျွန်ုပ်တို့ကို အာမခံတော်မူသည်။ (ဟေဗြဲ ၁၃:၅) ယေဟောဝါဘုရားသခင်သည် အစဉ်အမြဲသစ္စာစောင့်သိတော်မူကြောင်း သိရှိရခြင်းသည် အမှန်အားရှိစရာပင်!

ယေရှုခရစ်တော်၊ သစ္စာစောင့်သိတော်မူသော သားတော်

၁၂၊ ၁၃။ ဘုရားသခင့်သားတော်၏ သစ္စာစောင့်သိခြင်းနှင့်စပ်လျဉ်း၍ အဘယ်ထောက်ခံပြောဆိုချက်ရှိသနည်း။

၁၂ သစ္စာစောင့်သိမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ရာတွင် ယေဟောဝါအား ပြည့်ဝစုံလင်စွာ တုပတော်မူခဲ့သော၊ တုပနေဆဲရှိတော်မူသောအရှင်သည် ယေရှုခရစ်တော်ပင်ဖြစ်သည်။ ဆာလံ ၁၆:၁၀ ကိုတမန်တော်ပေတရု ကိုးကားပြီး ၎င်းသည် ယေရှုခရစ်တော်နှင့်သက်ဆိုင်ကြောင်း တမန်တော် ၂:၂၇ (ကဘ) တွင်ဤသို့ဖော်ပြထားခြင်းသည် အမှန်လျောက်ပတ်ပေသည်– “ကိုယ်တော်သည် အကျွန်ုပ်၏စိုးလ်ကို ဟေးဒီးစ်၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သစ္စာစောင့်သိသူအားလည်း ပုပ်ပျက်စေတော်မူမည်မဟုတ်ပါ။” ယေရှုခရစ်တော်သည် “သစ္စာစောင့်သိသောသူ” ဟူ၍ အခေါ်ခံထိုက်တော်မူသည်။ ကိုယ်တော်သည် မိမိ၏ခမည်းတော်ကိုလည်းကောင်း၊ ဘုရားသခင်ကတိထားတော်မူသော နိုင်ငံတော်ကိုလည်းကောင်း လုံးလုံးလျားလျား သစ္စာစောင့်သိတော်မူ၏။ စာတန်သည် ယေရှု၏သမာဓိကို ချိုးဖျက်ရန် ကိုယ်ကျိုးရှာစိတ်ကိုဆွဲဆောင်သည့် ဖြားယောင်းသွေးဆောင်မှုများကို အသုံးပြုခဲ့သည်။ ထိုသို့ပြု၍ မအောင်မြင်သဖြင့် မာရ်နတ်သည် ညှဉ်းဆဲနှိပ်စက်ခြင်းကို အသုံးပြုသည်။ နောက်ဆုံး ယေရှုကို တရားစီရင်ရာနှက်တိုင်ပေါ်တွင် ကွပ်မျက်ခံရရန်ပြုသည်။ သို့သော် ယေရှုသည် ကောင်းကင်ခမည်းတော်၊ ယေဟောဝါဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ သွေဖည်ခြင်းမရှိချေ။—မဿဲ ၄:၁-၁၁။

၁၃ ယေရှုခရစ်တော်သည် မဿဲ ၂၈:၂၀ တွင်မှတ်တမ်းတင်ထားသည့် ကတိတော်အတိုင်းပင် ကိုယ်တော်၏တပည့်နောက်လိုက်များအပေါ် သစ္စာစောင့်သိတော်မူခဲ့ပြီ– “ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” ကိုယ်တော်သည် ထိုကတိတော်နှင့်အညီ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲကျင်းပချိန်ကတည်းက ယခုထိတိုင်အောင် အသင်းတော်အပေါ် ဦးစီးဦးဆောင်မှုတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းရွက်နေတော်မူပြီ။

သစ္စာစောင့်သိခဲ့သော မစုံလင်သူ လူသားများ

၁၄။ သစ္စာစောင့်သိခြင်းဆိုင်ရာ အဘယ်ပုံနမူနာကို ယောဘတင်ပြခဲ့သနည်း။

၁၄ မစုံလင်သော လူသားများကော။ ဘုရားသခင်ကို သူတို့သစ္စာစောင့်သိနိုင်ကြပါမည်လော။ ယောဘ၏ ထူးခြားသောအဖြစ်အပျက်ကို တင်ပြစရာရှိသည်။ သူ၏အဖြစ်အပျက်တွင် ထိုပြဿနာကို စာတန် ထင်ရှားပြတ်သားစေခဲ့သည်။ ယောဘသည် ယေဟောဝါဘုရားသခင်ကို သစ္စာစောင့်သိသလော။ သို့မဟုတ် ကိုယ်ကျိုးအတွက်သာ ကိုယ်တော်ကိုဝတ်ပြုနေခြင်းလော။ ဒုက္ခပေးခြင်းအားဖြင့် ယောဘကို ယေဟောဝါထံတော်မှ သွေဖည်သွားစေနိုင်သည်ဟု စာတန်ကြွားဝါခဲ့သည်။ ယောဘသည် သူ၏စည်းစိမ်ဥစ္စာအားလုံး၊ သူ၏သားသမီးအားလုံးသာမက သူ၏ကျန်းမာရေးကိုပင် ဆုံးရှုံးခဲ့သောအခါ သူ၏ဇနီးက “ဘုရားသခင်ကိုစွန့်ပယ်၍ သေလော့” ဟု တိုက်တွန်းလေသည်။ သို့သော်လည်း ယောဘသည် သစ္စာစောင့်သိခဲ့သည်။ အကြောင်းမှာ သူမကို ယောဘက “‘မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည် ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကိုခံယူသည်ဖြစ်၍ ဒုက္ခဆင်းရဲကို မခံမယူရာသလော’ ဟုဆို၏။ ယောဘသည် ဤအမှုများနှင့်တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း။” (ယောဘ ၂:၉၊ ၁၀) အမှန်စင်စစ်၊ သူ့အားနှစ်သိမ့်မှုပေးရန် ရောက်လာသူတို့ကို ယောဘက “ငါ့ကိုသတ်တော်မူ၍ ငါမျှော်လင့်စရာမရှိသော်လည်း ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်” ဟုပြောပါသည်။ (ယောဘ ၁၃:၁၅) ယင်းကြောင့် ယောဘသည် ယေဟောဝါ၏နှစ်သက်မှုခံရခြင်းဖြစ်သည်မှာ အံ့အားသင့်စရာမဟုတ်ပေ! သို့ဖြစ်၍ တေမန်အမျိုးသား ဧလိဖတ်ကို ယေဟောဝါက “သင်နှင့် သင်၏အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက်ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့ သင်တို့သည်မပြော” ဟုမိန့်တော်မူသည်။—ယောဘ ၄၂:၇၊ ၁၀-၁၆; ယာကုပ် ၅:၁၁။

၁၅။ ယေဟောဝါဘုရားသခင်၏ကျေးကျွန် မြောက်မြားစွာ၏ သစ္စာစောင့်သိခြင်းနှင့်စပ်လျဉ်း၍ ကျမ်းဆိုင်ရာ အဘယ်ထောက်ခံပြောဆိုချက် ရှိသနည်း။

၁၅ ဟေဗြဲကျမ်း အခန်းကြီး ၁၁ တွင်ဖော်ပြထားသော ယုံကြည်ခြင်းရှိသောသူ ယောက်ျား၊ မိန်းမအားလုံးတို့ကို သစ္စာစောင့်သိသူများဟူ၍ ခေါ်ဆိုနိုင်ပါသည်။ သူတို့သည် သစ္စာရှိကြရုံမက ဖိစီးမှုများနှင့်ရင်ဆိုင်ရလျက်ပင် သစ္စာစောင့်သိခဲ့ကြ၏။ ယင်းကြောင့် “ယုံကြည်ခြင်းအားဖြင့် . . . ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊ မီးအရှိန်ကို ငြိမ်းစေခြင်း၊ ဓားလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ . . . အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာ နေရသဖြင့် စုံစမ်းခြင်းကို ခံရကြ၏။ ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်း၊ ဓားလက်နက်နှင့်ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကိုဝတ်၍ လှည့်လည်ရကြ” သူများအကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရကြ၏။—ဟေဗြဲ ၁၁:၃၃-၃၇။

၁၆။ တမန်တော်ပေါလုသည် သစ္စာစောင့်သိခြင်းဆိုင်ရာ အဘယ်ပုံနမူနာကို တင်ပြခဲ့သနည်း။

၁၆ ခရစ်ယာန်ဂရိကျမ်းစာစောင်များက တမန်တော်ပေါလု၏ ထူးခြားသောပုံနမူနာကိုလည်း ဖော်ပြထားသည်။ မိမိ၏ဓမ္မအမှုနှင့်ပတ်သက်၍ သက်သာလောနိတ်မြို့ရှိခရစ်ယာန်များအား “ယုံကြည်သောသင်တို့နှင့်စပ်၍ ငါတို့သည် မည်မျှအပြစ်မဲ့လျက်၊ သန့်ရှင်း [“သစ္စာစောင့်သိ၊” ကဘ] ဖြောင့်မတ်စွာ ကျင့်ကြုံပြုမူခဲ့ကြောင်း သင်တို့နှင့် ဘုရားသခင် သက်သေဖြစ်” သည်ဟူ၍ ပေါလုကောင်းစွာပြောဆိုနိုင်သည်။ (၁ သက်သာလောနိတ် ၂:၁၀၊ သမ) ၂ ကောရိန္သု ၆:၄၊ ၅ (သမ) တွင်မှတ်တမ်းတင်ထားသည့် ပေါလု၏စကားများကလည်း သူ၏သစ္စာစောင့်သိမှုကို ဤသို့ထပ်ဆင့်သက်သေထူသည်– “ဘုရားသခင့်အမှုတော်ဆောင်များအဖြစ် အနည်းနည်းအားဖြင့် ကိုယ်ကိုထောက်ခံကြသည်မှာ ဖိစီးခြင်း၊ ညှဉ်းပန်းခြင်း၊ ကျဉ်းကျပ်ခြင်း၊ ရိုက်ဒဏ်ခတ်ခြင်း၊ ထောင်ချခြင်း၊ ရုန်းရင်းခတ်ပြုခြင်း၊ ပင်ပန်းခြင်း၊ အအိပ်ဖျက်ခြင်း၊ အစားဖျက်ခြင်းများကိုခံရာ၌ လွန်ကဲစွာတည်ကြည်ခြင်း” တည်း။ တမန်တော်ပေါလုသည် သစ္စာစောင့်သိခဲ့သောကြောင့် ကိုယ့်သိက္ခာကိုယ် လေးစားမှုရှိနိုင်ကြောင်း ယင်းတို့အားလုံးက သက်သေထူသည်။

မျက်မှောက်ခေတ် သစ္စာစောင့်သိသူများ

၁၇။ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်၏ အဘယ်စကားက သစ္စာစောင့်သိရန် သူစိတ်ပိုင်းဖြတ်ထားကြောင်း တင်ပြသနည်း။

၁၇ မျက်မှောက်ခေတ်သို့ရောက်ရှိလာသော် ကျွန်ုပ်တို့၏နိဒါန်းတွင် ဖော်ပြထားသော ပုံနမူနာကောင်းရှိသည်။ “ငြိမ်းချမ်းရေးမင်းသား” လက်အောက် ကမ္ဘာချီလုံခြုံမှုစာအုပ်က စာမျက်နှာ ၁၄၆ တွင် “အကျဉ်းချခံရချိန်အတွင်း သစ္စာစောင့်သိခြင်း” ဟူသောခေါင်းစဉ်ငယ်အောက်၌ မည်သို့တင်ပြထားသည်ကို သတိပြုပါ။ ထိုတွင် ဤသို့ဆိုသည်– “အကျဉ်းချခံရချိန်အတွင်း ယေဟောဝါ၏ အဖွဲ့အစည်းကို သစ္စာစောင့်သိသော ကင်းမျှော်စင်အသင်း၏ဥက္ကဋ္ဌ ဂျိုးဇက်ဖ်. အက်ဖ်. ရပ်သဖော့ဒ်က အောက်ပါစကားကို ၁၉၁၈၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ရေးသားခဲ့သည်– ‘ဗာဗုလုန်ကို ကျွန်တော် လိုက်လျောသဘောမတူဘဲ ကျွန်တော်၏သခင်ကို သစ္စာရှိရန် ကြိုးစားခဲ့သောကြောင့် ကျွန်တော်အကျဉ်းချခံရခြင်းဖြစ်သည်။ ယင်းအတွက် ကျွန်တော် ကျေးဇူးတင်သည်။ . . . သားရဲကိုလိုက်လျောအလျှော့ပေးပြီး လူလွတ်အဖြစ် တစ်လောကလုံး၏ ချီးမွမ်းခြင်းကို ခံနေရခြင်းထက် ကိုယ်တော်၏စိတ်တော်နှင့်တွေ့လျက် အကျဉ်းချခံရရန် ကျွန်တော်သာ၍အလိုရှိပါသည်။’”b

၁၈၊ ၁၉။ မျက်မှောက်ခေတ်တွင် သစ္စာစောင့်သိခြင်းဆိုင်ရာ မည်သည့်အကောင်းဆုံး ပုံနမူနာများရှိသနည်း။

၁၈ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရပ်ခဲ့သော အခြားခရစ်ယာန်မြောက်မြားစွာတို့၏ ချီးမွမ်းဖွယ်ကောင်းသည့် သစ္စာစောင့်သိခြင်း ပုံနမူနာများစွာ ရှိသည်။ ၎င်းသစ္စာရှိသူများအနက် အင်္ဂလိပ်ဘာသာစကားဖြင့် အနှံ့အပြားထုတ်ဝေထားသော ခရမ်းရောင်တြိဂံဗီဒီယိုတွင် တင်ဆက်ထားသည့် နာဇီခေတ်အတွင်းက ဂျာမန်ယေဟောဝါသက်သေများဖြစ်သည်။ မာလာဝီနိုင်ငံမှသူများကဲ့သို့သော အာဖရိကသက်သေခံမြောက်မြားစွာတို့လည်း မှတ်သားဖွယ်ကောင်းသူများဖြစ်ကြသည်။ ထိုနိုင်ငံရှိ ထောင်မှူးတစ်ဦးက “သူတို့ ဘယ်တော့မှ အလျှော့ပေးလိုက်လျောမှာမဟုတ်ဘူး။ အရေအတွက်သာ တိုးများလာကြတယ်” ဟူ၍သက်သေခံများ၏ သစ္စာစောင့်သိမှုကို ထောက်ခံပြောဆိုပါသည်။

၁၉ တစ်ဦးတစ်ယောက်သောသူသည် မကြာသေးမီကထုတ်ဝေခဲ့သည့် ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်များကို ဖတ်ပြီးနောက် ဂရိ၊ မိုဇမ်ဘစ်နှင့် ပိုလန်နိုင်ငံတို့မှ ခရစ်ယာန်စစ်များ တင်ပြခဲ့သော သစ္စာစောင့်သိမှုကို စွဲမှတ်စရာမဖြစ်ဘဲ မနေနိုင်ပါ။ သူတို့အနက် များစွာသောသူတို့သည် အလွန်ပြင်းထန်သောနှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရ၏; အခြားသူများမှာ အသတ်ခံခဲ့ရကြသည်။ အသတ်ခံရသည်အထိ သစ္စာစောင့်သိမှု စိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့သော အီသီယိုးပီးယားနိုင်ငံမှ ခရစ်ယာန်အမျိုးသားကိုးဦး၏ရုပ်ပုံကို ၁၉၉၂ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၁၇၇ တွင်ဖော်ပြထားသည်။ ယေဟောဝါသက်သေများအနေနှင့် သစ္စာစောင့်သိမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ရန် ခွန်အားရှိစေသည့် ဤမျှလောက်များစွာသော ပုံနမူနာများ ရှိထားသည့်အတွက် ဝမ်းသာကြသည်မဟုတ်ပေလော။

၂၀။ ဆက်သစ္စာစောင့်သိနေမည်ဆိုလျှင် အဘယ်အကျိုးရလဒ်ကို ခံစားရမည်နည်း။

၂၀ ဖြားယောင်းသွေးဆောင်မှုများ၊ ဖိစီးမှုများကို သစ္စာစောင့်သိစွာ တွန်းလှန်ခြင်းအားဖြင့် ကိုယ့်သိက္ခာကိုယ် လေးစားမှုကို ကျွန်ုပ်တို့တိုးပွားစေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သစ္စာစောင့်သိခြင်းဆိုင်ရာပြဿနာတွင် မည်သူ့ဘက်၌ ရပ်တည်လိုကြသနည်း။ ကျွန်ုပ်တို့သည် သစ္စာစောင့်သိမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်းအားဖြင့် ယင်းပြဿနာတွင် ယေဟောဝါဘုရားသခင်ဘက်၌ ရပ်တည်ကြပြီး စာတန်မာရ်နတ်ကို သိမ်ဖျင်းယုတ်ညံ့၊ ဗြောင်ညာသောသူဖြစ်ကြောင်း အမှန်သက်သေထူသည်တကား! ဤသို့အားဖြင့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်၏ စိတ်တော်နှင့်တွေ့ကြပြီး ပျော်ရွှင်စွာဖြင့် ထာဝရအသက်ဆုကျေးဇူးကို ခံစားရကြမည်။ (ဆာလံ ၃၇:၂၉; ၁၄၄:၁၅ခ) သစ္စာစောင့်သိမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ရန် အဘယ်အရာလိုအပ်ကြောင်း နောက်ဆက်တွဲဆောင်းပါးတွင် ဆွေးနွေးကြမည်ဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မြို့မှထုတ်ဝေသော အတွဲနှစ်တွဲပါ ကျမ်းစာစွယ်စုံကျမ်း။

b ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မြို့မှ ထုတ်ဝေသည်။

သင်မည်သို့ဖြေဆိုမည်နည်း

◻ သစ္စာစောင့်သိနေခြင်းသည် အဘယ်ကြောင့် စိန်ခေါ်ချက်တစ်ရပ် ဖြစ်သနည်း။

◻ “သစ္စာစောင့်သိခြင်း” သည် အလွန်ထူးခြားသော စကားလုံးတစ်လုံးဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

◻ သမ္မာကျမ်းစာတွင် မစုံလင်သောလူသားများ၏ သစ္စာစောင့်သိခြင်းဆိုင်ရာ အဘယ်ပုံနမူနာပါရှိသနည်း။

◻ သစ္စာစောင့်သိခြင်းဆိုင်ရာ အဘယ်ကောင်းမွန်သော မျက်မှောက်ခေတ် ပုံနမူနာများ ရှိသနည်း။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ချားလ်စ် တေဇ် ရပ်စယ်လ်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယေရှုသည် ယေဟောဝါ၏ “သစ္စာစောင့်သိသူ” အမှန်ပင်ဖြစ်တော်မူ၏

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယောဘသည် မစုံလင်သော်လည်း ဘုရားသခင်အပေါ် သစ္စာစောင့်သိခဲ့

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ပေါလုသည် ယေဟောဝါအပေါ် သစ္စာစောင့်သိသော ပုံနမူနာတင်ပြခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ