တစ်ယူသန်ဂိုဏ်း—ယင်းတို့ကားအဘယ်နည်း
၁၉၉၃ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်က—ဥပဒေထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကိုယ်စားလှယ်တစ်ရာကျော်တို့သည် ယောက်ျား၊ မိန်းမနှင့် ကလေးများစွာနေထိုင်သည့် အိမ်ရာများရှိသော ခြံဝင်းတစ်ခုကို လျှပ်တစ်ပြက်ဝင်ရောက်စီနင်းခဲ့သည်။ ရည်ရွယ်ချက်မှာ တရားမဝင်လက်နက်များရှာဖွေရန်နှင့် မသင်္ကာသည့်ရာဇဝတ်ကောင်များကို ဖမ်းဆီးရန်ဖြစ်သည်။ ထိုကိုယ်စားလှယ်များ အလွန်အံ့သြသွားရသည်ကား အဆောက်အအုံများထဲမှ ကျည်ဆံများ သူတို့ထံသို့ပျံဝဲလာခြင်းကြောင့်ဖြစ်သည်။ သူတို့လည်း ပြန်လည်ပစ်ခတ်ခဲ့ကြသည်။
ဤခုခံတိုက်ခိုက်မှုကြောင့် လူဆယ်ဦးသေပြီး အများအပြားဒဏ်ရာရကြသည်။ နောက်ထပ်ရက်ပေါင်း ၅၀ အတွင်း အစိုးရကိုယ်စားလှယ်များသည် တိုက်ပွဲငယ်ကလေးတစ်ခုဆင်နွှဲရန် ထိုခြံဝင်းကို လက်နက်အပြည့်အစုံဖြင့်ဝိုင်းထားလိုက်ကြသည်။ အဝေးမှအရိပ်အခြေစောင့်ကြည့်သူများထဲမှ ကလေးငယ် ၁၇ ဦးအပါအဝင် လူပေါင်း ၈၆ ဦးသေဆုံးရသည့် နောက်ဆုံးတိုက်ပွဲဖြင့် နိဂုံးချုပ်ခဲ့သည်။
သို့သော် ဆန့်ကျင်ခုခံသူကားမည်သူနည်း။ မူးယစ်ဆေးဝါးဂိုဏ်းတစ်ဂိုဏ်းလော။ ပျောက်ကျားအဖွဲ့တစ်ဖွဲ့လော။ မဟုတ်ပါ။ သင်သိကောင်းသိမည်ဖြစ်သည့် “ဆန့်ကျင်ခုခံသူ” ကား ဘာသာရေးအသင်းသားများပါဝင်သည့် တစ်ယူသန်ဂိုဏ်းဖြစ်သည်။ သူတို့၏ဝမ်းနည်းဖွယ်အဖြစ်က အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်အလယ်ပိုင်းလွင်ပြင်ရှိ မထင်ရှားသောအဖွဲ့အစည်းငယ်တစ်ခုကို နိုင်ငံတကာအားအာရုံစိုက်လာစေခဲ့သည်။ လေလှိုင်းနှင့်သတင်းစာမျက်နှာများတွင် အယူသီးလွန်းသော ထိုတစ်ယူသန်ဂိုဏ်း၏အန္တရာယ်နှင့်ပတ်သက်သည့် မှတ်တမ်းများ၊ ဝေဖန်ချက်များ၊ ကောက်ချက်များဖြင့် တစ်မုဟုတ်ချင်းပလူပျံသွားသည်။
ယင်းမတိုင်မီက သူတို့ခေါင်းဆောင်များ၏ဦးဆောင်မှုဖြင့် အသင်းသားများသေခြင်းသို့လားခဲ့ကြရသည့် အဖြစ်အပျက်များ– ၁၉၆၉ ခုနှစ်က ကာလီဖိုးနီးယားတွင် မယ်န်စန်လူသတ်ခြင်း; ၁၉၇၈ ခုနှစ်က ဂိုင်ယယ်နာနိုင်ငံ၊ ဂျုန်းစ်တောင်းမြို့တွင် လူအုပ်စုလိုက်ကိုယ့်ကိုယ်ကိုသတ်သေကြခြင်း; ၁၉၈၇ ခုနှစ်တွင် ကိုရီးယားမှ တစ်ယူသန်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူ ပါ့က် စွန်-ဂျာ က လူသတ်ခြင်းနှင့်ကိုယ့်ကိုယ်ကိုသတ်သေခြင်းဆိုင်ရာ သဘောတူညီချက်တစ်ခုကို လုပ်ကြံဖန်တီးခဲ့ပြီး ရလဒ်အနေနှင့် အဖွဲ့သား ၃၂ ဦးသေဆုံးခဲ့ခြင်းများအားဖြင့် လူအများသတိပေးခံခဲ့ရပြီဖြစ်သည်။ ထင်ရှားသည်ကား ထိုလူအများစုသည် မိမိတို့ကိုယ်ကိုခရစ်ယာန်များဟုဆိုကာ သမ္မာကျမ်းစာကိုယုံကြည်ပါသည်ဟုလည်း ဆိုကြသည်။
ရှင်းနေသည်ကား သမ္မာကျမ်းစာကို ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ် ရိုသေလေးစားသူများစွာတို့က ဤတစ်ယူသန်ဂိုဏ်းများ၏ သမ္မာကျမ်းစာအား အရှက်ကင်းမဲ့စွာတလွဲသုံးခြင်းကို အထိတ်တလန့်ဖြစ်ကုန်ကြသည်။ ရလဒ်အနေနှင့် နှစ်များတစ်လျှောက်တွင် တစ်ယူသန်ဂိုဏ်းများကိုပညာပေးရန်နှင့် သူတို့၏အန္တရာယ်ရှိသောလုပ်ရပ်များကို ဖော်ထုတ်ရန် ရာပေါင်းများစွာသောအသင်းအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ နှစ်အနည်းငယ်အတွင်းရောက်လာမည့် ထောင်စုနှစ်သစ်တွင် တစ်ယူသန်ဂိုဏ်းများမှိုလိုပေါက်လာမည်ဟု တစ်ယူသန်ဂိုဏ်းများ၏အမူအကျင့်များနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက ကြိုတင်ဟောကိန်းထုတ်ကြသည်။ သတင်းမဂ္ဂဇင်းတစ်စောင်က တစ်ယူသန်ဂိုဏ်းကိုဆန့်ကျင်သောအဖွဲ့များအဆိုအရ ထောင်ပေါင်းများစွာသောတစ်ယူသန်ဂိုဏ်းများသည် “သင့်ခန္ဓာကိုယ်နှင့်သင့်စိတ်ကိုချုပ်ကိုင်ရန်၊ သင့်စိုးလ်ကိုဖျက်ဆီးပစ်ရန် အဆင်သင့်ဖြစ်နေကြသည်။ . . . အနည်းငယ်ကသာ လက်နက်ကိုင်ကြသော်လည်း အများစုမှာ အန္တရာယ်ရှိသည်ဟုယူမှတ်ခံကြရသည်။ သူတို့သည် သင့်ကိုလှည့်ဖြားပြီး သင့်ငွေကြေးနှင့်ပိုင်ဆိုင်ရာများကိုယူကာ သင့်မင်္ဂလာဆောင်ပွဲနှင့် သင့်အသုဘပွဲတို့ကို စီစဉ်ပေးမည်” ဟုဖော်ပြထားသည်။
တစ်ယူသန်ဂိုဏ်းကားအဘယ်နည်း
လူများစွာတို့သည် တစ်ယူသန်ဂိုဏ်းဟူသောဝေါဟာရ၏ အဓိပ္ပာယ်အတိမ်အနက်ကိုမသိဘဲလျက် လွတ်လပ်စွာအသုံးပြုနေကြသည်။ ရှုပ်ထွေးမှုမဖြစ်စေရန် အချို့ဓမ္မပညာရှင်များက ထိုဝေါဟာရကို လုံးလုံးရှောင်ကြသည်။
ကမ္ဘာ့စွယ်စုံကျမ်း က ယင်းကို “ထုံးတမ်းစဉ်လာအားဖြင့် တစ်ယူသန်ဂိုဏ်းဟူသောဝေါဟာရသည် တစ်စုံတစ်ခုသောဝတ်ပြုရေး သို့မဟုတ် ထုံးတမ်းစဉ်လာကိုးကွယ်မှုကို စောင့်ထိန်းခြင်းအား ရည်ညွှန်းသည်” ဟု ရှင်းပြထားသည်။ ထိုစံထားသတ်မှတ်ချက်အရ ဘာသာရေးအဖွဲ့အစည်းအားလုံးကို တစ်ယူသန်ဂိုဏ်းများထဲတွင် စာရင်းသွင်းနိုင်သည်။ သို့သော် ယခုခေတ်ယေဘုယျသုံးနှုန်းပုံအရ တစ်ယူသန်ဂိုဏ်းဟူသောဝေါဟာရသည် ခြားနားသည့်အဓိပ္ပာယ်ရှိနေသည်။ အထက်ပါစွယ်စုံကျမ်းကပင် မှတ်ချက်ပြုထားသည်မှာ “၁၉၀၀ ပြည့်လွန်ဆယ်စုနှစ်များ၏ အလယ်သို့ရောက်လာသည်နှင့်အမျှ တစ်ယူသန်ဂိုဏ်းအပေါ်လူအများ၏အသိအမြင်သည် ထိုဝေါဟာရ၏အဓိပ္ပာယ်ကို ပြောင်းလဲခဲ့သည်။ ယခုအခါ ထိုဝေါဟာရသည် ဆန်းသစ်ပြီး အများယုံကြည်သက်ဝင်မှုအတိုင်းမဟုတ်သော အယူဝါဒများနှင့်အကျင့်အကြံများကို ထွန်းကားစေသည့် အသက်ရှင်နေသောခေါင်းဆောင်တစ်ဦး၏ နောက်သို့လိုက်သောလူအုပ်စုဟူ၍ အဓိပ္ပာယ်သက်ဝင်သည်” ဟူ၍ဖြစ်သည်။
ထိုဝေါဟာရ၏ ခေတ်စားနေသည့်သုံးနှုန်းပုံကို ထောက်ခံသောအားဖြင့် နယူးစ်ဝိခ် မဂ္ဂဇင်းက ရှင်းပြသည်မှာ တစ်ယူသန်ဂိုဏ်းတို့သည် “ပုံမှန်အားဖြင့် သေးငယ်၍ အစွန်းရောက်အမြင်ရှိသည့် အုပ်စုများဖြစ်ပြီး ယင်းတို့၏အသင်းသားများသည် တစ်ဦးတည်းသော၊ ကြည်ညိုလေးစားခံရသော သူတစ်ယောက်ထံမှ အသိအမှတ်ပြုခြင်းနှင့်ရည်ရွယ်ချက်တို့ကို ရရှိကြသည်။” အလားတူ အေးရှားဝိခ် မဂ္ဂဇင်းကလည်း “ထိုဝေါဟာရ [တစ်ယူသန်ဂိုဏ်း] ကိုယ်နှိုက်သည် ရှင်းလင်းပီပြင်မှုမရှိသော်လည်း ယင်းသည် မိမိကိုယ်ကို ဘုရားသခင်၏သရုပ်သကန်ဖြစ်သည်ဟု ကြွေးကြော်လေ့ရှိသော ကြည်ညိုလေးစားခံရသည့်ခေါင်းဆောင်ကို အခြေပြုသည့် ဘာသာရေးအယူဝါဒသစ်ဟု သတ်မှတ်လေ့ရှိသည်” ဟူ၍မှတ်ချက်ချထားသည်။
အမေရိကန်နိုင်ငံ၊ မေရီလဲန်ပြည်နယ်တွင် အကြိမ်တစ်ရာမြောက်ကျင်းပသော ညှိနှိုင်းဆွေးနွေးပွဲ၏ ပူးပေါင်းဆုံးဖြတ်ချက်တွင် သုံးထားသည့်အသုံးအနှုန်းကလည်း တစ်ယူသန်ဂိုဏ်းဟူသောဝေါဟာရ၏ ယုတ်ညံ့သောထပ်ဆင့်အဓိပ္ပာယ်ကိုဆောင်သည်။ ထိုဆုံးဖြတ်ချက်ကဖော်ပြသည်မှာ “တစ်ယူသန်ဂိုဏ်းဟူသည် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အယူအဆတစ်ခုကို အစွန်းရောက်သည့်စွဲလမ်းမှုတင်ပြသည့် လူတစ်စု သို့မဟုတ် လူမှုကျင့်ဝတ်နှင့်မညီညွတ်သော စဉ်းလဲစွာကြိုးကိုင်နိုင်သည့်နည်းစနစ်များဖြင့် သွေးဆောင်ဖြားယောင်းခြင်းကို အသုံးပြုကာ ခေါင်းဆောင်တို့၏ရည်မှန်းချက်များ တိုးတက်အောင်မြင်စေရန် ထိန်းချုပ်သည့်လှုပ်ရှားမှုတစ်ခုဖြစ်သည်။”
ရှင်းပါသည်၊ တစ်ယူသန်ဂိုဏ်းဟူသည် ယနေ့လူအများလက်ခံထားသော ပုံမှန်အမူအကျင့်နှင့်ဆန့်ကျင်သည့် အစွန်းရောက်အမြင်နှင့်အလေ့အကျင့်များရှိသော ဘာသာရေးအုပ်စုများဖြစ်သည်ဟု ယေဘုယျအားဖြင့် နားလည်ထားကြသည်။ သူတို့၏ဘာသာရေးလုပ်ရပ်များကို ပုန်းလျှိုးကွယ်လျှိုးပြုတတ်ကြသည်။ အများသောတစ်ယူသန်ဂိုဏ်းအုပ်စုတို့သည် လူမှုအဖွဲ့အစည်းများနှင့် သီးခြားနေကြသည်။ ကိုယ့်ကိုယ်ကိုဖော်ထုတ်ကြေညာသည့် လူသားခေါင်းဆောင်များအပေါ် သူတို့၏ကြည်ညိုလေးမြတ်ခြင်းသည် ခြွင်းချက်ကင်းပြီး တမ်းတမ်းစွဲသည့်အသွင်ရှိသည်။ ထိုခေါင်းဆောင်များက မိမိတို့သည် ဘုရား၏ရွေးချယ်ထားခြင်းခံရသူများ သို့မဟုတ် ဘုရား၏သဘာဝကိုပင်ရရှိထားသူများဟူ၍ ဝါကြွားလေ့ရှိကြသည်။
အခါအားလျော်စွာ တစ်ယူသန်ဂိုဏ်းကိုဆန့်ကျင်သည့်အဖွဲ့အစည်းများနှင့် သတင်းဌာနများက ယေဟောဝါသက်သေများအား တစ်ယူသန်ဂိုဏ်းတစ်ခုဟု ဆိုကြသည်။ မကြာသေးမီက ထုတ်ဝေသည့်သတင်းစာများစွာတို့တွင် သက်သေခံများအား ကန့်ကွက်စရာအကျင့်အကြံများကြောင့် ထင်ရှားသည့် ဘာသာရေးအုပ်စုများထဲတွင် ထည့်သွင်းဖော်ပြထားသည်။ သို့သော် ယေဟောဝါသက်သေများအား အစွန်းရောက်သည့်ဘာသာရေးအဖွဲ့ငယ်တစ်ခုဟု ရည်ညွှန်းခြင်းသည် မှန်ကန်ပါမည်လော။ တစ်ယူသန်ဂိုဏ်းအဖွဲ့ဝင်များသည် မိတ်ဆွေများ၊ မိသားစုများနှင့် လူ့လောကနှင့်ပင် သီးခြားနေကြသည်။ ယေဟောဝါသက်သေများ ထိုသို့ ဖြစ်သလော။ ယေဟောဝါသက်သေများသည် စဉ်းလဲပြီးလူအများလက်မခံသည့် နည်းစနစ်များကိုသုံး၍ အသင်းသားတိုးအောင်လုပ်နေပါသလော။
တစ်ယူသန်ဂိုဏ်းခေါင်းဆောင်များသည် မိမိတို့နောက်လိုက်များ၏စိတ်ကို ထိန်းချုပ်နိုင်ရန် စဉ်းလဲစွာကြိုးကိုင်နိုင်သည့်နည်းစနစ်များ မည်သို့အသုံးပြုရမည်ကို သိကြသည်။ ယေဟောဝါသက်သေများ ထိုသို့ ပြုကြောင်း အထောက်အထားတစ်စုံတစ်ရာရှိပါသလော။ သူတို့၏ဝတ်ပြုရေးသည် လျှို့ဝှက်ချက်ဖြင့်ဖုံးကွယ်နေသလော။ သူတို့သည် လူသားခေါင်းဆောင်တစ်ဦးနောက်သို့လိုက်ပြီး သူ့ကိုကြည်ညိုနေသလော။ ရှင်းရှင်းပြောရလျှင် ယေဟောဝါသက်သေများသည် တစ်ယူသန်ဂိုဏ်းတစ်ခုဖြစ်သလော။
[Picture Credit Line on page 3]
Jerry Hoefer/Fort Worth Star Telegram/Sipa Press