သင့်ဘာသာတရား—ဘယ်တော့မျှမစွန့်ခွာသင့်သည့် သင်္ဘောတစ်စင်းလော
သင်္ဘောတစ်စင်းသည် မုန်တိုင်းမိနေသည်။ မိမိတို့သင်္ဘော ဘေးလွတ်ရန် ကြောက်အားလန့်အားဖြင့် ကြိုးစားရုန်းကန်နေကြသော သင်္ဘောသားများသည် ရုတ်ခြည်းဆုံးဖြတ်ရမည့်အရာတစ်ခုကို ရင်ဆိုင်ကြရသည်– သင်္ဘောတွင်ဆက်နေမည်လော၊ သင်္ဘောကိုစွန့်ခွာ၍ မိမိတို့ကိုယ်ကိုကယ်တင်မည်လော ဟူ၍ဖြစ်သည်။ ဤထိတ်လန့်ဖွယ်အဖြစ်အပျက်ကို ဓမ္မပညာဆိုင်ရာပုံဥပမာအဖြစ် အသုံးပြုကြောင်းကို သင်သိသလော။
ဓမ္မပညာရှင်များ၊ အထူးသဖြင့် ကက်သလစ်ကျမ်းပညာရှင်များသည် မိမိတို့၏ချာ့ချ်ကို မုန်တိုင်းဖြတ်ကျော်နေရသည့်သင်္ဘောနှင့် နှိုင်းလေ့ရှိသည်။ ယေရှု သို့မဟုတ် ပေတရုပဲ့ကိုင်သော ဤသင်္ဘောသည် ကယ်တင်ခြင်းသို့ရောက်မည့် တစ်ခုတည်းသောနည်းလမ်းကို ပုံဆောင်သည်ဟု သူတို့ပြောကြသည်။ ဓမ္မဆရာများ၏သဘောထားကား ‘သင်္ဘောကို ဘယ်တော့မျှမစွန့်။ ချာ့ချ်သည် ပြင်းထန်သည့်အကျပ်အတည်းကာလကို ကြုံတွေ့ခဲ့ဖူးပြီ။ သို့သော် ယင်းသည် သမိုင်းတွင်ကြုံတွေ့ရသော မုန်တိုင်းအားလုံးကို ကျော်ဖြတ်လာခဲ့သော သင်္ဘောတစ်စင်းဖြစ်သည်’ ဟူ၍ဖြစ်သည်။ အချို့တို့က ‘အဘယ်ကြောင့်စွန့်ခွာရမည်နည်း။ အခြားမည်သည့်ရွေးချယ်စရာရှိသေးသနည်း။ သင်္ဘောထဲ၌ပင်ဆက်နေပြီး သင်္ဘောကို ငြိမ်သက်သည့်ရေပြင်သို့ရောက်အောင် ဝိုင်းဝန်းပဲ့ထိန်းပေးကြရမည်မဟုတ်ပေလော’ ဟုဆိုကြသည်။
ဤပုံဆောင်စကားနှင့်အညီ ဘာသာတရားအားလုံးရှိ လူများစွာတို့က ‘ကျွန်တော့်ဘာသာက အချက်တော်တော်များများမှာ မှားမှန်းကျွန်တော်သိပါတယ်။ ဒါပေမဲ့ ပြောင်းလဲမှုရှိမယ်လို့ ကျွန်တော်မျှော်လင့်တယ်။ ကျွန်တော့်ဘာသာကို ကျွန်တော်မစွန့်လွှတ်ချင်ဘူး။ ကျွန်တော့်ဘာသာရဲ့ အခက်အခဲတွေကို ကျွန်တော်ဝိုင်းဝန်းကူညီဖြေရှင်းပေးချင်တယ်’ ဟု အကြောင်းပြကြသည်။ မိရိုးဖလာဘာသာတရားကို စိတ်ရင်းမှန်ဖြင့်တွယ်တာခြင်း သို့မဟုတ် “သစ္စာဖောက်” ရမည်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် အထက်ပါအကြောင်းပြချက်မျိုးကို ဖော်ထုတ်ပြောဆိုခြင်းဖြစ်နိုင်သည်။
ရှင်းလင်းသည့်ဥပမာတစ်ရပ်မှာ သဘောထားကွဲလွဲသော နာမည်ကြီး ကက်သလစ်ဓမ္မပညာဆရာတစ်ဦးဖြစ်သူ ဟန်စ်ကွန်က ဤသို့စဉ်းစားသုံးသပ်သည်– “မုန်တိုင်းကျနေချိန်မှာ အခုအထိ ကျွန်တော်နဲ့အတူ လေကိုဆန်၊ လှေထဲကရေတွေကိုခပ်ထုတ်ပြီး အသက်ချမ်းသာရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ ခရီးဖော်တွေကို ထားခဲ့ပြီး လှေကိုစွန့်ခဲ့ရမှာလား။” သူဤသို့ဖြေသည်– “ချာ့ချ် ထဲမှာ ကျွန်တော့်ရဲ့အရေးပါအရာရောက်မှုကို ကျွန်တော်မစွန့်လွှတ်ဘူး။” နောက်တစ်နည်းမှာ “မြင့်မားတဲ့စံနှုန်းတွေကို နှစ်သက်လို့၊ ပိုပြီးစစ်မှန်တဲ့ခရစ်ယာန်ဖြစ်ဖို့ ချွတ်ယွင်းချက်တွေများတဲ့ဒီချာ့ချ်နဲ့ အဆက်ဖြတ်ခြင်းဖြစ်တယ်။”—Die Hoffnung bewahren.
သို့သော် ဘုရားသခင်သည် ကရုဏာတော်အားဖြင့် အချိန်အကန့်အသတ်မရှိ ဘာသာတရားအားလုံးကို ပြုပြင်ပြောင်းလဲခွင့်ပြုထားမည်ဟု မျှော်လင့်လျက် လှေဟုတင်စားသော မိမိ၏ချာ့ချ်တွင် ဆက်နေမည်လော။ ယင်းကား အလွန်အရေးကြီးသည့်မေးခွန်းဖြစ်သည်။ ဥပမာတွင်ဖော်ပြသည့်အတိုင်း အန္တရာယ်ရှိနေသောသင်္ဘောကို အလျင်အမြန်စွန့်ခွာပြီး လုံခြုံမှုမရှိသော အသက်ကယ်လှေပေါ်သို့တက်ခြင်းသည်လည်း နစ်မြုပ်နေသောသင်္ဘောပေါ်တွင် နေသည်နှင့်မခြား အန္တရာယ်များလှသည်။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ၊ မည်သည့်အခြေအနေတွင်ရှိရှိ ချာ့ချ်ထဲတွင်ရှိနေခြင်းသည် ပညာရှိရာရောက်ပါသလော။ ယနေ့ဘာသာတရားများသည် မည်သည့်ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မျှော်လင့်ချက်များကို ပေးကြသနည်း။ ဘုရားသခင်သည် မိမိ၏အလိုတော်အား ဆန့်ကျင်လုပ်ဆောင်မှုကို မည်မျှကြာကြာခွင့်ပြုထားမည်နည်း။
[Picture Credit Line on page 3]
Chesnot/Sipa Press