ရွှင်လန်းသောချီးမွမ်းသူများအဖြစ် သူတို့စုရုံးရောက်ရှိကြ
ယေဟောဝါဘုရားသခင်၏ ရှေးလူမျိုးတော်သည် ဝတ်ပြုဖို့အတွက် စုရုံးရောက်ရှိသောအချိန်တွင် “အမှန်ရွှင်လန်းခြင်းကိုပြုရမည်” ဟု မှာကြားခံရကြသည်။ (တရားဟောရာ ၁၆:၁၅) ၁၉၉၅/၉၆ ၏ “ရွှင်လန်းသောချီးမွမ်းသူများ” ခရိုင်စည်းဝေးကြီးက ယေဟောဝါသက်သေများ ရွှင်လန်းဖို့အတွက် အကြောင်းကောင်းများကို အမှန်ပင်တင်ဆက်ပေးခဲ့သည်။
ဆက်တိုက်ကျင်းပသော ဤစည်းဝေးကြီးများ အစပြုကတည်းက သူတို့သည် ယုံကြည်ခြင်းကို တည်ဆောက်ခဲ့ကြပြီ။ သူတို့သည် ရွှင်လန်းမှုကင်းမဲ့သည့် ကမ္ဘာတွင် ရွှင်လန်းမှုရရှိနိုင်ပုံကိုလည်း ပြသခဲ့ကြပြီ။ စည်းဝေးကြီးတစ်နေ့စီကို သုံးသပ်ကြည့်ကြစို့။
‘အသင်လူများ၊ ယေဟောဝါကို ချီးမွမ်းကြလော့။ . . . ရွှင်လန်းကြလော့!’
စည်းဝေးကြီး၏ပထမနေ့ အထက်ဖော်ပြပါ အဓိကအချက်ကို ဆာလံ ၁၄၉:၁၊ ၂ တွင် အခြေခံထားသည်။ “ကျွန်ုပ်တို့တွင် ရွှင်လန်းမှုအတွက် ဟစ်ကြွေးရန်အကြောင်းရင်းရှိ” ဟောပြောချက်က ဟေရှာယ အခန်းကြီး ၃၅ ပါ ပရောဖက်ပြုချက်၏သက်ဆိုင်ပုံကို စိစစ်တင်ပြခဲ့သည်။ ယင်းသည် ရှေးဣသရေလနိုင်ငံတွင် ပြည့်စုံမှုတစ်ခုရှိခဲ့ပြီး ဝိညာဏပရဒိသု၌ ကြီးပွားကျန်းမာစေသည့် ယေဟောဝါ၏ဝတ်ပြုရေးကို ပြန်လည်နေရာချထားသည့် ကျွန်ုပ်တို့ခေတ်တွင် အထူးသဖြင့် ပြည့်စုံခဲ့ပြီ။ ထို့ကြောင့် စည်းဝေးကြီးသို့လာရောက်သူများသည် ဝိညာဏပရဒိသုတွင်နှင့် အလွန့်အလွန်နီးကပ်နေသည့် လာလတ္တံ့သော ရူပပရဒိသုတွင် မိမိ၏လူမျိုးတော်အတွက် ဘုရားသခင့်ရည်ရွယ်ထားတော်မူသည့်အရာများအပေါ် ရွှင်လန်းစွာ ဟစ်ကြွေးရန်အကြောင်းရင်းရှိထားသည်။
“ကမ္ဘာတစ်လွှား ရွှင်လန်းသောချီးမွမ်းသူများအဖြစ် သီးသန့်ခွဲထား” ဟူသည့် အဓိကဟောပြောချက်က ဤမေးခွန်းကို အဖြေပေးသည်– ဤလောကမှ ကျွန်ုပ်တို့အား သိသာကွဲပြားစေသည်ကား အဘယ်နည်း။ ယင်းကား ယေဟောဝါအား ကျွန်ုပ်တို့၏ စည်းလုံးသောဝတ်ပြုမှုပင်တည်း။ ယေဟောဝါသက်သေများသည် ဤကမ္ဘာပေါ် မည်သည့်နေရာတွင် နေပါစေ၊ တစ်မျိုးတည်းပြောဆိုသွန်သင်ကြသည်။ သူတို့သည် ယေဟောဝါ၏နိုင်ငံတော်အားဖြင့် ကိုယ်တော်၏သန့်ရှင်းတော်မူသောနာမတော်ကို သန့်ရှင်းမြင့်မြတ်စေရန်နှင့် ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို သင်္ကာယနကင်းရှင်းစေရန် မဟာရည်ရွယ်တော်မူချက်တွင်လည်း ဝမ်းမြောက်ရွှင်လန်းကြသည်။ သို့သော် ယေဟောဝါ၏ရည်ရွယ်ချက်တွင် နေရာရရှိရန် ကျွန်ုပ်တို့ကို ကိုယ်တော်မည်သို့ထောက်ကူပေးတော်မူသနည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့အား မိမိသန့်ရှင်းသောနှုတ်ကပါဌ်တော် သမ္မာတရားကို အပ်နှင်းထားသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကို ပေးသနားထားတော်မူသည်။ ကိုယ်တော်သည် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတစ်ရပ်နှင့် စင်ကြယ်သောဝတ်ပြုရေးအတွက် အစီအစဉ်တစ်ရပ်ကို ကျွန်ုပ်တို့အား ချီးမြှင့်ထားတော်မူသည်။ အပြည်ပြည်ဆိုင်ရာ ကျွန်ုပ်တို့၏မိသားစုက ကြီးစွာသောရွှင်လန်းသည့်နှလုံးဖြင့် ယေဟောဝါ၏အမှုတော်ထမ်းရန် ကျွန်ုပ်တို့အား ထောက်ကူသည်။
“လောကမှသီးခြားနှင့်အညစ်အကြေးကင်းစင်စွာနေခြင်း” က မျက်နှာလိုက်ခြင်း၊ အတန်းအစားခွဲခြားခြင်း၏ အညစ်အကြေးကို ရှောင်ရှားရန်လိုကြောင်း အလေးပေးဖော်ပြခဲ့သည်။ (ယာကုပ် ၂:၅-၉) အချို့တို့သည် နောက်ခံ သို့မဟုတ် ငွေကြေးအခြေအနေတူသူများနှင့်သာ ပေါင်းသင်းပြီး ဆင်းရဲသော သို့မဟုတ် အခွင့်မသာသော ခရစ်ယာန်များကိုမူ အရေးတယူမလုပ်ကြပါ။ အခြားသူများမူ အသင်းတော်အတွင်းတာဝန်ပိုင်းရာထူးရှိသူများကို မျက်နှာသာပေးလိုပေမည်။ တစ်ဦးတစ်ယောက်ရရှိနိုင်သည့် အကြီးမားဆုံးအခွင့်ထူးမှာ ယေဟောဝါသက်တစ်ဦးဖြစ်ခွင့် ဖြစ်ကြောင်းကို သူတို့မေ့လျော့နေကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လောကီဘက်လိုက်မှုများက မိမိတို့ကို ညစ်စွန်းစေရန်နှင့် အသင်းတော်၏ငြိမ်သက်မှုကို ဖရိုဖရဲဖြစ်စေရန် ခွင့်မပြုရပါ။—၂ ပေတရု ၃:၁၄။
“အိမ်ထောင်ပြုရန် ကျွန်ုပ်အသင့်ဖြစ်ပြီလော” ဟောပြောချက်က အဆောတလျင်အိမ်ထောင်ပြုကြသည့် သူများစွာကို ထောက်ပြသည်။ အချို့သူတို့သည် အိမ်တွင်းခက်ခဲသည့်အခြေအနေကို အလွတ်ရုန်းရန် သို့မဟုတ် သူတို့၏ရွယ်တူတန်းတို့က အိမ်ထောင်ပြုနေသောကြောင့် အိမ်ထောင်ပြုကြသည်။ သို့ရာတွင် သီအိုကရက်တစ်ပန်းတိုင်များကို လိုက်စားလိုသည့် ရင့်ကျက်သောဆန္ဒ၊ မေတ္တာစစ်သက်ဝင်မှု၊ လက်ပွန်းတတီးနှင့် လုံခြုံမှုလိုအပ်သည့်အတွက်နှင့် သားသမီးများမွေးမြူလိုသည့်ဆန္ဒတို့အပါအဝင် အိမ်ထောင်ပြုရန် ခိုင်လုံလမ်းကျသောအကြောင်းများရှိသည်။ အိမ်ထောင်ပြုဖို့ပြင်ဆင်ရာတွင် ဝိညာဉ်ရေးလေ့ကျင့်မှုသည် မရှိမဖြစ်လိုအပ်သည်။ အခြားအရာများထဲတွင် ဥပဓိရုပ်သစ်ကို ဝတ်ဆင်ခြင်းအားဖြင့် နှစ်သက်ဖွယ်သောအရည်အသွေးများကို တည်ဆောက်ဖို့ လိုအပ်သည်။ လျာထားသောအိမ်ထောင်ဖက်သည် ယေဟောဝါနှင့် အမှန်တကယ်ဆက်ဆံရေးရှိကြောင်း ထင်ရှားမထင်ရှား၊ အခြားသူများကို တလေးတစားဆက်ဆံ မဆက်ဆံတို့ကို အသေအချာစုံစမ်းထားခြင်းသည်လည်း ပညာရှိရာကျသည်။ ရင့်ကျက်သောခရစ်ယာန်များထံမှ သွန်သင်ချက်များကို ရှာယူခြင်းသည်လည်း ပညာရှိရာကျပါသည်။—သု. ၁၁:၁၄။
အသိပညာထွန်းလင်းပေးသော ဤဆွေးနွေးခန်း၏နောက်တွင် “မိမိတို့သားသမီးများတွင် ပျော်ရွှင်ချမ်းမြေ့မှုကိုရှာတွေ့သည့် မိဘများ” ဟုခေါင်းစဉ်တပ်ထားသည့် ဟောပြောချက်တစ်ခု လိုက်ပါလာသည်။ ရင်သွေးငယ်တစ်ဦးဖွားမြင်ခြင်းသည် အကြီးအကျယ်ဝမ်းမြောက်ရွှင်လန်းသည့် အခါသမယဖြစ်လေ့ရှိသည်။ သို့ရာတွင် သားသမီးမွေးမြူးခြင်း တာဝန်ကြီးကိုလည်း သယ်ပိုးရသည်။ (ဆာလံ ၁၂၇:၃) ထို့ကြောင့် သားသမီးများ ယေဟောဝါကို ချစ်မြတ်နိုးရန် သင်ကြားပေးခြင်းသည် အရေးကြီးသည်။ မိဘများသည် မိမိတို့သားသမီးများကို ယေဟောဝါအကြောင်း ပုံမှန်ပြောပြခြင်းအားဖြင့်လည်းကောင်း၊ မိသားစုတွင် ကိုယ်တော့်နှုတ်ကပါဌ်တော်မူများကို ကျင့်သုံးခြင်းဖြင့်လည်းကောင်း ယင်းကိုဆောင်ရွက်နိုင်သည်။
စည်းဝေးကြီး၏ပထမနေ့သည် အံ့အားသင့်ဖွယ်တစ်ခုဖြင့်နိဂုံးချုပ်သည်—ယေဟောဝါသက်သေများနှင့် ပညာရေး ဘရိုရှာသစ်ကို ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ သက်သေခံများသည် “မိမိတို့၏လူငယ်မောင်မယ်များကို အလုပ်ကြိုးစားလုပ်ရန်နှင့် ကျောင်းတွင် သူတို့အားပေးထားသည့်တာဝန်များကို အလေးအနက်သဘောထားရန် အားပေးကြ” ကြောင်း ရှင်းပြထားသည်။ ဤစာစောင်က နိုင်ဂျီးရီးယား၊ မက္ကဆီကိုနှင့် အခြားနိုင်ငံများတွင် နှစ်ပေါင်းများစွာ ယေဟောဝါသက်သေများပို့ချခဲ့သည့် အရေးအဖတ်သင်တန်းများ၏ မှတ်သားဖွယ်အကျိုးရလဒ်များကို ရှင်းပြသည်။ ထိုဘရိုရှာက ကျွန်ုပ်တို့သည် ပညာရေးကို အလွန်အရေးပါသည်ဟု သဘောထားကြောင်း ပညာတတ်များ သိမြင်ရန် ထောက်ကူပေးသင့်သည်။
“ချီးမွမ်းခြင်းယဇ်ကို . . . ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြ”
ဒုတိယနေ့၏ အထက်ပါအဓိကအချက်ကို ဟေဗြဲ ၁၃:၁၅ တွင် အခြေခံထားသည်။ နံနက်ပိုင်းအစီအစဉ်ကို “ယေဟောဝါရှင်အားချီးမွမ်းရန် ဖိတ်ခေါ်ချက်ကို ဖြေကြားခြင်း” နှင့်ပတ်သက်သည့် အခန်းဆက်တစ်ခုကို တင်ဆက်ခဲ့သည်။ အသက်အရွယ်သည် ဤဖိတ်ခေါ်ချက်ကို ဖြေကြားဖို့ အတားအဆီးမဟုတ်ပါ။ ဆာလံ ၁၄၈:၁၂၊ ၁၃ က လူငယ်အမျိုးသားများ၊ အပျိုများ၊ လူအိုအမျိုးသားများနှင့် လုလင်လေးများအား ယေဟောဝါကိုချီးမွမ်းရန် တိုက်တွန်းထားသည်။ ယေဟောဝါ၏ ရွှင်လန်းသောကျေးကျွန်များစွာသည် မိမိတို့ချီးမွမ်းမှုကို တိုး၍ဆောင်ရွက်နိုင်ခဲ့ကြပြီ။ ကမ္ဘာတစ်လွှားတွင်၊ ၆၀၀,၀၀၀ ထက်မကသောသူများသည် အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်း သို့မဟုတ် ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ကြသည်။ ၁၅,၀၀၀ ထက်မကသောသူများသည် အထူးရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ပြီး ၁၅,၀၀၀ ကျော်သောသူများသည် ဗေသလလုပ်ငန်းတွင် ရှိကြသည်။
“ယေဟောဝါ၏အဖွဲ့အစည်းနှင့်အတူ သစ္စာရှိရှိအမှုဆောင်ခြင်း” မှာမူ သစ္စာရှိခြင်းသည် ဘုရားသခင့်ကျေးကျွန်များအတွက် အရေးကြီးကြောင်းပြသည့် ဟောပြောချက်တစ်ခုဖြစ်သည်။ ယေဟောဝါကိုသစ္စာရှိခြင်းမည်သည် အားကောင်းသည့်ကော်အလားပြုမူသည့် အလွန်ခိုင်မာသောဆက်ကပ်အပ်နှံမှုဖြင့် ကိုယ်တော်ထံတွင် တွယ်ကပ်နေခြင်းဖြစ်သည်။ သစ္စာရှိမှုတွင် အခြားသူများ မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ကျမ်းစာပညတ်ချက်များ တမင်ချိုးဖောက်ခြင်းကို ရှောင်ဖို့လိုအပ်သည်။ ကျွန်ုပ်တို့သည် ကင်းမျှော်စင်နှင့် နိုးလော့! တွင်တွေ့ရသည့် ကျမ်းစာသွန်သင်ချက်များအပြင် ကင်းမျှော်စင်အသင်းမှ တည်ခင်းပေးသည့် အခြားဝိညာဉ်အစာမှန်သမျှကို သစ္စာရှိရှိထောက်ခံရန် ယင်းကတောင်းဆိုသည်။ ဤဟောပြောချက်နောက်တွင် နှစ်ခြင်းဟောပြောချက်က လိုက်ပါလာသည်။ နှစ်ခြင်းခံမည့်သူများသည် ယေဟောဝါထံ မိမိတို့၏ဆက်ကပ်အပ်နှံမှုကို ထင်ထင်ရှားရှားပြလိုက်သောအခါ အလွန်ရွှင်လန်းစရာပင်!
ဟောရှေ ၄:၁-၃ ပါစကားများက “အကျင့်သီလကောင်း သို့မဟုတ် အကျင့်သီလပျက်—မည်သည့်အရာကို သင်လိုက်စားသနည်း” ဟူသည့် မွန်းလွဲပိုင်းဟောပြောချက်အတွက် ပုံစံချမှတ်ပေးသည်။ အကျင့်သီလကောင်းနှင့် ပတ်သက်၍ လောက၏သဘောထားသည် ယိုယွင်းခဲ့သော်လည်း ခရစ်ယာန်များမူ စာရိတ္တအထူးကောင်းမွန်မှုကို လိုက်စားရန် “အလွန်ကြိုးစားအားထုတ်” ရမည်။ (၂ ပေတရု ၁:၇) ယင်းသည် လူတစ်ဦး၏တွေးတောပုံနှင့်စသည်။ သူ၏တွေးတောမှုသည် အကျင့်သီလကောင်းများဖြစ်ပါက ထိုသူသည် စင်ကြယ်သော၊ ကျန်းခံ့သော၊ တည်ဆောက်မှုပေးသော စကားများကို ပြောမည်ဖြစ်ပြီး အခြားသူများနှင့်သူဆက်ဆံရာတွင် ရိုးသားမှုရှိရန် ကြိုးစားအားထုတ်မည်။ အကျင့်သီလကောင်းကို လိုက်စားခြင်းသည် စိတ်သောကရောက်နေသော သို့မဟုတ် စိတ်ဓာတ်ကျနေသော ခရစ်ယာန်ချင်းတစ်ဦးကို နားလည်မှုရှိရန်နှင့် ထောက်ထားညှာတာမှုရှိရန် ကြိုးစားအားထုတ်ခြင်းလည်း ပါဝင်သည်။—၁ သက်သာလောနိတ် ၅:၁၄။
“မာရ်နတ်၏ထောင်ချောက်များကို သတိပြု” ဟူသည့် နောက်ဟောပြောချက်က ခရစ်ယာန်များသည် မိမိတို့ကိုယ်ကို နတ်ဆိုးသြဇာလွှမ်းမိုးခံခြင်းကို ရှောင်းရှားရန် သတိပေးခဲ့သည်။ အဖျားအနာကုသမှုနယ်ပယ်တွင် ခရစ်ယာန်များသည် လျှို့ဝှက်ဆန်းပြားသောအတတ်ပညာ အငွေ့အသက်မကင်းသည့် စိတ်ညှို့အတတ်ပညာကဲ့သို့သော ကုထုံးများကို ဂရုစိုက်ကြည့်ရှုဖို့လိုသည်။ ယင်းမှလွဲ၍ တစ်ဦးချင်းစီသည် မိမိ၏ကာယကျန်းမာရေးအတွက် ဂရုစိုက်ပြုမူဆောင်ရွက်မှုသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။
ဒုတိယနေ့ကို ရွှင်လန်းအံ့သြဖွယ်ရာတစ်ခု—နှလုံးရိုးဖြောင့်သောလူများကို ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီး အလျင်အမြန်တိုးတက်ဖို့ ကူညီရန်ရည်သန်ထားသည့် အိတ်ဆောင်စာအုပ်အသစ်ကို ထုတ်ဝေခြင်းနှင့် နိဂုံးချုပ်ခဲ့သည်။ ၁၉၂ မျက်နှာရှိ ဤစာအုပ်သစ်ကို ထာဝရအသက်ရစေသောအသိပညာ ဟု ခေါင်းစဉ်တပ်ထားသည်။ အသိပညာစာအုပ်က သမ္မာတရားကို တည်ဆောက်မှုပေးသောနည်းဖြင့် တင်ဆက်သည်။ ယင်းသည် မှားယွင်းသောအယူဝါဒများကိုမှားကြောင်း သက်သေထူမနေပါ။ အရေးအသားရှင်းလင်းမှုနှင့် ယုတ္တိရှိရှိခြေခြေမြစ်မြစ်တင်ပြမှုတို့က ကျမ်းစာသင်အံမှုများကျင်းပရန်နှင့် နှလုံးနွေးထွေးဖွယ်ကောင်းသည့် ဘုရားသခင်အား သိကျွမ်းခြင်းပညာကို ခြုံငုံသဘောပေါက်စေရန် လူများကိုကူညီဖို့ ဤစာအုပ်ကို အသုံးပြုရာတွင်လွယ်ကူစေသင့်သည်။
“သင်တို့သည် အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလော့”
ဟေရှာယ ၆၅:၁၈ ပါဤစကားများသည် စည်းဝေးကြီးတတိယနေ့၏ အဓိကခေါင်းစဉ်ဖြစ်သည်။ ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံမှုက ၁၉၁၄ ခုနှစ်သည် ဤဆိုးသွမ်းသောစနစ်၏နောက်ဆုံးနေ့ရက်များသို့ ဝင်ရောက်ခဲ့သည့်နှစ်ဖြစ်ကြောင်း ထောက်ပြသည်။ ထို့ကြောင့် “ဤစနစ်ဆုံးခန်းအတွင်း ရွှင်လန်းသောချီးမွမ်းသူများ” ဟု ခေါင်းစဉ်တပ်ထားသည့် အခန်းဆက်ဟောပြောချက်များက ပရိသတ်၏အာရုံကိုဆွဲယူခဲ့သည်။ ဟောပြောသူက သန်းထောင်နှင့်ချီသောသူများသည် ဤလောက၏လောဘဇောတိုက်မှုနှင့် ရမ်းကားသောစိတ်ဓာတ်တို့၏ ဩဇာညောင်းခံနေရပုံကို တင်ပြသည်။ အချိန်တန်သော် သူတို့သည် စာတန်မင်းမူသည့် ဤလောကအဝင်ဖြစ်သည်နှင့်အညီ တရားစီရင်ခံရတော့မည်။ သို့ဖြစ်၍ ယခုအချိန်သည် ရွေးချယ်ရမည့်အချိန်ဖြစ်သည်။ မည်သည့်ဘက်တွင် ကျွန်ုပ်တို့ရှိလိုသနည်း။ ကျွန်ုပ်တို့သည် ယေဟောဝါကို ဝတ်ပြုလိုပြီး ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို ထောက်ခံလိုသလော၊ သို့တည်းမဟုတ် စာတန်အားနှစ်သက်စေသောအရာများကို လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏အုပ်စိုးရှင်အဖြစ် သူ့ကိုအခွင့်ပေးနေသလော။ ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါဘက်တွင် ပြတ်ပြတ်သားသားရပ်တည်သင့်သည်။
“ထာဝရဘုရင်ကို ချီးမွမ်းလေ!” ဟူသည့် စည်းဝေးကြီး၏လူထုဟောပြောချက်က တက်ရောက်လာသူအားလုံး တွေးတောဖို့အတွက် ကြေခဲသည့်အစာကို ပြင်ဆင်ပေးခဲ့သည်။ ထာဝရဟူသော သဘောတရားကို ကျွန်ုပ်တို့၏အဆင့်မမီသော ဦးနှောက်နှင့် နားလည်နိုင်ပုံမရှိသော်လည်း ယေဟောဝါသည် ယင်းကို အပြည့်အဝနားလည်တော်မူသည်။ “ထာဝရဘုရားသည် ကာလအစဉ်အမြဲတည်သော ရှင်ဘုရင်ဖြစ်တော်မူ” ဟု ဆာလံဆရာ သီကျူးခဲ့သည်။ (ဆာလံ ၁၀:၁၆) ဤထာဝရဘုရင်သည် မိမိ၏သားတော်ယေရှုခရစ်အားဖြင့် လူသားများ ထာဝရအသက်ခံစားရရန် လမ်းဖွင့်ပေးထားသည်။ (ယောဟန် ၁၇:၃) “မှန်ပါသည်၊ အပြစ်သားဖြစ်သောကျွန်ုပ်တို့သည် မြင့်မြတ်သောပညာရေးနှင့် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာတို့ကို ယုံကြည်ခြင်းအားဖြင့် ထာဝရအသက်ကို ရရှိနိုင်ပေမည်။” ဟု ဟောပြောသူက ဆိုခဲ့သည်။
စည်းဝေးကြီး၏နိဂုံးနီးလာသည်နှင့်အမျှ “တစ်နေ့မှတစ်နေ့ ယေဟောဝါအား ရွှင်လန်းစွာချီးမွမ်းခြင်း” ဟုခေါင်းစဉ်တပ်ထားသည့် နောက်ဆုံးဟောပြောချက်အားဖြင့် တက်ရောက်လာသူများ အားပေးတည်ဆောက်ခြင်းခံခဲ့ရသည်။ ကမ္ဘာတစ်ခွင် တပည့်ဖြစ်စေခြင်းလုပ်ငန်း၏ တိုးတက်မှုမှတ်တမ်းများကို ရရှိခြင်းသည် အားတက်စရာဖြစ်သည်။ ထို့အပြင် စည်းဝေးကြီးသို့လာရောက်သူများသည် ‘ယေဟောဝါကို နေ့တိုင်းအစဉ် ကောင်းချီးပေးပြီး ကိုယ်တော်၏နာမတော်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်း’ ရန် လှုံ့ဆော်ခံခဲ့ရသည်။—ဆာလံ ၁၄၅:၂။
ပြောပြ၍ပင်မရနိုင်သည့် လူမဆန်သောအပြုအမူများက ဤလောက၏ရွှင်လန်းမှုကို လုယူသွားသည်။ မည်သို့ပင်ဖြစ်ပါစေ ယေဟောဝါကို အပြည့်အဝယုံကြည်သောသူယောက်တိုင်းသည် ဘုရားရေးရာရွှင်လန်းမှုကို ပိုင်ဆိုင်နိုင်သည်။ ထို့ကြောင့် ကမ္ဘာချီညီအစ်ကို အသင်းအပင်းတစ်ရပ်အနေနှင့် ယေဟောဝါသက်သေများသည် ဆာလံ ၃၅:၂၇၊ ၂၈ ၏အောက်ပါစကားများကို ထပ်ပြောနိုင်သည်– “အကျွန်ုပ်၏ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့သည် ရွှင်လန်းစွာသီချင်းဆို၍ ဝမ်းမြောက်ကြပါစေသော။ ‘မိမိကျွန်၌ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီးတော်မူစေသတည်း’ ဟု သူတို့သည်အစဉ်မပြတ်မြွက်ဆိုကြပါစေသော။ အကျွန်ုပ်သည်လည်း ကိုယ်တော်၏ဖြောင့်မတ်တော်မူခြင်းအကြောင်းအရာကို မြွက်ဆို၍အစဉ်မပြတ် ကိုယ်တော်ကိုချီးမွမ်းပါမည်။”
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
မိသားစုများသည် ယေဟောဝါသက်သေများနှင့် ပညာရေး ဘရိုရှာမှ အကျိုးခံစားကြမည်
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
“ထာဝရအသက်ရစေသောအသိပညာ” စာအုပ်သစ်က ကျမ်းသမ္မာတရားများကို တည်ဆောက်မှုဖြစ်စေသောနည်းလမ်းဖြင့်တင်ပြသည်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ယေဟောဝါထံ မိမိတို့၏ဆက်ကပ်အပ်နှံခြင်းကို ပုံတင်ပြသောအားဖြင့် များစွာသောသူများ နှစ်ခြင်းခံခဲ့သည်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
“ထိုက်တန်သူများကို သူတို့၏သက်ကြီးပိုင်းအရွယ်တွင် ရိုသေလေးစားခြင်း” ပြဇာတ်က စည်းဝေးကြီးတက်ရောက်သူများကို အလွန်တစ်ရာထိမိစေခဲ့သည်