ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့် ရှိတော်မူ၏!
“အထက်မှဆင်းသက်သောဉာဏ်ပညာမူကား၊ . . . အကျိုးသင့်အကြောင်းသင့်ရှိ၏။”—ယာကုပ် ၃:၁၇၊ ကဘ။
၁။ ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့်မရှိသူအဖြစ် အချို့သူများ မည်သို့သရုပ်ဖော်ကြနည်း။ ဘုရားသခင်နှင့်ပတ်သက်သည့် ဤအယူအဆကို သင်မည်သို့သဘောထားသနည်း။
အဘယ်ကဲ့သို့သောဘုရားမျိုးကို သင်ကိုးကွယ်သနည်း။ ကိုယ်တော်သည် အလျှော့အတင်းမရှိ တရားဥပဒေတင်းကျပ်သော၊ ခက်ထန်ကြမ်းကြုတ်ပြီး စိတ်ခိုင်မာသောဘုရား ဖြစ်သည်ဟု သင်ယူမှတ်ထားသလော။ ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးသမား ဂျောန်ကဲလ်ဗင်သည် ဘုရားသခင်ကို ထိုသို့ပင် ယူမှတ်ခဲ့ပုံရှိသည်။ လူတစ်ဦးစီအတွက် “ထာဝရမပြောင်းမလဲနိုင်သောကြံစည်ထားရာ” တစ်ခု ဘုရားသခင်၌ရှိထားသည်ဖြစ်ရာ မည်သူသည် သုခချမ်းသာနှင့် ထာဝစဉ်နေလိမ့်မည်၊ မည်သူသည် မီးငရဲတွင် ထာဝစဉ်ညှဉ်းဆဲခံရလိမ့်မည်ဟူ၍ ကြိုတင်စီမံထားတော်မူသည်ဟု ကဲလ်ဗင်ဆိုသည်။ စဉ်းစားကြည့်ပါ– ယင်းအဆိုသာ မှန်ကန်ပါက အသင်ဘာလုပ်လုပ်၊ မည်မျှပင်ကြိုးစားကြိုးစား အသင်နှင့် အသင့်အနာဂတ်အတွက် ဘုရားသခင်၏ ကြာမြင့်စွာကရှိနှင့်ပြီးသည့် ခိုင်မာသောကြံစည်ထားရာကို အသင်ပြောင်းလဲနိုင်မည်မဟုတ်ပါ။ ဤကဲ့သို့သော အကျိုးသင့်အကြောင်းသင့်မရှိသောဘုရားထံ အသင်ဆွဲဆောင်ခံရပါမည်လော။—ယာကုပ် ၄:၈ နှိုင်းယှဉ်။
၂၊ ၃။ (က) လူ့အဖွဲ့စည်းများ၏ အကျိုးသင့်အကြောင်းသင့်မရှိခြင်းကို ကျွန်ုပ်တို့မည်သို့သရုပ်ဖော်ပြနိုင်သနည်း။ (ခ) ယေဟောဝါ၏ ကောင်းကင်ရထားတော်ဆိုင်ရာ ယေဇကျေလ၏ရူပါရုံသည် ကိုယ်တော်၏ အလိုက်သင့်ပြုပြင်နိုင်စွမ်းကို မည်သို့ဖွင့်ပြသနည်း။
၂ သမ္မာကျမ်းစာ၏ဘုရားသခင်သည် ထူးကဲစွာအကျိုးသင့်အကြောင်းသင့်ရှိတော်မူကြောင်း သိရှိလာရသည့်အတွက် အမှန်စိတ်ချမ်းသာစရာပါတကား! အမှန်မှာ ဘုရားသခင်မဟုတ်ဘဲ လူသားသာလျှင် မစုံလင်မှုများ၏ အချုပ်အနှောင်ကြောင့် ခိုင်မာ၍ အလျော့အတင်းမရှိဘဲ လုပ်ဆောင်တတ်ကြသည်။ လူ့အဖွဲ့အစည်းများသည် ကုန်ရထားကြီးများပမာ ထိန်းသိမ်းကိုင်တွယ်ရန် ခဲယဉ်းတတ်သည်။ ခုတ်မောင်းနေသည့် ကြီးမားသောကုန်ရထားကြီးသည် လမ်းပေါ်၌အတားအဆီးတစ်ခုခုကို ရင်ဆိုင်ရလျှင် လုံးဝပြန်မလှည့်နိုင်ပါ။ ရပ်တန့်ဖို့ရန်လည်း မလွယ်ကူလှပေ။ ရထားအချို့ဆိုလျှင် ဘရိတ်အုပ်ပြီးနောက်ပင် တစ်မိုင်ကျော်အထိ အရှိန်မသေဘဲ ဆက်သွားနိုင်သည်! ထိုနည်းတူစွာ ရေနံတင်သင်္ဘောကြီးသည် စက်သတ်ပြီးနောက်ပင် ငါးမိုင်အထိ ရှေ့ဆက်ရွေ့လျားနိုင်ပါသည်။ နောက်ဆုတ်ရန် နောက်ပြန်ခုတ်သည့်တိုင် နှစ်မိုင်ခန့် ရှေ့ဆက်ရွေ့လျားပေမည်! ယခု ဤပို့ဆောင်ရေးယာဉ်နှစ်မျိုးထက် သာလွန်စိုးရွံ့ဖွယ်ကောင်းသော ဘုရားသခင်၏ အဖွဲ့အစည်းကို ကိုယ်စားပြုသည့် ယာဉ်တစ်မျိုးကို သုံးသပ်ကြည့်ကြစို့။
၃ လွန်ခဲ့သော နှစ်ပေါင်း ၂,၆၀၀ ကျော်အချိန်က ယေဟောဝါသည် ပရောဖက်ယေဇကျေလအား နာမ်ဝိညာဉ်သတ္တဝါများဆိုင်ရာ မိမိ၏ကောင်းကင်အဖွဲ့အစည်းတော်ကို ရုပ်လုံးပေါ်စေသော ရူပါရုံတစ်ခုကို မြင်စေတော်မူခဲ့သည်။ ထိုရူပါရုံမှာ စိုးရွံ့ရိုသေဖွယ်ကောင်းသည်ထိ ကြီးမားသော ရထားတစ်စီးဖြစ်ပြီး ယေဟောဝါကိုယ်တော်တိုင်၏ထိန်းချုပ်မှုအောက်တွင် အစဉ်ရှိသည့် “ယာဉ်” ဖြစ်သည်။ စိတ်ဝင်စားစရာအကောင်းဆုံးကား ယင်း၏ရွေ့လျားပုံဖြစ်သည်။ ဧရာမဘီးများသည် လေးမျက်နှာရှိ၍ မျက်စိနှင့်ပြည့်နေသဖြင့် နေရာတိုင်းကို တွေ့မြင်နိုင်ပြီး ရပ်တန့်ခြင်း၊ ချိုးကွေ့ခြင်းမလိုဘဲ မည်သည့်အရပ်မျက်နှာသို့မဆို ချက်ချင်းလမ်းကြောင်း ပြောင်းနိုင်သည်။ ဤဧရာမယာဉ်ကြီးသည် ရေနံတင်သင်္ဘောကြီး သို့မဟုတ် ကုန်ရထားကြီးကဲ့သို့ လေးကန်နှေးကွေးမှုမရှိပေ။ လျှပ်စီးလက်နှုန်းအတိုင်း ရွေ့လျားနိုင်ရုံမက ထောင့်မှန်ကွေ့ပင်ကွေ့နိုင်သည်တကား! (ယေဇကျေလ ၁:၁၊ ၁၄-၂၈) ယေဟောဝါသည် ကဲလ်ဗင်ဟောခဲ့သော ဘုရားသခင်နှင့် လုံးဝမတူသကဲ့သို့ ကိုယ်တော်၏ရထားတော်မှာလည်း အချိုးအစား ပြေပြစ်ကျနခြင်းမရှိသော လူ့လက်ဖြစ် စက်ယန္တရားများနှင့် လုံးဝမတူပါ။ ကိုယ်တော်သည် အလိုက်သင့် ပြုပြင်ရာတွင် အထူးကျွမ်းကျင်တော်မူ၏။ ယေဟောဝါ၏ ဤအရည်အသွေးကို တန်ဖိုးထားလေးမြတ်လျှင် အလိုက်သင့်ပြုပြင်နိုင်ရန်နှင့် အကျိုးသင့်အကြောင်းသင့်မရှိခြင်း ကျော့ကွင်းကို ရှောင်ကြဉ်နိုင်ရန် ကျွန်ုပ်တို့အား အထောက်အကူပြုပေမည်။
ယေဟောဝါ—စကြဝဠာတွင် အလိုက်သင့်ပြုပြင်တတ်ဆုံးအရှင်
၄။ (က) ယေဟောဝါ၏နာမတော်ကိုယ်နှိုက်က ကိုယ်တော်သည် အလိုက်သင့်ပြုပြင်တတ်သော ဘုရားသခင်ဖြစ်တော်မူကြောင်း မည်သည့်နည်းဖြင့် ဖော်ပြသနည်း။ (ခ) အဘယ်ဘွဲ့နာမအချို့သည် ယေဟောဝါဘုရားသခင်ကို ရည်ညွှန်းသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် လျောက်ပတ်တော်မူသနည်း။
၄ ယေဟောဝါ၏နာမတော်ကိုယ်နှိုက်က ကိုယ်တော်၏ အလိုက်သင့်ပြုပြင်တတ်သော အရည်အချင်းကို ဖော်ညွှန်းသည်။ “ယေဟောဝါ” ၏အဓိပ္ပာယ် အတိအကျမှာ “ဖြစ်စေရန် ကိုယ်တော်ဖြစ်စေသည်” ဖြစ်၏။ ဤအချက်က ယေဟောဝါသည် မိမိကိုယ်ကို ကတိတော်ရှိရှိသမျှ ပြီးပြည့်စေသောအရှင် ဖြစ်စေသည်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်အား နာမတော်ကို ဖော်ပြရန် မောရှေတောင်းဆိုသောအခါ ယေဟောဝါက နာမတော်၏အဓိပ္ပာယ်ကို ဤနည်းဖြင့် အသေးစိတ်ဖော်ပြတော်မူသည်– “ငါဖြစ်သည်အတိုင်း ငါဖြစ်၏။” (ထွက်မြောက်ရာ ၃:၁၄) ရောသဟမ်ဘာသာပြန်ကျမ်းက ဤသို့ရှင်းလင်းပြတ်သားစွာ ဆိုသည်– “ငါဖြစ်လိုသမျှအတိုင်း ငါဖြစ်မည်။” ယေဟောဝါသည် မိမိ၏ ဖြောင့်မတ်သောရည်ရွယ်တော်မူချက်များနှင့် ကတိတော်များ ပြည့်စုံစေရန် လိုအပ်သမျှအတိုင်း ကိုယ်တော် ဖြစ်တော်မူသည် သို့မဟုတ် ဖြစ်ရန်ရွေးချယ်တော်မူသည်။ သို့ဖြစ်၍ ကိုယ်တော်၏ဘွဲ့နာမများဖြစ်သည့် ဖန်ဆင်းရှင်၊ ခမည်းတော်၊ အုပ်စိုးပိုင်ထိုက်သောသခင်၊ သိုးထိန်း၊ ဗိုလ်ခြေတို့၏အရှင် ယေဟောဝါ၊ ပတ္ထနာစကားကို နားညောင်းတော်မူသောအရှင်၊ တရားသူကြီး၊ မြင့်မြတ်သောသွန်သင်သူ၊ ရွေးနုတ်တော်မူသောအရှင် အစရှိသည်တို့သည် စိတ်တွင်စွဲငြိ မှတ်သားဖွယ်ရာဖြစ်ပေသည်။ ကိုယ်တော်၏ မေတ္တာပြည့်ဝသော ရည်ရွယ်တော်မူချက်များကို အကောင်အထည်ဖော်ခြင်းအလို့ငှာ အဆိုပါဘွဲ့နာမများအပြင် ထို့ထက်မက ကိုယ်တော်ဖြစ်တော်မူခဲ့ပြီ။—ဟေရှာယ ၈:၁၃; ၃၀:၂၀; ၄၀:၂၈; ၄၁:၁၄; ဆာလံ ၂၃:၁; ၆၅:၂; ၇၃:၂၈; ၈၉:၂၆; တရားသူကြီး ၁၁:၂၇; ကမ္ဘာသစ်ဘာသာပြန်ကျမ်း နောက်ဆက်တွဲ ၁ ဂျေ ကိုလည်းရှု။
၅။ ယေဟောဝါ၏ အလိုက်သင့်ပြုပြင်တတ်သောသဘောက ဘုရားသခင်၏ ဇာတိတော် သို့မဟုတ် စံနှုန်းများ ပြောင်းလဲသည့်အဓိပ္ပာယ်ဖြစ်သည်ဟု အဘယ်ကြောင့်မဆုံးဖြတ်သင့်သနည်း။
၅ သို့ဖြစ်လျှင် ဘုရားသခင်၏ ဇာတိတော် သို့မဟုတ် စံနှုန်းများ ပြောင်းလဲသည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ; ယာကုပ် ၁:၁၇ ဆိုသည့်အတိုင်း “ထိုအဘသည် ရွေ့လျော့ တိမ်းယိမ်းခြင်း မရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။” ဤနေရာ၌ ဆန့်ကျင်ဘက် ဖြစ်နေသလော။ လုံးဝမဟုတ်ပါ။ ဥပမာ၊ မေတ္တာရှိသော အဘယ်မိဘသည် သားသမီးအကျိုးအတွက် တာဝန်များကို ပြောင်းလဲမထမ်းဆောင်ဘဲ နေသနည်း။ တစ်နေ့တာအတွင်း မိဘတစ်ဦးသည် အကြံပေးအရာရှိ၊ ထမင်းချက်၊ အိမ်သန့်ရှင်းသူ၊ ဆရာသမား၊ ပဲ့ပြင်ဆုံးမသူ၊ မိတ်ဆွေ၊ စက်ပြင်၊ သူနာပြု—အစရှိသ၍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်တတ်သည်။ ဤတာဝန်များ ထမ်းဆောင်စဉ် မိဘဖြစ်သူ၏ပင်ကိုယ်စရိုက်များ ပြောင်းလဲမသွားပါ; လတ်တလောလိုအပ်ရာကို ဖြည့်စွက်ပေးရန် အလိုက်သင့်ပြုပြင်ရုံသာရှိသည်။ ယေဟောဝါနှင့်စပ်လျဉ်း၍လည်း ထပ်တူပင်ဖြစ်သည်။ သို့သော် သာလွန်ကြီးမြတ်ထူးကဲသော အတိုင်းအတာအရ ဖြစ်သည်။ ဖန်ဆင်းရာ သတ္တဝါများ၏အကျိုးအလို့ငှာ ကိုယ်တော်တိုင်အား ဖြစ်စေနိုင်သည့်အသွင်နှင့်စပ်လျဉ်း၍ အကန့်အသတ်မရှိပေ။ ကိုယ်တော့်ဉာဏ်ပညာတော်၏ နက်ရှိုင်းမှုသည် အလွန်အံ့ချီးဖွယ်ရာပါတကား!—ရောမ ၁၁:၃၃။
အကျိုးသင့်အကြောင်းသင့်ရှိခြင်းသည် မြင့်မြတ်သောဉာဏ်ပညာ၏ အမှတ်အသား
၆။ မြင့်မြတ်သောဉာဏ်ပညာတော်ကို ဖော်ပြရာတွင် ယာကုပ်အသုံးပြုခဲ့သော ဂရိစကားလုံး၏ အဓိပ္ပာယ်အတိအကျနှင့် ဆိုလိုချက်တို့ကား အဘယ်နည်း။
၆ ဤထူးကဲစွာ အလိုက်သင့်ပြုပြင်တတ်သော ဘုရားသခင်၏ ဉာဏ်ပညာတော်ကို ဖော်ပြရန် တပည့်တော်ယာကုပ်သည် စိတ်ဝင်စားစရာကောင်းသော စကားလုံးတစ်လုံးကို အသုံးပြုခဲ့သည်။ သူက ဤသို့ရေးသားခဲ့သည်– “အထက်မှဆင်းသက်သောဉာဏ်ပညာမူကား၊ . . . အကျိုးသင့်အကြောင်းသင့်ရှိ၏။” (ယာကုပ် ၃:၁၇၊ ကဘ) ဤတွင် သူအသုံးပြုခဲ့သော ဂရိစကားလုံး (အီ·ပီ·အေ·ကိစ်) ကိုဘာသာပြန်ဆိုရန် ခဲယဉ်းသည်။ ဘာသာပြန်ဆိုသူများက “နူးညံ့သော၊” “ညှာတာသော၊” “သည်းခံသော” နှင့် “စာနာသော” အစရှိသည့်စကားလုံးအသီးသီးကို အသုံးပြုခဲ့ကြပြီ။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းက “အကျိုးသင့်အကြောင်းသင့်ရှိသော” ဟုပြန်ဆို၍ အဓိပ္ပာယ်အတိအကျမှာ “အလျှော့အတင်းရှိသော” ဟူ၍ဖြစ်သည်ဟု အောက်ခြေမှတ်ချက်တွင် ဖော်ပြထားသည်။aထိုစကားလုံးသည် ညွှန်ကြားစာအတိုင်း လုံးစေ့ပတ်စေ့ လိုက်လျှောက်ရမည်ဟု အတင်းအကျပ်မပြု တင်းမာလွန်းခြင်း သို့မဟုတ် ခက်ထန်လွန်းခြင်းမရှိသောသဘောလည်း သက်ရောက်သည်။ ပညာရှင်ဝီလျံဘားကလေးက ဓမ္မသစ်ကျမ်းဝေါဟာရစာအုပ်တွင် ဤသို့ကောက်ချက်ချထားသည်– “အီပီအေကိအာ ၏အခြေခံကျ၍ အရေးကြီးသည့်အချက်မှာ ဘုရားသခင်၌ အရင်းခံခြင်းဖြစ်သည်။ ဘုရားသခင်သာ မိမိ၏လုပ်ပိုင်ခွင့်များကို အလျှော့မပေးဘဲနေလျှင်၊ ပညတ်ဥပဒေ၏ တင်းကျပ်သောစံနှုန်းအတိုင်း လိုက်လျှောက်ရမည်ဟု ကြပ်မတ်တော်မူလျှင် ကျွန်ုပ်တို့နေစရာရှိမည်လော။ ဘုရားသခင်သည် အီပီအေကိစ်ဖြစ်ခြင်းတွင်လည်းကောင်း၊ သူတစ်ပါးအား အီပီအေကိအာနှင့် ဆက်ဆံခြင်းတွင်လည်းကောင်း အကြီးမြတ်ဆုံးပုံသက်သေဖြစ်တော်မူသည်။”
၇။ ဧဒင်ဥယျာဉ်တွင် အကျိုးသင့်အကြောင်းသင့်သဘောရှိကြောင်း ယေဟောဝါ မည်သို့တင်ပြတော်မူသနည်း။
၇ ယေဟောဝါ၏ အုပ်စိုးပိုင်သခွင့်အား လူသား ပုန်ကန်ခဲ့ချိန်ကို ပြန်ဆင်ခြင်ကြည့်ပါ။ ထိုကျေးဇူးကန်းသည့် သူပုန်သုံးဦး—အာဒံ၊ ဧဝနှင့်စာတန်တို့ကို အဆုံးစီရင်ပစ်ရန် ဘုရားသခင်အဖို့ အလွန်လွယ်ကူခဲ့မည်! ထိုသို့စီရင်လိုက်ခြင်းဖြင့် ကိုယ်တော်တိုင် နှလုံးနာကျင်ခြင်းမှ မည်မျှကင်းလွတ်ခဲ့မည်တကား! ကိုယ်တော်၌ ဤသို့တရားဥပဒေတင်းကျပ်ခွင့်မရှိဟု မည်သူစောဒကတက်ဝံ့သနည်း။ မည်သို့ဆိုစေကာမူ ယေဟောဝါသည် မိမိ၏ ကောင်းကင်ရထားနှင့်တူသော အဖွဲ့အစည်းတော်ကို တရားဥပဒေနှင့်ပတ်သက်၍ခိုင်မာပြီး အလိုက်သင့်ပြုပြင်ခြင်းမရှိသည့် စံနှုန်းအတွင်း တစ်ခါမျှ ဘောင်ခတ်ထားတော်မမူ။ ထို့ကြောင့် ၎င်းရထားသည် လူ့မိသားစုနှင့်တကွ လူသားတို့၏ ပျော်ရွှင်ချမ်းမြေ့သောအနာဂတ် မျှော်လင့်ချက်ရှိသမျှကို ညှာတာခြင်းကင်းမဲ့စွာ ချေမွပစ်ခြင်း မပြုခဲ့ပါ။ ယင်းအစား ယေဟောဝါသည် ရထားတော်ကို လျှပ်စီးကဲ့သို့သော အလျင်ဖြင့် ကျင်လည်စွာ ထိန်းကျောင်းတော်မူသည်။ ပုန်ကန်မှုဖြစ်သည်နှင့် ယေဟောဝါဘုရားသခင်သည် အာဒံ၏သားစဉ်မျိုးဆက်အား ကရုဏာနှင့် မျှော်လင့်ချက်ပေးသော ရေရှည်ရည်ရွယ်ချက်တစ်ခုကို ဖော်ပြတော်မူခဲ့သည်။—ကမ္ဘာဦး ၃:၁၅။
၈။ (က) ခရစ်ယာန်ဘောင်၏ လွဲမှားသည့် အကျိုးသင့်အကြောင်းသင့်ခြင်းသဘောသည် ယေဟောဝါ၏ စစ်မှန်သော အကျိုးသင့်အကြောင်းသင့်ရှိခြင်းသဘောနှင့် မည်သို့ကွာခြားသနည်း။ (ခ) ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့်သဘောရှိသည့်အတွက် မြင့်မြတ်သောမူများကို အလျှော့ပေးလိုက်လျောကောင်းလိုက်လျောလိမ့်မည်ဟူ၍ မဆိုလိုကြောင်း အဘယ်ကြောင့်ပြောနိုင်သနည်း။
၈ သို့ရာတွင် ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့်ရှိသည့်အတွက် မြင့်မြတ်သောမူများကို အလျှော့ပေးလိုက်လျောကောင်းလိုက်လျောလိမ့်မည်ဟူ၍ကား အဓိပ္ပာယ်မသက်ရောက်ပါ။ ယနေ့ ခရစ်ယာန်ဘောင်ချာ့ချ်များက မိမိတို့၏ ထင်ရာစိုင်းသော သိုးစုတို့ကို မျက်နှာလိုမျက်နှာရပြုလုပ်ရန် သူတို့၏စာရိတ္တယိုယွင်းမှုကို ဥပေက္ခာပြုခြင်းဖြင့် မိမိတို့သည် အကျိုးသင့်အကြောင်းသင့်ရှိကြောင်း တင်ပြသည်ဟု ထင်ကြပေမည်။ (၂ တိမောသေ ၄:၃ နှိုင်းယှဉ်။) ယေဟောဝါသည် ကိုယ်တော်တိုင်၏ ပညတ်ဥပဒေများကို ဘယ်သောအခါမျှ မချိုးဖောက်သကဲ့သို့ ကိုယ်တော်တိုင်၏ မူများကိုလည်း ဘယ်သောအခါမျှ အလျှော့ပေးလိုက်လျောတော်မူမည်မဟုတ်ပါ။ ယင်းအစား ထိုမူများကို တရားမျှတစွာသာမက ကရုဏာရှိစွာ ကျင့်သုံးနိုင်ရေးအတွက် ကိုယ်တော်သည် အလျှော့အတင်းပြုပေးလိုသည့်သဘော၊ အခြေအနေအရ အလိုက်သင့်ပြုပြင်လိုသည့်သဘော ပြသတော်မူသည်။ ကိုယ်တော်သည် မိမိ၏ တရားမျှတခြင်းနှင့်တန်ခိုးကို ချစ်ခြင်းမေတ္တာနှင့် အကျိုးသင့်အကြောင်းသင့်ရှိသော ဉာဏ်ပညာတော်တို့ဖြင့် မျှတစွာကျင့်သုံးရန် အမြဲဂရုပြုတော်မူ၏။ အကျိုးသင့်အကြောင်းသင့်ရှိခြင်းကို ယေဟောဝါဖော်ပြသည့် နည်းသုံးနည်းကို သုံးသပ်ကြည့်ကြစို့။
“အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံ”
၉၊ ၁၀။ (က) “အပြစ်လွှတ်လိုသောသဘောနှင့် ပြည့်စုံ” ခြင်းက အကျိုးသင့်အကြောင်းသင့်ရှိခြင်းနှင့် မည်သို့ဆက်စပ်သနည်း။ (ခ) ယေဟောဝါသည် အပြစ်လွှတ်လိုသောသဘောနှင့် ပြည့်စုံသည့်အတွက် ဒါဝိဒ်မည်သို့အကျိုးခံစားရသနည်း။ အဘယ်ကြောင့်နည်း။
၉ ဒါဝိဒ်က ဤသို့ရေးသားခဲ့၏– “အကြောင်းမူကား အိုဘုရားရှင် ကိုယ်တော်သည် ကောင်းသောသဘော၊ အပြစ်လွှတ်လိုသောသဘောနှင့် ပြည့်စုံ၍ ကိုယ်တော့်ထံ ပတ္ထနာပြုသောသူအပေါင်းတို့အား ကရုဏာတော် ကြွယ်ဝပါ၏။” (ဆာလံ ၈၆:၅၊ သမ္မာ) ဟေဗြဲကျမ်းစာစောင်များကို ဂရိဘာသာသို့ ပြန်ဆိုခဲ့သောအခါ “အပြစ်လွှတ်လိုသောသဘောနှင့် ပြည့်စုံ” ဟူသောစကားလုံးကို အီ·ပီ·အေ·ကိစ် သို့မဟုတ် “အကျိုးသင့်အကြောင်းသင့်ရှိသော” ဟုပြန်ဆိုခဲ့သည်။ အပြစ်လွှတ်ရန်နှင့် ကရုဏာပြရန်အသင့်ရှိခြင်းက အကျိုးသင့်အကြောင်းသင့်ရှိကြောင်း တင်ပြရန် သော့ချက်ပင် ဖြစ်မည်မှာအမှန်။
၁၀ ဤကိစ္စတွင် ယေဟောဝါသည် အဘယ်အထိ အကျိုးသင့်အကြောင်းသင့်ရှိတော်မူသည်ကို ဒါဝိဒ်ကိုယ်တိုင် ကောင်းစွာသိနားလည်ခဲ့သည်။ ဒါဝိဒ်သည် ဗေသရှေဘနှင့် ဖောက်ပြားပြီးနောက် သူမ၏ခင်ပွန်းကို သတ်ပစ်ရန် သူစီစဉ်ခဲ့ချိန်တွင် သူနှင့် ဗေသရှေဘနှစ်ဦးစလုံး သေဒဏ်ခံထိုက်သည်။ (တရားဟောရာ ၂၂:၂၂; ၂ ဓမ္မရာဇဝင် ၁၁:၂-၂၇) ဤအမှုကို ခိုင်မာသော လူသားတရားသူကြီးများသာ စီရင်ခဲ့မည်ဆိုလျှင် နှစ်ဦးစလုံး အသက်ချမ်းသာရလိမ့်မည်မဟုတ်ပါ။ သို့သော် ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့် (အီ·ပီ·အေ·ကိစ်) ကိုတင်ပြခဲ့သည်။ ဗိုင်း၏သမ္မာကျမ်းစာစကားလုံးများ ရှင်းလင်းဖော်ပြချက် အဘိဓာန်က ဤစကားလုံးကို “‘အမှုတစ်ခု၏ အကြောင်းခြင်းရာတို့ကို သနားကြင်နာစွာနှင့် အကျိုးသင့်အကြောင်းသင့်’ ဖြင့်ထောက်ထားစာနာကြောင်း ဖော်ပြသည်” ဟုဖွင့်ဆိုထားသည်။ ယေဟောဝါ၏ ကရုဏာပြည့်ဝသော စီရင်ဆုံးဖြတ်ချက်အပေါ် ဩဇာညောင်းသည့်အချက်များအနက် ပြစ်မှားသူတို့၏ စစ်မှန်သောနောင်တနှင့် ယခင်က အခြားသူတို့အား ဒါဝိဒ်ကိုယ်တိုင် ပြသခဲ့သောကရုဏာတို့ ပါဝင်ဖွယ်ရှိသည်။ (၁ ဓမ္မရာဇဝင် ၂၄:၄-၆; ၂၅:၃၂-၃၅; ၂၆:၇-၁၁; မဿဲ ၅:၇; ယာကုပ် ၂:၁၃) သို့ရာတွင် ထွက်မြောက်ရာ ၃၄:၄-၇ မှမိမိကိုယ်တော်တိုင်အကြောင်းနှင့်ပတ်သက်၍ ယေဟောဝါ၏ဖော်ပြချက်နှင့်အညီ ဒါဝိဒ်ကို ယေဟောဝါပဲ့ပြင်ဆုံးမရန်မှာ အကျိုးသင့်အကြောင်းသင့်ဖြစ်သည်။ ဒါဝိဒ်ထံသို့ ပရောဖက်နာသန်ကို ပြင်းထန်သောသတင်းစကားများနှင့်တကွ စေလွှတ်တော်မူ၍ ယေဟောဝါ၏စကားတော်ကို ဒါဝိဒ်မထီမဲ့မြင်ပြုခဲ့ကြောင်း အတိအလင်းနားလည်စေခဲ့သည်။ ဒါဝိဒ်လည်း နောင်တရခဲ့သဖြင့် သူ၏အပြစ်ကြောင့် အသေမခံရချေ။—၂ ဓမ္မရာဇဝင် ၁၂:၁-၁၄။
၁၁။ မနာရှေနှင့်ပတ်သက်၍ ယေဟောဝါသည် အပြစ်လွှတ်လိုသောသဘောနှင့် ပြည့်စုံကြောင်း မည်သို့ပြသခဲ့သနည်း။
၁၁ ယင်းကိစ္စနှင့်ပတ်သက်၍ ယုဒဘုရင်မနာရှေ၏ အဖြစ်အပျက်သည် ပို၍မှတ်သားဖွယ်ဖြစ်သည်။ အကြောင်းမှာ မနာရှေသည် ဒါဝိဒ်နှင့်မတူဘဲ ကာလကြာမြင့်စွာကတည်းက ဒုစရိုက်သမားလုံးလုံးဖြစ်ခဲ့သည်။ မနာရှေသည် တိုင်းပြည်တွင် လူယဇ်ကောင်များ ပူဇော်ခြင်းအပါအဝင် ရွံရှာဖွယ်ရာ ဘာသာရေးထုံးစံဓလေ့အမျိုးမျိုးကို အားပေးအားမြှောက်ပြုခဲ့သည်။ သစ္စာရှိသော ပရောဖက် ဟေရှာယကို “လွှနှင့် အပိုင်းပိုင်းတိုက်ဖြတ်ခြင်း” အမှု၌လည်း တာဝန်မကင်းသူ ဖြစ်ကောင်းဖြစ်မည်။ (ဟေဗြဲ ၁၁:၃၇) ယေဟောဝါသည် မနာရှေအား ဒဏ်ပေးသည့်အနေနှင့် သူ့အား သုံ့ပန်းအဖြစ် ဗာဗုလုန်သို့ ဆောင်သွားစေတော်မူ၏။ သို့ရာတွင် မနာရှေသည် အကျဉ်းထောင်၌ နောင်တရပြီး ကရုဏာပြရန် အသနားခံခဲ့သည်။ ဤစစ်မှန်သောနောင်တကို တုံ့ပြန်သည့်အနေဖြင့် ယေဟောဝါသည် ကမ်းကုန်အောင်ဆိုးသော ဤအမှု၌ပင်—“အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံ” တော်မူသည်။—၂ ရာဇဝင်ချုပ် ၃၃:၉-၁၃။
အခြေအနေအသစ်များ ပေါ်ထွက်လာသည်နှင့်အမျှ လုပ်ငန်းစဉ် ပြောင်းလဲခြင်း
၁၂၊ ၁၃။ (က) နိနေဝေမြို့နှင့်ပတ်သက်၍ အဘယ်ပြောင်းလဲလာသည့်အခြေအနေကြောင့် ယေဟောဝါသည် လုပ်ငန်းစဉ်ကို ပြောင်းလဲခဲ့ရသနည်း။ (ခ) ယောနသည် ယေဟောဝါဘုရားသခင်လောက် အကျိုးသင့်အကြောင်းသင့်သဘောမရှိသူဖြစ်ကြောင်း မည်သို့ထင်ရှားသနည်း။
၁၂ အခြေအနေအသစ်များ ပေါ်လာသည့်အခါ ရည်ရွယ်ထားသည့် လုပ်ငန်းကို ပြုပြင်ပြောင်းလဲရန် အသင့်ရှိခြင်းအားဖြင့်လည်း ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ပြသသည်။ ဥပမာ၊ ပရောဖက်ယောန ရှေးနိနေဝေမြို့ရှိ လမ်းတကာကိုလျှောက်သွားခဲ့စဉ်က သူကြွေးကြော်ခဲ့သော မှုတ်သွင်းခံသတင်းတရားမှာ ရိုးရိုးလေးမျှသာဖြစ်သည်– ရက်ပေါင်း ၄၀ လွန်သော် နိနေဝေမြို့ကြီး ပျက်စီးလိမ့်မည်။ သို့ရာတွင် အခြေအနေများ ရုတ်ခြည်းပြောင်းလဲသွားသည်! နိနေဝေမြို့သားတို့သည် နောင်တရကြသည်။—ယောန အခန်းကြီး ၃။
၁၃ ပြောင်းလဲလာသော ဤအခြေအနေတို့ကို ယေဟောဝါနှင့်ယောန မည်သို့အသီးသီးတုံ့ပြန်ခဲ့သည်ကို နှိုင်းယှဉ်သုံးသပ်ခြင်းဖြင့် သင်ခန်းစာရနိုင်သည်။ အမှန်ဆိုသော် ယေဟောဝါသည် မိမိကောင်းကင်ရထားတော်၏ လမ်းကြောင်းကို ပြောင်းလဲခဲ့သည်။ ဤအဖြစ်အပျက်တွင် ကိုယ်တော်သည် မိမိကိုယ်ကို “စစ်သူရဲ” ဖြစ်စေမည့်အစား အပြစ်များကို ခွင့်လွှတ်တော်မူသောအရှင်ဖြစ်စေခြင်းဖြင့် အလိုက်သင့်ပြုပြင်တော်မူခဲ့သည်။ (ထွက်မြောက်ရာ ၁၅:၃) ယောနမူကား အလျှော့အတင်းပြုလိုစိတ် အလွန့်အလွန်နည်းခဲ့သည်။ သူသည် ယေဟောဝါ၏ရထားနှင့် ရင်ပေါင်တန်းသွားမည့်အစား အစောပိုင်းတွင် ဖော်ပြခဲ့သော ကုန်ရထား သို့မဟုတ် ရေနံတင်သင်္ဘောကြီးနှင့် ပိုတူခဲ့ပါသည်။ ပျက်စီးမည်ဟု သူကြွေးကြော်ထားသဖြင့် ပျက်ကို ပျက်စီးစေရမည်! လမ်းကြောင်းပြောင်းလဲလိုက်ခြင်းဖြင့် နိနေဝေမြို့သားတို့ရှေ့ မျက်နှာပျက်မည်ကို သူစိုးရိမ်နေခြင်းဖြစ်ကောင်းဖြစ်မည်။ သို့သော် ယေဟောဝါသည် ခေါင်းမာသော မိမိ၏ပရောဖက်အား အကျိုးသင့်အကြောင်းသင့်ရှိခြင်းနှင့် ကရုဏာပြခြင်းဆိုင်ရာ မှတ်သားလောက်သော သင်ခန်းစာကို စိတ်ရှည်စွာဖြင့်သွန်သင်ပေးတော်မူခဲ့သည်။—ယောန အခန်းကြီး ၄။
၁၄။ ပရောဖက်ယေဇကျေလနှင့်ပတ်သက်၍ မိမိ၏လုပ်ငန်းစဉ်ကို ယေဟောဝါအဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။
၁၄ အခြားအဖြစ်အပျက်များ—အသေးအဖွဲကိစ္စများ—တွင်ပင် ယေဟောဝါသည် လုပ်ငန်းစဉ်ကို ပြောင်းလဲတော်မူခဲ့သည်။ ဥပမာ၊ ပရောဖက်ပြုချက်ဆိုင်ရာ ပုံတင်ပြချက်တစ်ခုကို ပရောဖက်ယေဇကျေလအား သရုပ်ဆောင်ရန် တာဝန်ပေးရာ၌ ယေဟောဝါ၏ညွှန်ကြားချက်တို့တွင် လူ၏မစင်နှင့် အစာကိုဖုတ်ရမည်ဟု ပါဝင်သည်။ ယင်းသည် ယေဇကျေလအဖို့ အလွန်ခဲယဉ်းသဖြင့် “အိုအရှင်၊ ထာဝရဘုရား” ဟုသူလျှောက်ကြားပြီး ဤမျှရွံစရာအမှုကို မပြုပါရစေနှင့်ဟု တောင်းပန်ခဲ့သည်။ ယေဟောဝါသည် ထိုပရောဖက်၏ ခံစားချက်ကို ယထာဘူတမကျဟု ပယ်ချခြင်းမပြုဘဲ ယနေ့ထက်တိုင် တိုင်းနိုင်ငံများစွာတွင် လောင်စာအဖြစ် သုံးစွဲလျက်ရှိသော နွားချေးကို အသုံးပြုခွင့်ပေးတော်မူခဲ့သည်။—ယေဇကျေလ ၄:၁၂-၁၅။
၁၅။ (က) ယေဟောဝါသည် လူ၏စကားကို နားထောင်၍ တုံ့ပြန်ရန် အသင့်ရှိတော်မူကြောင်း အဘယ်ပုံဥပမာများက တင်ပြသနည်း။ (ခ) ယင်းမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာ ရနိုင်သနည်း။
၁၅ ကျွန်ုပ်တို့ဘုရားသခင် ယေဟောဝါ၏ ဤနှိမ့်ချသောသဘောကို စေ့စေ့စဉ်းစားကြည့်သည့်အခါ အားတက်စရာမကောင်းပေလော။ (ဆာလံ ၁၈:၃၅) ကိုယ်တော်သည် ကျွန်ုပ်တို့ထက် များစွာမြင့်မြတ်တော်မူ၏; သို့တိုင် မစုံလင်သောလူသားတို့၏စကားကို စိတ်ရှည်စွာဖြင့် နားညောင်းတော်မူသည့်အပြင် တစ်ခါတစ်ရံ ကိုယ်တော်၏လုပ်ငန်းစဉ်ကိုပင် အလိုက်အထိုက် ပြုပြင်ပေးတော်မူ၏။ သောဒုံနှင့်ဂေါမောရမြို့များကို ဖျက်ဆီးမည့်အကြောင်းနှင့်စပ်လျဉ်း၍ အာဗြဟံအား မိမိနှင့် ကြာမြင့်စွာ အခြေအတင်ပြောဆိုခွင့် ပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၃-၃၃) ပုန်ကန်သောဣသရေလလူမျိုးကိုဖျက်ဆီး၍ ယင်းအစား မောရှေအားဖြင့် လူမျိုးကြီးတစ်မျိုး ဖြစ်ပေါ်စေမည်ဟူသော မိမိ၏ကြံရွယ်တော်မူချက်ကို မောရှေအား ကန့်ကွက်ခွင့် ပေးတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၃၂:၇-၁၄; တရားဟောရာ ၉:၁၄၊ ၁၉; အာမုတ် ၇:၁-၆ နှိုင်းယှဉ်။) ဤနည်းအားဖြင့် အကျိုးသင့်အကြောင်းသင့်ရှိပြီး ဖြစ်နိုင်သည့်အခါတိုင်း သူတစ်ပါး၏စကားကို နားထောင်ရန် ထပ်တူထပ်မျှ အသင့်ရှိအပ်သော ယေဟောဝါ၏လူသားကျေးကျွန်များအတွက် စုံလင်သောပုံသက်သေကို ကိုယ်တော်ထားတော်မူခဲ့သည်။—ယာကုပ် ၁:၁၉ နှိုင်းယှဉ်။
အခွင့်အာဏာအသုံးပြုရာတွင် အကျိုးသင့်အကြောင်းသင့်ရှိခြင်း
၁၆။ ယေဟောဝါသည် အခွင့်အာဏာတော်ကို အသုံးပြုရာ၌ လူအများနှင့် မည်သို့ခြားနားသနည်း။
၁၆ လူတို့သည် အခွင့်အာဏာပိုမိုရရှိလေလေ အကျိုးသင့်အကြောင်းသင့်ရှိခြင်း လျော့နည်းသွားလေလေ ဖြစ်ပုံရသည်ကို သင်သတိထားမိသလော။ ယေဟောဝါမူကား စကြဝဠာတွင် အခွင့်အာဏာအရှိဆုံးအရှင်ဖြစ်သော်လည်း အကျိုးသင့်အကြောင်းသင့်ရှိခြင်းနှင့်စပ်လျဉ်း၍ အကောင်းဆုံးပုံသက်သေဖြစ်တော်မူသည်။ ကိုယ်တော်သည် မိမိ၏အခွင့်အာဏာကို အစဉ်သဖြင့် အကျိုးသင့်အကြောင်းသင့် အသုံးပြုတော်မူ၏။ လူသားအများနှင့်မတူဘဲ ယေဟောဝါသည် မိမိ၏အခွင့်အာဏာအတွက် စိတ်မချစရာ မရှိသောကြောင့် သူတစ်ပါးအား အခွင့်အာဏာ အထိုက်အလျောက် ပေးလိုက်ပါက မိမိအတွက် အန္တရာယ်ရှိမည့်အလား—သဝန်တိုစွာ ယင်းကို မရမကကာကွယ်ပေးရန် လိုသည်ဟုကိုယ်တော်ယူမှတ်စရာအကြောင်းမရှိချေ။ အမှန်မှာ၊ စကြဝဠာတွင် မိမိအပြင် အခြားပုဂ္ဂိုလ်တစ်ပါးတည်းသာ ရှိစဉ်က ယေဟောဝါသည် ထိုပုဂ္ဂိုလ်အား အခွင့်အာဏာကျယ်ကျယ်ပြန့်ပြန့် အပ်နှင်းတော်မူခဲ့သည်။ ကိုယ်တော်သည် လိုဂေါ့စ်အား မိမိ၏ “ဗိသုကာ” အဖြစ်ခန့်အပ်ပြီး ထိုအချိန်မှစ၍ ဤချစ်မြတ်နိုးသော သားတော်အားဖြင့် အရာခပ်သိမ်းကို ဖြစ်ပွားစေတော်မူ၏။ (သု. ၈:၂၂၊ ၂၉-၃၁၊ သမ; ယောဟန် ၁:၁-၃၊ ၁၄; ကောလောသဲ ၁:၁၅-၁၇) နောက်ပိုင်းတွင် ကိုယ်တော်သည် “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို” သားတော်အား လွဲအပ်တော်မူ၏။—မဿဲ ၂၈:၁၈; ယောဟန် ၅:၂၂။
၁၇၊ ၁၈။ (က) သောဒုံမြို့နှင့် ဂေါမောရမြို့များသို့ ကောင်းကင်တမန်များကို ယေဟောဝါ အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။ (ခ) အာဟပ်ကိုသွေးဆောင်ခြင်းနှင့်ပတ်သက်၍ ကောင်းကင်တမန်များထံမှ ယေဟောဝါ အဘယ်ကြောင့် အကြံပြုချက်များ တောင်းခံတော်မူသနည်း။
၁၇ ထိုနည်းထပ်တူ ယေဟောဝါသည် သာ၍ကောင်းသောနည်းဖြင့် ကိုယ်တိုင်ဆောင်ရွက်နိုင်သောတာဝန်များကို မိမိ၏ဖန်ဆင်းရာသတ္တဝါများအား လွှဲအပ်ပေးတော်မူသည်။ ဥပမာ၊ ကိုယ်တော်က အာဗြဟံအား “သောဒုံမြို့၊ ဂေါမောရမြို့၌ ကြွေးကြော်သောအသံသည် ကြီး၍ . . . ယခု ငါသွား၍ . . . သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်” ဟုမိန့်တော်မူစဉ်က ကိုယ်တိုင်ကိုယ်ကျ ကြွသွားတော်မူမည်ဟု ဆိုလိုခြင်းမဟုတ်။ ယင်းအစား ယေဟောဝါသည် ကောင်းကင်တမန်များအား အာဏာလွှဲအပ်ရန်ရွေးချယ်၍ သတင်းစုဆောင်းရန် ခန့်အပ်တော်မူသည်။ သူတို့အား ဖြစ်ရပ်မှန် စူးစမ်းရှာဖွေရေးအဖွဲ့ကို ဦးဆောင်စေပြီး ပြန်လည်အစီရင်ခံတင်ပြရန် အခွင့်အာဏာပေးအပ်တော်မူ၏။—ကမ္ဘာဦး ၁၈:၁-၃၊ ၂၀-၂၂။
၁၈ အခြားတစ်ချိန်တွင် မင်းဆိုးအာဟပ်ကို ပြစ်ဒဏ်စီရင်ရန် ယေဟောဝါဆုံးဖြတ်တော်မူခဲ့စဉ်က ထိုဖောက်ပြန်သောဘုရင်အား စစ်ပွဲ၌ ကျဆုံးစေခြင်းငှာ မည်သို့ “သွေးဆောင်” မည်အကြောင်း ကောင်းကင်ညီလာခံတစ်ခု၌ ကောင်းကင်တမန်များအား အကြံပြုစေတော်မူခဲ့သည်။ အမှန်မှာ ဉာဏ်ပညာအလုံးစုံ၏ပင်ရင်း တည်းဟူသော ယေဟောဝါသည် အကောင်းဆုံးလုပ်ငန်းကို အကြံပြုရန် အကူအညီမလိုအပ်ပေ! သို့ဖြစ်လျက်ပင် ကိုယ်တော်သည် ကောင်းကင်တမန်များအား ဖြေရှင်းနည်းများကို အကြံပြုတင်ပြစေသည့်အခွင့်အရေးနှင့် ကိုယ်တော်ရွေးချယ်သည့်နည်းလမ်းအတိုင်း ဆောင်ရွက်ရန် အခွင့်အာဏာကို ချီးမြှင့်တော်မူသည်။—၃ ဓမ္မရာဇဝင် ၂၂:၁၉-၂၂။
၁၉။ (က) ယေဟောဝါသည် ချမှတ်တော်မူသော ပညတ်ဥပဒေများကို မိမိအဘယ်ကြောင့် ကန့်သတ်တော်မူသနည်း။ (ခ) ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ တောင်းဆိုချက်ပြုရာတွင် အကျိုးသင့်အကြောင်းသင့်သဘောရှိကြောင်း မည်သို့ဖော်ပြသနည်း။
၁၉ ယေဟောဝါသည် သူတစ်ပါးကို အလွန်အမင်းချုပ်ချယ်ရန်အတွက် မိမိ၏အခွင့်အာဏာတော်ကို အသုံးပြုတော်မမူ။ ဤကိစ္စတွင်လည်း ကိုယ်တော်သည် တုနှိုင်းဖွယ်ကင်းသော အကျိုးသင့်အကြောင်းသင့်ရှိခြင်းသဘောကို တင်ပြတော်မူ၏။ ကိုယ်တော်တိုင် ချမှတ်တော်မူသည့် ဥပဒေအရေအတွက်တို့ကို အသေအချာကန့်သတ်ရုံမက ‘ကျမ်းစာကိုလွန်’ ၍ ဝန်လေးစေသည့် ကိုယ်ပိုင်ဥပဒေများကို မထုတ်ဆင့်ရဟု ကိုယ်တော့်ကျေးကျွန်များအား တားမြစ်တော်မူသည်။ (၁ ကောရိန္သု ၄:၆; တမန်တော် ၁၅:၂၈; မဿဲ ၂၃:၄ ခြားနားချက်နှိုင်းယှဉ်။) ဆင်ကန်းတောတိုး နာခံမှုကို မတောင်းဆိုဘဲ လမ်းညွှန်ချက် အလုံအလောက်ပေးပြီး နာခံခြင်း၏အကျိုးနှင့် မနာခံခြင်း၏အကျိုးတို့ကို အသိပေးပြီး ကြိုက်ရာကို ရွေးချယ်စေတော်မူသည်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) လူတို့အား အပြစ်ရှိစေခြင်း၊ ရှက်စေခြင်း၊ သို့မဟုတ် ကြောက်ရွံ့စေခြင်းဖြင့် အနိုင်အထက်ပြုမည့်အစား နှလုံးထိမိအောင် ကြံဆောင်တော်မူသည်; အတင်းအကျပ်ပြုခြင်းကြောင့်မဟုတ်ဘဲ မေတ္တာစစ်ဖြင့် ဝတ်ပြုသည်ကို ကိုယ်တော်လိုလားတော်မူသည်။ (၂ ကောရိန္သု ၉:၇) ဤသို့သော စိုးလ်အကြွင်းမဲ့ဝတ်ပြုမှုအားလုံးသည် ဘုရားသခင့်စိတ်တော်ကို ရွှင်လန်းစေသည်။ သို့ဖြစ်၍ ကိုယ်တော်သည် အကျိုးသင့်အကြောင်းသင့်မရှိသော “ကြမ်းတမ်းသောသဘောရှိ” သူမဟုတ်ပေ။—၁ ပေတရု ၂:၁၈; သု. ၂၇:၁၁; မိက္ခာ ၆:၈ နှိုင်းယှဉ်။
၂၀။ ယေဟောဝါ၏ အကျိုးသင့်အကြောင်းသင့်ရှိခြင်းသဘောသည် ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။
၂၀ ဖန်ဆင်းခံသတ္တဝါအားလုံးထက် တန်ခိုးကြီးမားတော်မူသော ယေဟောဝါဘုရားသခင်သည် တန်ခိုးတော်ကို အဆင်အခြင်ကင်းမဲ့စွာ အသုံးမပြုသကဲ့သို့ နိုင်လိုမင်းထက်ပြုရန်လည်း ဘယ်သောအခါမျှ အသုံးမပြုသည်မှာ မှတ်သားဖွယ်ရာမဟုတ်ပေလော။ သို့သော် ကိုယ်တော်နှင့် နှိုင်းယှဉ်လျှင် ပါမွှားမျှသာဖြစ်သော လူသားများမူကား သမိုင်းတစ်လျှောက် တစ်ယောက်ကိုတစ်ယောက် နိုင်ထက်စီးနင်းပြုခဲ့ကြပြီ။ (ဒေသနာ ၈:၉) အကျိုးသင့်အကြောင်းသင့်ရှိခြင်းသည် တန်ဖိုးအနဂ္ဃရှိသော အရည်အချင်းဖြစ်သည့်အပြင် ယေဟောဝါကို ဆထက်ထမ်းပိုး တိုး၍ချစ်မြတ်နိုးစေသည့် အရည်အချင်းဖြစ်သည်မှာ ထင်ရှားပါသည်။ ယင်းက ကျွန်ုပ်တို့အား ယင်းအရည်အချင်းကို မွေးမြူရန် လှုံ့ဆော်ပေးမည်။ ကျွန်ုပ်တို့သည် မည်သို့ပြုနိုင်သနည်း။ ဤအကြောင်းကို နောက်ဆက်တွဲဆောင်းပါးက ဆွေးနွေးတင်ပြလိမ့်မည်။
a လွန်ခဲ့သော ၁၇၆၉ ခုနှစ်က အဘိဓာန်ပြုစုသူ ဂျောန် ပါခ်ဟပ်စ်တ်က ထိုစကားလုံးကို “အလျှော့အတင်းရှိသော၊ အလျှော့အတင်းရှိသည့်စိတ်ထားနှင့်ဆိုင်သော၊ နူးညံ့သော၊ သိမ်မွေ့သော၊ စိတ်ရှည်သော” ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အခြားပညာရှင်များကလည်း “အလျှော့အတင်းရှိသော” ဟူ၍ အနက်ပေးကြသည်။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ယေဟောဝါ၏နာမတော်နှင့် ကိုယ်တော်၏ ကောင်းကင်ရထားတော်ဆိုင်ရာ ရူပါရုံက ကိုယ်တော်၏ အလိုက်သင့်ပြောင်းလဲပြုပြင်တတ်သောအစွမ်းကို မည်သို့အလေးအနက် ဖော်ပြသနည်း။
◻ အကျိုးသင့်အကြောင်းသင့်ရှိခြင်းကား အဘယ်နည်း။ ယင်းသည် မြင့်မြတ်သောဉာဏ်ပညာတော်၏ အမှတ်အသား အဘယ်ကြောင့်ဖြစ်သနည်း။
◻ ယေဟောဝါသည် “အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံ” တော်မူကြောင်း အဘယ်နည်းများဖြင့် တင်ပြတော်မူခဲ့ပြီနည်း။
◻ အချို့သောအခြေအနေများတွင် ယေဟောဝါသည် ရည်ရွယ်ထားသည့်လုပ်ငန်းကို ပြောင်းလဲပြုပြင်ရန် အဘယ်ကြောင့်ရွေးချယ်တော်မူသနည်း။
◻ ယေဟောဝါသည် အခွင့်အာဏာအသုံးပြုရာတွင် အကျိုးသင့်အကြောင်းသင့်ရှိကြောင်း မည်သို့ဖော်ပြသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
မင်းဆိုးမနာရှေကို ယေဟောဝါ အဘယ်ကြောင့် ခွင့်လွှတ်တော်မူသနည်း