ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၅/၁၅ စာ. ၁၂-၁၇
  • “အသက်ကြီးသူများကို ခေါ်ပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အသက်ကြီးသူများကို ခေါ်ပါ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကူညီပေးမှု အပါး၌ရှိနေ
  • “လူတို့တွင်ဆုလာဘ်များ”
  • ကိုယ်က အစပြုဆောင်ရွက်ခြင်း
  • “အသက်ကြီးသူများ” မည်သို့ကူညီပေး
  • ကိုယ်ရေးကိုယ်တာ တာဝန်နှင့် ဆုတောင်းခြင်း
  • ယေဟောဝါ၏သိုးတော်စုကို စောင့်ရှောက်ရန် “လူတို့တွင်ဆုလာဘ်များ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • “အကြီးအကဲတွေကို ခေါ်ပါ”
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • “လူတို့တွင်ဆုလာဘ်များ” ကိုလေးမြတ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဦးဆောင်သူတို့၏စကားကို နားထောင်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၅/၁၅ စာ. ၁၂-၁၇

“အသက်ကြီးသူများကို ခေါ်ပါ”

“သင်တို့တွင် ဖျားနာသောသူရှိသလော။ အသင်းတော်၏အသက်ကြီးသူများကိုခေါ်ပါလေ။”—ယာကုပ် ၅:၁၄၊ ကဘ။

၁၊ ၂။ (က) အဘယ်စိုးရိမ်ဖွယ်ရာအခြေအနေမျိုးတွင် ယခုယေဟောဝါကျေးကျွန်များ ရောက်ရှိနေကြသနည်း။ သူတို့မည်သို့ခံစားကြရမည်နည်း။ (ခ) ယခု အဘယ်မေးခွန်းများမေးမြန်းစရာအကြောင်း ပေါ်သနည်း။

“ခဲယဉ်းသောကာလ” ရောက်လေပြီ။ လူတို့သည် အတ္တဆန်ဆန်၊ ရုပ်ပစ္စည်းမက်မောစွာ၊ မာနထောင်လွှားကာ ကျင့်ကြံပြုမူကြသောကြောင့် ဤ “နောက်ဆုံးအချိန်” တွင် အများအားဖြင့် မငြိမ်မသက်မှုကို နှိုးဆော်ဖြစ်ပွားစေနေကြပါသည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ) လက်ရှိဆိုးသွမ်းသောအစီအစဉ်စနစ်တွင် အသက်ရှင်နေကြသောခရစ်ယာန်များအနေနှင့် အန္တရာယ်ကြီးသုံးပါး၏ခြိမ်းခြောက်မှုကို ကျွန်ုပ်တို့ခံနေကြရသည်။ ယင်းတို့မှာ စာတန်မာရ်နတ်၊ ဘုရားတရားမဲ့သော လောကီသားများနှင့် ကိုယ်တွင်းရှိ မွေးရာပါအပြစ်ပြုလိုသောသဘောများဖြစ်ပါသည်။—ရောမ ၅:၁၂။ ၁ ပေတရု ၅:၈။ ၁ ယောဟန် ၅:၁၉။

၂ ဤအန္တရာယ်များကိုရင်ဆိုင်နေကြရသောကြောင့် တစ်ခါတစ်ရံအဘက်ဘက်မှ လွှမ်းမိုးခံနေရပေမည်။ ထိုအခါ သစ္စာရှိရှိ ခံရပ်နိုင်ရန် ထောက်ပံ့ကူညီမှုကို အဘယ်မှရရှိနိုင်မည်နည်း။ ကျွန်ုပ်တို့၏ခရစ်ယာန်လုပ်ငန်းရပ်များနှင့် ဝတ်ပြုရေးဆိုင်ရာ ဆုံးဖြတ်ချက်များပြုရန် အရေးအကြောင်းကြုံလာသည့်အခါ လမ်းပြညွှန်ကြားမှုအတွက် မည်သူ့ထံ၌ အကူအညီတောင်းဆိုနိုင်မည်နည်း။

ကူညီပေးမှု အပါး၌ရှိနေ

၃။ မည်သူ့ထံမှ စိတ်သက်သာမှုများစွာရနိုင်သနည်း။ မည်သို့အားဖြင့်နည်း။

၃ ယေဟောဝါသည် ခွန်အားပေးရှင်ဖြစ်ကြောင်း သိရှိထားခြင်းက စိတ်သက်သာမှုများစွာရရှိစေသည်။ (၂ ကောရိန္သု ၁:၃၊ ၄။ ဖိလိပ္ပိ ၄:၁၃) ဘုရားသခင့်အကူအညီရရှိခဲ့သော ဆာလံဆရာဒါဝိဒ်သည် ဤသို့ကြွေးကြော်ခဲ့ပါသည်။ “ကိုယ်အမှုအရာကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၌အပ်လော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်။” “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။” (ဆာလံ ၃၇:၅။ ၅၅:၂၂) ဤကဲ့သို့သော ထောက်ပံ့ကူညီမှုအတွက် ကျေးဇူးကြီးလှသည်ပါတကား။

၄။ ပေတရုနှင့်ပေါလုတို့သည် စိတ်သက်သာမှုကို မည်သို့ပေးပါသနည်း။

၄ စုံစမ်းခြင်းများနှင့် ဘေးအန္တရာယ်များကို ကျွန်ုပ်တို့တစ်ဦးတည်းသာ ရင်ဆိုင်နေရသည်မဟုတ်ကြောင်း သိရှိထားခြင်းမှလည်း စိတ်သက်သာမှုရယူနိုင်ပါသည်။ တမန်တော်ပေတရုက ခရစ်ယာန်ချင်းတို့အား ဤသို့တိုက်တွန်းခဲ့သည်။ “လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကိုခံရကြသည်ဟုသိမှတ်လျက် ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကိုဆီးတားကြလော့။” (၁ ပေတရု ၅:၉) ခရစ်ယာန်အပေါင်း ယုံကြည်ခြင်း၌ တည်တံ့မြဲမြံလိုကြသည်အမှန်။ တမန်တော်ပေါလုနည်းတူ ကျွန်ုပ်တို့လည်း “အမျိုးမျိုးသောနှောင့်ယှက်ခြင်း” ကိုမကြာခဏခံရမည်ဖြစ်သည်။ သို့သော်လည်း သူသည် ‘မလှုပ်နိုင်သည်တိုင် ဖိနှိပ်ခံရခြင်း’ မရှိခဲ့ပါ။ သူ့နည်းတူ စိတ်ရှုပ်ထွေးမည်ဖြစ်သော်လည်း ‘ထွက်လွတ်ရာလမ်းမရှိဘဲမနေပါ။’ ညှဉ်းပန်းနှိပ်စက်ခံရသည်တိုင် ‘ခိုကိုးရာမဲ့မဟုတ်’ ပါ။ “အောက်သို့လှဲခြင်းကိုခံရ” လျှင်လည်း ‘ပျက်စီးသည်မဟုတ်ပါ။’ ထိုကြောင့် ‘ကျွန်ုပ်တို့သည် တွန့်ဆုတ်ခြင်းမရှိပါ။’ “ထင်ရှားသောအရာတို့ကိုမကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကိုကြည့်မှတ်ကြ” ရန်ကျွန်ုပ်တို့ကြိုးစားနေကြပါသည်။ (၂ ကောရိန္သု ၄:၈၊ ၉၊ ၁၆၊ ၁၈) ယင်းသို့ မည်သို့ပြုနိုင်မည်နည်း။

၅။ အဘယ်သုံးနည်းသုံးမျိုးဖြင့် ယေဟောဝါရှင်မစကူညီတော်မူသနည်း။

၅ “ပတ္ထနာစကားကို နားထောင်တော်မူသော” ယေဟောဝါရှင်သည် သုံးနည်းသုံးမျိုးဖြင့် မစကူညီတော်မူ၏။ (ဆာလံ ၆၅:၂။ ၁ ယောဟန် ၅:၁၄) ဦးဆုံး၊ ကိုယ်တော်၏မှုတ်သွင်းခံနှုတ်ကပါဌ်တော် သမ္မာကျမ်းစာအားဖြင့် ကိုယ်တော်လမ်းပြညွှန်ကြားတော်မူသည်။ (ဆာလံ ၁၁၉:၁၀၅။ ၂ တိမောသေ ၃:၁၆) ဒုတိယ၊ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်သည် အလိုတော်ကိုဆောင်ရွက်နိုင်ရန် ခွန်အားပေးတော်မူသည်။ (တမန်တော် ၄:၂၉-၃၁ နှိုင်းယှဉ်။) တတိယ၊ ယေဟောဝါ၏ မြေကြီးဆိုင်ရာအဖွဲ့အစည်းသည် ကူညီမစပေးခြင်းငှာ အသင့်ရှိပေသည်။ ကူညီမစမှုရယူနိုင်ရန် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။

“လူတို့တွင်ဆုလာဘ်များ”

၆။ တဗေရအရပ်တွင် ယေဟောဝါမည်သို့ကူညီပေးသနည်း။ မည်သို့အားဖြင့်နည်း။

၆ ပရောဖက်မောရှေခေတ်က အဖြစ်အပျက်တစ်ခုအားဖြင့် ယေဟောဝါကျေးကျွန်များအတွက် ကိုယ်တော်၏မေတ္တာပါပြင်ဆင်ချက်ကို တန်ဖိုးထားလေးမြတ်ရန် အကူအညီရပါသည်။ “မီးလောင်ခြင်း၊ မီးအကြီးအကျယ်လောင်ခြင်း၊ မီးတောက်မီးလျှံ” အဓိပ္ပာယ်ရှိတဗေရအရပ်တွင် ဖြစ်ပျက်ခဲ့သည်။ ဆန့်ကျင်မြည်တမ်းနေသောဣသရေလလူမျိုးအပေါ် ဤသိနာတောအရပ်၌ ဘုရားသခင်၏မီးသည် ကျရောက်လောင်ကျွမ်းခဲ့သည်။ အီဂျစ်ပြည်မှထွက်လာသော ဣသရေလလူမျိုးနှင့် “ရောနှော” ပါလာသည့် လူအုပ်ကြီးလည်း ဘုရားပေးအစာရေစာကို မကျေနပ်မှုတင်ပြကြသည်။ ဘုရားသခင့်အမျက်တော်ကိုသတိမပြုသည့်အပြင် လူတို့၏လိုအပ်ရာများကို ဖြည့်စွက်ပေးရသည့်တာဝန်ပိနေသည်ဟု ခံစားရသောမောရှေသည် ဤသို့ဟစ်ကြွေးခဲ့သည်။ “ဤလူအပေါင်းတို့ကို အကျွန်ုပ်တစ်ယောက်တည်းသာ မဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသောဝန်လည်း လေးလွန်းပါ၏။ ထိုသို့ အကျွန်ုပ်၌ ပြုတော်မူလျှင်လည်းကောင်း၊ စိတ်တွေ့တော်မူလျှင်လည်းကောင်း အကျွန်ုပ်ကို အလျင်အမြန်သေစေတော်မူပါ။” (တောလည်ရာ ၁၁:၁-၁၅) ယေဟောဝါ မည်သို့တုံ့ပြန်ပါသနည်း။ “ဣသရေလအမျိုးသား အသက်ကြီးသူခုနစ်ကျိပ်တို့ကို” ကိုယ်တော်ခန့်အပ်တော်မူပြီး စီမံကွပ်ကဲရေးအလုပ်ကို မောရှေနှင့်အတူ ပါဝင်ဆောင်ရွက်စေခြင်းငှာ သူတို့အပေါ် ဝိညာဉ်တော်သွန်းလောင်းတော်မူခဲ့သည်။ (တောလည်ရာ ၁၁:၁၆၊ ၁၇၊ ၂၄၊ ၂၅) အရည်အချင်းပြည့် ဤသူတို့ကို ခန့်အပ်ပြီးနောက် ဣသရေလလူမျိုးနှင့် “အမျိုးမျိုးသောလူအများ” ကိုကူညီပေးရန် ပိုလွယ်ကူသွားပါသည်။—ထွက်မြောက်ရာ ၁၂:၃၈။

၇၊ ၈။ (က) ရှေးဣသရေနိုင်ငံတွင် “လူအသွင်ဆုလာဘ်များ” ကို ယေဟောဝါမည်သို့ပေးသနည်း။ (ခ) ဆာလံ ၆၈:၁၈ ၏ပထမရာစုပြည့်စုံချက်ကို ပေါလုမည်သို့တင်ပြသနည်း။

၇ ဣသရေလလူမျိုးသည် ကတိထားရာပြည်တွင် နှစ်အနည်းငယ်နေထိုင်ကြပြီးနောက် ပုံဆောင်စကားအားဖြင့် ယေဟောဝါရှင်သည် ဇိအုန်တောင်ပေါ်တက်၍ ဘုရင်အဖြစ်အစိုးရသောဒါဝိဒ်နိုင်ငံတော်၏ မြို့တော်အဖြစ် ယေရုရှလင်မြို့ကိုသတ်မှတ်တော်မူသည်။ “အနန္တတန်ခိုးရှင်” ဘုရားသခင်ကို ဒါဝိဒ်ဤသို့ချီးမွမ်းထောမနာပြုခဲ့သည်။ “ကိုယ်တော်သည် မြင့်သောအရပ်သို့တက်ကြွတော်မူသဖြင့် များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ . . . လူတို့အသွင်ဆုလာဘ်များကိုခံရတော်မူပြီ။” (ဆာလံ ၆၈:၁၄၊ ၁၈၊ ကဘ) မှန်ပါသည်။ ကတိထားရာပြည်ကို သိမ်းပိုက်ခဲ့စဉ်က သုံ့ပန်းများအဖြစ် ခေါ်ဆောင်လာခဲ့သူတို့သည် လေဝိသားများ၏တာဝန်ကို ဝိုင်းဝန်းကူညီ ထမ်းဆောင်ပေးကြရသည်။—ဧဇရ ၈:၂၀။

၈ စီအီးပထမရာစုတွင် ဆာလံဆရာ၏စကားများသည် ပရောဖက်ပြုသည့်အတိုင်း ပြည်စုံလာခဲ့ခြင်းကို ခရစ်ယာန်တမန်တော်ပေါလု ဂရုပြုစေခဲ့သည်။ ပေါလု ဤသို့ရေးသားခဲ့သည်။ “ခရစ်တော်သည် အခမဲ့ဆုပေးတော်မူသည်အတိုင်း ငါတို့သည် ကျေးဇူးတော်ကို အသီးအသီး ကိုယ်စီခံရကြပြီ။ ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား ‘မြင့်သောအရပ်သို့တက်ကြွတော်မူသဖြင့် များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍ လူတို့တွင် ဆုလာဘ်များကိုခံရတော်မူပြီ’ ဟုလာသတည်း။ ‘တက်ကြွတော်မူသည်’ ဟုဆိုသော် မြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကိုရည်မှတ်၍ ဆိုသည်မဟုတ်လော။ ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှာ ခပ်သိမ်းသောကောင်းကင်တို့၏အထွတ်ကိုလွန်၍ တက်ကြွတော်မူသောသူဖြစ်သတည်း။” (ဧဖက် ၄:၇-၁၀၊ ကဘ) ဤ “သူသည်” အဘယ်သူနည်း။ ယေဟောဝါ၏ကိုယ်စားလှယ်တော် သာ၍ကြီးမြတ်တော်မူသော ဒါဝိဒ်၊ မေရှိယဘုရင် ယေရှုခရစ်တော်ပင်တည်း။ ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူ၍ “အလွန်ချီးမြှောက်” တော်မူသောအရှင် ဖြစ်သတည်း။—ဖိလိပ္ပိ ၂:၅-၁၁။

၉။ (က) ပထမရာစု လူတို့တွင်ဆုလာဘ်များကား မည်သူများနည်း။ (ခ) မျက်မှောက်ခေတ် လူတို့တွင်ဆုလာဘ်များကား မည်သူတို့နည်း။

၉ သို့ဖြစ်လျှင် ဤ “လူတို့တွင်ဆုလာဘ်များ” (သို့မဟုတ် “လူတို့ဖြင့်ဖွဲ့သော”) ကားမည်သူများဖြစ်သနည်း။ ဘုရားသခင်၏ကိုယ်စားလှယ်ချုပ်သည် “ခရစ်တော်၏ကိုယ်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကိုပြုတတ်မည်အကြောင်း သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလို့ငှာ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူသည်” ဟုပေါလုရှင်းပြပါသည်။ (ဧဖက် ၄:၁၁၊ ၁၂) တမန်တော်များ၊ ပရောဖက်များ၊ ဧဝံဂေလိတရားဟောသူများ၊ သိုးထိန်းများနှင့်ဆရာများအဖြစ် အမှုဆောင်သော ခရစ်တော်၏တပည့်နောက်လိုက်အားလုံးသည် သီအိုကရက်တစ်ညွှန်ကြားမှုအောက် လုပ်ဆောင်ကြပါသည်။ (လုကာ ၆:၁၂-၁၆။ တမန်တော် ၈:၁၂။ ၁၁:၂၇၊ ၂၈။ ၁၅:၂၂။ ၁ ပေတရု ၅:၁-၃) ကျွန်ုပ်တို့ခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခန့်အပ်ခံရသူ ဝိညာဉ်ရေးဘက် အရည်အချင်းပြည့်အသက်ကြီးသူများသည် ကမ္ဘာချီ ယေဟောဝါသက်သေများ၏အသင်းတော် ၇၀,၀၀၀ ခန့်တွင် ကြီးကြပ်မှူးများအဖြစ် အမှုထမ်းနေကြပါသည်။ သူတို့သည် ကျွန်ုပ်တို့၏ လူတို့တွင် ဆုလာဘ်များဖြစ်ကြသည်။ (တမန်တော် ၂၀:၂၈) ဘုရားသခင့်နိုင်ငံတော် သတင်းဟောပြောခြင်းလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းပျံ့နှံ့တိုးချဲ့နေရာ “ကြီးကြပ်မှူးအရာ” ၌ဆောင်ရွက်ရသောတာဝန်များကို ထမ်းဆောင်ခြင်းငှာ “လှမ်းယူနေသော” ညီအစ်ကိုများ၏အရေအတွက် တိုး၍တိုး၍များလာနေပါသည်။ (၁ တိမောသေ ၃:၁) သူတို့ခန့်အပ်ခံရသည့်အခါ ဤသူများလည်း လူတို့တွင် ဆုလာဘ်များ ဖြစ်လာကြပါသည်။

၁၀။ ဟေရှာယဖော်ပြသည့် “မင်းသားများ” နှင့် ယနေ့ခရစ်ယာန်အကြီးအကဲများကဏ္ဍသည် မည်သို့တူညီသနည်း။

၁၀ ဤခရစ်ယာန်အကြီးအကဲများ၊ သို့မဟုတ် လူတို့တွင် ဆုလာဘ်များသည် ဘုရားသခင့်နိုင်ငံအစိုးရအောက် စီမံကွပ်ကဲရသူ “မင်းသားများ” အဖြစ်အမှုထမ်းမည့်သူများကို ပရောဖက်ဟေရှာယ ကြိုတင်ဖော်ပြထားသည့်ပုံစံအတိုင်း ဖြစ်ကြပါသည်။ သူတို့တစ်ဦးစီသည် “လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်းဖြစ်ကြ” သည်။ (ဟေရှာယ ၃၂:၁၊ ၂) ယင်းက ဤခန့်အပ်ခံရသူများ၏ မေတ္တာပါဦးစီးမှုသည် မည်မျှထောက်မကူညီမှုဖြစ်မည်အကြောင်း ဖော်ပြပါသည်။ ယင်းထောက်မမှုမှ အကူအညီအပြည့်အဝ မည်သို့ခံစားနိုင်မည်နည်း။

ကိုယ်က အစပြုဆောင်ရွက်ခြင်း

၁၁။ ဝိညာဉ်ရေးကျဆင်းသည့်အခါ အဘယ်နည်းဖြင့်အကူအညီရရှိနိုင်ပါသနည်း။

၁၁ ရေနစ်နေသူသည် ပင်ကိုသိစိတ်အတိုင်း အကူအညီတောင်းတတ်ပါသည်။ ဆိုင်းတွမှု လုံးဝမရှိချေ။ သေရေးရှင်ရေးကြုံနေသည့်အခါ အကူအညီတောင်းခံရန် မည်သူ၏တိုက်တွန်းမှုကိုမျှ လိုအပ်မည်မဟုတ်ပါ။ ဒါဝိဒ်မင်းကြီးသည် ယေဟောဝါ၏အကူအညီကို ကြိမ်ဖန်များစွာ တောင်းခံခဲ့သည်မဟုတ်လော။ (ဆာလံ ၃:၄။ ၄:၁။ ၅:၁-၃။ ၁၇:၁၊ ၆။ ၃၄:၆၊ ၁၇-၁၉။ ၃၉:၁၂) ဝိညာဉ်ရေးကျဆင်းနေ၍ စိတ်ပျက်အားငယ်ခြင်း၏လွှမ်းမိုးမှုခံရသည့်အခါ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လမ်းပြတော်မူရန် ဆုတောင်း၍အသနားခံတတ်ကြပါသည်။ (ဆာလံ ၅၅:၂၂။ ဖိလိပ္ပိ ၄:၆၊ ၇) သမ္မာကျမ်းစာမှ သက်သာမှုကိုလည်း ရှာယူတတ်ကြသည်။ (ရောမ ၁၅:၄) လက်တွေ့ကျအကြံပေးချက်များရရန် ကင်းမျှော်စင်အသင်း၏ ခရစ်ယာန်စာပေများကို ဆည်းပူးလေ့လာတတ်ကြသည်။ ယင်းသို့ပြုခြင်းအားဖြင့် ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ကြပြီ။ သို့သော် အခက်အခဲများလွန်း၍ ဝန်ပိနေမည်ဆိုလျှင် ခန့်အပ်ခံ အသင်းတော်အကြီးအကဲများ၏ ဆုံးမစကားများကို တောင်းခံယူနိုင်ပါသေးသည်။ အမှန်သော်ကား၊ “အသက်ကြီးသူများကိုခေါ်” ဖို့လိုသည့်အခါပင်ရှိနိုင်သည်။ ခရစ်ယာန်အကြီးအကဲများကို အဘယ်ကြောင့်ခေါ်ယူရပါသနည်း။ ဝိညာဉ်ရေးအကူအညီလိုအပ်နေသူများကို သူတို့သည် မည်သို့ကူညီပေးနိုင်ပါမည်နည်း။

၁၂-၁၄။ (က) ဖျားနာသည့်အခါလိုက်လျှောက်ရန် ပညာရှိလမ်းစဉ်ကား အဘယ်နည်း။ (ခ) ယာကုပ် ၅:၁၄ အရ “ဖျားနာ” နေသောခရစ်ယာန်များအား မည်သို့ပြုလုပ်ရန် အကြံပြုထားသနည်း။ (ဂ) ယာကုပ် ၅:၁၄ ကအဘယ်ဖျားနာခြင်းမျိုးကို ရည်ညွှန်းနေသနည်း။ ထိုသို့ အဘယ်ကြောင့်ဖြေဆိုသနည်း။

၁၂ ဖျားနာသည့်အခါ ခန္ဓာကိုယ်ပြန်လည်နာလန်ထူနိုင်စွမ်းအတွက် အနားယူတတ်ကြသည်။ သို့သော် ကျွန်ုပ်တို့အဖျားမပျောက်နိုင်လျှင် ပညာရှိစွာဖြင့် အရည်အချင်းပြည့်မီသော ဆေးဘက်ဆိုင်ရာအကူအညီရယူသည်။ ဝိညာဉ်ရေးဘက် အားနည်းလျှင်လည်း ဤသို့ပင်ပြုလုပ်ခြင်းသည် မကောင်းပေလော။

၁၃ ယင်းနှင့်စပ်လျဉ်း၍ တပည့်တော်ယာကုပ်၏ ဤအကြံပြုချက်ကို သတိပြုပါ။ “နာသောသူရှိလျှင် သင်းအုပ် (အသင်းတော်အသက်ကြီးသူ၊ ကဘ) တို့ကိုခေါ်၍ သူတို့သည် သခင်ဘုရား (ယေဟောဝါ၊ ကဘ) ၏နာမတော်ကိုအမှီပြုလျက် လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။” (ယာကုပ် ၅:၁၄) ဤတွင် အဘယ်နာမကျန်းမှုမျိုးကို ယာကုပ်ရည်ညွှန်းနေခြင်းဖြစ်သနည်း။ ကျမ်းစာဋီကာဆရာအချို့က ထိုစဉ်ခါက အများသုံးဆေးကုနည်းမှာ ဆီလူးခြင်းဖြစ်သည်ကို အကြောင်းပြ၍ ကာယအဖျားကိုဆိုလိုနေသည်ဟုဆိုကြသည်။ (လုကာ ၁၀:၃၄) ကုသပေးခြင်းဆုကျေးဇူးအားဖြင့် အံ့ဖွယ်နည်းဖြင့်ရောဂါပျောက်ကင်းခြင်းကို ယာကုပ်ဆိုလိုသည်ဟူ၍လည်း သူတို့ယုံကြည်ကြသည်။ သို့သော် ကျမ်းချက်၏ရှေ့နောက်စကားက အဘယ်အရာကိုတင်ပြပါသနည်း။

၁၄ “ရွှင်လန်းခြင်း” ကို “ဆင်းရဲခံရခြင်း” နှင့်ခြားနား၍ဖော်ပြထားသည်။ ယင်းကြောင့် ဝိညာဏဖျားနာမှုကို ယာကုပ်ဆွေးနွေးနေဟန်ရှိသည်။ (ယာကုပ် ၅:၁၃) ဆရာဝန်များ၊ သို့မဟုတ် ကုသပေးခြင်းငှာ အံ့ဖွယ်သောဆုကျေးဇူးရရှိထားသူများကိုပင်မဟုတ် “သင်းအုပ် (အသင်းတော်အသက်ကြီးသူ)” တို့ကိုခေါ်ရန် မှာကြားထားသည်။ သူတို့ မည်သို့ပြုကြရမည်နည်း။ “သူ့အပေါ်မှာဆုတောင်းကြစေ။ ထိုသို့ပြုလျှင် ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကိုကယ်ဆယ်” လိမ့်မည်ဟုယာကုပ်ပြောပါသည်။ (ယာကုပ် ၅:၁၄၊ ၁၅။ ဆာလံ ၁၁၉:၉-၁၆ နှိုင်းယှဉ်။) ဝိညာဏအဖျားကို ယာကုပ်ရည်ညွှန်းနေကြောင်း အတိအလင်းဖော်ပြသည်ကား အဖျားပျောက်မည်မျှော်လင့်ချက်ဖြင့် အပြစ်ကိုဖော်ပြတောင်းပန်ရန် သူအားပေးတိုက်တွန်းထားပါသည်။ သူရေးသားခဲ့သည်ကား ဤသို့။ “အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ကိုယ်အပြစ်ကို ဖော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။” ဝိညာဏအဖျားဝင်ရသည့်အကြောင်းကြောင့် ကြီးလေးသောအပြစ်ဖြစ်မည်ဆိုလျှင် လူနာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုအခြေခံသည့်သြဝါဒကို လက်သင့်ခံ၍ နောင်တယူပြီး အပြစ်မပြုတော့မှသာ ရောဂါပျောက်ကင်းနိုင်မည်ဖြစ်သည်။—ယာကုပ် ၅:၁၆။ တမန်တော် ၃:၁၉။

၁၅။ ယာကုပ် ၅:၁၃၊ ၁၄ တွင်အဘယ်အပြုအမူမျိုးကို တိုက်တွန်းပေးထားသနည်း။

၁၅ ယာကုပ်ပေးသည့်သြဝါဒတွင် ကျွန်ုပ်တို့သတိပြုစရာအချက်တစ်ချက်ရှိပါသေးသည်။ ဆင်းရဲခံရသောအခါ ခရစ်ယာန်ဖြစ်သူသည် “ဆုတောင်းစေ။” ရွှင်လန်းနေလျှင် “ဆာလံသီချင်းကိုဆိုစေ” ကိုသတိပြုရမည်။ အခြေအနေတစ်မျိုးစီ—ဆင်းရဲခံနေသည်ဖြစ်စေ၊ ရွှင်လန်းနေသည်ဖြစ်စေ—တွင်ပြုမူရမည့်ကဏ္ဍရှိသည်။ တစ်ဖက်တွင် ဆုတောင်းခြင်းလိုအပ်နေ၍ အခြားတစ်ဖက်တွင်မူ ဝမ်းသာကြောင်းတင်ပြပြောဆိုရန် လိုအပ်နေပါသည်။ ထိုကြောင့်ယာကုပ်က “နာသောသူရှိလျှင်” ဟုဆိုသောအခါ ဘာကိုမျှော်လင့်သင့်သနည်း။ ဤတွင်တစ်ဖန် အပြုသဘောပါလုပ်ရပ်ဖြစ်သည့် ကိုယ်က အစပြုဆောင်ရွက်ခြင်းကို သူတိုက်တွန်းနေပါသည်။ “သင်းအုပ် (အသင်းတော်အသက်ကြီးသူ၊ ကဘ) တို့ကိုခေါ်” ရမည်ဖြစ်သည်။—ဆာလံ ၅၀:၁၅။ ဧဖက် ၅:၁၉။ ကောလောသဲ ၃:၁၆။

“အသက်ကြီးသူများ” မည်သို့ကူညီပေး

၁၆၊ ၁၇။ ကျမ်းစာမူများကိုကျင့်သုံးရန် အသက်ကြီးသူများက မည်သို့ကူညီပေးသနည်း။

၁၆ ကျွန်ုပ်တို့အခြေအနေတွင် ကျမ်းစာမူများကို မည်သို့ကျင့်သုံးရမည်အကြောင်း သိရှိရန် တစ်ခါတစ်ရံနားလည်ဖို့မလွယ်ကူပါ။ ဤတွင် ခရစ်ယာန်အကြီးအကဲများသည် တန်ဖိုးရှိစွာကူညီပေးနိုင်ကြပါသည်။ ဥပမာ၊ ဝိညာဉ်ရေးဘက်ဖျားနာနေသူအတွက် သူတို့ဆုတောင်းပေး၍ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သက်သာမှုပေးသောညွှန်ကြားချက်များကို ကျွမ်းကျင်လိမ္မာစွာတင်ပြပေးခြင်းအားဖြင့် ‘သူတို့သည် ယေဟောဝါ၏နာမတော်ကိုအမှီပြုလျက် လူနာကိုဆီလူး’ ပေးပါသည်။ ဤနည်းဖြင့် ဝိညာဏနာလန်ထူလာရန် အကြီးအကဲများသည် များစွာထောက်မကူညီပေးနိုင်ပါလိမ့်မည်။ (ဆာလံ ၁၄၁:၅) များသောအားဖြင့် ကျွန်ုပ်တို့သည်နည်းမှန်လမ်းကျ တွေးတောနေကြောင်း သိရှိရဖို့သာလိုအပ်နေပေမည်။ အတွေ့အကြုံရင့်ကျက်သောခရစ်ယာန်အကြီးအကဲတစ်ဦးနှင့် ဆွေးနွေးတိုင်ပင်ပြီးလျှင်၊ မှန်ကန်ရာကိုပြုလုပ်ရန် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ခိုင်မာသွားပါလိမ့်မည်။—သု၊ ၂၇:၁၇။

၁၇ အလည်အပတ်လာရန် ဖိတ်ခေါ်ခံရသည့်အခါ ခရစ်ယာန်အကြီးအကဲများသည် “စိတ်ငယ်သောသူတို့ကို အားပေး” ရန်လိုပါသည်။ “အားနည်းသောသူတို့ကို ထောက်မ” ၍ “ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ” ရန်လည်းလိုမည်။ (၁ သက်သာလောနိတ် ၅:၁၄) ဤကဲ့သို့သော အကျွမ်းတဝင်၊ နားလည်မှုရှိသောဆက်ဆံရေးမျိုးသည် ‘အသင်းတော်အသက်ကြီးသူ’ နှင့် “အားနည်းသောသူ” စပ်ကြားရှိနေမည်ဆိုလျှင် ဝိညာဏလူနာသည် လုံးဝပြန်ကျန်းမာလာနိုင်စရာအကြောင်းရှိပါသည်။

ကိုယ်ရေးကိုယ်တာ တာဝန်နှင့် ဆုတောင်းခြင်း

၁၈၊ ၁၉။ ဂလာတိ ၆:၂၊ ၅ နှင့်စပ်လျဉ်း၍ ခရစ်ယာန်အကြီးအကဲများသည် မည်သည့်ကဏ္ဍမှပါဝင်သနည်း။

၁၈ ခရစ်ယာန်အကြီးအကဲများသည် ဘုရားသခင့်သိုးတော်စုအပေါ် မိမိတို့တာဝန်ကို ထမ်းဆောင်ကြရမည်။ သူတို့ကို ထောက်မကူညီပေးကြရမည်။ ဥပမာ၊ ပေါလု ဤသို့ဆိုပါသည်။ “ညီအစ်ကိုတို့ လူသည် သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင် ဝိညာဉ်ဆုကျေးဇူးကိုခံရသောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။ ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကိုကျင့်ကြလော့။” ဤသို့ဆက်၍လည်း တမန်တော်ရေးသားသေးသည်။ “လူအသီးအသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်။”—ဂလာတိ ၆:၁၊ ၂၊ ၅။

၁၉ အချင်းချင်း၏ထမ်းရွက်စရာဝန်ချင်းကို ဆောင်ရွက်ရင်း ကိုယ့်ဝန်ကိုယ် မည်သို့ဆောင်ရွက်နိုင်မည်နည်း။ “ထမ်းရွက်စရာဝန်” နှင့် “ဝန်” ဟုအနက်ပြန်ဆိုသည့် ဂရိစကားများ၏အဓိပ္ပာယ်ကွာခြားခြင်းမှ သော့ချက်ကို ကျွန်ုပ်တို့ရရှိနိုင်ပါသည်။ အလွန်ဝန်လေးသော ဝိညာဏအခက်အခဲတစ်ခုကို ခရစ်ယာန်ဖြစ်သူ ကြုံတွေ့နေမည်ဆိုလျှင် အကြီးအကဲများနှင့် အခြားယုံကြည်သူချင်းတို့သည် သူ့အားကူညီပေးခြင်းအားဖြင့် သူ “ထမ်းရွက်စရာဝန်” ကိုကူထမ်းပေးကြမည်။ သို့ရာတွင် ဘုရားသခင်နှင့်ဆိုင်သော မိမိ “ဝန်” ကိုကား ကိုယ်တိုင်ထမ်းရွက်ရမည်ဖြစ်သည်။aအကြီးအကဲများသည် အားပေးခြင်း၊ ဝိညာဏဆုံးမသြဝါဒစကားနှင့်ဆုတောင်းပေးခြင်းအားဖြင့် ညီအစ်ကိုများ “ထမ်းရွက်စရာဝန်” ကိုဝမ်းသာအားရစွာ ထမ်းရွက်ပေးပါသည်။ သို့ပင်ငြားလည်း အကြီးအကဲများသည် ဝိညာဏတာဝန်နှင့်စပ်လျဉ်းသော ကျွန်ုပ်တို့၏ကိုယ်ရေးကိုယ်တာ “ဝန်” ကိုကား ယူဆောင်မသွားပါ။—ရော ၁၅:၁။

၂၀။ ဆုတောင်းခြင်းကို အဘယ်ကြောင့် လျစ်လျူရှုမထားသင့်သနည်း။

၂၀ ဆုတောင်းခြင်းမရှိမဖြစ်လိုအပ်၍ ယင်းကိုလျစ်လျူရှုမထားသင့်ပါ။ သို့သော် ဝိညာဉ်ရေးဘက်ဖျားနာသူ ခရစ်ယာန်အများသည် ဆုတောင်းဖို့အခက်အခဲတွေ့ကြပါသည်။ အကြီးအကဲများသည် ဝိညာဏအဖျားရှိသူအတွက် ယုံကြည်ခြင်းဆုတောင်းချက်များ ပြုပေးသည့်အခါ အဘယ်ရည်ရွယ်ချက်ရှိသနည်း။ စိတ်အားငယ်ခြင်းအဖြစ်မျိုးမှ ‘ယေဟောဝါသည် သူ့ကိုထမြောက်စေတော်မူ” ပြီးသမ္မာတရားနှင့်ဖြောင့်မတ်ခြင်းလမ်းအတိုင်း လျှောက်သွားရန် ခွန်အားရှိစေတော်မူမည်။ ဝိညာဏအဖျားရှိခရစ်ယာန်တစ်ဦးသည် သဘောထားမှားယွင်းနေမည်ဖြစ်သော်လည်း ယာကုပ်ပြောသကဲ့သို့ပင် ကြီးလေးသောအပြစ်တစ်ခု ပြုမိချင်မှပြုမိလိမ့်မည်။ “သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။” အကြီးအကဲ၏ ကျမ်းစာဆိုင်ရာသြဝါဒနှင့် စိတ်ရင်းမှန်ဆုတောင်းချက်တို့သည် ဝိညာဏအဖျားရှိသူအား ပြုမိကောင်းပြုမိမည့်အပြစ်များကိုဝန်ခံစေ၍ နောင်တယူသောသဘောကို တင်ပြစေပါသည်။ ယင်းကတစ်ဖန် ဘုရားသခင့်ခွင့်လွှတ်ခြင်းကို ဖြစ်ပေါ်စေပါသည်။—ယာကုပ် ၅:၁၅၊ ၁၆။

၂၁။ (က) အသက်ကြီးသူများကို ခရစ်ယာန်အချို့ ခေါ်ဆောင်ရန် တွန့်ဆုတ်နေကြသည်ကား အဘယ်ကြောင့်နည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကိုသုံးသပ်မည်နည်း။

၂၁ ခရစ်ယာန်အသင်းတော်အတွင်း တစ်ဖွဲဖွဲဝင်လာနေသည့် လူသစ်များကို ဂရုစိုက်ရမည့်စိန်ခေါ်ချက်ဖြင့်ရင်ဆိုင်နေရသော တာဝန်သိတတ်သည့်အသက်ကြီးသူများသည် တော်သင့်သောကွပ်ကဲမှုရှိစေရန် များစွာစီစဉ်ပေးကြရသည်။ ဤခဲယဉ်းဆိုးယုတ်သောကာလအတွင်း ကျွန်ုပ်တို့ခံနိုင်ရည်ရှိခြင်းငှာ ဤလူတို့တွင် ဆုလာဘ်များသည် ယေဟောဝါထံတော်မှ ကောင်းမွန်လှသောပြင်ဆင်ချက် အမှန်ဖြစ်သည်တကား။ မည်သို့ဆိုစေကာမူ ဤညီအစ်ကိုများသည် အလုပ်များလွန်းပါသည်၊ သို့မဟုတ် ပြဿနာများစွာတို့ဖြင့် ဝန်ပိနေပေပြီဟု ထင်မြင်ယူဆကြပြီး ခရစ်ယာန်အချို့သည် သူတို့အကူအညီကိုမတောင်းခံဘဲ နေတတ်ကြသည်။ နောက်ဆက်တွဲဆောင်းပါးက ဤသူတို့သည် ခရစ်ယာန်အသင်းတော်တွင် လက်ထောက်သိုးထိန်းများအဖြစ် စိတ်စေတနာနှင့်အမှုထမ်းနေကြရာ အကူအညီပေးရန် အလွန်ဝမ်းသာကြောင်းကို သဘောပေါက်စေပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ဖရဇ် ရီနက်ကာရေးသော A Linguistic Key to the Greek New Testament က ဖောရှီယန်ကို “ထမ်းရွက်ရမည့်ဝန်” အဖြစ်ရှင်းပြကာ “စစ်အသုံးအဆောင် ကျောပိုးအိတ်အဖြစ်အသုံးပြုခြင်း” ဟူ၍ထပ်ဆင့်ရှင်းပြပါသည်။

◻ အကူအညီလိုအပ်သည့်အခါ အဘယ်သုံးနည်းသုံးမျိုးဖြင့် ယေဟောဝါရှင်မစကူညီတော်မူသနည်း။

◻ မျက်မှောက်ခေတ်လူတို့တွင်ဆုလာဘ်များကား မည်သူများနည်း။

◻ အသက်ကြီးသူများကို အဘယ်အချိန်တွင် ခေါ်ဆောင်သင့်သနည်း။

◻ ခရစ်ယာန်အကြီးအကဲများထံမှ အဘယ်အကူအညီ ရယူနိုင်သနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းနှင့် ခရစ်ယာန်အကြီးအကဲများထံမှရရှိသော အကူအညီ၏ ဝိညာဏအကျိုးကျေးဇူးများကို သင်မွေ့လျော်ပါသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ