အပြစ်များကို အာပတ်ဖြေခြင်း—လွဲမှားနေပါသလော
“အာပတ်ဖြေခြင်းဟာ ဝိညာဏသန့်စင်ခြင်း၊ ပြန်လည်စတင်ခြင်း၊ ကျောက်သင်ပုန်းသန့်ရှင်းသွားအောင် ဖျက်လိုက်ခြင်းဖြစ်တယ်။ ဘုန်းကြီးဆီမှာကိုယ့်အပြစ်တွေဖော်ပြပြီး၊ သူရဲ့ခွင့်လွှတ်မှုခံပြီးတဲ့နောက် ထွက်ပေါ်လာတဲ့မင်္ဂလာစကားတွေကြောင့် အာပတ်သွားဖြေရတာကိုချစ်မြတ်နိုးတယ်။” စိတ်ထက်သန်သူတစ်ဦးက ထိုသို့ပြောလေသည်။—Bless Me, Father, for I Have Sinned.
New Catholic Encyclopedia အရအပြစ်များကို “ချည်နှောင်၊ ဖြေလွှတ်၊ ခွင့်လွှတ်၊ ခွင့်မလွှတ်သည့်တန်ခိုးအာဏာကို ဘုန်းကြီးကိုသာခရစ်တော်သည်ပေးအပ် သို့မဟုတ် လွှဲအပ်ခဲ့သည်။” ထိုစာအုပ်ကပင်မှန်မှန်အာပတ်ဖြေခြင်းသည် “ကြီးလေးသောအပြစ်ကြောင့် အသက်တာတွင်ဆုံးရှုံးသွားသော သန့်ရှင်းမှုကိုပြန်လည်ရယူရန်နှင့်တစ်ဦး၏သြတ္တပ္ပစိတ်ကို သန့်စင်စေရန်” ဟုဆိုထားသည်။ သို့ပင်ငြားလည်း၊ ဒေသအများတွင်ရှိ စာရိတ္တအခြေအနေများက မှန်မှန်အာပတ်ဖြေခြင်းသည် ထိုသို့ပြုကျင့်သူအများကို “ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြု” ရန်မစွမ်းနိုင်ကြောင်း ပြသသည်။ (ဆာလံ ၃၄:၁၄) သို့ဖြစ်သောကြောင့်ယင်းသည် လွဲမှားနေပါသလော။
ထုံးတမ်းမျှသာလော
အာပတ်ဖြေခြင်းသည် ထုံးတမ်းစဉ်လာအရသာ စလုပ်ခြင်းဖြစ်နိုင်သည်။ အိုင်ယာလန်၌ ပထမဆုံးအာပတ်ဖြေခြင်းသည် ပထမဆုံးပွဲတော်မတိုင်မီလေးတွင် အစပြုသည်။ ထို့ကြောင့်ခုနစ်နှစ်အရွယ်မိန်းကလေးတစ်ဦးသည် ‘အပြစ်ကြီးကြောင့်ဆုံးရှုံးသွားသော သန့်ရှင်းသည့်အသက်တာကို ပြန်ရယူ’ ခြင်းထက် သူဝတ်ဆင်မည့်လှပသောသတို့သမီးဝတ်စုံ အငယ်စားလေးအကြောင်းကို သူမပိုမိုစဉ်းစားမည်မှာ အံ့ဩစရာမဟုတ်ချေ။
“ကျွန်မကိုစိတ်အလှုပ်ရှားဆုံးဖြစ်စေတာကတော့ ကျွန်မရဲ့ဆွေမျိုးတွေဆီကပိုက်ဆံရမဲ့အပြင် ဝတ်မဲ့အဝတ်ပါပဲ” ဟုရမိုနာသည် သူမခုနစ်နှစ်အရွယ် ပထမဆုံးအာပတ်ဖြေခဲ့စဉ်က ဝန်ခံခဲ့သည်။ “ကျွန်မသိခဲ့တဲ့မိန်းကလေးအားလုံးဟာ ဝိညာဏခံစားချက်မရှိကြဘူး။ အဲ့ဒီအချိန်မှာ၊ ကျွန်မတို့တစ်ယောက်မှ ဘုရားအကြောင်းကိုတောင်မစဉ်းစားခဲ့ကြဘူး” ဟုသူမကဆက်ပြောသည်။
အမှန်တွင်၊ ကလေးများကိုမှန်မှန်အာပတ်ဖြေခိုင်းခြင်းသည် စက်သဖွယ်ထပ်တလဲလဲရွတ်ဆိုခြင်းကိုသာ ဖြစ်သွားစေနိုင်သည်။ “ကျွန်တော်ကတော့ တစ်မျိုးထဲကိုပဲ ထပ်တလဲလဲဆိုနေတာဘဲ” ဟုခုနစ်နှစ်အရွယ်မှစ၍ အာပတ်ဖြေခြင်းကိုပြုလုပ်သော မိုက်ကယ်ကဆိုသည်။
Bless Me, Father, for I Have Sinned စာအုပ်တွင် ကိုးကားထားသော အချို့၏မှတ်ချက်များက အာပတ်ဖြေခြင်းသည် သူတို့အသက်ကြီးရင့်သွားပြီးနောက်ပိုင်းတွင်လည်း ဝိညာဏအကျိုးသက်ရောက်မှု အနည်းငယ်သာရှိကြောင်းပြသည်။ “အာပတ်ဖြေခြင်းဟာ သင့်ကိုလိမ်ဖို့သင်ပေးနေတာပါပဲ၊ ဘာကြောင့်လည်းဆိုတော့ သင့်အနေနဲ့ဘုန်းကြီးကိုပြောလို့ကိုမရနိုင်တဲ့ အရာတချို့ရှိနေလို့ပါပဲ” ဟုတစ်ယောက်ကဝန်ခံခဲ့သည်။ ဘုန်းကြီးများအတွင်း မကိုက်ညီမှုအပေါ်လည်း အနည်းဆုံးအပြစ်ဒဏ်ခံရရန် အခွင့်အရေးယူနိုင်သည်။ အချို့သည်သူတို့ကြားလိုသော သွန်သင်ချက်ရရန် ဘုန်းကြီး “ကောင်း” ကိုရှာကြသည်။ “သုံးလလောက်ရှာပြီးနောက်၊ ကျွန်မအာပတ်ဖြေနိုင်မဲ့သူကိုတွေ့ခဲ့တယ်။ ကျွန်မသူ့ကို လစဉ်ပဲမိတ်သဟာယအခန်းထဲမှာ သွားတွေ့ပြီး သူဟာတကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ” ဟုမိန်းမငယ်တစ်ဦးကပြောသည်။ “သင်ဟာတော်မယ်ဆိုရင် နားလေးပြီး၊ ‘သရီးဟေးလ်မေရီစ်’ ဆိုတဲ့စကားကလွဲလို့ အင်္ဂလိပ်စကားမပြောတတ်တဲ့ ဘုန်းကြီးကိုတွေ့မယ်” ဟုနောက်တစ်ဦးကဆိုသည်။
ထို့ကြောင့်၊ ရှင်းနေသည်မှာ၊ အချို့သူများလုပ်လေ့ရှိသော အာပတ်ဖြေခြင်းသည် လွဲမှားနေပါသည်။ သို့သော်သမ္မာကျမ်းစာက အပြစ်ဝန်ချရန်လိုအပ်သည်ဟု ဆိုထားပါသည်။ “မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကိုခံရလိမ့်မည်။”—သု၊ ၂၈:၁၃။
ယင်းကခရစ်ယာန်တစ်ဦးသည် သူ၏အပြစ်အားလုံးကို ဝန်ချသင့်သည်ဟုဆိုလိုပါသလော။ ထိုသို့ဆိုလိုပါက မည်သူ့ထံဝန်ချရမည်နည်း။ နောက်ဆောင်းပါးက ဤမေးခွန်းများကိုသုံးသပ်ပါလိမ့်မည်။