ပိုင်းခြားနားလည်ခြင်းကို သာ၍ ပြုစုပျိုးထောင်နိုင်မည်လော
ပိုင်းခြားနားလည်ခြင်းသည် “အရာတစ်ခုမှတစ်ခုကို ခွဲခြားစေသည့်စွမ်းရည် သို့မဟုတ် ဉာဏ်စွမ်းဖြစ်သည်။” “ချင့်ချိန်နိုင်စွမ်း ထက်မြက်ခြင်း” သို့မဟုတ် “အရာဝတ္တုများ၊ အယူအဆများ၏ ကွာခြားမှုကို သိမြင်နိုင်စွမ်းရှိခြင်း” လည်းဖြစ်နိုင်သည်။ ထိုသို့ ဝက်ဘ်စတား၏ယူနီဗာဆယ်အဘိဓာန် ကဆိုသည်။ ပိုင်းခြားနားလည်ခြင်းသည် လိုလားအပ်သောအရည်အချင်းဖြစ်ကြောင်း ထင်ရှားသည်။ ယင်း၏တန်ဖိုးကို ရှောလမုန်၏စကားများတွင် တွေ့မြင်နိုင်သည်– “ဉာဏ်ပညာသည် သင့်နှလုံးထဲဝင်၍ အသိပညာကိုယ်နှိုက်သည် သင့်စိုးလ်အားနှစ်သက်ဖွယ်ဖြစ်လာသောအခါ . . . ပိုင်းခြားနားလည်တတ်ခြင်းက သင့်ကိုစောင့်ထိန်းကာ ဆိုးသောလမ်းမှ လွတ်မြောက်စေလိမ့်မည်။”—သု. ၂:၁၀-၁၂၊ ကဘ။
မှန်ပါသည်၊ ပိုင်းခြားနားလည်ခြင်းက ယနေ့ မြောက်မြားစွာသော “ဆိုးသောလမ်း” များကိုငြင်းပယ်ရန် အကူအညီပေးပါလိမ့်မည်။ အခြားအကျိုးများစွာကိုလည်း ပေးသည်။ ဥပမာ၊ သားသမီးများက ‘ဖေဖေမေမေတို့က သဘောကိုမပေါက်ကြဘူး!’ ဟုပြောဆိုခြင်းကို မိဘများ မကြာခဏကြားဖူးမည်။ ထိုအခါ ပိုင်းခြားနားလည်မှုရှိသောမိဘများသည် အနည်းငယ်ဆန်းစစ်ကြည့်ရုံဖြင့် မိမိကလေးများကို အနှောင့်အယှက်ပေးနေသည့် ခံစားချက်များနှင့် အငြင်းပွားမှုတို့ကိုသိရှိနိုင်ပါလိမ့်မည်။ (သု. ၂၀:၅) ပိုင်းခြားနားလည်မှုရှိသော လင်ယောက်ျားတစ်ဦးသည် အလျင်အမြန်ကောက်ချက်ချမည့်အစား ဇနီးသည်၏စကားကိုနားထောင်ပြီး သူမ၏အတွေးအခေါ်နှင့် ခံစားချက်များတို့ကို ထိုးထွင်းသိရှိပါလိမ့်မည်။ ဇနီးဖြစ်သူသည်လည်း လင်သားနှင့်စပ်လျဉ်း၍ ဤသို့ပင်ပြုပါမည်။ သို့ဖြင့် “ဉာဏ်ပညာအားဖြင့် အိမ်ထောင်တစ်ခုကိုတည်ဆောက်မည်ဖြစ်ပြီး ပိုင်းခြားနားလည်ခြင်းဖြင့် တည်မြဲစေမည်။”—သု. ၂၄:၃၊ ကဘ။
ပိုင်းခြားနားလည်ခြင်းက တစ်ဦးတစ်ယောက်သောသူအား အခြေအနေများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းရန် အကူအညီပေးသည်။ နယပုံပြင် ၁၇:၂၇ [ကဘ] ကဤသို့ဆိုသည်– “စကားကိုချုပ်တည်းသောသူသည် အသိပညာရှိသူ၊ ပိုင်းခြားနားလည်ခြင်းရှိသူသည် စိတ်တည်ငြိမ်၏။” ပိုင်းခြားနားလည်တတ်သူသည် ထစ်ကနဲစိတ်ဆိုးတတ်သူမဟုတ်ပါ။ အခြေအနေတိုင်းကို မဆင်မခြင် အရမ်းကာရော ပြုလုပ်မည်မဟုတ်ပါ။ တာဝန်မယူမီ ဖြစ်ပေါ်လာနိုင်မည့်အကျိုးဆက်တို့ကို အသေအချာချင့်တွက်ဆင်ခြင်လိမ့်မည်။ (လုကာ ၁၄:၂၈၊ ၂၉) “သတိရှိသောနှုတ်” သည် စကားကိုချင့်ချိန်ပြောဆိုစေသောကြောင့်လည်း သူတစ်ပါးနှင့် အသင့်အတင့်ပို၍ရှိမည်ဖြစ်သည်။ (သု. ၁၀:၁၉၊ ကဘ; ၁၂:၈) သို့သော် အရေးအကြီးဆုံးကား ပိုင်းခြားနားလည်တတ်သူသည် မိမိကိုယ်တိုင်၏ ကန့်သတ်ချက်များကို နှိမ့်ချစွာအသိအမှတ်ပြုပြီး လူထက် ဘုရားသခင်၏လမ်းပြမှုကို မျှော်ကိုးသည်။ ယင်းသည် ယေဟောဝါ၏အလိုတော်နှင့်တွေ့ပြီး ပိုင်းခြားနားလည်ခြင်းကို မွေးမြူပြုစုသင့်သည့် အခြားအကြောင်းတစ်ခုဖြစ်သည်။—သု. ၂:၁-၉; ယာကုပ် ၄:၆။
ဣသရေလလူမျိုး၏ ပိုင်းခြားနားလည်မှုကင်းမဲ့ခြင်း
ပိုင်းခြားနားလည်ခြင်းအား အသုံးမပြုသည့်အန္တရာယ်ကို ရှေးဣသရေလလူမျိုး၏ အဖြစ်အပျက်တစ်ခု၌ တွေ့ရှိနိုင်သည်။ ထိုအချိန်ကိုပြန်ဆင်ခြင်ကြည့်ရာတွင် ဝိညာဉ်တော်တိုက်တွန်းမှုကိုခံရသော ဆာလံဆရာက ဤသို့ဆိုသည်– “အီဂျစ်ပြည်၌ ကျွန်ုပ်တို့ဘိုးဘေးတို့မူ ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်သောအမှုများကို ထိုးထွင်းမသိမြင်ကြ။ ကိုယ်တော်၏ ကြီးမားများပြားတော်မူသောချစ်ခင်ကြင်နာခြင်းကို မအောက်မေ့ကြ။ သူတို့သည် ပင်လယ်နီအနီးတွင် ပုန်ကန်ကြပါ၏။”—ဆာလံ ၁၀၆:၇၊ ကဘ။
အီဂျစ်ပြည်မှ ဣသရေလလူမျိုးကို မောရှေနုတ်ဆောင်ချိန်တွင် ယေဟောဝါသည် မိမိ၏လူမျိုးကို လွတ်မြောက်စေလိုတော်မူကြောင်း ထိုတန်ခိုးကြီးမားသော ကမ္ဘာ့အာဏာစက်အပေါ် ကပ်ဘေးဆယ်ခုသက်ရောက်စေခြင်းအားဖြင့် ကိုယ်တော်၏တန်ခိုးတော်နှင့် အကြံအစည်တော်ကို ထင်ရှားပြသနှင့်ပြီဖြစ်သည်။ ဖာရောဘုရင်သည် ဣသရေလလူမျိုးအား သွားခွင့်ပေးပြီးနောက် သူတို့ကို ပင်လယ်နီကမ်းခြေသို့ မောရှေခေါ်ဆောင်သွားသည်။ သို့ရာတွင် အီဂျစ်ဗိုလ်ပါတို့သည် လိုက်လာကြသောကြောင့် ဣသရေလလူမျိုးသည် ညှပ်ပူးညှပ်ပိတ်ဖြစ်နေပုံရှိရာ သူတို့ရရှိခါစ လွတ်မြောက်မှုသည် အလွန်တိုတောင်းပုံရှိသည်။ ထိုကြောင့် သမ္မာကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– “ဣသရေလအမျိုးသားတို့သည် . . . အလွန်ကြောက်လန့်၍ ထာဝရဘုရားအား အော်ဟစ်ကြ၏။” ထိုအခါ သူတို့သည် မောရှေကိုတန်ပြန်၍ ဤသို့ဆိုသည်– “ငါတို့ကို ဤသို့ပြု၍ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။ . . . ငါတို့သည် ဤတော၌သေရသည်ထက် အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံလျှင် သာ၍ကောင်းသည်။”—ထွက်မြောက်ရာ ၁၄:၁၀-၁၂။
သူတို့သည် ဆယ်ကြိမ်တိုင် ထူးခြားစွာထင်ရှားခဲ့သည့် ယေဟောဝါ၏တန်ခိုးတော်ကို တွေ့မြင်ခဲ့ပြီဖြစ်ကြောင်း ကျွန်ုပ်တို့သတိမရမီ သူတို့၏ကြောက်လန့်မှုသည် လက်ခံနိုင်စရာဖြစ်ဟန်ရှိသည်။ နောင်နှစ်ပေါင်း ၄၀ ခန့်အကြာတွင် မောရှေက သူတို့အားသတိပေးသည်အနေနှင့်ပြောသော ဤအကြောင်းကို သူတို့ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ကြရသည်– “ထာဝရဘုရားသည် တန်ခိုးကြီးသောလက်ရုံးတော်ကိုဆန့်၍ ကြောက်မက်ဖွယ်သောနိမိတ်လက္ခဏာ အံ့သြဖွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နုတ်ပြီ။” (တရားဟောရာ ၂၆:၈) သို့ဖြစ်၍ ဆာလံဆရာရေးသားခဲ့သကဲ့သို့ ဣသရေလလူမျိုးသည် မောရှေ၏ညွှန်ကြားမှုကို ငြင်းဆန်ကြသောအခါ “သူတို့သည် ထိုးထွင်းဉာဏ်စိုးစဉ်းမျှမပြသကြ။” မည်သို့ဆိုစေကာမူ ယေဟောဝါသည် ကတိတော်နှင့်အညီ အီဂျစ်ဗိုလ်ပါတို့ကို အကြီးအကျယ်စစ်ရှုံးစေတော်မူခဲ့သည်။—ထွက်မြောက်ရာ ၁၄:၁၉-၃၁၊ ကဘ။
ကျွန်ုပ်တို့သည် စုံစမ်းခြင်းများကို သံသယစိတ် သို့မဟုတ် မပြတ်သားသောစိတ်နှင့် ရင်ဆိုင်မည်ဆိုလျှင် ထိုနည်းတူပင် ယုံကြည်ခြင်းယိမ်းယိုင်နိုင်စရာအကြောင်းရှိသည်။ ကျွန်ုပ်တို့ကို ဆန့်ကျင်ဘက်ပြုသူ မည်သူမဆိုထက် ယေဟောဝါသည် မည်မျှတန်ခိုးကြီးမားတော်မူကြောင်းကို သတိရပါက ပိုင်းခြားနားလည်ခြင်းသဘောသည် အရာရာကို အရှိအတိုင်း အမြဲရှုမြင်တတ်ရန် အထောက်အကူပြုပါလိမ့်မည်။ ပိုင်းခြားနားလည်ခြင်းသည် ယေဟောဝါပြုမူစီရင်တော်မူခဲ့သမျှကို မှတ်မိစွဲလမ်းနေရန် အကူအညီပေးလိမ့်မည်။ ကိုယ်တော်သည် “ကိုယ်တော်ကို ချစ်သောသူအပေါင်းတို့အား ကြည့်ရှုစောင်မတော်” မူသောအရှင်ဖြစ်တော်မူကြောင်းကို ဘယ်သောအခါမျှ မျက်ခြည်မပြတ်စေရန် ယင်းက အကူအညီပေးလိမ့်မည်။—ဆာလံ ၁၄၅:၁၈-၂၀၊ သမ္မာ။
ဝိညာဏပိုင်းခြားနားလည်ခြင်း ရရှိပုံ
ပိုင်းခြားနားလည်ခြင်းကို အသက်ကြီးပြင်းလာသည်နှင့်အမျှ အလိုအလျောက် မရနိုင်ပါ။ ယင်းကို ပြုစုပျိုးထောင်ပေးရမည်။ သူ၏ပိုင်းခြားနားလည်ခြင်းကြောင့် အပြည်ပြည်တွင် နာမည်ကျော်ကြားခဲ့သူ ပညာရှိရှောလမုန်မင်းကြီးက ဤသို့ဆိုသည်– “ဉာဏ်ပညာကိုတွေ့၍ ပိုင်းခြားနားလည်ခြင်းကိုရသူသည် ဝမ်းမြောက်၏။ အကြောင်းမူကား ယင်းကိုအမြတ်ရခြင်းသည် ငွေကိုအမြတ်ရခြင်းထက် သာ၍ကောင်း၏။ ယင်းကိုဖြစ်ထွန်းစေခြင်းသည် ရွှေကိုယ်နှိုက်ထက် သာ၍ကောင်း၏။” (သု. ၃:၁၃၊ ၁၄၊ ကဘ) ရှောလမုန်သည် သူ၏ပိုင်းခြားနားလည်ခြင်းကို အဘယ်ကရရှိသနည်း။ ယေဟောဝါထံတော်မှဖြစ်သည်။ ယေဟောဝါက အဘယ်ကောင်းချီးရလိုသနည်းဟု ရှောလမုန်အားမေးမြန်းတော်မူသောအခါ ရှောလမုန်က ဤသို့ဖြေဆိုသည်– “ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော်မူပါ။” (၃ ဓမ္မရာဇဝင် ၃:၉) မှန်ပါသည်၊ ယေဟောဝါကို မိမိအားကူညီမစသောသူအဖြစ် ရှောလမုန် မျှော်ကိုးခဲ့သည်။ သူက ပိုင်းခြားနားလည်ခြင်းကို တောင်းဆိုခဲ့ရာ ယေဟောဝါသည် ယင်းကိုထူးခြားစွာပေးသနားတော်မူသည်။ အကျိုးရလဒ်ကားအဘယ်နည်း။ ရှောလမုန်၏ “ပညာတော်သည် အရှေ့ ပြည်သားပညာနှင့် အဲဂုတ္တုပြည်သားပညာကို လွန်ကဲ၏။”—၃ ဓမ္မရာဇဝင် ၄:၃၀။
ပိုင်းခြားနားလည်ခြင်းကို ကျွန်ုပ်တို့ အဘယ်နေရာတွင် ရှာဖွေနိုင်ကြောင်း ရှောလမုန်၏တွေ့ကြုံမှုက ကျွန်ုပ်တို့အားသိရှိစေသည်။ ရှောလမုန်နည်းတူ ယေဟောဝါကို ကျွန်ုပ်တို့မျှော်ကိုးသင့်သည်။ မည်သို့အားဖြင့်နည်း။ ယေဟောဝါ၏အကြံအစည်တော်ကို ကျွန်ုပ်တို့အား ထိုးထွင်းသိမြင်စေသည့် ကိုယ်တော်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို ဘုရားသခင်ပေးထားတော်မူသည်။ သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါ ဝိညာဏပိုင်းခြားနားလည်ခြင်း အခြေခံကျောက်တုံးများရရှိမည့် တန်ဖိုးရှိ အသိပညာကျောက်ကျင်းတွင် ကျွန်ုပ်တို့တူးနေဘိသကဲ့သို့ဖြစ်သည်။ ကျမ်းစာဖတ်ရှုခြင်းမှ ကျွန်ုပ်တို့စုဆောင်းရရှိသောအကြောင်းအရာများကို စဉ်းစားဆင်ခြင်သင့်သည်။ ထို့နောက် မှန်ကန်သောဆုံးဖြတ်ချက်များချဖို့ ယင်းကို အသုံးပြုနိုင်သည်။ အချိန်တန်လေသော် “ဉာဏ်အရာ၌ အရွယ်ရောက်သောသူ” အဖြစ် ကျွန်ုပ်တို့၏အာရုံများ ဖွံ့ဖြိုးလာပြီဖြစ်ရာ “ကောင်းမကောင်းကို ပိုင်းခြားသိနိုင်” ပေမည်။—၁ ကောရိန္သု ၁၄:၂၀၊ ကဘ; ဟေဗြဲ ၅:၁၄; ၁ ကောရိန္သု ၂:၁၀။
ရှောလမုန်အား ယေဟောဝါပေးသည့် ပိုင်းခြားနားလည်ခြင်းမှ ယခုတိုင် ကျွန်ုပ်တို့အကျိုးခံစားနိုင်ခြင်းသည် စိတ်ဝင်စားစရာဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ရှောလမုန်သည် စကားပုံများဖြင့် ဉာဏ်ပညာကို ကျွမ်းကျင်လိမ္မာစွာ ဖော်ပြပြောဆိုနိုင်စွမ်းရှိသည်။ ယင်းတို့သည် အမှန်မှာ ဘုရားသခင့်ဝိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့်ဖြစ်သော အနှစ်ချုပ်တို့ဖြစ်သည်။ ဤပြောဆိုချက်မြောက်မြားစွာတို့ကို နယပုံပြင်ကျမ်းစာစောင်တွင် သိုမှီးသိမ်းဆည်းထားသည်။ ယင်းကျမ်းစောင်ကို လေ့လာခြင်းအားဖြင့် ရှောလမုန်၏ပိုင်းခြားနားလည်ခြင်းမှ ကျွန်ုပ်တို့အကျိုးရရှိရန်လည်းကောင်း၊ ကိုယ်ကိုယ်တိုင် ပိုင်းခြားနားလည်ခြင်းတိုးပွားလာရန်လည်းကောင်း အကူအညီရရှိသည်။
ကျမ်းစာလေ့လာရာတွင် ကျမ်းစာလေ့လာရေးအတွက် အကူအညီများဖြစ်သော ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများကို အသုံးပြုခြင်းက အထောက်အကူဖြစ်သည်။ နှစ်ပေါင်း ၁၁၆ နှစ်မက ကင်းမျှော်စင် မဂ္ဂဇင်းသည် စိတ်နှလုံးရိုးသားသူတို့အား ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခဲ့ပြီ။ နိုးလော့! မဂ္ဂဇင်းနှင့် ၎င်းအရင်ထွက်ခဲ့သော မဂ္ဂဇင်းများသည် ၁၉၁၉ ခုနှစ်ကတည်းက ကမ္ဘာ့အခြေအနေနှင့်စပ်လျဉ်း၍ ဖော်ပြခဲ့ပြီ။ ဤမဂ္ဂဇင်းနှစ်မျိုးသည် ကျမ်းစာသမ္မာတရားကို ဆန်းစစ်ပြီး ခရစ်ယာန်ဘောင် သွန်သင်သည့်အမှားအယွင်းများကိုလည်းကောင်း၊ ကျွန်ုပ်တို့ကိုယ်တိုင်၏ မှားယွင်းနေသောအတွေးအခေါ်များကိုလည်းကောင်း ခွဲခြားသိမြင်နိုင်ရန် အကူအညီပေးသည့် တိုးသိနားလည်လာသော ဝိညာဏဉာဏ်အလင်းကို ပေးသည်။—သု. ၄:၁၈။
ပိုင်းခြားနားလည်ခြင်းကိုဖွံ့ဖြိုးစေသည့် အခြားအကူအညီတစ်ခုမှာ ကောင်းသောအပေါင်းအသင်းဖြစ်သည်။ ရှောလမုန်မင်းကြီး၏ နယပုံပြင်များအနက်တစ်ခုက ဤသို့ဆိုသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” (သု. ၁၃:၂၀) ရှောလမုန်မင်းကြီး၏သား ရောဗောင်သည် သူ့ဘဝတစ်ကွေ့ အရေးပါသောအချိန်၌ ဤနယပုံပြင်စကားကို သတိမရခဲ့ခြင်းကား အမှန်ဝမ်းနည်းစရာပင်ဖြစ်သည်။ ဖခင်ကွယ်လွန်ပြီးနောက် မြောက်ဘက် ဣသရေလဆယ်နွယ်သည် သူ့ထံလာပြီး သူတို့၏ဝန်ကိုပေါ့ပါးစေရန် တောင်းခံကြသည်။ ရောဗောင်သည် အသက်ကြီးသူတို့နှင့် ဦးဆုံးတိုင်ပင်သည်။ သူတို့ကလည်း တိုင်းသူပြည်သားတို့၏စကားကို နားထောင်ရန် အားပေးခြင်းဖြင့် ပိုင်းခြားနားလည်ခြင်းကို တင်ပြခဲ့ကြသည်။ ထို့နောက် လူငယ်များထံ၌ အကြံတောင်းလေသည်။ သူတို့သည် အတွေ့အကြုံမရှိ၊ ပိုင်းခြားနားလည်ခြင်းကင်းမဲ့သဖြင့် ဣသရေလအမျိုးသားတို့ကို ခြိမ်းခြောက်ဖြေဆိုရန် ရောဗောင်အား တိုက်တွန်းသည်။ လူငယ်များ၏စကားကို ရောဗောင်နားထောင်ခဲ့သည်။ အကျိုးရလဒ်ကား အဘယ်နည်း။ ဣသရေလလူမျိုးသည် ပုန်ကန်လေသည်။ ရောဗောင်သည်လည်း နိုင်ငံ၏ ကြီးမားသောအပိုင်းကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။—၃ ဓမ္မရာဇဝင် ၁၂:၁-၁၇။
ပိုင်းခြားနားလည်ခြင်း ဖွံ့ဖြိုးတိုးပွားစေရာတွင် အရေးကြီးကဏ္ဍတစ်ခုမှာ သန့်ရှင်းသောဝိညာဉ်တော်အကူအညီ တောင်းဆိုခြင်းဖြစ်သည်။ ဣသရေလလူမျိုးသည် အီဂျစ်နိုင်ငံမှ လွတ်မြောက်လာပြီးနောက် သူတို့နှင့် ယေဟောဝါပြုမူစီရင်ပုံအကြောင်းကို ပြန်သုံးသပ်ရာတွင် ကျမ်းရေးသူ နေဟမိက ဤသို့ဆိုသည်– “သူတို့ကျွမ်းကျင်လိမ္မာစေရန် မွန်မြတ်သောဝိညာဉ်တော်ကို ပေးတော်မူ” ၏။ (နေဟမိ ၉:၂၀၊ သမ) ယေဟောဝါ၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကိုလည်း ကျွမ်းကျင်လိမ္မာရန်ကူညီပေးသည်။ ပိုင်းခြားနားလည်ခြင်းကိုပေးရန် ယေဟောဝါ၏ဝိညာဉ်တော်အတွက် ဆုတောင်းစဉ် ယေဟောဝါသည် “ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူ” ကြောင်း ယုံကြည်စိတ်ချပါ။—ယာကုပ် ၁:၅; မဿဲ ၇:၇-၁၁; ၂၁:၂၂။
ပိုင်းခြားနားလည်ခြင်းနှင့် ထိုးထွင်းသိမြင်ခြင်း
တမန်တော်ပေါလုသည် တစ်ပါးအမျိုးသားတို့အား သမ္မာတရားဟောပြောသောအခါ ပိုင်းခြားနားလည်ခြင်းကို တင်ပြခဲ့သည်။ ဥပမာ၊ တစ်ခါက အာသင်မြို့ ‘လမ်း၌သွားစဉ် သူတို့၏ဘုရားများကို ကြည့်ရှု’ တွေ့မြင်ခဲ့သည်။ ထိုမြို့သည် ရုပ်တုတို့နှင့်အပြည့်ရှိသည်ကိုမြင်ပြီး ပေါလုသည် စိတ်ပူပန်ခြင်းသို့ရောက်၏။ ဤတွင် သူသည် ဆုံးဖြတ်ချက်ချစရာလိုလာသည်။ သူသည် ဒုက္ခမကြုံရသည့်လမ်းစဉ်လိုက်ပြီး နှုတ်ပိတ်နေရမည်လော၊ သို့မဟုတ် သူ့အား စိတ်ပူပန်စေသည့် ကိုးကွယ်မှု အနှံ့အပြားရှိခြင်းအကြောင်းကို ပွင့်လင်းစွာဖော်ထုတ်ပြောဆိုခြင်းဖြင့် အန္တရာယ်ရောက်နိုင်သည့်တိုင် ပြောဆိုသင့်သလော။
ပေါလုသည် ပိုင်းခြားနားလည်ခြင်းဖြင့် ပြုမူဆောင်ရွက်ခဲ့သည်။ “ငါတို့မသိသောဘုရားသခင်အဖို့” ဟူသောအက္ခရာတင် ယဇ်ပလ္လင်တစ်ခုကို သူမြင်ခဲ့သည်။ ပေါလုသည် လိမ္မာပါးနပ်စွာဖြင့် ဘုရားတို့ကို သူတို့အလွန်ရိုသေတတ်ကြောင်း အသိအမှတ်ပြုပြီး ထိုယဇ်ပလ္လင်ကိုအသုံးပြုကာ “လောကဓာတ်မှစ၍ လောကဓာတ်၌ရှိလေသမျှသောအရာတို့ကိုဖန်ဆင်းတော်မူသောဘုရားသခင်” အကြောင်း စတင်ပြောဆိုရန် လမ်းစရှာလေသည်။ မှန်ပါသည်၊ ယေဟောဝါသည် သူတို့မသိသောဘုရားသခင် ဖြစ်တော်မူ၏! ဤနည်းဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ သူတို့၏ထိခိုက်လွယ်သောသဘောကို ပေါလုထည့်တွက်ပြီး ကောင်းစွာသက်သေခံခွင့်ရရှိခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ “ဒယောနသိအမည်ရှိသော အာရေတောင်မင်းတစ်ယောက်၊ ဒမာရိအမည်ရှိသော မိန်းမတစ်ယောက်မှစ၍ အခြားသောသူ” တို့သည် သမ္မာတရားကိုလက်ခံယုံကြည်သူများဖြစ်လာကြသည်။ (တမန်တော် ၁၇:၁၆-၃၄) ပေါလုသည် ပိုင်းခြားနားလည်ခြင်းကို တင်ပြခဲ့သည့် ပုံသက်သေကောင်းတစ်ခုပါတကား!
ပိုင်းခြားနားလည်ခြင်းကို အလွယ်တကူ သို့မဟုတ် အလိုအလျောက် မရရှိနိုင်သည်ကား အမှန်ပင်။ သို့သော် စိတ်ရှည်ခြင်း၊ ဆုတောင်းခြင်း၊ အလွန်ကြိုးစားအားထုတ်ခြင်း၊ ပညာရှိရှိ ပေါင်းသင်းခြင်း၊ သမ္မာကျမ်းစာကိုလေ့လာပြီး စဉ်းစားဆင်ခြင်ခြင်း နှင့် ယေဟောဝါ၏ဝိညာဉ်တော်ကို မှီခိုအားထားခြင်းတို့ဖြင့် အသင်လည်း ယင်းကို ပြုစုပျိုးထောင်နိုင်ပါလိမ့်မည်။