မဆုတ်မနစ်ဇွဲ၏ ဆုလာဘ်များ
သူမသည် စီ. အီး. ၃၂ တွင် ဖိုနီးရှား၌နေထိုင်သည့် ဂရိအမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမ၏သမီးခမျာ အသည်းအသန်ဖျားနေရာ ဤအမျိုးသမီးသည် ကုသပျောက်ကင်းသွားဖို့အတွက် ကြံရာမရဖြစ်နေသည်။ သူမ၏ဒေသသို့ သူစိမ်းတစ်ဦး—ဖျားနာသူများကို ကုသနိုင်စွမ်းတွင် နာမည်ကျော်နေသည့် နိုင်ငံခြားသားတစ်ဦး—လာရောက်လည်ပတ်သံကို ကြားရာ သူမသည် သူ့ကိုသွားတွေ့ပြီး သူ၏အထောက်အမကို ခယတောင်းခံရန် ဆုံးဖြတ်လိုက်သည်။
သူ့ကို တွေ့သောအခါ သူမသည် ဒူးထောက်ကာ ဤသို့အသနားခံသည်– “ဒါဝိဒ်၏သားတော်ရှင် ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်။” ဤနှယ် ဂရိအမျိုးသမီးသည် သူမ၏သမီးအား ကုသပေးရန် ယေရှုကို ခယတောင်းပန်ခဲ့သည်။
ယင်းသို့လုပ်ဖို့အတွက် သူမဘက်အပိုင်းမှ လိုအပ်ခဲ့သည့် ရဲရင့်မှုနှင့် နှိမ့်ချမှုတို့ကို သင်တွေးကြည့်နိုင်သည်။ ယေရှုသည် အစွမ်းတန်ခိုးအတော်အတန်နှင့် နာမည်ကျော်နေသည့် အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး စောစောပိုင်းတွင် ကိုယ်တော်က မိမိရှိသည့်နေရာကို မည်သူမျှမသိစေလိုကြောင်း ပြောခဲ့ပြီးဖြစ်သည်။ ကိုယ်တော်သည် အလွန်လိုအပ်နေသောကြောင့် အတော်အတန်အနားယူရန် ဖိုနီးရှားသို့ မိမိတမန်တော်များကိုခေါ်သွားခဲ့သည်၊ မယုံကြည်သူတစ်ပါးအမျိုးသားများအသိုင်းအဝိုင်းတွင် အလုပ်လုပ်ရန်မဟုတ်ပါ။ ထို့အပြင် ယေရှုသည် ဂျူးတစ်ယောက်ဖြစ်ပြီး သူမမှာ တစ်ပါးအမျိုးသမီးဖြစ်ရာ ဂျူးများသည် အထင်သေးဖွယ် လူမျိုးများမှလူများနှင့် ပေါင်းသင်းခြင်းကို ဆန့်ကျင်ကြောင်း သူမကျိန်းသေသိထားသည်။ မည်သို့ပင်ဖြစ်ပါစေ သူမသည် သူမ၏ရင်သွေးကို ကုသပျောက်ကင်းစေဖို့အတွက် မိမိ၏သန္နိဋ္ဌာန်ကို ခိုင်ခိုင်မြဲမြဲချမှတ်ထားသည်။
ယေရှုနှင့် ကိုယ်တော်၏တမန်တော်များသည် ဤအချိန်တွင် အကူအညီမတောင်းရန် အမျိုးသမီးအား ကြိုးစားဖျောင်းဖျခဲ့သည်။ အစတွင် ယေရှုသည် သူမအား စကားလုံးဝမပြောပါ။ နောက်ပိုင်း၌ သူမ၏ထပ်ခါတလဲ၊ မဆုတ်မနစ်သောဇွဲဖြင့် ဟစ်ကြော်နေမှုကြောင့် အမျက်ထွက်လာသော တမန်တော်များက ယေရှုအားဤသို့ပြောခဲ့သည်– “ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ဟစ်ကြော်လျက်နေပါသည်။”
သို့သော် သူမသည် ကုပေးမည်ဟူသည့် အဖြေမရမချင်း ရပ်ဆိုင်းမည်မဟုတ်ပါ။ ယင်းသို့ရပ်ပစ်မည့်အစား သူမသည် မိမိကိုယ်ကို ယေရှု၏ခြေတော်ပါးတွင် ဝပ်တွားကာ ဤသို့ဆိုသည်– “ကျွန်မကို ကယ်တော်မူပါသခင်!”
ဣသရေလသားများအတွက် မိမိ၏အဓိကတာဝန်ကို ထောက်ပြရင်း တစ်ချိန်တည်းတွင် သူမ၏ယုံကြည်ခြင်းနှင့် စိတ်ပိုင်းဖြတ်ချက်တို့ကို စမ်းသပ်ကာ ယေရှုသည် သူမအား ထောက်ထားညှာတာစွာ ဤသို့ရှင်းပြခဲ့သည်– “[ဣသရေလလူမျိုး၏] သား၏အစာကိုယူ၍ ခွေး [တစ်ပါးအမျိုးသား] အားမပေးမချအပ်။”
သူမ၏လူမျိုးကို ထိကပါးရိကပါးပြောခြင်းကြောင့် ထိခိုက်နာကျင်သွားမည့်အစား သူမသည် ဤသို့ပြန်ဖြေကာ မဆုတ်မနစ်အောက်ကျို့တောင်းခံခဲ့သည်– “မှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏။”
ယေရှုသည် သူမ၏ယုံကြည်ခြင်းကို ချီးမွမ်းပြီး သူမ၏တိုးလျှိုးတောင်းပန်ချက်ကို မစဆောင်ရွက်ပေးခြင်းဖြင့် ဤဂရိအမျိုးသမီး၏မဆုတ်မနစ်ဇွဲကို ဆုချခဲ့သည်။ သူမသည် အိမ်ပြန်ရောက်ပြီး လုံးဝရောဂါပျောက်ကင်းသွားပြီဖြစ်သော မိမိ၏သမီးကို တွေ့လိုက်သည့်အခါ သူမခံစားရသောပျော်ရွှင်မှုကို စဉ်းစားကြည့်ပါလေ!—မဿဲ ၁၅:၂၁-၂၈; မာကု ၇:၂၄-၃၀။
ပထမရာစုတွင်ရှိ ဤအမျိုးသမီးကဲ့သို့ ကျွန်ုပ်တို့သည် ယေဟောဝါနှစ်မြို့စေရန်နှင့် ကိုယ်တော်မျက်နှာသာရရှိခံစားရန် မိမိတို့၏ကြိုးစားအားထုတ်မှုများတွင် မဆုတ်မနစ်ဇွဲရှိဖို့ လိုအပ်သည်။ ဂရိအမျိုးသမီးကိစ္စမှာကဲ့သို့ပင်၊ ကျမ်းစာက “ကောင်းသောအကျင့်ကိုကျင့်” သည့် ကျွန်ုပ်တို့၏မဆုတ်မနစ်ဇွဲအတွက် ကောင်းကောင်းဆုချမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အား အာမခံထားသည်။—ဂလာတိ ၆:၉။
မဆုတ်မနစ်ဇွဲမည်သည် အဘယ်နည်း။ ယင်းသည် အဘယ်ကြောင့်လိုအပ်သနည်း။ မည်သည့်အချက်များသည် ဤအရည်အချင်းကို ပျောက်ဆုံးသွားရန်၊ လက်မြှောက်အလျှော့ပေးလိုက်ရန် ဖြစ်စေမည်နည်း။ ကျွန်ုပ်တို့သည် မိမိတို့၏ဖန်ဆင်းရှင်ခမည်းတော် ယေဟောဝါထံ အမှုဆောင်ခြင်း၌ မဆုတ်မနစ်ဇွဲကို ယခုတင်ပြလျှင် အဘယ်ဆုလာဘ်များကိုရရှိရန် ကျွန်ုပ်တို့မျှော်လင့်နိုင်ပါသနည်း။
အဘိဓာန်တစ်ခုက ကြိယာဖြစ်သော “မဆုတ်မနစ်ပြု” ကို “တစ်စုံတစ်ခုသောရည်ရွယ်ချက်၊ အခြေအနေ သို့မဟုတ် တာဝန်ခံချက်တို့ကို အတားအဆီးများ၊ သတိပေးချက်များ သို့မဟုတ် ဟန့်တားမှုများရှိလင့်ကစား ခိုင်ခိုင်မြဲမြဲဇွဲနပဲနှင့် စွဲကိုင်ထားခြင်း။ . . . ဆက်လက် တည်တံ့နေခြင်း; ထာဝရတည်နေခြင်း” ဟုအနက်ဖွင့်ထားသည်။
ကျမ်းစာက ယေဟောဝါ၏ကျေးကျွန်များအား ကိုယ်တော့်အလိုတော်ထမ်းဆောင်ရာတွင် မဆုတ်မနစ်ပြုရန် အကြိမ်ကြိမ်အားပေးထားသည်။ ဥပမာ ကျွန်ုပ်တို့အား “ဘုရားသခင်၏နိုင်ငံတော်ကို ဆက်၍ရှေးဦးရှာနေ” ရန်၊ “ကောင်းသောအရာကို အမြဲကိုင်စွဲ” ရန်၊ “ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြု” ရန်နှင့် ကောင်းသောအမှုလုပ်ဆောင်ခြင်းတွင် “အားမလျော့” ရန် ပြောထားသည်။—မဿဲ ၆:၃၃၊ ကဘ; ၁ သက်သာလောနိတ် ၅:၂၁; ရောမ ၁၂:၁၂; ဂလာတိ ၆:၉။
ကပ်ကျော်လွန်မြောက်နိုင်ရန် ကျွန်ုပ်တို့၏နေ့စဉ်ဘဝအသက်တာတွင် မဆုတ်မနစ်ဇွဲသည် ကျွန်ုပ်တို့အားလုံးပိုင်ဆိုင်တိုးပွားရမည့် အရည်အသွေးတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့တွင် ယင်းမရှိဘဲနှင့် တည်တံ့သည့် တန်ဖိုးရှိသော၊ အမှန်အစစ်ဖြစ်သော မည်သည့်အရာကိုမျှမရနိုင်ပါ။ ကလေးငယ်တစ်ယောက် မတ်တတ်ရပ်ရန်ကြိုးစားပြီး ပထမဆုံးဒယိမ်းဒယိုင်လှမ်းသွားသည့် နမူနာကို သုံးသပ်ကြည့်ပါ။ တစ်နေ့ချင်းတွင် မတ်တတ်ရပ်ကာ အလွယ်တကူလှမ်းသွားနိုင်သည့် နို့စို့ကလေးငယ်တစ်ယောက်မျှ မရှိနိုင်ပါ။ ကလေးများကဲ့သို့ ကျွန်ုပ်တို့ရှိရှိသမျှသည် လျှောက်လှမ်းရာတွင် အောင်မြင်မှုအတိုင်းအတာတစ်ခုကို နောက်ဆုံး၌ ကျွန်ုပ်တို့ဆွတ်ခူးရရှိချိန်မတိုင်မီ အကြိမ်ကြိမ်ကြိုးစားခဲ့ရနိုင်ပြီး အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့နိုင်သည်။ ပထမအကြိမ်ရှုံးနိမ့်သွားသောအခါ ကြိုးစားမှုကို ရပ်ပစ်ရန်ဆုံးဖြတ်လိုက်ပါက ဘာဖြစ်သွားမည်နည်း။ ကျွန်ုပ်တို့သည် လေးဖက်သွားနေဆဲဖြစ်ကောင်းဖြစ်နိုင်သည်! တက်လှမ်းယူထိုက်သည့် ပန်းတိုင်များ လိုက်မီရေးနှင့် ကျွမ်းကျင်မှုများ၊ ကိုယ့်ကိုယ်ကိုလေးစားမှုတို့တွင် သက်ဆိုင်ရာတိုးပွားမှုများ ရရှိရေးအတွက် မဆုတ်မနစ်ဇွဲသည် မရှိမဖြစ်လိုအပ်သည်။ လူကြိုက်များသောဆိုရိုးတစ်ခုပြောသကဲ့သို့ပင် “ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်။”
အောင်မြင်မှုကို ထူးခြားသောအရည်အသွေးများ သို့မဟုတ် ပင်ကိုအစွမ်းအစများက အာမခံချက်မပေးကြောင်း နှစ်ရှည်ရှေ့ဆောင်များ သိနားလည်ကြသည်။ ယင်းကိုရရန် မလျှော့သောဇွဲ၊ ယေဟောဝါ၏အလိုတော်ကို အပြည့်အဝလုပ်ဆောင်ရန် ယတိပြတ်ဆုံးဖြတ်ချက်၊ အခိုက်အတန့်ဟန့်တားမှုများနှင့် စိတ်ဓာတ်ကျမှုကိုပင် ရင်ဆိုင်ရာတွင် ရဲရင့်မှုတို့ လိုအပ်သည်။ ဘုရားသခင်၏ကောင်းချီးများကို ထာဝစဉ်ဝေမျှခံစားခြင်းပန်းတိုင်ကို ပီပြင်စွာ အာရုံစူးစိုက်နေရမည်။
မှန်ပါသည်၊ ယေဟောဝါရှင်၏မျက်နှာသာရရန်နှင့် အသက်အတွက်ပြေးပွဲတွင် အောင်ပန်းဆွတ်ရန် ရှာကြံကြသည့် ကျွန်ုပ်တို့ရှိရှိသမျှသည် မဆုတ်မနစ်ဇွဲ၊ စွဲစွဲမြဲမြဲရှိသောဇွဲနှင့် ခံနိုင်ရည်တို့ လိုအပ်သည်။ ဤအရည်အသွေးများမရှိပါက ကျွန်ုပ်တို့သည် ယေဟောဝါ၏မျက်နှာတော်နှင့် စစ်မှန်သောအသက်ဆုကို ကျိန်းသေဆုံးရှုံးမည်ဖြစ်သည်။—ဆာလံ ၁၈:၂၀; မဿဲ ၂၄:၁၃; ၁ တိမောသေ ၆:၁၈၊ ၁၉။
ခရစ်ယာန်တစ်ဦးအတွက် မိမိ၏အခြားတာဝန်များထက် ဝိညာဉ်ရေးဆိုင်ရာလုပ်ဆောင်မှုများတွင် မဆုတ်မနစ်ပြုနေရန် ပို၍ခက်ခဲလေ့ရှိသည်။ လူတစ်ဦးသည် သူ့မိသားစု၏ကာယလိုအပ်ချက်များကို ဖြည့်ဆည်းထောက်မပေးရန် လောကီအလုပ်၌ ဆက်၍ကြိုးစားပမ်းစားလုပ်ကိုင်နေပေမည်၊ သို့ရာတွင် သူသည် မိမိ၏ဇနီး၊ သားသမီးများနှင့်အတူ မှန်မှန်ကျမ်းစာလေ့လာမှုကို ဦးစီးပြီးမလုပ်ဆောင်နိုင်သည့်အထိ ‘အလွန်မောပန်းနွမ်းနယ်’ နေပေမည်။ အဘယ်အချက်များသည် ခရစ်ယာန်လုပ်ငန်းများတွင် မဆုတ်မနစ်ဇွဲရှိစေဖို့ လူများစွာအတွက် ဤမျှခက်ခဲစေသနည်း။
တစ်ချက်မှာ ကျွန်ုပ်တို့၏ကိုယ်ပိုင် ချို့တဲ့မှု သို့မဟုတ် အားနည်းမှုမှလာသည့် စိတ်ဓာတ်ကျဆင်းမှုဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့၏အမှားများအပေါ်တွင် အပျက်သဘောထားအမြဲထားရှိပါက စိတ်ပျက်ကာ လက်မြှောက်အရှုံးပေးပြီး မိမိတို့၏အပြစ်ကို ယေဟောဝါဘယ်တော့မျှခွင့်လွှတ်နိုင်မှာမဟုတ်ဟု ခံစားရပေမည်။
အခြားအချက်တစ်ချက်မှာ စာရိတ္တယိုယွင်းသော၊ ပုပ်ပျက်သော၊ မုန်းတီးသောလောကီအသိုင်းအဝိုင်းဖြစ်သည်။ (၁ ယောဟန် ၂:၁၅၊ ၁၆) လောကီသြဇာက ဖျက်ဆီးပစ်နိုင်သည့် “ကောင်းသောအကျင့်ဓလေ့” တစ်ခုမှာ ခရစ်ယာန်တို့၏မဆုတ်မနစ်ဇွဲဖြစ်သည်။—၁ ကောရိန္သု ၁၅:၃၃။
ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့၏မဆုတ်မနစ်ဇွဲသည် ဟိုးလေးတကျော်ဆန့်ကျင်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏သန့်ရှင်းမွန်မြတ်သောလုပ်ငန်းတော်ကို အလေးဂရုမပြုခြင်းတို့အားဖြင့် အားပျော့သွားစေနိုင်သည်။ စိတ်ဓာတ်ကျလာပြီး မိမိတို့ရပ်ကွက်ရှိလူများသည် သမ္မာတရားကို အရှင်းစိတ်မဝင်စားပါဘူးဟု ကျွန်ုပ်တို့ကောက်ချက်ချပေမည်။ ယင်းက ကျွန်ုပ်တို့အား ‘ဘာအရာရောက်လို့လဲ’ ဟု စောကြောစေနိုင်ပြီး မိမိတို့၏ဓမ္မအမှုဆိုင်ရာလုပ်ငန်း၏ အထူးအခွင့်အရေးကို စွန့်လွှတ်စေနိုင်သည်။
ကျွန်ုပ်တို့သည် ကိုယ့်အကြိုက်ကိုသာဦးစားပေးသည့် လောကစိတ်ဓာတ်၏လွှမ်းမိုးမှုကိုလည်း ခံရနိုင်သည်။ လူတိုင်း မြူးပျော်နေကြပုံပေါက်နေစဉ် သို့မဟုတ် သက်သောင့်သက်သာရှိနေကြပုံပေါက်နေစဉ်တွင် ကျွန်ုပ်တို့သည် အဘယ်ကြောင့်ဤမျှရုန်းကန်ကာ အနစ်နာခံသင့်သနည်း။—မဿဲ ၁၆:၂၃၊ ၂၄ နှိုင်းယှဉ်။
ယေဟောဝါ၏အလိုတော်ထမ်းဆောင်ရာတွင် မဆုတ်မနစ်ပြုတတ်ဖို့အတွက် ကျွန်ုပ်တို့သည် ခရစ်ယာန်ဥပဓိရုပ်ကို ဝတ်ဆင်ရန်နှင့် ဇာတိပကတိအတိုင်းမဟုတ်ဘဲ ဝိညာဉ်ပကတိအတိုင်းအသက်ရှင်ရန်လိုအပ်သည်။ (ရောမ ၈:၄-၈; ကောလောသဲ ၃:၁၀၊ ၁၂၊ ၁၄) ကိစ္စရပ်အပေါ် ယေဟောဝါ၏အမြင်မျိုးထားရှိခြင်းက ကျွန်ုပ်တို့၏အရေးကြီးသော ဝိညာဉ်ရေးဆိုင်ရာလုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်စေနိုင်ပါလိမ့်သည်။—၁ ကောရိန္သု ၁၆:၁၃။
မဆုတ်မနစ်ဇွဲ၏ပုံသက်သေများ
ယေဟောဝါရှင်သည် ပြင်းထန်သောစုံစမ်းမှုများစွာတစ်လျှောက် ကိုယ်တော်ထံသစ္စာစောင့်သိတည်ကြည်သော ကျေးကျွန်များ၏ မှုတ်သွင်းခံပုံသက်သေများစွာကို ကျွန်ုပ်တို့အားပေးထားသည်။ ယင်းတို့ကို သုံးသပ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ခရစ်ယာန်တို့၏မဆုတ်မနစ်ဇွဲကို မည်သို့တိုးပွားစေနိုင်ပုံနှင့် ကျင့်သုံးနိုင်ပုံတို့ကို သိမြင်ပြီး ယင်းသည် အဘယ်ကြောင့်ဤမျှတန်ဖိုးကြီးသည်တို့ကို သိမြင်လာသည်။
အကြီးမြတ်ဆုံးပုံသက်သေမှာ ယေဟောဝါ၏နာမတော်ဂုဏ်တင်ရန် အကြီးအကျယ်ခံစားခဲ့ရသည့် ယေရှုဖြစ်သည်။ ကျမ်းစာက ကျွန်ုပ်တို့အား မဆုတ်မနစ်မသောဆက်ကပ်အပ်နှံမှုနှင့်ပတ်သက်သည့် ကိုယ်တော်၏လုပ်ရပ်များကို ဂရုတစိုက်လေ့လာရန် ဤသို့တိုက်တွန်းထားသည်– “ထို့ကြောင့်၊ ဤမျှလောက်များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ ငါတို့သည်ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့။ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့ ၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။ အပြစ်ရှိသောသူတို့လက်တွင် ထိုမျှလောက်ကြီးစွာသောဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။”—ဟေဗြဲ ၁၂:၁-၃။
အသက်ပြေးပွဲသည် တာတိုဒုန်းပြေးပွဲမဟုတ်ဘဲ တာဝေးပြေးပွဲဖြစ်သည်။ ဤအတွက်ကြောင့်ပင် ကျွန်ုပ်တို့သည် ခရစ်တော်ကဲ့သို့ မဆုတ်မနစ်ဇွဲလိုအပ်ရခြင်းဖြစ်သည်။ ပန်းတိုင်ဖြစ်သော ပန်းဝင်မျဉ်းသည် ပြေးပွဲ၏သာ၍များသောအပိုင်းဖြစ်သည့်အတွက် မျက်စိဖြင့်မြင်နိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် မရမနေပြေးရမည့် လမ်းကြောင်းတစ်လျှောက်လုံးတွင်မြင်ယောင်နိုင်စေရန် ပန်းတိုင်သည် ကျွန်ုပ်တို့၏စိတ်မျက်စိတွင် ကြည်လင်သဲကွဲနေရမည်။ ယေရှုသည် မိမိရှေ့တွင် ဤကဲ့သို့သောစိတ်အသွင်၊ တစ်နည်းအားဖြင့် “မိမိရှေ့ ၌ထားသော ဝမ်းမြောက်ခြင်း” ရှိထားသည်။
ယနေ့ခရစ်ယာန်များအတွက် ဤ ရွှင်လန်းမှုတွင် အဘယ်အရာပါဝင်သနည်း။ တစ်ခုမှာ လူနည်းစုအတွက် ကောင်းကင်တွင် မသေနိုင်သောအသက်ဆုဖြစ်ပြီး လူများစုအတွက် ကမ္ဘာမြေပေါ်တွင် ထာဝရအသက်ဆုဖြစ်သည်။ ယင်းတွင် လူတစ်ဦးက ယေဟောဝါရှင်၏နှလုံးရွှင်ပြုံးစေကြောင်းနှင့် ဘုရားသခင့်နာမတော် သန့်ရှင်းမြင့်မြတ်ရေးတွင် တစ်စိတ်တစ်ဒေသအဖြစ် အသုံးတော်ခံခွင့် ရရှိထားကြောင်း သိရှိရခြင်းတို့မှဖြစ်ပေါ်လာသည့် စိတ်ကျေနပ်မှုခံစားချက်လည်းပါဝင်သည်။—သု. ၂၇:၁၁; ယောဟန် ၁၇:၄။
ဤ ရွှင်လန်းမှုတွင် ယေဟောဝါရှင်နှင့်ရင်းနှီးသော၊ နှစ်ခြိုက်ဖွယ်ဖြစ်သော ဆက်ဆံရေးပါဝင်သည်။ (ဆာလံ ၄၀:၈; ယောဟန် ၄:၃၄) ဤကဲ့သို့သောဆက်ဆံရေးသည် အင်အားပြည့်ဖြိုးလာစေပြီး အသက်အထောက်အပံ့ဖြစ်ကာ၊ ပြေးပွဲကို ခံနိုင်ရည်ရှိရှိနှင့် လက်မလျှော့ဘဲပြေးရန် သန်စွမ်းလာစေသောအရာတစ်ခုဖြစ်သည်။ ထို့အပြင် ယေဟောဝါရှင်သည် မိမိ၏ကျေးကျွန်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းအားဖြင့် ဤဆက်ဆံရေးကို ကောင်းချီးပေးကာ ရွှင်လန်းခြင်းကို တိုးပွားစေပြီး ရွှင်လန်းဖွယ်လုပ်ဆောင်မှုကို လုပ်ဆောင်စေသည်။—ရောမ ၁၂:၁၁; ဂလာတိ ၅:၂၂။
မဆုတ်မနစ်ယုံကြည်ခြင်းနှင့်ပတ်သက်သော ယောဘ၏ပုံသက်သေကို သုံးသပ်ကြည့်ခြင်းသည် အကျိုးရှိသည်။ သူသည် မစုံလင်သည့်အပြင် သူ၏အခြေအနေနှင့်ပတ်သက်၍ အနည်းအကျဉ်းသာသိရှိထားသည်။ ထို့ကြောင့်ရံဖန်ရံခါသူသည် မိမိမှန်သည်ဟူသောသဘော ဝင်ကာ စိတ်ပျက်လက်မှိုင်ချခဲ့သည်။ သို့ရာတွင် သူသည် ယေဟောဝါထံသူ၏သမာဓိကို ဆက်ထိန်းထားရန်နှင့် ကိုယ်တော်ကို ဘယ်တော့မျှမစွန့်ရန် ခိုင်မာသောသန္နိဋ္ဌာန်ကို တစိုက်မတ်မတ်တင်ပြခဲ့သည်။ (ယောဘ ၁:၂၀-၂၂; ၂:၉၊ ၁၀; ၂၇:၂-၆) ယေဟောဝါရှင်သည် ယောဘအား သူ၏မဆုတ်မနစ်တင်ပြခဲ့သောဆက်ကပ်မှုအတွက် ဝိညာဏရေးဆိုင်ရာ၊ ရုပ်ပစ္စည်းဆိုင်ရာကောင်းချီးများအပြင် ထာဝရအသက်မျှော်လင့်ချက်ကိုပါ ဆုချပေးသနားတော်မူခဲ့သည်။ (ယောဘ ၄၂:၁၀-၁၇; ယာကုပ် ၅:၁၀၊ ၁၁) ကျွန်ုပ်တို့သည် ယောဘကဲ့သို့ မိမိတို့၏ယခုအသက်တာအတွင်း အကြီးအကျယ်ဒုက္ခရောက်ကာ ဆုံးရှုံးမှုကိုတွေ့ကြုံခံစားရပေမည်၊ သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏သစ္စာစောင့်သိသော ခံနိုင်ရည်တင်ပြမှုအတွက် ယေဟောဝါရှင်၏ကောင်းချီးများကိုလည်း ရမည်ဟုယုံကြည်နိုင်သည်။—ဟေဗြဲ ၆:၁၀-၁၂။
ခေတ်သစ်ကာလတွင် ယေဟောဝါသက်သေများ တစ်စုလုံးအနေနှင့် ယေဟောဝါ၏အလိုတော်ဆောင်ရွက်ခြင်းတွင် ခရစ်ယာန်တို့၏မဆုတ်မနစ်ဇွဲကို တင်ပြခဲ့ကြပြီ။ ဥပမာ၊ သူတို့၏ မဆုတ်မနစ်ဇွဲကိုတင်ပြသည့် တစ်အိမ်မှ တစ်အိမ်လုပ်ငန်းနှင့် အခြားလူသူရှေ့ဟောပြောခြင်းတို့က သူတို့နှင့် သူတို့၏သတင်းတရားကို ကမ္ဘာချီအာရုံစိုက်စရာ ဖြစ်စေခဲ့ပြီ။ လူထုဆက်သွယ်ရေးလမ်းကြောင်းများက သူတို့၏ဇွဲနှင့် အတိုက်အခံ၊ စုံစမ်းမှုများရှိလင့်ကစား သတင်းကောင်းကိုကြေညာရန် သူတို့၏သန္နိဋ္ဌာန်တို့ကို အများအပြားကိုးကားခဲ့ကြပြီ။ ယင်းတို့အထဲမှ တစ်ခုတွင် “ယေဟောဝါသက်သေများကို မည်သူမျှ မရှောင်ကွင်းနိုင်!” ဟူသည့် ဟာသစာသားကိုပင် ဖော်ပြသည်။—မဿဲ ၅:၁၆။
ယေဟောဝါရှင်သည် ဓမ္မအမှုတွင် ကိုယ်တော့်သက်သေခံများ၏ မဆုတ်မနစ်အားထုတ်မှုများကို တိုးပွားမှုများနှင့်အတူ ကောင်းချီးပေးထားပြီ။ အီတလီနိုင်ငံတွင် သက်သေခံ ၁၀,၀၀၀ ခန့်တို့သည် လူဦးရေ ၅၃,၀၀၀,၀၀၀ ကျော်လူမျိုးတစ်မျိုးကို ဟောပြောနေရသောအချိန်ဖြစ်သည့် ၁၉၆၀ ပြည့်လွန်နှစ်များက စွမ်းဆောင်မှုကောင်းရှိသော သက်သေခံတချို့၏တွေ့ကြုံမှုကို သတိပြုမှတ်သားပါ။ လူ ၆,၀၀၀ ရှိသည့်မြို့တစ်မြို့တွင် သက်သေခံလုံးဝမရှိပါ။ သွားရောက်လည်ပတ်သောညီအစ်ကိုများသည် သူတို့၏ဓမ္မအမှုအား ရန်လိုတုံ့ပြန်ခြင်းကို ခံခဲ့ရကြသည်။
ဟောပြောရန် ညီအစ်ကိုများ ထိုနေရာသို့သွားသည့်အချိန်တိုင်း မြို့ရှိအမျိုးသမီးများစွာနှင့် အမျိုးသားများပင် ယောက်ျားလေးများကို လိုက်လံစုရုံးကာ သက်သေခံများနောက် တကောက်ကောက်လိုက်ပြီး ခရာများတွတ်ကာ အကြီးအကျယ်ဆူညံသံများပြုရန် သူတို့ကို အားပေးအားမြှောက်လုပ်ကြသည်။ ဤသို့ခဏကြာပြုပြီးနောက် ညီအစ်ကိုများကို အခြားမြို့သို့ ထွက်သွားရန် အတင်းအကျပ်ပြုကြသည်။ ဤမြို့သားအားလုံးကို အနည်းဆုံး တစ်ချိန်လောက်အပြည့်အဝသက်သေခံမှုဖြစ်မြောက်စေရန် ကြိုးစားအားထုတ်ရာတွင် ညီအစ်ကိုများသည် လူငယ်အုပ်စု၏ အနှောင့်အယှက်ခံရမည်မဟုတ်ဟူသည့် မျှော်လင့်ချက်ဖြင့် မိုးသည်းသည့်နေ့များတွင်သာ ဟောပြောရန် ဆုံးဖြတ်ခဲ့ကြသည်။ မြို့သူမြို့သားများသည် ကြေညာသူများကို နှောင့်ယှက်ရန်အတွက်လေးကြောင့် မိမိတို့ကိုယ်ကို အစိုမခံလိုကြကြောင်း သူတို့သတိပြုမိခဲ့သည်။ ဤနည်းဖြင့် ကောင်းကောင်းသက်သေခံခဲ့ရသည်။ စိတ်ဝင်စားသူများကို တွေ့ရှိခဲ့သည်။ ကျမ်းစာသင်အံမှုအသစ်များကို စတင်နိုင်ခဲ့သည်။ ရလဒ်အနေနှင့် ဤမြို့ငယ်လေးတွင် သီးပွင့်ဝေဆာနေသော အသင်းတော်တစ်ခုကို တည်ထောင်ခဲ့ရုံမကဘဲ ဟောပြောခြင်းလုပ်ငန်းကို နေသာသောနေ့များတွင်ပင် စတင်လုပ်ဆောင်ခဲ့သည်။ ယေဟောဝါရှင်သည် ဤဒေသနှင့် အီတလီတစ်လျှောက်ရှိ မဆုတ်မနစ်ဇွဲရှိမိမိ၏သက်သေခံများကို ကောင်းချီးဆက်၍သွန်းလောင်းခဲ့ပြီ။ ယခုအခါ ယင်းနိုင်ငံတွင် ယေဟောဝါသက်သေ ၂၀၀,၀၀၀ ကျော်ရှိနေပေပြီ။
မှန်ကန်သည့်အရာကိုလုပ်ဆောင်ရာတွင် မဆုတ်မနစ်ဇွဲအတွက် ဆုလာဘ်ကား ကြီးမားလှသည်။ ဘုရားသခင့်ဝိညာဉ်တော်၏အစွမ်းတန်ခိုးအားဖြင့် ယေဟောဝါသက်သေများသည် သန်းနှင့်ချီသောလူများအား တံခါးဝများတွင်နှင့် အခြားနည်းများဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းဖြစ်သည့် လူ့သမိုင်းတွင်အစဉ်အလာမရှိသော စွမ်းဆောင်မှုကို ပြီးမြောက်အောင်မြင်နိုင်ခဲ့ပြီ။ (ဇာခရိ ၄:၆) သူတို့သည် ယေဟောဝါရှင်မြေကြီးဆိုင်ရာအဖွဲ့အစည်း၏ အံ့မခန်းဖွယ်ကြီးထွားမှုနှင့် စွမ်းဆောင်မှုတို့တွင် ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံသည်ကို ရွှင်လန်းဝမ်းမြောက်စွာတွေ့မြင်ခဲ့ကြပြီ။ (ဟေရှာယ ၅၄:၂; ၆၀:၂၂) သူတို့သည် ဘုရားသခင်ရှေ့တွင် ဩတ္တပ္ပစိတ်ကောင်း စွဲကိုင်ထားကြသည့်အပြင် ထာဝရအသက်မျှော်လင့်ချက်တွင် နှစ်ခြိုက်အားရနေကြသည်။ ထိုထက်ကား သူတို့သည် ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်နှင့် လက်ပွန်းတတီးဆက်ဆံရေးကို ခံစားကြရသည်။—ဆာလံ ၁၁:၇။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ယေရှုသည် ဤဂရိအမျိုးသမီး၏ နှိမ့်ချသောဇွဲကို ဆုချခဲ့
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ယနေ့ခရစ်ယာန်များရှေ့ချထားသည့် ရွှင်လန်းမှုတွင် ပရဒိသု၌အသက်ရှင်ခွင့် ပါဝင်သည်