ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း
“သာသနာပြုဆရာဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့”
သာသနာပြုဆရာတစ်ဦးဖြစ်ခြင်းဟူသည် အဘယ်နည်း။ ယင်းစကားလုံးသည် “သတင်းကောင်း” ဟုအဓိပ္ပာယ်ရသည့် ယူအက်ဂယ်လီယန် ဟူသည့်စကားလုံးနှင့် နီးကပ်စွာဆက်စပ်နေသည့် ဂရိစကားလုံး ယူအက်ဂယ်လီစတက်စ်မှ ပြန်ဆိုထားရာတစ်ခုဖြစ်သည်။ ထို့ကြောင့် သာသနာပြုဆရာတစ်ဦးဟူသည် သတင်းကောင်းကို ဟောပြောသူ သို့မဟုတ် သတင်းပေးပို့သူဖြစ်သည်။
စစ်မှန်သောခရစ်ယာန်များအားလုံးတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာကြသောကြောင့် သာသနာပြုဆရာများဖြစ်ကြ၏။ လျော်ကန်စွာပင် တမန်တော်ပေါလုက တိမောသေအား “သာသနာပြုဆရာဆောင်ရွက်ရသောအမှုကို ဆောင်ရွက်” ရန် သတိပေးခဲ့သည်။ တိမောသေသည် ဤလုပ်ငန်းကို အလေးအနက်ထားယူမှတ်ခဲ့သည်။ ပေါလုသည် သူ့အား “အရာရာ၌ သမ္မာသတိရှိ” ရန်နှင့် ‘မိမိ၏ဓမ္မအမှုကို အပြည့်အဝကျေပွန်’ ရန် နှိုးဆော်ခဲ့သည်။—၂ တိမောသေ ၄:၅။
သာသနာပြုများအနေနှင့် ကျွန်ုပ်တို့၏ဓမ္မအမှုကို အလေးအနက်ထား၍ “သမ္မာသတိရှိ” ရမည် သို့မဟုတ် အခွင့်အခါသင့်တိုင်း သတင်းကောင်းကို မျှဝေရန် နိုးနိုးကြားကြားရှိရမည် ဖြစ်သည်။ ထို့ကြောင့် အလွတ်သဘောသက်သေခံရာတွင် ယေဟောဝါသက်သေများနှင့်ဆက်သွယ်မိပြီး များစွာသောသူတို့သည် ယေဟောဝါနှင့် ကိုယ်တော်၏ကတိတော်များကို သိရှိလာကြသည်။ ယင်းကား ဘာဘေးဒိုးစ်မှ စီမောဟူသည့်လူတစ်ဦး၌ ဖြစ်ပျက်ခဲ့သည့်အရာပင်ဖြစ်သည်။
စီမောသည် အစိုးရကျောင်းမှ ဆရာတစ်ဦးဖြစ်သည်။ တစ်ကျောင်းထဲ၌ အချိန်ပိုင်းဆရာဖြစ်သည့်အပြင် ယေဟောဝါသက်သေတစ်ဦးလည်းဖြစ်သော ချားလ်စ်သည် နိုးကြားသည့်သာသနာပြုတစ်ဦးဖြစ်သည်။ သူသည် အချိန်ပြည့်ဓမ္မအမှုဆောင် သို့မဟုတ် ရှေ့ဆောင်တစ်ဦးဖြစ်ပြီး ရသမျှအခွင့်အရေးကိုအသုံးချကာ အခြားသူများကို သတင်းကောင်းဝေမျှပေးသည်။ ချားလ်စ်၏အလွတ်သဘောသက်သေခံချက်ကြောင့် စီမောသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားခဲ့ရသည်။
မကြာမီပင် စီမောသည်လည်း ကျမ်းစာသမ္မာတရားကို ဖြစ်နိုင်သရွေ့များများဝေမျှရန် စိတ်ပိုင်းဖြတ်လိုက်သည်။ ထို့ကြောင့် သူအလုပ်လုပ်ရာနေရာရှိလူများနှင့် အထူးသဖြင့်သူ၏ကျောင်းသားများနှင့် စတင်၍ အလွတ်သဘောစကားစမြည်ပြောဆိုလေတော့သည်။ အချို့သောနိုင်ငံများ၌ အစိုးရပညာသင်ကျောင်းများတွင် ဘာသာရေးကို တားမြစ်ထားသော်လည်း ဤသူမှာမူ ဘာသာရေးနှင့် စာရိတ္တစံချိန်များကို သွန်သင်ရန် တာဝန်ရထားသည်။ သို့သော် ယခုအချိန်၌ ယင်းကိစ္စအပေါ် စီမော၏အမြင်ဟောင်းများသည် အသစ်သော သူရရှိခဲ့သည့်ကျမ်းစာအသိပညာအားဖြင့် အစားထိုးခဲ့ပေပြီ။ အားလပ်ချိန်များတွင် သူ၏တပည့်များအား ကမ္ဘာသစ်နှင့်ဆိုင်သော ဘုရားသခင့်ကတိတော်အပြင် ထာဝရအသက်မျှော်လင့်ချက်အကြောင်းကို ပြောဆိုလေသည်။
ကလေးများ မည်သို့တုံ့ပြန်ကြသနည်း။ အများစုက ယေဟောဝါ၏နိုင်ငံတော်နှင့်ပတ်သက်သော သတင်းကောင်းကို အမှန်ပင်စိတ်ဝင်စားကြသည်။ အတန်ကြာလေသော် စီမောသည် သူ၏ကျောင်းသား ၁၃ ယောက်နှင့် ကျမ်းစာသင်အံမှုစတင်ခဲ့လေသည်။ သူတို့အလွန်စိတ်ဝင်စားကြသည့်အတွက် ကျမ်းစာကို တစ်ပတ်လျှင် နှစ်ကြိမ်လေ့လာရန် စီစဉ်ကြသည်။ နောက်ဆုံးတွင် သူတို့ထဲမှ အများစုတို့သည် ယေဟောဝါသက်သေများ၏ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ခရစ်ယာန်အစည်းအဝေးများကို စတင်တက်ရောက်ကြသည်။ ယခုအချိန်အထိဆိုလျှင် သူတို့ထဲမှ ကိုးယောက်သောသူတို့သည် ယေဟောဝါ၏ ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးဖြစ်သော သက်သေခံများဖြစ်လာကြပြီဖြစ်သည်။ စီမောနှင့်စပ်လျဉ်း၍မူ ယခုအချိန်၌ ဘာဘေးဒိုးစ်ရှိ ယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုတွင် မှန်မှန်ရှေ့ဆောင်နှင့် အကြီးအကဲတစ်ဦးအဖြစ် ထမ်းဆောင်နေခြင်းဖြင့် မိမိ၏ဓမ္မအမှုကို အပြည့်အဝကျေပွန်စွာ ပြီးမြောက်စေနေပါသည်။
ယင်းသည် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် “သာသနာပြုဆရာဆောင်ရွက်ရသောအမှုကို” တစ်စိတ်တစ်ပိုင်းအနေနှင့် အလွတ်သဘောသက်သေခံခြင်းအားဖြင့် မည်သို့ဆောင်ရွက်နေခြင်း၏ သာဓကတစ်ခုသာဖြစ်သည်။ သူတို့သည် ကောလောသဲ ၄:၅၊ ၆ တွင်တွေ့ရသော ကျမ်းစာသတိပေးချက်ကို လိုက်လျှောက်နေခြင်းဖြစ်၏။ ယင်းက ဤသို့ဆိုသည်– “ပြင်ပလူတို့၏မျက်နှာကိုထောက်လျက် ပညာနှင့်ကျင့်ဆောင်၍ ကာလအချိန်ကိုရွေးနုတ်ကြလော့။ လူအသီးအသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း သင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက် အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။”