လူ့ဒုက္ခဆင်းရဲ—ယင်းကိုဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုရသနည်း
လူ့သမိုင်းအစတွင် ဝမ်းနည်းမှုကြောင့် မျက်ရည်လည်ရွဲဖြစ်စရာ သို့မဟုတ် နာကျင်စရာမရှိခဲ့ပါ။ လူ့ဒုက္ခဆင်းရဲ မရှိခဲ့ချေ။ လူသားတို့ကို စုံလင်စွာ အစပြုပေးခဲ့သည်။ “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကိုမြင်တော်မူ” ၏။—ကမ္ဘာဦး ၁:၃၁။
သို့သော် အချို့က ‘ဧဒင်ဥယျာဉ်တွင် အာဒံနှင့် ဧဝတို့၏ဖြစ်ရပ်သည် သရုပ်ဖော်ဇာတ်လမ်းမျှသာဖြစ်သည်’ ဟု ကန့်ကွက်ကြသည်။ ဝမ်းနည်းစရာကား ယင်းသို့ ခရစ်ယာန်ဘောင် ဓမ္မဆရာအမြောက်အမြား ပြောကြသည်။ ဧဒင်ဖြစ်ရပ်များသည် သမိုင်းဝင်ဖြစ်ရပ်အဖြစ် ယေရှုခရစ်ကိုယ်တော်တိုင်ကဲ့သို့ ပိုင်ပိုင်နိုင်နိုင်သိသည့်ပုဂ္ဂိုလ်မျိုးက အခိုင်အမာဖော်ပြခဲ့သည်။ (မဿဲ ၁၉:၄-၆) ထို့အပြင် လူ့ဒုက္ခဆင်းရဲကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားရကြောင်း နားလည်ရန် တစ်ခုတည်းသောနည်းမှာ လူ့အစောပိုင်းရာဇဝင်၏ ဤဖြစ်ရပ်များကို စိစစ်လေ့လာခြင်းဖြစ်သည်။
ပထမလူသားအာဒံအား ဧဒင်ဥယျာဉ်စောင့်ရှောက်ခြင်းဖြစ်သည့် ကျေနပ်ဖွယ်ကောင်းသောလုပ်ငန်းကို ပေးခဲ့သည်။ သူ၏ဧဒင်စံအိမ်ကို ကမ္ဘာချီပျော်မွေ့စရာဥယျာဉ်အဖြစ်သို့ ချဲ့ထွင်ခြင်းပန်းတိုင်ကိုလည်း သူ့အားဘုရားသခင် ချမှတ်ပေးခဲ့သည်။ (ကမ္ဘာဦး ၁:၂၈; ၂:၁၅) ဤကြီးမားသောတာဝန်ကို အာဒံထမ်းဆောင်ဖို့ ထောက်ကူရန် ကြင်ဖော်တစ်ဦးဖြစ်သော ဧဝကို သူ့အား ဘုရားသခင် ပေးသနားတော်မူခဲ့ပြီး များပြားစွာမွေးဖွား၍ ကမ္ဘာမြေကြီးကိုပြည့်စေရန်နှင့် နိုင်နင်းရန် မိန့်မှာခဲ့သည်။ သို့တိုင် ကမ္ဘာနှင့်လူသားတို့အတွက် ဘုရားသခင့်ရည်ရွယ်ချက် ကျိန်းသေအောင်မြင်ရန် အခြားအရာတစ်ခုခု လိုအပ်ခဲ့သည်။ ဘုရားသခင့်ပုံသဏ္ဌာန်တော်ဖြင့် ပြုလုပ်ခံရခြင်းက လူသည် လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို ပိုင်ဆိုင်ခဲ့သည်; ယင်းသို့ဖြစ်ရကား လူ့အလိုဆန္ဒသည် ဘုရားသခင့်အလိုတော်နှင့် ဘယ်တော့မျှဆန့်ကျင်မှု ဖြစ်မသွားရန် လိုအပ်သည်။ ထိုသို့မလုပ်ခဲ့သော် စကြဝဠာတွင် အစီအစဉ်တကျရှိတော့မည်မဟုတ်ဘဲ ငြိမ်သက်အေးချမ်းသော လူ့မိသားစုနှင့်ကမ္ဘာကိုဖြည့်ရန် ဘုရားသခင့်ရည်ရွယ်ချက်အကောင်အထည်ပေါ် တော့မည်မဟုတ်ပေ။
ဘုရားသခင့်အုပ်ချုပ်မှုကို လက်အောက်ခံခြင်းသည် အလိုအလျောက်ဖြစ်မလာပါ။ ယင်းကား လူ့လွတ်လပ်စွာလုပ်ပိုင်ခွင့်၏ မေတ္တာပါလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ဥပမာ ပြင်းထန်သောစုံစမ်းမှုကို ယေရှုခရစ်ရင်ဆိုင်ရချိန်တွင် ကိုယ်တော်ဤသို့ဆုတောင်းခဲ့ကြောင်း ကျွန်ုပ်တို့ဖတ်ရသည်– “အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကိုအကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေ။”—လုကာ ၂၂:၄၂။
အလားတူစွာ ဘုရားသခင့်အုပ်ချုပ်မှုကို အာဒံနှင့် ဧဝတို့လက်အောက်ခံလို မလိုသက်သေပြရန် သူတို့အပေါ်မူတည်သည်။ ယင်းအတွက် စမ်းသပ်မှုရိုးရိုးလေးတစ်ခုကို ယေဟောဝါဘုရားသခင် စီစဉ်ခဲ့သည်။ ဥယျာဉ်ထဲရှိအပင်များမှ တစ်ပင်ကို “ကောင်းမကောင်းကို သိကျွမ်းရာအပင်” ဟုခေါ်ခဲ့သည်။ ယင်းက မှန်ကန်သောအမူအကျင့်နှင့်ပတ်သက်၍ စံနှုန်းများအား ဘုရားသခင်ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းကို ကိုယ်စားပြုသည်။ ရှင်းလင်းသောပြောဆိုချက်ပုံစံဖြင့် ဤသီးသန့်အပင်မှ အသီးစားခြင်းကို ဘုရားသခင်တားမြစ်သည်။ အာဒံနှင့် ဧဝတို့နာမခံပါက သူတို့သေရလိမ့်မည်။—ကမ္ဘာဦး ၂:၉၊ ၁၆၊ ၁၇။
လူ့ဒုက္ခဆင်းရဲ၏အစ
တစ်နေ့တွင် ဘုရားသခင့်နာမ်ဝိညာဉ်သားတစ်ပါးသည် ရောင့်တက်ကာဘုရားသခင့်အုပ်ချုပ်ပုံကို စောဒကတက် ခဲ့သည်။ မြွေတစ်ကောင်ကို ကိုယ်စားပြုပြောဆိုသူအဖြစ်အသုံးပြုကာ ဧဝကိုသူဤသို့မေးခဲ့သည်– “သင်တို့သည် ဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလော။” (ကမ္ဘာဦး ၃:၁) သို့ဖြင့် ဘုရားသခင့်အုပ်ချုပ်ပုံသည် တော်မှန်မှုရှိ မရှိနှင့်စပ်လျဉ်း၍ ဧဝ၏စိတ်တွင် သံသယမျိုးစေ့ကို မျိုးချခဲ့သည်။aမိမိလင်သားထံမှ ဧဝကြားသိခဲ့သည့်အတိုင်း အဖြေမှန်ကို သူမပြန်ပေးခဲ့သည်။ သို့သော် နာမ်ဝိညာဉ်သတ္တဝါသည် ချက်ချင်း ဘုရားသခင်ကိုဆန့်ကျင်ပြောဆိုပြီး မနာခံမှု၏ရလဒ်များနှင့်ပတ်သက်၍ လိမ်လည်ကာ ဤသို့ပြောခဲ့သည်– “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်။”—ကမ္ဘာဦး ၃:၄၊ ၅။
ဝမ်းနည်းစရာကား မနာခံမှုက ဒုက္ခဆင်းရဲကို မဟုတ်ဘဲ သာ၍ကောင်းသောအသက်တာ ခံစားရမည်ဟု အတွေးဝင်စေရန် ဧဝသည် လှည့်ဖြားခံခဲ့ရသည်။ အသီးကို သူမကြည့်လေလေ ပို၍နှစ်သက်ဖွယ်ရာ ဖြစ်လာလေလေဖြစ်ရာ ယင်းကိုသူမ စတင်စားတော့သည်။ နောက်ပိုင်းတွင် အာဒံကိုလည်း စားရန် ပြောခဲ့သည်။ ရင်ထုမနာဖြစ်စရာပင်၊ အာဒံသည် ဘုရားသခင့်မျက်နှာသာတော်ထက် မိမိဇနီး၏အကြိုက်ကိုလိုက်ရန် ရွေးချယ်ခဲ့သည်။—ကမ္ဘာဦး ၃:၆; ၁ တိမောသေ ၂:၁၃၊ ၁၄။
ဤပုန်ကန်မှုကို မြှောက်ထိုးပင့်ကော်လုပ်ပေးခြင်းဖြင့် ထိုနာမ်ဝိညာဉ်သတ္တဝါသည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ယောက်အဖြစ်သို့ မိမိကိုယ်ကိုဖြစ်စေခဲ့သည်။ ဤသို့ဖြင့် သူသည် ဟေဗြဲစကားအားဖြင့် “ဆန့်ကျင်သူ” ဟုအဓိပ္ပာယ်ရှိသည့် စာတန် ဟူသည့်နာမည်ကိုရရှိသည်။ ဘုရားသခင့်အကြောင်းကို လိမ်လည်ခဲ့၍လည်း မိမိကိုယ်ကို ရှုတ်ချဂုဏ်ဖျက်သူတစ်ယောက် ဖြစ်စေသည်။ သို့ဖြစ်၍ ဂရိစကားလုံးအရ “ရှုတ်ချဂုဏ်ဖျက်သူ” ဟုအဓိပ္ပာယ်ရှိသည့် မာရ်နတ် ဟူ၍လည်းသူ့ကို ခေါ်သည်။—ဗျာဒိတ် ၁၂:၉။
ဤသို့ဖြင့် လူ့ဒုက္ခဆင်းရဲ စတင်ခဲ့သည်။ ဘုရားသခင့်ဖန်ဆင်းခံသတ္တဝါသုံးဦးသည် လွတ်လပ်စွာလုပ်ပိုင်ခွင့် ဆုလာဘ်တော်ကို တလွဲသုံးခဲ့ကာ မိမိတို့၏ဖန်ဆင်းရှင်ကို ဖီလာဆန့်ကျင်ခြင်းဖြင့် တစ်ကိုယ်ကောင်းဆန်သော လမ်းစဉ်ကို ရွေးချယ်ကြသည်။ ယခုပေါ်လာသည့်မေးခွန်းကား ဘုရားသခင်သည် သစ္စာရှိကောင်းကင်တမန်များအပါအဝင် အာဒံနှင့် ဧဝတို့၏ နောင်လာနောက်သားများဖြစ်သော ကျန်ရှိနေသည့် မိမိ၏အသိဉာဏ်ရှိသတ္တဝါများကို ထပ်မံစိတ်ချယုံကြည်စေမည့် ဖြောင့်မတ်သောနည်းဖြင့် ဤပုန်ကန်မှုကို မည်သို့ကိုင်တွယ်မည်နည်း။
ဘုရားသခင့်ဉာဏ်ပညာရှိ တုံ့ပြန်မှု
ဘုရားသခင်သည် စာတန်၊ အာဒံနှင့် ဧဝတို့ကို ချက်ချင်းဖျက်ဆီးခဲ့ပါက အကောင်းဆုံးဖြစ်ခဲ့မည်ဟု အချို့က စောဒကတက်ပေမည်။ သို့သော် ယင်းက ပုန်ကန်မှုကြောင့် ပေါ်ပေါက်လာသော အရေးအခင်းများကို အပြီးသတ်ဖြေရှင်းဖြစ်ခဲ့မည်မဟုတ်။ ဘုရားသခင့်အုပ်ချုပ်ပုံကို စာတန် ငြင်းခုံခဲ့ပြီး လူသားများသည် ဘုရားသခင့်အုပ်ချုပ်မှုကို မှီခိုမနေရခြင်းသည် သာ၍ကောင်းသောဘဝအသက်တာကို ခံစားစေမည်ဖြစ်ကြောင်း စကားကမ်းလှမ်းနေသည်။ ကနဦးလူသားနှစ်ယောက်အား ဘုရားသခင့်အုပ်ချုပ်မှုကို ဖီလာဆန့်ကျင်စေခြင်းတွင် သူအောင်မြင်မှုရခြင်းက အခြားအရေးကိစ္စများကိုလည်း ပေါ်ပေါက်စေခဲ့သည်။ အာဒံနှင့်ဧဝ အပြစ်ပြုခဲ့ပြီဖြစ်သောကြောင့် ဘုရားသခင် လူကိုဖန်ဆင်းခဲ့ပုံနှင့်စပ်လျဉ်း၍ တစ်ခုခုမှားယွင်းနေသည်ဟု ယင်းက ဆိုလိုပါသလော။ ဘုရားသခင်၌ မြေကြီးပေါ်တွင် ကိုယ်တော်ကိုဆက်လက်သစ္စာရှိမည့်သူ တစ်ဦးဦးရှိနိုင်မည်လော။ ထို့အပြင် စာတန့်ပုန်ကန်မှုကို မျက်မြင်သက်သေဖြစ်ခဲ့သည့် ယေဟောဝါ၏ကောင်းကင်သားများနှင့်ပတ်သက်၍ကော အသို့နည်း။ သူတို့သည် ကိုယ်တော့်ပိုင်သအုပ်စိုးခွင့်၏ ဖြောင့်မတ်မှန်ကန်မှုကို ထောက်ခံအားပေးကြမည်လော။ ရှင်းနေသည်မှာ ဤအရေးကိစ္စများကို အပြီးသတ်ဖြေရှင်းရန် အချိန်အလုံအလောက်လိုနေသည်။ ထိုအကြောင်းကြောင့် ဘုရားသခင်သည် စာတန်ကို ကျွန်ုပ်တို့အချိန်ထိ ရှိနေရန် ခွင့်ပြုထားခြင်းဖြစ်သည်။
အာဒံ၊ ဧဝတို့နှင့်ပတ်သက်၍ သူတို့မနာခံသည့်နေ့တွင် ဘုရားသခင်သူတို့အား သေဒဏ်စီရင်ချက်ချခဲ့သည်။ ထိုသို့ဖြင့် သေခြင်းဖြစ်စဉ် စတင်ခဲ့သည်။ အာဒံနှင့်ဧဝတို့ အပြစ်ပြုခဲ့ပြီးနောက် ပဋိသန္ဓေတည်လာသည့် သူတို့၏သားစဉ်မြေးဆက်များသည် မိမိတို့၏မစုံလင်သောမိဘများထံမှ အပြစ်နှင့်သေခြင်းကို အမွေဆက်ခံခဲ့ရသည်။—ရောမ ၅:၁၄။
စာတန်သည် ဤအရေးကိစ္စကို မိမိ၏ဘက်ပါ ကနဦးလူသားနှစ်ယောက်နှင့် အစချီတော့သည်။ သူသည် အာဒံ၏သားစဉ်မြေးဆက်ရှိရှိသမျှကို မိမိ၏ထိန်းချုပ်မှုအောက်တွင် ရှိနေစေဖို့ ဆက်လက်ကြိုးစားအားထုတ်ရန် မိမိအားခွင့်ပြုထားသည့် အချိန်ကို အသုံးပြုခဲ့သည်။ သူသည် ကောင်းကင်တမန် တော်တော်များများကို မိမိ၏ပုန်ကန်မှုတွင်ပါဝင်ရန် လှည့်ဖြားမှုတွင်လည်း အောင်မြင်ခဲ့ပြီ။ သို့သော် ဘုရားသခင့်ကောင်းကင်သား အများစုသည် ယေဟောဝါအုပ်ချုပ်မှု၏ ဖြောင့်မတ်မှန်ကန်မှုကို သစ္စာရှိရှိစွဲကိုင်ထားကြသည်။—ကမ္ဘာဦး ၆:၁၊ ၂; ယုဒ ၆; ဗျာဒိတ် ၁၂:၃၊ ၉။
ဖြစ်နေသောအရေးကိစ္စမှာ ဘုရားသခင့်အုပ်ချုပ်မှုတစ်ဖက် စာတန့်အုပ်ချုပ်မှုပြိုင်ဆိုင်မှုဖြစ်ပြီး ယောဘအချိန်တွင် အတော်ကလေး သက်ဝင်လှုပ်ရှားခဲ့သည့် အရေးကိစ္စဖြစ်သည်။ ဤသစ္စာရှိပုဂ္ဂိုလ်သည် ဘုရားကိုကြောက်ရွံ့သည့် ပုဂ္ဂိုလ်များဖြစ်သော အာဗေလ၊ ဧနောက်၊ နောဧ၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ယောသပ်တို့ပြုခဲ့သကဲ့သို့ စာတန်ဆိုင်ရာလွတ်လပ်မှုထက် ဘုရားသခင့်ဖြောင့်မတ်သော အုပ်ချုပ်မှုကို ပို၍နှစ်သက်ကြောင်း မိမိ၏အကျင့်အကြံအားဖြင့် သက်သေပြခဲ့သည်။ ယောဘသည် ကောင်းကင်တွင် ဘုရားသခင့်သစ္စာရှိ ကောင်းကင်တမန်များရှေ့ ဖြစ်ပျက်ခဲ့သည့် အပြန်အလှန်ပြောဆိုစရာ အကြောင်းအရာဖြစ်လာသည်။ မိမိ၏ဖြောင့်မတ်သော အုပ်ချုပ်မှုကိုထောက်ခံရာတွင် ဘုရားသခင်က စာတန်အား ဤသို့မိန့်တော်မူသည်– “ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်။”—ယောဘ ၁:၆-၈။
အရှုံးပေးအညံ့ခံရန် ငြင်းဆန်ပြီး ဘုရားသခင်က ယောဘအား ပစ္စည်းဥစ္စာများနှင့် ကြွယ်ဝစွာ ကောင်းချီးပေးထားသောကြောင့် ကိုယ်ကျိုးအတွက်သာ ယောဘသည် ဘုရားသခင်ကိုဝတ်ပြုနေခြင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။ ထိုသို့နှင့်အညီ စာတန်သည် ဤသို့စွပ်စွဲခဲ့သည်– “ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည်မျက်မှောက်တော်၌၊ ကိုယ်တော်ကို မုချကျိန်ဆဲပါလိမ့်မည်။” (ယောဘ ၁:၁၁၊ သမ္မာ) စာတန်သည် ထပ်ဆင့်၍ပင် ဘုရားသခင့် ဖန်ဆင်းခံ သတ္တဝါအားလုံး၏ သမာဓိကို စောဒကတက်သည်။ “လူသည်မိမိအသက်အဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်” ဟုသူစွပ်စွဲသည်။ (ယောဘ ၂:၄) ဤရှုတ်ချဂုဏ်ဖျက်သော ပုတ်ခတ်ပြောဆိုမှုက ယောဘတစ်ဦးတည်းသာမကဘဲ ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိ ဘုရားသခင့်သစ္စာရှိဝတ်ပြုသူ အားလုံးပါ ပါဝင်ပတ်သက်ခဲ့သည်။ သူတို့အသက်အန္တရာယ်ရင်ဆိုင်ရပါက ယေဟောဝါနှင့် သူတို့၏ဆက်ဆံရေးကို စွန့်လွှတ်ကြလိမ့်မည်ဟု အဓိပ္ပာယ်ဆောင်သော စကားကို စာတန်ပြောဆိုခဲ့သည်။
ယေဟောဝါသည် ယောဘ၏သမာဓိကို အပြည့်အဝစိတ်ချယုံကြည်ခဲ့သည်။ ယင်းကိုသာဓကပြခြင်းအဖြစ် ယောဘအပေါ် ဒုက္ခဆင်းရဲသက်ရောက်စေရန် စာတန်ကို ကိုယ်တော်ခွင့်ပြုခဲ့သည်။ ယောဘသည် သူ၏သစ္စာစောင့်သိခြင်းဖြင့် မိမိနာမည်ကို အပြစ်တင်ခွင့်နှင့်ကင်းလွတ်စေခဲ့သည်သာမက သာ၍အရေးကြီးသည်မှာ ယေဟောဝါ ပိုင်သအုပ်စိုးခွင့်၏ ဖြောင့်မတ်မှန်ကန်မှုကိုပါ ထောက်ခံခဲ့သည်။ စာတန်ကို မုသာကောင်ဖြစ်ကြောင်း သက်သေပြခဲ့သည်။—ယောဘ ၂:၁၀; ၄၂:၇။
သို့သော် စုံစမ်းမှုအောက် သစ္စာရှိမှုနှင့်ပတ်သက်၍အကောင်းဆုံး ပုံသက်သေမှာ ယေရှုခရစ်ဖြစ်သည်။ ဘုရားသခင်သည် ကောင်းကင်မှ ဤကောင်းကင်သားတော်၏အသက်ကို အပျိုကညာတစ်ဦး၏ သားအိမ်တွင်းသို့ ပြောင်းရွှေ့ပေးခဲ့သည်။ သို့ဖြစ်၍ ယေရှုသည် အပြစ်နှင့်မစုံလင်မှုကို အမွေမခံခဲ့ရပါ။ ယင်းအစား ကိုယ်တော်သည် စုံလင်သောလူသားတစ်ဦးအဖြစ် ကြီးပြင်းလာပြီး စုံလင်မှုမဆုံးရှုံးမီက ပထမလူသားနှင့် ထပ်တူထပ်မျှတူညီသည်။ စာတန်သည် ယေရှုကို အထူးပစ်မှတ်တစ်ခုအဖြစ်ထားပြီး ကိုယ်တော်အပေါ် များစွာသောသွေးဆောင်မှုများနှင့် စုံစမ်းမှုများကိုသက်ရောက်စေကာ နိမ့်ကျသောသေခြင်းဖြင့် အဆုံးသတ်စီရင်ခဲ့သည်။ သို့သော် စာတန်သည် ယေရှု၏သမာဓိကို မချိုးဖျက်နိုင်ခဲ့ချေ။ လုံးလုံးလျားလျားနည်းဖြင့် ယေရှုသည် မိမိခမည်းတော့်အုပ်ချုပ်မှု၏ ဖြောင့်မတ်မှန်ကန်မှုကို ကိုင်စွဲခဲ့သည်။ စုံလင်သောလူအာဒံသည် စာတန်၏ပုန်ကန်မှုတွင်ပါဝင်ခြင်းအတွက် အတွန့်တက်စရာမရှိကြောင်းကိုလည်း ကိုယ်တော်သက်သေပြခဲ့သည်။ သာ၍အလွန့်အလွန်သေးငယ်သော သူ၏စမ်းသပ်မှုအောက်တွင် အာဒံသည် သစ္စာတည်ကြည်လိုက သစ္စာတည်ကြည်နိုင်ခဲ့သည်။
အခြားအဘယ်အရာကို သက်သေထူခဲ့ပြီနည်း
အာဒံနှင့်ဧဝပုန်ကန်ခဲ့ချိန်မှစ၍ လူသားတို့၏ဒုက္ခဆင်းရဲသည် နှစ်ပေါင်း ၆,၀၀၀ ခန့်ကျော်လွန်ခဲ့ပြီးပြီ။ ဤအချိန်အတောအတွင်း ဘုရားသခင်သည် များစွာသောအုပ်ချုပ်မှုပုံစံမျိုးစုံကို စမ်းသပ်အုပ်ချုပ်ရန် လူသားတို့ကို ခွင့်ပြုခဲ့ပြီ။ လူ့ဒုက္ခဆင်းရဲနှင့်ပတ်သက်သော ထိတ်လန့်ဖွယ်မှတ်တမ်းများက လူသည်မိမိကိုယ်ကို မအုပ်စိုးနိုင်ကြောင်း သက်သေထူသည်။ အမှန်မှာ မင်းမဲ့စရိုက်သည် ကမ္ဘာ့ဒေသတော်တော်များများတွင် ယခုလွှမ်းမိုးနေသည်။ စာတန်ထောက်ခံပြောဆိုသည့် ဘုရားသခင်ထံမှ အမှီအခိုကင်းခြင်းသည် အတိဒုက္ခရောက်စေသည်။
ယေဟောဝါသည် မိမိကိုယ်တိုင်အတွက် ဘာတစ်ခုမျှ သက်သေထူပြစရာမလိုပါ။ မိမိ၏အုပ်ချုပ်ပုံသည် ဖြောင့်မတ်မှန်ကန်ပြီး မိမိ၏ဖန်ဆင်းခံသတ္တဝါများအတွက် အကျိုးအဖြစ်ထွန်းဆုံးဖြစ်သည်ကို ကိုယ်တော်သိတော်မူသည်။ သို့သော် စာတန်၏ပုန်ကန်မှုက ပေါ်ပေါက်စေခဲ့သော မေးခွန်းအားလုံးကို ကျေနပ်လောက်အောင်အဖြေပေးရန် ကိုယ်တော်သည် မိမိ၏ဖြောင့်မတ်မှန်ကန်သော အုပ်ချုပ်မှုအပေါ် သူပို၍လိုလားမှုကို မိမိ၏အသိဉာဏ်ရှိသတ္တဝါများအား တင်ပြရန်ပြုတော်မူခွင့် ပေးခဲ့ပြီ။
ဘုရားသခင်ကိုချစ်ခြင်းနှင့် ကိုယ်တော်ကိုသစ္စာရှိခြင်းကြောင့် ရရှိသောဆုကျေးဇူးများသည် မာရ်နတ်လက်ချက်ဖြင့် တစ်ခဏအချိန်ပိုင်းခံရသော ဒုက္ခဆင်းရဲထက် များစွာသာလွန်တန်ဖိုးရှိသည်။ ယောဘ၏အဖြစ်အပျက်က ယင်းကိုပြသသည်။ ယေဟောဝါဘုရားသခင်သည် ယောဘအပေါ် စာတန်သက်ရောက်စေခဲ့သည့် ဖျားနာမှုကို ကုသပေးခဲ့သည်။ ထို့အပြင် ဘုရားသခင်သည် “ယောဘ၏ရှေ့ဖြစ်ဟန်ကို ကောင်းချီးပေးတော်မူသည်ထက် နောက်ဖြစ်ဟန်ကို သာ၍ကောင်းချီးပေးတော်မူ၏။” နောက်ဆုံးတွင် အနှစ် ၁၄၀ ဆက်အသက်ရှင်ပြီးနောက် ယောဘသည် “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စရောက်လေ၏။”—ယောဘ ၄၂:၁၀-၁၇။
ခရစ်ယာန်ကျမ်းစာရေးသူ ယာကုပ်က ယင်းကိုအာရုံပြုပြီး ဤသို့ပြောသည်– “ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။”—ယာကုပ် ၅:၁၁။
စာတန်နှင့် သူ၏လောကအတွက် ယခုအချိန်စေ့ပြီ။ မကြာမီ ဘုရားသခင်သည် လူသားများအပေါ်စာတန့်ပုန်ကန်မှုက သက်ရောက်စေခဲ့သည့် ဒုက္ခဆင်းရဲရှိရှိသမျှကို ပယ်ဖျက်ပစ်မည်။ လူသေများကိုပင် ထမြောက်စေမည်။ (ယောဟန် ၁၁:၂၅) ထို့နောက် ယောဘကဲ့သို့ သစ္စာရှိပုဂ္ဂိုလ်များသည် ပရဒိသုကမ္ဘာပေါ်တွင် ထာဝရအသက်ရခွင့်ရှိမည်။ မိမိကျေးကျွန်များအပေါ် ဘုရားသခင်သွန်းလောင်းပေးမည့် ဤအနာဂတ်ကောင်းချီးများက အမှန်ပင် “အလွန်သနားစုံမက်တော်မူ” သည့် ဖြောင့်မတ်မှန်ကန်သော ပိုင်သအုပ်စိုးခွင့်ရှိသူအဖြစ် ကိုယ်တော်ကို ထာဝစဉ်သင်္ကာယနကင်းရှင်းစေမည်။
[အောက်ခြေမှတ်ချက်များ]
a “အတိဒုက္ခ၏မူလဘူတ” နှင့်ပတ်သက်၍ သူ၏ဆွေးနွေးခန်းတွင် ဤအရေးကိစ္စကို စိစစ်ခဲ့သော နှစ်ဆယ်ရာစုအစောပိုင်း၏ ရှေ့နေ၊ စာရေးဆရာဖြစ်သူ ဖိလစ်မော်ရိုက ယင်းသည် “လူသားတို့၏ ဒုက္ခအပေါင်းကိုဖြစ်ပေါ်စေသည့်” အရာဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
လူတို့၏ရက်စက်သောဘုရားများ
ရှေးခေတ်ဘုရားများသည် သွေးဆာပြီး တဏှာရာဂကြီးသူများအဖြစ် သရုပ်သကန်ဖော်ပြခံရလေ့ရှိသည်။ သူတို့အားစိတ်ပြေစေရန် မိဘများသည် မိမိတို့၏သားသမီးများကိုပင် အရှင်လတ်လတ်မီးရှို့ကြသည်။ (တရားဟောရာ ၁၂:၃၁) အခြားအစွန်းတစ်ဖက်တွင် ဘုရားမည်သည် အမျက်ဒေါသ သို့မဟုတ် သနားကြင်နာခြင်းတို့ကဲ့သို့သော ခံစားမှုများမရှိဟု တိတ္ထိအတွေးအခေါ်သမားများက သွန်သင်ကြသည်။
နတ်ဆိုးလှုံ့ဆော်အားပေးသည့် ဤအတွေးအခေါ်သမားများ၏ရှုထောင့်သည် သစ္စာပြုထားသည့် ဘုရားသခင်၏လူများဖြစ်သော ဂျူးများကို ဩဇာလွှမ်းမိုးခဲ့သည်။ ယေရှုနှင့်တစ်ခေတ်တည်းသားဖြစ်သူ ဂျူးအတွေးအခေါ်ပညာရှင် ဖီလိုက ဘုရားသခင်သည် “မည်သည့်စိတ်ထကြွလှုပ်ရှားမှုတွင်မျှ အာရုံမဆတ်ချေ” ဟု တပ်အပ်ပြောခဲ့သည်။
စည်းမျဉ်းတင်းကျပ်သော ဖာရိရှဲတို့၏ဂျူးဘာသာရေးဂိုဏ်းပင်လျှင် ဂရိအတွေးအခေါ်၏ ဩဇာအောက်မှမလွတ်ကြချေ။ လူ့ကိုယ်ခန္ဓာတွင်ငြိတွယ်နေသော မသေနိုင်သည့် ဝိညာဉ်စိုးလ်တစ်ခုရှိသည်ဟူသော ပလေတို၏သွန်သင်ချက်ကို သူတို့လက်ခံထားကြသည်။ ထို့အပြင် ပထမရာစုသမိုင်းဆရာ ဂျိုစီဖတ်စ်၏အဆိုအရ လူဆိုးတို့၏စိုးလ်သည် “ထာဝရပြစ်ဒဏ်ခံစားရသည်” ဟု ဖာရိရှဲတို့လက်ခံယုံကြည်ကြသည်။ သို့သော် သမ္မာကျမ်းစာက ယင်းသို့သောအမြင်မျိုးအတွက် မည်သည့်အခြေအမြစ်ကိုမျှ မဖော်ပြထားချေ။—ကမ္ဘာဦး ၂:၇; ၃:၁၉; ဒေသနာ ၉:၅; ယေဇကျေလ ၁၈:၄။
ယေရှု၏နောက်တော်လိုက်များကော မည်သို့နည်း။ မိမိတို့အား တိတ္ထိအတွေးအခေါ်များကလွှမ်းမိုးရန် ခွင့်ပြုခဲ့ကြသလော။ ဤအန္တရာယ်ကိုသတိပြုမိသောကြောင့် တမန်တော်ပေါလုက ခရစ်ယာန်ချင်းတို့အား ဤသို့သတိပေးခဲ့သည်– “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍ လောကီပညာ [အတွေးအခေါ်၊ ကဘ] နှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့။”—ကောလောသဲ ၂:၈; ၁ တိမောသေ ၆:၂၀ ကိုလည်းရှု။
ဝမ်းနည်းစရာကား ဒုတိယနှင့်တတိယရာစုများအတွင်းက သစ္စာပြုထားကြသော ခရစ်ယာန်အကြီးအကဲများစွာတို့သည် ထိုသတိပေးချက်ကိုလျစ်လျူရှုကာ ဘုရားသခင်၌ခံစားချက်မရှိဟု သွန်သင်ကြသည်။ The Encyclopedia of Religion စွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “အားလုံးခြုံကြည့်လျှင် ဘုရားသခင်၏ဂုဏ်ရည်တော်များကို ထိုအချိန်က ဂျူးနှင့် ဒဿနိကဆိုင်ရာအယူအဆများက အခိုင်အမာဖော်ပြထားသည့်အတိုင်း . . . ခမည်းတော်ဘုရားသည် သနားခြင်းကဲ့သို့သော ခံစားမှုများရှိနိုင်သည် ဟူသည့်ယူဆချက် . . . သည် အနည်းဆုံး နှစ်ဆယ်ရာစုနှောင်းပိုင်းအထိတိုင် လက်မခံနိုင်ဖွယ်ရာအဖြစ် အများအားဖြင့် ယူမှတ်ခံလာခဲ့ရသည်။”
သို့အားဖြင့် သတိရှိလျက်သား ထာဝရညှဉ်းဆဲခံခြင်းအားဖြင့် အပြစ်သားများအား အပြစ်ပေးသော ရက်စက်သည့်ဘုရားတစ်ဆူဆိုင်ရာ သွန်သင်ချက်ကို ခရစ်ယာန်ဘောင်က လက်ခံထားသည်။ အခြားတစ်ဖက်တွင် ယေဟောဝါဘုရားသခင်က မိမိ၏နှုတ်ကပါဌ်တော်သမ္မာကျမ်းစာတွင် ရှင်းလင်းစွာဖော်ပြထားသည်မှာ “အပြစ်တရား၏အခကား သေခြင်း” ဖြစ်ပြီး သတိရှိလျက်သားထာဝရညှဉ်းဆဲခံရခြင်း မဟုတ်ပါ။—ရောမ ၆:၂၃။
[Credit Lines]
Above: Acropolis Museum, Greece
Courtesy of The British Museum
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဤကမ္ဘာကို ဧဒင်ပရဒိသုအဖြစ်သို့ ပြောင်းလဲရန် ဘုရားသခင့်ရည်ရွယ်ချက်သည် ပြည့်စုံရမည်!