ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၈/၁ စာ. ၁၄-၁၉
  • ယနေ့ထိတိုင် ယေဟောဝါ၏ သွန်သင်ခြင်းကိုခံလာရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယနေ့ထိတိုင် ယေဟောဝါ၏ သွန်သင်ခြင်းကိုခံလာရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စံပြဆရာတပည့်ဆက်ဆံရေး
  • တိုးချဲ့သွန်သင်မှုအစီအစဉ်
  • အသင်းတော်အစည်းအဝေးများတွင် သွန်သင်ခံရခြင်း
  • သာ၍ကြီးကျယ်သည့်အစည်းအဝေးများတွင် သွန်သင်ခံရခြင်း
  • သွန်သင်ပေးရန်အတွက် ဘုရားသခင်၏သွန်သင်ခံရ
  • ယေဟောဝါ၏ အလိုတော်ကို ဆောင်ရွက်ရန် သွန်သင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ယေဟောဝါ —သွန်သင်ပေးသောဘုရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • မြင့်မြတ်သောသွန်သင်ခြင်း၏ အကျိုးကျေးဇူးများ၌ပျော်မွေ့ ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၈/၁ စာ. ၁၄-၁၉

ယနေ့ထိတိုင် ယေဟောဝါ၏ သွန်သင်ခြင်းကိုခံလာရ

“အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။”—ဟေရှာယ ၅၀:၄။

၁၊ ၂။ (က) ယေဟောဝါသည် မိမိ၏လက်ရွေးစင်တပည့်ကို မည်သည့်အရာအတွက်ပြင်ဆင်ပေးသနည်း။ မည်သည့်အကျိုးဖြစ်ထွန်းခဲ့သနည်း။ (ခ) မိမိသွန်သင်ခြင်း၏ ပင်ရင်းအမြစ်နှင့်ပတ်သက်၍ ယေရှုမည်သို့ဝန်ခံသနည်း။

ယေဟောဝါဘုရားသခင်သည် ဖခင်စဖြစ်ကတည်းက ဆရာတစ်ပါးဖြစ်လာခဲ့သည်။ သူ၏သားသမီးအချို့ ပုန်ကန်ပြီးနောက်ပိုင်း တစ်ချိန်တွင် မြေကြီးပေါ်၌ဓမ္မအမှုဆောင်ရန် မိမိ၏လက်ရွေးစင်တပည့်ဖြစ်သူ မိမိ၏သားဦးကို ပြင်ဆင်ပေးခဲ့သည်။ (သု. ၈:၃၀) ဟေရှာယအခန်းကြီး ၅၀ က ထိုတပည့်ကို ဤပရောဖက်ပြုစကားဖြင့်ဖော်ပြထားသည်– “ငါသည် ပင်ပန်းသောသူအားမစခြင်းငှာ စကားပြောတတ်မည်အကြောင်း အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။” (ဟေရှာယ ၅၀:၄) ယေရှုသည် မြေကြီးပေါ်ရှိစဉ် ခမည်းတော်၏သွန်သင်မှုကို ကျင့်သုံးသောကြောင့် “ဝန်လေး၍ပင်ပန်းသောသူ” တို့အတွက် လန်းဆန်းရန်အခြေအမြစ်တစ်ခုဖြစ်ခဲ့သည်။—မဿဲ ၁၁:၂၈-၃၀၊ ကဘ။

၂ ပထမရာစုအတွင်း ယေရှုသည် တန်ခိုးပြသည့်အလုပ်များစွာကို လုပ်ခဲ့သည်။ မျက်မမြင်များ၏မျက်စိကို အလင်းပေးကာ သေသူများကိုပင် ရှင်စေတော်မူခဲ့သည်။ သို့သော် သူနှင့်တစ်ခေတ်တည်းသားများက သူ့ကို ဆရာတစ်ပါးအဖြစ် အဓိကသိရှိကြသည်။ ကိုယ်တော့်နောက်တော်လိုက်များသာမက ကိုယ်တော်ကိုဆန့်ကျင်သူများပင်လျှင် ကိုယ်တော်ကို ဆရာဟုခေါ်ကြသည်။ (မဿဲ ၈:၁၉၊ ကဘ; ၉:၁၁; ၁၂:၃၈၊ ကဘ; ၁၉:၁၆; ယောဟန် ၃:၂၊ ကဘ) ယေရှုသည် မိမိသွန်သင်သောအရာများအတွက် မည်သည့်အခါမျှ ကိုယ့်ကိုယ်ကိုဂုဏ်မတင်ဘဲ နှိမ့်ချစွာဖြင့် ဤသို့မိန့်တော်မူသည်– “ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ ဒေသနာဖြစ်၏။” “ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်။”—ယောဟန် ၇:၁၆; ၈:၂၈; ၁၂:၄၉။

စံပြဆရာတပည့်ဆက်ဆံရေး

၃။ မိမိသွန်သင်ပေးသောသူများကို ယေဟောဝါစိတ်ဝင်စားတော်မူကြောင်း ဟေရှာယပရောဖက်ပြုချက်က မည်သို့ဖော်ပြသနည်း။

၃ အလွန်တော်သောဆရာသည် မိမိ၏တပည့်များအပေါ်တွင် ကိုယ်တိုင်ကိုယ်ကြပ်၊ တာဝန်သိသိနှင့် မေတ္တာပါပါစိတ်ဝင်စားမှုရှိတတ်သည်။ ယေဟောဝါဘုရားသခင်သည် မိမိသွန်သင်ပေးသောသူများအပေါ် ထိုသို့သောစိတ်ဝင်စားမှုရှိကြောင်း ဟေရှာယအခန်းကြီး ၅၀ ကဖော်ပြသည်။ “နံနက်အစဉ်အတိုင်း ငါ့ကိုနှိုးတော်မူ၏။ စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကိုနှိုးဆော်တော်မူ၏” ဟု ပရောဖက်ပြုချက်က ဖော်ပြသည်။ (ဟေရှာယ ၅၀:၄) ဤတွင်သုံးသောအသုံးအနှုန်းသည် သင်ကြားပေးရန် တပည့်များကို နံနက်စောစောခေါ်နှိုးသော ဆရာတစ်ဦး၏အဖြစ်ကို ဖော်ပြသည်။ ပရောဖက်ပြုချက်၏ သက်ဆိုင်မှုနှင့်ပတ်သက်၍ ကျမ်းပညာရှင်တစ်ဦး ဤသို့ကောက်ချက်ချသည်– “သဘောမှာ ကယ်တင်ရှင်သည် . . . ပုံဆောင်သဘောအရ ဘုရားသခင်၏ကျောင်းရှိ သူများတွင် တစ်ဦးအပါအဝင်ဖြစ်မည်; အခြားသူများကို ပြန်သွန်သင်ပြသပေးနိုင်သော အရည်အချင်းရှိသူလည်းဖြစ်မည်။ . . . မေရှိယသည် ဘုရားသခင်၏သွန်သင်မှုအားဖြင့် ထူးကဲစွာအရည်အချင်းပြည့်ဝကာ လူသားများအတွက် ဆရာဖြစ်မည်။”

၄။ ခမည်းတော်၏သွန်သင်မှုကို ယေရှုမည်သို့တုံ့ပြန်သနည်း။

၄ အကောင်းဆုံးအကျိုးဖြစ်ထွန်းရန် ကျောင်းသားများသည် ဆရာ၏သွန်သင်ခြင်းကို မဆိုင်းမတွတုံ့ပြန်ကြသည်။ ယေရှုသည် ခမည်းတော်၏သွန်သင်ခြင်းကို မည်သို့တုံ့ပြန်သနည်း။ ကိုယ်တော့်တုံ့ပြန်မှုသည် ဟေရှာယ ၅၀:၅ တွင် ကျွန်ုပ်တို့ဖတ်ရသည့်အချက်နှင့်အညီဖြစ်သည်– “အရှင်ထာဝရဘုရားသည် ငါ့နားကိုဖွင့်တော်မူ၍ ငါလည်းမငြင်းဆန်။ [ဆန့်ကျင်ဘက်သို့လှည့်ထွက်မသွား။ ကဘ]” မှန်ပါသည်၊ ယေရှုသည် သင်ယူရန်စိတ်အားထက်သန်သည်။ ကိုယ်တော်သည် အလွန်အာရုံစူးစိုက်စွာ နားထောင်သည်။ ထို့အပြင် ခမည်းတော်ခိုင်းသမျှကို လုပ်လိုသောဆန္ဒရှိသည်။ ကိုယ်တော်မငြင်းဆန်ပါ; သို့အစား ဤသို့မိန့်တော်မူသည်– “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေ။”—လုကာ ၂၂:၄၂။

၅။ (က) မြေကြီးပေါ်တွင် မိမိခံစားရမည့်စမ်းသပ်မှုကို ယေရှုကြိုသိကြောင်း မည်သည့်အချက်ကဖော်ပြသနည်း။ (ခ) ဟေရှာယ ၅၀:၆ ပါပရောဖက်ပြုချက် မည်သို့ပြည့်စုံသနည်း။

၅ သားတော်သည် မိမိ၏ဘုရားသခင့်အလိုတော်ဆောင်ခြင်းအတွက် ကြုံတွေ့နိုင်သည့်အရာများကို အသိပေးခံရကြောင်း ပရောဖက်ပြုချက်ကဖော်ပြသည်။ သွန်သင်ခံထားရသူ၏ မိန့်တော်မူချက်၌ ယင်းကိုဖော်ပြထားသည်– “ရိုက်သောသူတို့အား ငါ့ကျောကိုလည်းကောင်း၊ နားပန်းဆံကိုနုတ်သောသူတို့အား ငါ့ပါးကိုလည်းကောင်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံတွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကိုမလွှဲ။” (ဟေရှာယ ၅၀:၆) ပရောဖက်ပြုချက်ဖော်ပြသည့်အတိုင်း ယေရှုသည် မြေကြီးပေါ်တွင် ရက်စက်စွာပြုမူခြင်းခံရသည်။ “မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏” ဟု တမန်တော်မဿဲရေးသားခဲ့သည်။ “အချို့တို့သည်လည်း ပါးတော်ကိုလက်နှင့်ပုတ် [ကြ၏]။” (မဿဲ ၂၆:၆၇) စီ.အီး. ၃၃ ခု၊ ပသခါည၌ ဘာသာရေးခေါင်းဆောင်များ၏ လက်ထဲတွင် ထိုသို့ဖြစ်ခဲ့သည်။ နောက်တစ်နေ့တွင် သေစေရန်နှက်တိုင်ပေါ်ချိတ်ဆွဲမခံရမီ ယေရှုသည် ရောမစစ်သားများ၏ ရက်ရက်စက်စက်ရိုက်နှက်မှုကိုခံရသောအခါ မိမိ၏ကျောကို ရိုက်နှက်သူများအားပေးခဲ့သည်။—ယောဟန် ၁၉:၁-၃၊ ၁၆-၂၃။

၆။ ယေရှုသည် မိမိ၏ဆရာအပေါ် ယုံကြည်စိတ်ချမှု မည်သည့်အခါမျှ ပျောက်ဆုံးမသွားကြောင်း မည်သည့်အချက်ကဖော်ပြသနည်း။ သူ၏ယုံကြည်စိတ်ချမှု မည်သို့ဆုချခံရသနည်း။

၆ တင်ကြို၍ကောင်းစွာသင်ယူမှုရှိထားသော သားတော်သည် မိမိ၏ဆရာအပေါ် ယုံကြည်စိတ်ချမှု မည်သည့်အခါမျှပျောက်ဆုံးမသွားချေ။ ယင်းအချက်ကို ပရောဖက်ပြုချက်အရ ကိုယ်တော်နောက်ထပ်ပြောသောစကားအားဖြင့် တင်ပြသည်– “အရှင်ထာဝရဘုရားသည် ငါ့ကိုစောင့်မတော်မူလိမ့်မည်။ ထို့ကြောင့် ငါမရှုံးရသည်ဖြစ်၍ ကိုယ်မျက်နှာကို မီးကျောက်ကဲ့သို့ထားလျက် ရှက်ကြောက်ခြင်းသို့မရောက်ရဟု ငါသိ၏။” (ဟေရှာယ ၅၀:၇) မိမိဆရာ၏အကူအညီအပေါ် ယုံကြည်စိတ်ချမှုထားရှိခြင်းအတွက် ယေရှုသည် ကြွယ်ဝစွာဆုချခံရသည်။ ခမည်းတော်သည် သူ့ကိုချီးမြှောက်၍ ဘုရားသခင့်အမှုတော်ထမ်းအားလုံးထက် မြင့်သောရာထူးကို ကောင်းချီးပေးတော်မူသည်။ (ဖိလိပ္ပိ ၂:၅-၁၁) ကျွန်ုပ်တို့သည်လည်း ယေဟောဝါ၏သွန်သင်ခြင်းကို နာခံမှုရှိစွာဖြင့်တစ်သဝေမတိမ်းလိုက်လျှောက်ပြီး “ဆန့်ကျင်ဘက်သို့လှည့်ထွက်မသွား” လျှင် ကျွန်ုပ်တို့အတွက် ထူးမြတ်သည့်ကောင်းချီးများ စောင့်ကြိုနေလျက်ရှိသည်။ ယနေ့ကျွန်ုပ်တို့ခေတ်အထိတိုင် ထိုသွန်သင်ခြင်းကို မည်သို့ရရှိနိုင်ကြောင်း ကြည့်ကြစို့။

တိုးချဲ့သွန်သင်မှုအစီအစဉ်

၇။ ယေဟောဝါသည် မြေကြီးပေါ်တွင် မိမိ၏သွန်သင်ခြင်းကို မည်သို့ဆက်လက်ဆောင်ရွက်သနည်း။

၇ အစောပိုင်းတွင် ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း ယေဟောဝါသည် ပထမရာစုအတွင်းက မြင့်မြတ်သောသွန်သင်ခြင်းကို ဖြစ်မြောက်စေရန် မိမိ၏ မြေကြီးဆိုင်ရာကိုယ်စားလှယ်ဖြစ်သည့် ယေရှုခရစ်ကို အသုံးပြုတော်မူခဲ့သည်။ (ယောဟန် ၁၆:၂၇၊ ၂၈) ယေရှုသည် မိမိ၏သွန်သင်ခြင်းအတွက် ကိုးကားမှီငြမ်းရာအဖြစ် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို အစဉ်အမြဲရည်ညွှန်းခြင်းအားဖြင့် မိမိသွန်သင်ပေးသူများအတွက် ပုံနမူနာကို ချမှတ်ပေးသည်။ (မဿဲ ၄:၄၊ ၇၊ ၁၀; ၂၁:၁၃; ၂၆:၂၄၊ ၃၁) နောက်ပိုင်းတွင် သွန်သင်ခံရသောထိုသူများ၏ ဓမ္မအမှုဆောင်ခြင်းအားဖြင့် ယေဟောဝါ၏သွန်သင်ခြင်းသည် မြေကြီးပေါ်တွင် ဆက်လက်ဖြစ်ထွန်းသည်။ သူတို့အား ယေရှုမိန့်တော်မူသည့်အချက်ကို ပြန်သတိရပါ– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေး [“သွန်သင်”၊ ကဘ] ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) တပည့်တော်များဖြစ်လာကြသောအခါ ထိုသူတို့သည် “ဘုရားသခင်၏အိမ်တော် . . . အသက်ရှင်တော်မူသောဘုရားသခင်၏ အသင်းတော်” သားများဖြစ်လာကြသည်။ (၁ တိမောသေ ၃:၁၅) သူတို့သည် ယေဟောဝါ၏သွန်သင်ခြင်းခံရသော အသင်းတော်တစ်ခုစီအနေဖြင့်လည်း ဖွဲ့စည်းခံရကြသည်။ (တမန်တော် ၁၄:၂၃; ၁၅:၄၁; ၁၆:၅; ၁ ကောရိန္သု ၁၁:၁၆) မြင့်မြတ်သောသွန်သင်ခြင်းသည် ထိုနည်းအားဖြင့် ကျွန်ုပ်တို့ခေတ်အထိ ဆက်လက်တည်ရှိလာခဲ့သလော။

၈။ အဆုံးမရောက်မီ မြေကြီးပေါ်တွင် ဟောပြောခြင်းလုပ်ငန်း စီစဉ်ညွှန်ကြားခံရမည်အကြောင်း ယေရှုမည်သို့ဖော်ပြသနည်း။

၈ တည်ရှိလာခဲ့သည်အမှန်! ဤအစီအစဉ်စနစ်မကုန်ဆုံးမီ ကြီးကျယ်သည့်ဟောပြောခြင်းလုပ်ငန်း ဖြစ်ထွန်းမည်အကြောင်း မိမိမသေဆုံးမီသုံးရက်အလိုက ယေရှုတင်ကူးဖော်ပြထားသည်။ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ ဤဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်း စီစဉ်ညွှန်ကြားခံရမည့်နည်းလမ်းကိုလည်း ကိုယ်တော်ဆက်၍ဖော်ပြသည်။ မိမိ၏ကျေးကျွန်များကို ဝိညာဏအစားအစာပေးကမ်းရန် လမ်းကြောင်း သို့မဟုတ် အသုံးခံအဖြစ်လုပ်ဆောင်မည့် “သစ္စာနှင့်သတိပညာရှိသောကျွန်” အကြောင်း ကိုယ်တော်ပြောဆိုသည်။ (မဿဲ ၂၄:၁၄၊ ၄၅-၄၇၊ သမ) ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဦးစီးကြီးကြပ်ရန် ဤ “ကျွန်” ကို ယေဟောဝါဘုရားသခင်အသုံးပြုလာခဲ့သည်။

၉။ သစ္စာနှင့်သတိပညာရှိသောကျွန်တွင် မည်သူများဖွဲ့စည်းပါဝင်သနည်း။

၉ ယခုအခါ သစ္စာနှင့်သတိပညာရှိသောကျွန်ကို ဘုရားသခင့်နိုင်ငံတော်အမွေခံ အကြွင်းအကျန်များဖြင့် ဖွဲ့စည်းထားသည်။ ဤသူတို့သည် “ခရစ်တော်နှင့်စပ်ဆိုင်” ပြီး ‘အာဗြဟံ၏အမျိုးအနွယ်’ အဝင်ဖြစ်သည့် ဘိသိက်ခံခရစ်ယာန် ၁၄၄,၀၀၀ မှ မြေကြီးပေါ်ရှိကျန်ကြွင်းသူများဖြစ်ကြသည်။ (ဂလာတိ ၃:၁၆၊ ၂၉; ဗျာဒိတ် ၁၄:၁-၃) သစ္စာနှင့်သတိပညာရှိသောကျွန်ကို မည်သို့ခွဲခြားသိမှတ်နိုင်မည်နည်း။ အထူးသဖြင့် သူတို့လုပ်ဆောင်သည့်အလုပ်နှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကို တိတိကျကျလိုက်လျှောက်ခြင်းအားဖြင့်ဖြစ်သည်။

၁၀။ ယေဟောဝါ၏သွန်သင်ချက်များကို တိုးပွားစေရန်အတွက် ကျွန်အတန်းအစားသည် မည်သည့်ကိရိယာများကို အသုံးပြုသနည်း။

၁၀ ယေဟောဝါသည် ယခုခေတ်လူများကို သွန်သင်မှုပေးသည့်လမ်းကြောင်းအဖြစ် ဤ “ကျွန်” ကို အသုံးပြုသည်။ ၁၉၃၁ တွင် ထိုကျွန်အတန်းအစားမှလူများသည် ယေဟောဝါသက်သေဟူသောအမည်ကို ခံယူလိုက်ကြသည်။ ထိုအချိန်မှစ၍ သန်းပေါင်းများစွာသောသူတို့သည် သူတို့နှင့်ပေါင်းဖော်ပြီး ထိုအမည်ကိုခံယူကြကာ ဘုရားသခင်၏နိုင်ငံတော်သတင်းကြေညာခြင်းတွင် ပါဝင်လာကြသည်။ ဤ ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း မဂ္ဂဇင်းသည် သွန်သင်ခြင်းလုပ်ငန်းတွင် “ကျွန်” အသုံးပြုသော အဓိကကိရိယာဖြစ်သည်။ သို့သော် စာအုပ်များ၊ စာအုပ်ငယ်များ၊ ဘရိုရှာများ၊ ဝေစာများနှင့် နိုးလော့! မဂ္ဂဇင်းအပါအဝင် အခြားသောစာပေများကိုလည်း အသုံးပြုသည်။

၁၁။ “ကျွန်” သည် မည်သည့်ကျောင်းများကို တာဝန်ယူဖွင့်လှစ်ပေးပြီး ဤကျောင်းတစ်ခုစီသည် မည်သည့်ရည်ရွယ်ချက်များကို အထမြောက်စေသနည်း။

၁၁ ထို့အပြင် “ကျွန်” သည် ကျောင်းအမျိုးမျိုးကိုလည်း တာဝန်ယူဖွင့်လှစ်ပေးသည်။ ယင်းတို့ထဲတွင် ငယ်ရွယ်သောဓမ္မအမှုဆောင်များကို နိုင်ငံခြားသာသနာပြုများအဖြစ် ပြင်ဆင်ပေးသော ငါးလကြာသင်တန်းဖြစ်သည့် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း၊ တစ်ကိုယ်ရေသမား အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများကို သီအိုကရက်တစ်အထူးတာဝန်များအတွက် လေ့ကျင့်ပေးသော နှစ်လကြာသည့် ဓမ္မအမှုထမ်းသင်တန်းကျောင်းတို့ ပါဝင်သည်။ ခရစ်ယာန်အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် အသင်းတော်တာဝန်များနှင့်ပတ်သက်၍ အချိန်မှန်မှန်သွန်သင်ခံရသော နိုင်ငံတော်ဓမ္မအမှုကျောင်းနှင့် အချိန်ပြည့်ဧဝံဂေလိဟောပြောသူများကို မိမိတို့၏ဟောပြောခြင်းလုပ်ငန်းတွင် သာ၍ထက်မြက်သူများဖြစ်လာရန် ပြင်ဆင်လေ့ကျင့်ပေးသော ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းတို့လည်း ရှိသေးသည်။

၁၂။ သွန်သင်ခြင်းအစီအစဉ်၏ အပတ်စဉ်အခန်းကဏ္ဍတစ်ခုကား အဘယ်နည်း။

၁၂ သွန်သင်ခြင်းအစီအစဉ်၏ အခြားသောကဏ္ဍတစ်ခုမှာ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏အသင်းတော် ၇၅,၅၀၀ ကျော်တို့တွင် အပတ်စဉ်ကျင်းပသော အစည်းအဝေးငါးခုဖြစ်သည်။ သင်သည် ဤအစည်းအဝေးများမှ အတတ်နိုင်ဆုံးအကျိုးရယူသလော။ သင်သည် ဘုရားသခင်၏ကျောင်းတော်တွင် ရှိနေသကဲ့သို့ဖြစ်သည်ဟု အမှန်ပင်ယုံကြည်ကြောင်း သွန်သင်ချက်များကို စွဲစွဲမြဲမြဲအာရုံစူးစိုက်ခြင်းအားဖြင့် တင်ပြသလော။ သင်၌ “လူတတ်၏နှုတ်သတ္တိ” ရှိကြောင်း သင့်ဝိညာဏတိုးတက်မှုက အခြားသူများရှေ့တွင် ထင်ရှားပြသလော။—ဟေရှာယ ၅၀:၄; ၁ တိမောသေ ၄:၁၅၊ ၁၆။

အသင်းတော်အစည်းအဝေးများတွင် သွန်သင်ခံရခြင်း

၁၃။ (က) ယနေ့ မိမိ၏လူများကို ယေဟောဝါသွန်သင်သည့် အရေးကြီးသောနည်းလမ်းတစ်ခုကား အဘယ်နည်း။ (ခ) ကင်းမျှော်စင် ကို လေးမြတ်တန်ဖိုးထားကြောင်း ကျွန်ုပ်တို့မည်သို့တင်ပြနိုင်သနည်း။

၁၃ ကင်းမျှော်စင် ကို သွန်သင်မှုအထောက်အကူအဖြစ်သုံးကာ ကျမ်းစာကိုအပတ်စဉ်လေ့လာမှုပြုခြင်းအားဖြင့် ယေဟောဝါသည် မိမိ၏လူများကို သီးသန့်သွန်သင်ပေးသည်။ ဤအစည်းအဝေးကို ယေဟောဝါထံတော်မှ သွန်သင်ခံရသည့်နေရာတစ်ခုအဖြစ် သင်ယူမှတ်သလော။ ဟေရှာယ ၅၀:၄ သည် မူလအားဖြင့် ယေရှုနှင့်သက်ဆိုင်သော်လည်း “လူတတ်၏နှုတ်သတ္တိ” ကိုရရှိရန် ဘုရားသခင်၏ပြင်ဆင်ပေးမှုများကို ရယူသောသူတိုင်းနှင့်လည်း သက်ဆိုင်သည်။ ကင်းမျှော်စင် ကိုတန်ဖိုးထားကြောင်း ပြနိုင်သည့်နည်းတစ်နည်းမှာ လထုတ်တိုင်းကိုသင်ရပြီးနောက် ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း ဖတ်ရှုခြင်းဖြစ်သည်။ ထို့နောက် အသင်းတော်တွင် ကင်းမျှော်စင် ကိုလေ့လာသောအခါ သင်ရောက်ရှိနေခြင်းနှင့် သင့်မျှော်လင့်ချက်ကို လူသိရှင်ကြားကြေညာရန် ပြင်ဆင်ထားခြင်းတို့အားဖြင့် ယေဟောဝါကိုကျေးဇူးတင်ကြောင်း တင်ပြနိုင်သည်။—ဟေဗြဲ ၁၀:၂၃။

၁၄။ (က) အစည်းအဝေးများတွင် ဖြေဆိုခြင်းသည် အဘယ်ကြောင့် အလွန်အရေးပါသည့် အခွင့်ထူးတစ်ရပ်ဖြစ်သနည်း။ (ခ) ငယ်ရွယ်သူများ၏ မည်သည့်အဖြေမျိုးတို့သည် အားရစရာအဖြစ်ဆုံးဖြစ်သနည်း။

၁၄ အစည်းအဝေးများတွင် ပါဝင်ဖြေဆိုခြင်းအားဖြင့် ယေဟောဝါ၏ ကြီးမြတ်သည့်သွန်သင်ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ကြောင်းကို သင်သဘောပေါက်သလော။ အစည်းအဝေးများတွင် ဖြေဆိုခြင်းသည် “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း” အချင်းချင်းကို တိုက်တွန်းနှိုးဆော်နိုင်သည့် အရေးကြီးသောနည်းတစ်ခုဖြစ်သည်မှာဆိုဖွယ်မရှိ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ကလေးများလည်း ဤသွန်သင်ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ကြသလော။ ပါဝင်နိုင်ကြပါသည်။ ငယ်ရွယ်သူတို့၏ စိတ်ပါလက်ပါဖြေဆိုသည့်အဖြေများသည် လူကြီးများအတွက် အားပေးမှုဖြစ်လေ့ရှိသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏အစည်းအဝေးတွင် ကလေးသူငယ်များ၏အဖြေကြောင့် လူသစ်များသည် ကျမ်းစာသမ္မာတရားကို သာ၍လေးနက်စွာစိတ်ဝင်စားလာရန် လှုံ့ဆော်ခံရကြသည်။ အချို့သောကလေးသူငယ်များသည် အပိုဒ်ပါအဖြေကို တိုက်ရိုက်ဖတ်ပြခြင်း သို့မဟုတ် လူကြီးတစ်ဦးက တိုးတိုးပြောပြသောအဖြေကို ပြန်ပြောပြခြင်းများကို ပြုလေ့ရှိကြသည်။ သို့သော် သူတို့၏အဖြေသည် ကောင်းစွာပြင်ဆင်ထားပါက အားရစရာအကောင်းဆုံးဖြစ်သည်။ ထိုသို့အဖြေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏မဟာသွန်သင်ပေးရှင်နှင့် ကိုယ်တော်ချီးမြှောက်ထားသော သွန်သင်ခြင်းအစီအစဉ်ကို အမှန်ပင်ဂုဏ်တင်ရာရောက်သည်။—ဟေရှာယ ၃၀:၂၀၊ ၂၁။

၁၅။ ကလေးများ ပိုမိုထိရောက်စွာဖြေဆိုနိုင်ရန် အကူအညီဖြစ်စေဖို့ မိဘများမည်သည့်အရာကို လုပ်နိုင်သနည်း။

၁၅ ကလေးသူငယ်များသည် ကျွန်ုပ်တို့၏ဘုရားသခင်အားချီးမွမ်းခြင်းတွင် ပါဝင်လိုသော ဆန္ဒရှိနေသည် ကိုမြင်ရခြင်းသည် ရွှင်လန်းစရာဖြစ်သည်။ ကလေးသူငယ်များထံမှ ချီးမွမ်းစကားကို ယေရှုတန်ဖိုးထားခဲ့သည်။ (မဿဲ ၂၁:၁၅၊ ၁၆) ခရစ်ယာန်အကြီးအကဲတစ်ဦး ဤသို့ထုတ်ဖော်ပြောဆိုသည်– “ကျွန်တော်ကလေးဘဝတုန်းက ကင်းမျှော်စင် သင်တန်းမှာ အဖြေပေးချင်တယ်။ ကျွန်တော့်အဖေက အဖြေကိုပြင်ဆင်ပေးပြီးတဲ့နောက်မှာ အဖြေဖြေဖို့ကို ခုနစ်ခါအထိလေ့ကျင့်ခိုင်းတယ်။” မိသားစုလိုက်ကျမ်းစာလေ့လာနေစဉ်အတွင်း အသင်မိဘများသည် ကင်းမျှော်စင် ပါ ရွေးချယ်ထားသောအပိုဒ်များမှ အဖြေများကို ကိုယ်ပိုင်စကားဖြင့်ပြင်ဆင်နိုင်ရန် သင့်ကလေးများကို အကူအညီပေးနိုင်စရာအကြောင်းရှိသည်။ ယေဟောဝါ၏ သွန်သင်ခြင်းအစီအစဉ်တွင် မိမိတို့ပါဝင်ရသောအခွင့်ထူးကြီးကို လေးမြတ်တတ်ရန် သူတို့ကိုကူညီပေးပါ။

၁၆။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ မည်သည့်အကျိုးကျေးဇူးဖြစ်ထွန်းလာခဲ့ပြီး ထိုကျောင်းတွင် မည်သူများစာရင်းသွင်းနိုင်ကြသနည်း။

၁၆ အခြားသောခရစ်ယာန်အစည်းအဝေးများတွင်လည်း အကြောင်းအရာကို တင်ပြခွင့်ရသူနှင့် တင်ဆက်သောသွန်သင်ချက်ကို နားထောင်ရသူနှစ်ဦးစလုံးတို့သည် ရရှိသောသွန်သင်ချက်ကို လေးလေးနက်နက်စဉ်းစားဆင်ခြင်သင့်ကြသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို သာ၍ထိရောက်စွာတင်ပြနိုင်ရန်အတွက် သန်းနှင့်ချီသောလူယောက်ျားမိန်းမတို့ကို လေ့ကျင့်ပေးရန် ယေဟောဝါသည် အပတ်စဉ်သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို အသုံးပြုလာခဲ့သည်မှာ အနှစ် ၅၀ ကျော်ခဲ့ပြီ။ မကြာသေးမီက အစည်းအဝေးများကို စတင်တက်ရောက်သူများအပါအဝင် အသင်းတော်နှင့် တက်ကြွစွာပေါင်းသင်းသူများသည် မိမိတို့၏အသက်တာကို ခရစ်ယာန်စည်းမျဉ်းများနှင့်ညီညွတ်အောင် ကြိုးစားနေသရွေ့ ကျောင်းတွင်စာရင်းသွင်းနိုင်ကြသည်။

၁၇။ (က) လူထုအစည်းအဝေးကို အထူးသဖြင့် မည်သည့်ရည်ရွယ်ချက်အတွက် စီစဉ်ထားခြင်းဖြစ်သနည်း။ (ခ) လူထုဟောပြောချက်ပေးသူသည် မည်သည့်အချက်များကို သတိထားရမည်နည်း။

၁၇ သွန်သင်ခြင်းအစီအစဉ်၏ အချိန်ရှည်ကဏ္ဍနောက်တစ်ခုမှာ လူထုအစည်းအဝေးဖြစ်သည်။ ယင်း၏အမည်က ဖော်ပြထားသည့်အတိုင်း သက်သေခံမဟုတ်သူများကို သမ္မာကျမ်းစာ၏အခြေခံသွန်သင်ချက်များနှင့် အကျွမ်းဝင်စေရန် ယင်းအစည်းအဝေးကိုစီစဉ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဟောပြောချက်ပေးသူသည် ပထမဆုံးအကြိမ်ကြားနာသူများ နားလည်နိုင်သည့်အနေအထားဖြင့် အကြောင်းအရာကိုတင်ပြရန်လိုသည်။ ယင်းသည် သက်သေခံမဟုတ်သူများ နားလည်မည်မဟုတ်သော “အခြားသိုး”၊ “ညီအစ်ကိုများ”၊ “အကြွင်းအကျန်” စသည့်အသုံးအနှုန်းများကို နားလည်နိုင်အောင် ရှင်းပြခြင်းမည်၏။ လူထုအစည်းအဝေးတက်ရောက်သူတို့သည်—ယနေ့လူ့အသိုင်းအဝိုင်းက လက်ခံစေကာမူ—ကျမ်းစာနှင့် အတော်အတန်ဆန့်ကျင်သော ယုံကြည်ချက်များ သို့မဟုတ် ဘဝပုံစံများရှိနိုင်သည်ဖြစ်ရာ ဟောပြောသူသည် အမြဲလိမ္မာပါးနပ်ပြီး ထိုယုံကြည်ချက်များ သို့မဟုတ် ဘဝပုံစံများကို ဘယ်သောအခါမျှ မကဲ့ရဲ့သင့်ပါ။—၁ ကောရိန္သု ၉:၁၉-၂၃ နှိုင်းယှဉ်။

၁၈။ အခြားမည်သည့် အပတ်စဉ်အသင်းတော်အစည်းအဝေးများလည်း ရှိသေးသနည်း။ ယင်းတို့သည် မည်သည့်ရည်ရွယ်ချက်ကို အထမြောက်စေသနည်း။

၁၈ အသင်းတော်စာအုပ်ကြီးသင်တန်းသည် သစ္စာနှင့်သတိပညာရှိသောကျွန်၏ စီစဉ်ညွှန်ကြားမှုအောက်ပြင်ဆင်ထားသော စာအုပ်များကို သမ္မာကျမ်းစာနှင့်တွဲဖက်၍ ပတ်စဉ်လေ့လာသည့် အစည်းအဝေးတစ်ခုဖြစ်သည်။ ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! [လိပ်] စာအုပ်သည် နိုင်ငံများစွာတို့တွင် ယခု လေ့လာနေသောစာအုပ်ဖြစ်သည်။ လုပ်ငန်းတော်အစည်းအဝေးသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပြည့်ပြည့်ဝဝပါဝင်နိုင်ရေးအတွက် ယေဟောဝါ၏လူများကို လေ့ကျင့်ပြင်ဆင်ပေးရန် စီစဉ်ထားသောအစည်းအဝေးဖြစ်သည်။—မဿဲ ၂၈:၁၉၊ ၂၀; မာကု ၁၃:၁၀။

သာ၍ကြီးကျယ်သည့်အစည်းအဝေးများတွင် သွန်သင်ခံရခြင်း

၁၉။ “ကျွန်” သည် သာ၍ကြီးကျယ်သော မည်သည့်စုဝေးမှုကို နှစ်စဉ်စီစဉ်ပေးသနည်း။

၁၉ ‘သစ္စာရှိကျွန်’ သည် ခရစ်ယာန်စစ်များကို သွန်သင်ပေးရန်နှင့် အထူးအားပေးရန်အတွက် စည်းဝေးပွဲကြီးများကို စီစဉ်ပေးလာခဲ့သည်မှာ နှစ်ပေါင်းတစ်ရာပင်ကျော်ခဲ့ပြီ။ ယခုအခါ ယင်းသို့ပိုမိုကြီးကျယ်သော အစည်းအဝေးများကို နှစ်စဉ်ကျင်းပသည်။ တိုက်နယ်တစ်ခုအတွင်းတွင် ပါဝင်သောအသင်းတော်များ တက်ရောက်သည့် တစ်ရက်အစည်းအဝေးရှိသည်။ ထိုနှစ်အတွင်းတွင် တိုက်နယ်တစ်ခုစီသည် တိုက်နယ်အစည်းအဝေးဟုခေါ်သော နှစ်ရက်ကြာသည့်အစည်းအဝေးတစ်ခုလည်းရှိသည်။ ထို့အပြင် တိုက်နယ်များစွာတို့မှတက်ရောက်ကြသော ခရိုင်စည်းဝေးကြီးဟုခေါ်သည့် အစည်းအဝေးတစ်ခုရှိသည်။ အချို့သောနှစ်တို့တွင် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများ ရှိနိုင်သည်။ အခြားနိုင်ငံများမှ ဧည့်သည်သက်သေခံများပါဝင်သည့် ဤသို့သာ၍ကြီးကျယ်သော အစည်းအဝေးများသည် ယေဟောဝါ၏လူများအတွက် အမှန်ပင်ယုံကြည်ခြင်းခိုင်ခံ့စေပါသည်တကား!—တရားဟောရာ ၁၆:၁၆ နှိုင်းယှဉ်။

၂၀။ ယေဟောဝါသက်သေများ၏ သာ၍ကြီးကျယ်သောစည်းဝေးပွဲကြီးများတွင် မည်သည့်အရာကို တစ်သမတ်တည်း အသားပေးပြောဆိုသနည်း။

၂၀ ၁၉၂၂ ခုနှစ်က အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့တွင် လူ ၁၀,၀၀၀ ခန့်တို့စုရုံးတွေ့ဆုံကြသောအခါ ကိုယ်စားလှယ်များသည် ဟောပြောသူ၏ ဤအားပေးချက်ကြောင့် လှုံ့ဆော်ခံရကြသည်– “ဤနေ့ရက်သည် နေ့ရက်တကာတို့တွင် အထူးခြားဆုံးဖြစ်၏။ ကြည့်ရှုလော့၊ ဘုရင်ကြီးစိုးစံတော်မူပြီ! သင်တို့သည် ကိုယ်တော်၏ လူသိရှင်ကြားကိုယ်စားလှယ်တော်များဖြစ်ကြ၏။ ထို့ကြောင့် ဘုရင်နှင့် သူ၏နိုင်ငံတော်ကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ။” ထိုကဲ့သို့ကြီးကျယ်သော စည်းဝေးကြီးများသည် ဟောပြောခြင်းလုပ်ငန်းကို တစ်သမတ်တည်းအသားပေးပြောဆိုသွားသည်။ ဥပမာ၊ ၁၉၅၃ ခုနှစ်က နယူးယောက်မြို့တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွင် အသင်းတော်အားလုံး၌ တစ်အိမ်မှတစ်အိမ်လုပ်ငန်း လေ့ကျင့်မှုအစီအစဉ်စတင်ကြောင်း ကြေညာသည်။ ယင်းနှင့်အညီလုပ်ဆောင်ခြင်းသည် နိုင်ငံများစွာတို့တွင် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းအတွက် များစွာအကျိုးသက်ရောက်ခဲ့သည်။

သွန်သင်ပေးရန်အတွက် ဘုရားသခင်၏သွန်သင်ခံရ

၂၁။ မည်သည့်အခွင့်ထူးကို ယင်း၏ရည်ရွယ်ချက်လက်မလွတ်ဘဲ ကျွန်ုပ်တို့ရယူလိုကြသနည်း။

၂၁ ယနေ့မြေကြီးပေါ်တွင် အံ့ဖွယ်ကောင်းသော ယေဟောဝါ၏သွန်သင်ခြင်းအစီအစဉ်တစ်ခုရှိသည်မှာ သေချာသည်! ယင်းကို အခွင့်ကောင်းယူသူများသည် ဘုရားသခင်၏သွန်သင်ခြင်းကိုခံရနိုင်သည်၊ မှန်ပါသည်၊ “လူတတ်၏နှုတ်သတ္တိ” ပေးအပ်ခြင်းခံရသူများအဝင်ဖြစ်နိုင်သည်။ ဘုရားသခင်၏ကျောင်းတော်တွင် တက်ရောက်ခွင့်ရသကဲ့သို့ဖြစ်ခြင်းသည် အခွင့်ထူးကြီးပါတကား! သို့ရာတွင် ထိုအခွင့်ထူးကိုလက်ခံယူရာတွင် ယင်း၏ရည်ရွယ်ချက်ကို ကျွန်ုပ်တို့လက်မလွတ်သင့်ပါ။ ယေရှုသည် အခြားသူများကို သွန်သင်ပေးနိုင်ရန် ယေဟောဝါသူ့ကိုသွန်သင်ပေးသည်။ တစ်ဖန်ယေရှုက မိမိလုပ်နေသည့်နည်းအတိုင်း ထိုအလုပ်ကိုလုပ်နိုင်ရန်၊ သို့သော် သာ၍ကြီးမားသည့်အတိုင်းအတာဖြင့် လုပ်နိုင်ကြရန် တပည့်တော်များကိုသွန်သင်ပေးသည်။ ထိုနည်းထပ်တူ ကျွန်ုပ်တို့သည်လည်း အခြားသူများကို သွန်သင်ပေးရန်ရည်ရွယ်ချက်ဖြင့် ယေဟောဝါ၏ ကြီးမြတ်သောသွန်သင်ခြင်းအစီအစဉ်တွင် လေ့ကျင့်ခံနေကြရသည်။—ယောဟန် ၆:၄၅; ၁၄:၁၂; ၂ ကောရိန္သု ၅:၂၀၊ ၂၁; ၆:၁; ၂ တိမောသေ ၂:၂။

၂၂။ (က) မောရှေနှင့်ယေရမိတို့တွင် မည်သည့်ပြဿနာများရှိကြသနည်း။ သို့သော် ယင်းတို့မည်သို့ပြေလည်သွားသနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း အထမြောက်စေရေးအတွက် ဘုရားသခင်တာဝန်ယူလုပ်ဆောင်မည်ဖြစ်ကြောင်း မည်သည့်အာမခံချက်ကို ကျွန်ုပ်တို့ရရှိကြသနည်း။

၂၂ မောရှေကဲ့သို့ “အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ” သို့မဟုတ် ယေရမိကဲ့သို့ “အကျွန်ုပ်သည် မဟောမပြောတတ်ပါ” ဟု သင်ပြောမည်လော။ သူတို့ကိုကူညီသကဲ့သို့ ယေဟောဝါသင့်ကိုကူညီမည်။ “သင်၏နှုတ်၌ငါရှိ၏” ဟုမောရှေကိုမိန့်တော်မူသည်။ ယေရမိကိုလည်း “မကြောက်နှင့် . . . သင်နှင့်အတူငါရှိသည်” ဟု မိန့်တော်မူသည်။ (ထွက်မြောက်ရာ ၄:၁၀-၁၂; ယေရမိ ၁:၆-၈) ဘာသာရေးခေါင်းဆောင်များက မိမိ၏တပည့်တော်များကို ပါးစပ်ပိတ်ရန်ကြိုးစားကြသောအခါ ယေရှုဤသို့မိန့်တော်မူသည်– “ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်းကြွေးကြော်ကြလိမ့်မည်။” (လုကာ ၁၉:၄၀) သို့သော် ထိုအချိန်က ကျောက်ခဲတို့သည် ထကြွေးကြော်ရန်မလိုခဲ့သကဲ့သို့ ယနေ့လည်း မလိုပါ။ အကြောင်းမှာ ယေဟောဝါသည် မိမိ၏နိုင်ငံတော်သတင်းကိုဖြန့်ချိရန် မိမိသွန်သင်ပေးသောသူများ၏လျှာကို အသုံးပြုတော်မူသောကြောင့်တည်း။

သင်ဖြေနိုင်သလော

◻ ဟေရှာယအခန်းကြီး ၅၀ က မည်သည့် စံပြဆရာတပည့်ဆက်ဆံရေးကို ပေါ်လွင်စေသနည်း။

◻ ယေဟောဝါသည် မည်သည့်နည်းဖြင့် တိုးချဲ့သွန်သင်ခြင်းအစီအစဉ်ကို ဆက်၍လုပ်ဆောင်လာခဲ့သနည်း။

◻ ယေဟောဝါ၏သွန်သင်ခြင်းအစီအစဉ်တွင် ပါဝင်သည့်အခန်းကဏ္ဍအချို့ကားအဘယ်နည်း။

◻ ယေဟောဝါ၏သွန်သင်ခြင်းအစီအစဉ်တွင် ပါဝင်ရခြင်းသည် အဘယ်ကြောင့် မဟာအခွင့်ထူးကြီးတစ်ရပ်ဖြစ်သနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကလေးသူငယ်တို့၏ စိတ်ပါလက်ပါ ဖြေဆိုသည့် အဖြေများသည် လူကြီးများအတွက် အားပေးမှုဖြစ်လေ့ရှိသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ