ကတိထားရာနယ်မြေမှမြင်ကွင်းများ
ယုဒကန္တာရများ—လွင်တီးခေါင်ဖြစ်သော်လည်း စွဲလမ်းဖွယ်
က တိထားရာနယ်မြေရှိ ယုဒကန္တာရသည် မည်သို့သောသဏ္ဌာန်ရှိကြောင်း သင်တွေးတောမိသလော။ အချို့ကကျယ်ပြောသော၊ ထူထပ်သောသစ်တောဟု ယူမှတ်ကြသည်။ အချို့ကလည်း မဆုံးနိုင်သော သဲပြင်ကြီးဟုထင်မြင်ကြသည်။
အထက်ပါပုံတွင်မြင်တွေ့ရသည့်အတိုင်း ဤကန္တာရသည် ထိုသို့မဟုတ်ချေ။ ဤပုံသည် ယေရှုနှင့်ဆက်နွယ်နေသော ကန္တာရအပိုင်းကိုသင်ရှုမျှော်နေခြင်းဖြစ်သည်။ ထုံးတမ်းအရ စာတန်သည်ယေရှုကို ကန္တာရအစွန်းပိုင်းရှိ ဤတောင်ထိပ်မှ “လောက၌ရှိသမျှသော တိုင်းနိုင်ငံ” တို့ကိုပြသခဲ့ပြီး၊ အရှေ့ဘက်ယောဒန်ချိုင့်ဝှမ်းရှိ စွန်ပလွံပင်များဖုံးလွှမ်းသော ယေရိခေါမြို့ကိုအထက်မှလှမ်းမြင်ရသည်။—မဿဲ ၃:၁; ၄:၁-၁၁။
ယုဒကန္တာရသည် ဤအရှေ့မြောက်ပိုင်းမှ ပင်လယ်သေအနောက်ပိုင်းအထိ ရှည်လျားသည်။ ယေဟောဝါသက်သေများ၏ ၁၉၈၉ ပြက္ခဒိန်မျက်နှာဖုံးပေါ်ရှိ မြေပုံကိုကြည့်လျှင် ဤဒေသပုံပေါ်လာရန်သင့်အား အထောက်အကူပြုပါလိမ့်မည်။ (ပြက္ခဒိန်တွင် ပုံကြီးချဲ့ထားသော အထက်ပါပုံပါဝင်သည်) ကန္တာရ (၁၀ မှ ၁၅ မိုင်ကျယ်) သည်ယုဒတောင်များ၏ အရှေ့တောင်စောင်းများမှ ပင်လယ်သေကမ်းခြေအထိ တည်ရှိသည်။
ထိုတောင်များက မြေထဲပင်လယ်မှလာသော ရေခိုးရေငွေ့အများစုကို ကာဆီးထားသည်။ ထို့ကြောင့်အရှေ့ဘက်ရှိ ပျော့ပျောင်း၍ပြောင်တလင်းဖြစ်နေသော မြေဖြူတောင်များသည် ဆောင်းလများဖြစ်သော နိုဝင်္ဘာနှင့်ဒီဇင်္ဘာအတွင်းမှလွဲ၍ မိုးရေအနည်းငယ်သာရရှိသည်။ ထိုလများတွင် မြက်ပင်များပေါက်လာပြီး၊ သိုးအုပ်များစားကျက်ဖြစ်စေခဲ့သည်။ ထို့ကြောင့် ၁ ဓမ္မရာဇဝင် ၂၄:၃ တွင်ဖော်ပြထားသော “သိုးခြံ” သည် ဤဒေသနှင့်ကိုက်ညီနေသည်။
ဤဒေသတွင်ပေါက်သောမြက်များသည် တာရှည်မခံချေ။ သဲကန္တာရမှအရှေ့လေသည် မကြာမီပင် စိမ်းလန်းသောမြက်များကို သွေ့ခြောက်သောအညိုရောင်များသို့ ပြောင်းလဲစေသည်။ ယင်းသည်ပရောဖက်ပြုချက် ပုံတင်စကားနှင့်အမှန်ပင် ကိုက်ညီနေပါသည်။ “မြက်ပင်သည် ညိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလအစဉ်အမြဲတည်၏။”—ဟေရှာယ ၄၀:၈။ ၁ ပေတရု ၁:၂၄၊ ၂၅။
ယေရှုသည်ဤကန္တာရထဲတွင် ရက် ၄၀ နှင့်ည ၄၀ လည်စဉ်ဤကျမ်းချက်ကို တွေးတောခဲ့ခြင်းဖြစ်နိုင်သည်။ ယေရှုသည်သစ်ပင်မဲ့သော ကျောက်တောင်နှင့်လျှိုမြောင်များပေါ်တွင် ကျရောက်နေသည့် ပူပြင်းလှသော နေရောင်အောက်တွင် မည်သို့ခံစားရမည်ကို စဉ်းစားကြည့်ပါ။ (ဟေရှာယ ၃၂:၂) ထို့နောက် “ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ်ကြွေးကြ” ခြင်းသည်မည်မျှ လျောက်ပတ်ပါသည်တကား။—မဿဲ ၄:၁-၁၁။
ယင်း၏လွင်တီးခေါင်ဖြစ်မှုနှင့် လူသူမနေခြင်းကြောင့် အများအားဖြင့်ယုဒကန္တာရကို ခိုလှုံရာအဖြစ် အသုံးပြုလေ့ရှိသည်။ ဒေါသမွှန်နေသော ဘုရင်ရှောလုထံမှ ရှောင်ပြေးခဲ့စဉ် ဒါဝိဒ်သည်ထိုတွင် အကာအကွယ်ရခဲ့ပြီးယင်းကို “ရေမရှိသွေ့ခြောက်သောလွင်ပြင်” ဟုဖော်ပြထားသည်။ (ဆာလံ ၆၃:၁။ ၁ ဓမ္မရာဇဝင် ၂၃:၂၉) သူသည် ဝါဒီခရေတွန် (ဗက်လင်အရှေ့ဘက်မှ ပင်လယ်သေသို့ဦးတည်သွားသော ချိုင့်ဝှမ်း) တွင်ရှိသော အွမ်ကွတ်တဖာဥမင်ကဲ့သို့သော ဥမင်တွင်အတန်ကြာ ပုန်းအောင်းခဲ့သည်။ (ဟေဗြဲ ၁၁:၃၂၊ ၃၈) ဥမင်မြင်ကွင်းမှလက်ယာဘက်တွင် ပြန့်ကျဲနေသောအပင်များကို စားရန်ရှာနေသောသိုးမဲများကိုသင်တွေ့နိုင်သည်။
ရှောလုဝင်၍အိပ်စဉ် ဒါဝိဒ်သည်အင်္ဂေဒိတောရှိ ဥမင်တစ်ခုတွင် ရှိနေသည်။ ဒါဝိဒ်သည် ရှောလုအင်္ကျီအောက်ပိုင်းကိုလှီးဖြတ်သော်လည်း “ယေဟောဝါ၏ဘိသိက်ခံ” ကို သူအန္တရာယ်မပြုခဲ့ချေ။ နောက်ပိုင်းတွင်ဒါဝိဒ်သည် အရွက်အလက်ပေါသောနေရာ ဖြစ်နိုင်ဖွယ်ရှိသော နေရာအလယ်တွင်ရောက်နေသည့် ရှောလုကိုဟစ်ခေါ်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၄:၁-၂၂) ‘အရွက်အလက်ပေါတဲ့ ဒီနေရာဟုတ်လား’ ဟုသင်အံ့သြမိပေမည်။
မှန်ပါသည်၊ ရေလောက်ငစွာရှိလျှင် ကန္တာရသည်သီးပွင့်နိုင်သည်။ အင်္ဂေဒိသည် နမူနာပင်ဖြစ်သည်။ ဤချိုင့်ဝှမ်းရှိ ကျောက်တောင်အပေါက်ငယ်များမှ စမ်းရေနှင့်ရေတံခွန်များအဖြစ် စိမ့်ထွက်လာသောရေများသည် ပင်လယ်သေအရှေ့ဘက်ကမ်းသို့ စီးဆင်းသွားသည်။ ယင်းကအင်္ဂေဒိကိုတကယ့်တောဖြစ်စေပြီး အပင်ပေါများစေသည်။ ထိုတွင်လည်ပတ်လျှင် ပန်းမျိုးစုံနှင့်အသီးမျိုးစုံ သင်တွေ့နိုင်သည်။ ခွေးတူဝက်တူအကောင် မှစ၍ တောင်ဆိတ်များအထိ သားရိုင်းများကိုလည်း သင်တွေ့နိုင်သည်။ ကျားသစ်များပင် ဤဒေသတွင်ရှိသည်။—၁ ဓမ္မရာဇဝင် ၂၄:၂။ ရှောလမုန်သီချင်း ၁:၁၄။
ယုဒကန္တာရ၏လွင်တီးခေါင်သည် ယေရုရှလင်ဗိမာန်မှ ရေစီးဆင်းလာသော ယေဇကျေလရူပါရုံကို ပိုမိုသဘောပေါက်စေသည်။ အရှေ့ဘက်မှယုဒကန္တာရအထိ စီးဆင်းသောမြစ်ဖြစ်လာသည်အထိ ရေသည်တိုးများလာသည်။ ယေဇကျေလကရေးသားခဲ့သည်။ “မြစ်ကမ်းနားနှစ်ဘက်၌ စားစရာကောင်းသောအပင် အမျိုးမျိုးပေါက်ကြလိမ့်မည်။ . . .အသီးသည်စားစရာဖို့ဖြစ်၏။ အရွက်သည်လည်း အနာရောဂါငြိမ်းစရာဖို့ဖြစ်သည်။” ရေသည်ပင်လယ်သေထဲသို့ စီးဆင်းသွားပြီး ယင်း၏သက်မဲ့ရေများကိုပင် အနာငြိမ်းစေသည်။—ယေဇေကျေလ ၄၇:၁-၁၂။ ဟေရှာယ ၃၅:၁၊ ၆၊ ၇။
ယုဒကန္တာရသည် တစ်ပိုင်းသွေ့ခြောက်၊ ဖုန်းဆိုးမြေဖြစ်နေသော်လည်း သမ္မာကျမ်းမှတ်တမ်းများတွင် ဖော်ပြထားသောမျိုးစုံတည်ရှိရာ စွဲလမ်းဖွယ်နေရာဖြစ်လေသည်။—လုကာ ၁၀:၂၉-၃၇။
[Picture Credit Line on page 31]
Pictorial Archive (Near Eastern History) Est.
[Picture Credit Line on page 32]
Pictorial Archive (Near Eastern History) Est.