ဘုရားသခင်သည် သင်၏ ဆုတောင်းချက်များကို နားညောင်းပါသလော
“ကျွန်မရဲ့ဆုတောင်းချက်တွေ နားညောင်းခံရတယ်လို့ တစ်ခါမှကျွန်မ,မခံစားရဘူး” ဟုဂျပန်ပြည်၊ ဟိုကိုင်ဒိုတွင်နေထိုင်သော အမျိုးသမီးတစ်ဦးကဆိုသည်။ ယင်းနှင့်စပ်လျဉ်း၍ သူမတစ်ဦးတည်းမဟုတ်ချေ။ လူအများသည် မိမိတို့၏ဆုတောင်းချက်များ တစ်ခါမှနားညောင်းမခံရဟု ခံစားကြရသည်။ ထို့ကြောင့်သင့်ဆုတောင်းချက်များလည်း ဘုရားရှင်နားညောင်းသလောဟု သင်တွေးတောနေပေမည်။
သန်းပေါင်းများစွာသည် များပြားလှသောနတ်ဘုရားများထံ မရေတွက်နိုင်သော ဆုတောင်းချက်များ တောင်းလျှောက်ကြသည်။ အဘယ်ကြောင့် များပြားလှသော ဆုတောင်းချက်များသည် နားညောင်းခံရပုံမရသနည်း။ အဖြေရှာရန် ဦးစွာဆုတောင်းချက်အမျိုးအစားများကို သုံးသပ်ကြပါစို့။
အချို့ဘာကိုတောင်းလျှောက်သနည်း
နှစ်သစ်ကူးရာသီတွင်၊ ဂျပန်လူဦးရေ၏ သုံးပုံနှစ်ပုံ သို့မဟုတ် လူသန်းပေါင်း ၈၀ နီးပါးသည် ရှင်တိုဝတ်ကျောင်း သို့မဟုတ် ဗိမာန်များတွင်ဆုတောင်းကြသည်။ သူတို့သည်ငွေများထည့်ဝင်ကြကာ၊ လာဘ်ကောင်းရန်နှင့်မိသားစုလုံခြုံရေးအတွက် ဆုတောင်းကြသည်။
နာမည်ကြီးသောကောလိပ်များသို့ ဝင်ခွင့်ရရန်ဖြေဆိုရသော စာမေးပွဲမတိုင်မီလေးတွင်ဖြစ်သော ဇန်နဝါရီနှင့်ဖေဖော်ဝါရီလတွင် တိုကျိုတွင်ရှိ ပညာဘုရားဟုနာမည်ရသော ဗိမာန်မျိုးသို့ ကျောင်းသားများသည် အုပ်လိုက်သွားကြလေသည်။ သူတို့သည် မိမိတို့၏ဆန္ဒများကို သစ်သားဆုတောင်းပြားတွင် ရေးသားကြကာ၊ ဗိမာန်ဝန်းကျင်ရှိသစ်သားတန်းများတွင် ဆွဲထားကြလေသည်။ ၁၉၉၀ စာမေးပွဲရာသီတွင် ထင်ရှားသောတိုကျိုဗိမာန် ပရဝဏ်၌အနည်းဆုံးဤအပြား ၁၀၀,၀၀၀ ခန့်ဖြင့်ခင်းကျင်းထားခဲ့သည်။
ဆုတောင်းချက်အများသည် ကျန်းမာရေးနှင့်ပတ်သက်သည်။ ဂျပန်ပြည်၊ ကဝါဆာကီရှိဗိမာန်တွင် လူများသည် အေအိုင်ဒီအက်စ် ရောဂါမှကာကွယ်ပေးရန် ဆုတောင်းကြသည်။ ကျောင်းဘုန်းတော်ကြီးက၊ အေအိုင်ဒီအက်စ် မရဖို့ဆုတောင်းခြင်းရဲ့ ထူးခြားချက်ကတော့ “လူတွေကို သူတို့ရဲ့အကျင့်အပေါ် ဆင်ဆင်ခြင်ခြင်ရှိစေမယ်” ဟုရှင်းပြခဲ့သည်။ သို့သော်ဆုတောင်းခြင်းနှင့်စပ်လျဉ်း၍ ဤမျှသာလော။
နောက်ဗိမာန်တစ်ခု၌၊ အသက်ကြီးရင့်သော အမျိုးသမီးတစ်ဦးက “ချက်ချင်းသေရန်” ဆုတောင်းခဲ့သည်။ အဘယ်ကြောင့်နည်း။ သူမသည် နာတာရှည်ရောဂါကို မခံစားလိုဘဲ၊ သူမ၏မိသားစုအပေါ် ဝန်ထုပ်မဖြစ်လိုခဲ့ချေ။
ခရစ်ယာန်အခေါ်ခံနိုင်ငံတစ်ခုတွင်၊ ဘောလုံးအသင်းခေါင်းဆောင်တစ်ဦးက သူ၏အသင်းနိုင်ရန်နှင့် ဒဏ်ရာရခြင်းမှကာကွယ်ပေးရန် ဆုတောင်းခဲ့သည်။ ပိုလန်ရှိကက်သလစ်များသည် သူတို့ကိုယ်နှိုက်၏ကျန်းမာရေးအတွက်ဆုတောင်းပြီး၊ သူတို့၏ဆုတောင်းချက် နားညောင်းခံရသည်ဟု ယုံကြည်လျှင် သူတို့၏မက်ဒေါနားဘုရားမအား အလှဆင်ကြသည်။ လူအများသည် မက္ကဆီကိုရှိ ဂွာဒလွတ်နှင့်လော့ဒ်စ်၊ ပြင်သစ်ကဲ့သို့ထင်ရှားသော နေရာများရှိ ဘုရားကျောင်းများသို့ အုပ်လိုက်သွားကြကာ အံ့ဖွယ်ကုသမှုများအတွက် တောင်းလျှောက်ကြသည်။
အရှေ့ သို့မဟုတ် အနောက်ရှိသူများသည် ကိုယ်ပိုင်အကြောင်းများစွာနှင့်အမျိုးမျိုးကြောင့် ဆုတောင်းကြသည်။ သူတို့၏ဆုတောင်းသံကို နားညောင်းစေလိုကြောင်း ထင်ရှားသည်။ ဆုတောင်းချက်အားလုံးကို နားညောင်းမည်ဟုမျှော်လင့်ခြင်းသည် ယုတ္တိတန်ပါသလော။ သင်၏ဆုတောင်းချက်များကော အသို့နည်း။ နားညောင်းခံရပါသလော။ ဘုရားသခင်သည် ဆုတောင်းချက်များကို နားမှညောင်းပါ၏လော။