ကိုယ်နှင့်စပ်ဆိုင်သောသူကို အဘယ်ကြောင့်ချစ်ရမည်နည်း
ထဝရအသက်ရရန် ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်ခြင်းအပေါ် မူတည်သည်။ ယင်းအချက်ကို လွန်ခဲ့သော အနှစ် ၂,၀၀၀ ခန့်ကဖော်ပြခဲ့ပါသည်။
မောရှေ၏ ပညတ္တိကျမ်းတတ်၊ ဂျူးအမျိုးသားတစ်ဦးက ယေရှုခရစ်အား “ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း” ဟုမေးမြန်းခဲ့ရာ ယေရှုက “ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည် အဘယ်သို့ ဖတ်သနည်း” ဟုမေးလေသော် ထိုသူက ပညတ္တိကျမ်းကို ကိုးကား၍ “‘သင်၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုစိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့။’ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’” ဟုလျှောက်လေ၏။ ယေရှုက “သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်” ဟုမိန့်တော်မူသည်။—လုကာ ၁၀:၂၅-၂၈။
ထိုအခါ ယေရှုအားမေးမြန်းသူက “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟုမေးခွန်းထုတ်သည်။ အဖြေကို တိုက်ရိုက်ပေးမည့်အစား ဓားပြတိုက်ခံရပြီးရိုက်နှက်ကာ သေလုမတတ်ရှိသော ပစ်ထားခံရသည့် ဂျူးတစ်ယောက်အကြောင်း ပုံဥပမာတစ်ခုကို ယေရှုပေးခဲ့သည်။ ထိုလမ်းသို့ ဂျူးနှစ်ယောက်—ဦးဆုံး ယဇ်ပုရောဟိတ်တစ်ယောက်၊ ထိုနောက် လေဝိလူတစ်ယောက်—ရောက်လာသည်။ သူတို့နှစ်ဦးစလုံး ဂျူးအမျိုးသားချင်း၏အဖြစ်ကို တွေ့မြင်သော်လည်း အကူအညီမပေးခဲ့ပါ။ ယင်းနောက် ရှမာရိလူတစ်ယောက် ရောက်လာသည်။ သနားကြင်နာစိတ်ဖြင့် ထိုဂျူး၏ဒဏ်ရာဒဏ်ချက်များကို ဆေးထည့်၊ အဝတ်နှင့်ပတ်စည်းပြီး ဇရပ်တစ်ခုသို့ ပို့ဆောင်ပေးကာ သူ့အားပြုစုပေးခြင်းငှာ ငွေကိုထုတ်ပေးခဲ့သည်။
ထိုနောက် စုံစမ်းမေးမြန်းသူအား ယေရှုက “ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ဓားပြလက်သို့ရောက်သောသူနှင့်စပ်ဆိုင်သောသူ ဖြစ်သနည်း” ဟုမေးတော်မူခဲ့သည်။ ကရုဏာရှိသောရှမာရိအမျိုးသားဖြစ်သည်မှာ ရှင်းနေပါသည်။ ကိုယ်နှင့်စပ်ဆိုင်သောသူအပေါ်စစ်မှန်သောချစ်ခြင်းသည် လူမျိုးရေးဆိုင်ရာ ခွဲခြားမှုများထက် မြင့်မားကြောင်း ဤသို့အားဖြင့် ယေရှုတင်ပြခဲ့သည်။—လုကာ ၁၀:၂၉-၃၇။
ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းကင်းမဲ့
ယနေ့ လူမျိုးမတူသော လူစုများအချင်းချင်း ရန်လိုမုန်းထားစိတ် တိုးပွားနေပါသည်။ ဥပမာ၊ ဂျာမနီနိုင်ငံရှိ နာဇီလက်သစ်တို့သည် မကြာမီက လူတစ်ယောက်ကို တိုက်လှဲပစ်ပြီး သူတို့၏ဘွတ်ဖိနပ်များနှင့် တက်နင်းခဲ့ကြရာ နံရိုးအားလုံးနီးပါး ကျိုးသွားစေခဲ့သည်။ ထိုနောက် ပြင်းသောအရက်ယမကာကို သူ့အပေါ်လောင်းချ၍ မီးရှို့ခဲ့ကြသည်။ ထိုသူမှာ ဂျူးလူမျိုးဖြစ်သည်အထင်နှင့် သေရန်အတွက် ပစ်ထားခံရပြီး အကြမ်းဖက်ခံခဲ့ရခြင်းဖြစ်သည်။ အခြား မဆက်စပ်သောအဖြစ်အပျက်တစ်ခုတွင် ဟမ်ဘာ့ဂ်မြို့အနီးရှိ အိမ်တစ်လုံးသည် မီးကွင်းပစ်ခံခဲ့ရ၍ တူရကီနွယ်ဖွားသုံးဦး—တစ်ဦးမှာ ဆယ်နှစ်သမီး—မီးလောင်သေဆုံးခဲ့သည်။
ဘောလ်ကန်ဒေသနှင့် ထိုထက်အရှေ့ကျကျအရပ်တွင် လူမျိုးရေးစစ်ပွဲများကြောင့် ထောင်ပေါင်းများစွာသောသူတို့ သေဆုံးနေကြပါသည်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများတွင် နောက်ခံမတူသူ လူမြောက်မြားစွာ၏အရေးအခင်းတွင် များစွာသေဆုံးကြသည်။ အာဖရိကနိုင်ငံတွင်လည်း လူမျိုးစုနှင့် လူမျိုးရေးပဋိပက္ခများကြောင့် အခြားသူမြောက်မြားစွာ သေဆုံးခဲ့သည်။
လူအများစုသည် ဤသို့သောအဓမ္မမှုတို့ကြောင့် အထိတ်တလန့်ဖြစ်ကြပြီး ကိုယ်နှင့်စပ်ဆိုင်သူကို အဘယ်နည်းဖြင့်မျှ အန္တရာယ်ပြုကြမည့်သူများ မဟုတ်ပါ။ အမှန်မှာ၊ လူမျိုးစုအဓမ္မမှုကို ပြစ်တင်ရှုတ်ချသည့် ဆန္ဒပြပွဲများ ဂျာမနီနိုင်ငံတွင် အကြီးအကျယ်ဖြစ်ပျက်ခဲ့သည်။ သို့တိုင် ဗြိတိန်စွယ်စုံကျမ်းသစ် က “ကမ္ဘာ့ယဉ်ကျေးမှု အားလုံးနီးပါးမှ သူတို့က မိမိတို့၏ဘဝပုံစံသည် အနီးအနားမှ ကိုယ်နှင့်စပ်ဆိုင်သောသူများထက်ပင် အဆင့်မြင့်သည်ဟု ယူမှတ်ကြသည်” ဟုဆိုသည်။ ဤသဘောထားများက ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းပြဖို့အတွက် အခက်အခဲဖြစ်စေသည်။ အသက်ရှင်ခြင်းသည် ဘုရားသခင်ကိုချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းအပေါ် မူတည်သည်ဟု ယေရှုကိုယ်တော်တိုင် မိန့်တော်မူခဲ့သည့်အတွက် ယင်းအမှုကို ဖြေရှင်းပေးနိုင်ပါမည်လော။
[Picture Credit Line on page 2]
Cover: Jules Pelcog/Die Heilige Schrift
[Picture Credit Line on page 3]
The Good Samaritan/The Doré Bible Illustrations/Dover Publications, Inc.