ပြန်လည်ထူထောင်ထားသောပရဒိသု—ဘုရားသခင့်ဘုန်းတော်ထင်ရှား
“ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့်စေမည်။”—ဟေရှာယ ၆၀:၁၃။
၁၊ ၂။ (က) ပရောဖက်ဟေရှာယမှတစ်ဆင့် ကမ္ဘာကြီးအကြောင်း ဘုရားသခင်မည်သို့ကြိုတင်ဟောတော်မူသနည်း။ (ခ) အနာဂတ်သို့ နှစ်ပေါင်းတစ်ထောင်ရှုမျှော်လိုက်ရာ အဘယ်မြင်ကွင်းပေါ်လာသနည်း။
ယေဟောဝါဘုရားသခင်သည် ကမ္ဘာမြေကြီးကို မိမိခြေတော်ရာအောက် ဂြိုဟ်ဟ်တစ်လုံး၊ ကိုယ်တော်၏ပုံဆောင်ရာခြေတင်ခုံအဖြစ် ဖန်ဆင်းထားတော်မူသည်။ ကိုယ်တော်၏ပရောဖက်ဟေရှာယအားဖြင့် မိမိ၏ “ခြေတင်ရာအရပ်ကို ဘုန်းပွင့်စေ” မည်ဟုဘုရားသခင်မိန့်တော်မူခဲ့သည်။ (ဟေရှာယ ၆၀:၁၃) အလွန်အားကောင်းသောမှန်ဘီလူးကဲ့သို့ မှုတ်သွင်းခံသမ္မာကျမ်းစာအားဖြင့် လူသား၏အနာဂတ်ကို နှစ်ပေါင်းတစ်ထောင် ကြိုတင်ရှုစားနိုင်သည်။ အလွန်ဝမ်းသာစရာ မြင်ကွင်းပါတကား။ စကြဝဠာတစ်ခွင် အကြီးမြတ်ဆုံးဥယျာဉ်မှူး ပြုစုပျိုးထောင်ထားသော အပြစ်ဆိုဖွယ်မရှိ အလှကျက်သရေဖြင့် ကမ္ဘာမြေကြီးထွန်းလင်းတောက်ပနေ၏။ ကမ္ဘာတစ်ခွင် ပရဒိသုဖြစ်နေပြီတကား။
၂ မှန်ပေသည်။ အစအဦး၌ပင် ပရဒိသုဥယျာဉ်တွင် လူကိုနေထိုင်စေတော်မူခဲ့သော မြင့်မြတ်တော်မူရှင် အချုပ်အခြာသခင်သည် လူ့ပျော်ရွှင်မှုကိုသာကြံရွယ်တော်မူ၏။ အမှန်တကယ်ချစ်ခြင်းမေတ္တာကြီးမားသော ဖန်ဆင်းရှင်ပါတကား။ ထိုကြောင့် လူသားတို့၏ “ဘုရားသခင်သည် မေတ္တာရှင်ဖြစ်တော်မူ၏” ဟုဆိုခြင်းသည် ချဲ့ပြောဆိုနေခြင်းမဟုတ်။ (၁ ယောဟန် ၄:၈၊ ၁၆) ပြန်လည်ထူထောင်ပြီးသောပရဒိသုတွင် ချွတ်ယွင်းချက်ကင်းပြီး လူ့စုံလင်မှုဖြင့် ရင့်ကျက်သောယောက်ျားမိန်းမများသည် ညီအစ်ကိုရင်းချာပမာ ချစ်ခင်စွာနေထိုင်ကြမည်။ (ဟေရှာယ ၉:၆) သူတို့သည် မေတ္တာ၏လှုံ့ဆော်မှုဖြင့် ကောင်းကင်မြေကြီးကိုဖန်ဆင်းတော်မူသော ဘုန်းအသရေရှင် ယေဟောဝါဘုရားသခင်လက်အောက်တော်တွင် ပြည့်ပြည့်ဝဝလက်အောက်ခံကြသည်။
၃၊ ၄။ (က) ကောင်းကင်နှင့်မြေကြီးသည် အဘယ်နည်းဖြင့် တစ်ခုနှင့်တစ်ခု မျှတနေမည်နည်း။ (ခ) ကမ္ဘာပေါ် ပရဒိသုပြန်လည်တည်ထောင်လာသောအခါ ကောင်းကင်သားများ မည်သို့တုံ့ပြန်မည်နည်း။
၃ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီသည့်ကာလက မြင့်မြတ်သောမှုတ်သွင်းခံဖေါ်ပြချက်တစ်ခုတွင် ကိုယ်တော်၏ပိုင်နက်အကြောင်း ဘုရားသခင်ရွေးချယ်ထားတော်မူသောလူမျိုးအား မှတ်သားဖွယ်ရာစကားများကို မိန့်တော်မူခဲ့သည်။ “ကောင်းကင်သည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။” (ဟေရှာယ ၆၆:၁) ထိုကြောင့် “ခြေတင်ရာခုံ” ပရဒိသုကမ္ဘာ၏ ဘုန်းကျက်သရေသည် မျက်မြင်မရ မြင့်မားရာအရပ်၌တည်နေသော ပလ္လင်တော်၏ဘုန်းကျက်သရေနှင့် ထပ်တူထပ်မျှဖြစ်ရန် သင့်တော်ပေသည်။
၄ ကမ္ဘာမြေကြီးကိုဖန်ဆင်းချိန်တွင် ကောင်းကင်ဘဝဂ်ဝယ်၊ ဘုရားသခင့်ပလ္လင်တော်၌ ခစားလျက်ရှိသူတို့သည် အောက်အရပ် မြေကြီးရှုခင်းကိုရှုစားကြသည်။ ၄င်း၏ထွန်းလင်းတောက်ပသော ဂုဏ်ကျက်သရေကို သူတို့အာရုံစူးစိုက်နေစဉ် မည်မျှဝမ်းသာပီတိဖြစ်ခဲ့ကြမည်တကား။ ရုတ်ခြည်းပင် ချီးမွမ်းထောပနာသီချင်းမဆိုဘဲမနေနိုင်ကြတော့ပေ။ (ဇေဖနိ ၃:၁၇ နှင့်နှိုင်းယှဉ်ပါ။ Revised Standard Version; ဆာလံ ၁၀၀:၂၊ The Jerusalem Bible.) ကောင်းကင်မြင်ကွင်းကို တိကျမှန်ကန်စွာပုံဖေါ်ပြရန် ရွှင်လန်းအားရသောဖန်ဆင်းရှင်က မြေကြီးပေါ်ရှိကျမ်းရေးသူအား ဤသို့မှတ်တမ်းတင်စေတော်မူသည်။ “နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင့်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြ” လေသည်။ (ယောဘ ၃၈:၇) ပရဒိသုပြန်လည်တည်ထောင်လာသောအခါ ဘုရားသခင့်ဘုန်းတော်ချီးမွမ်းခြင်းငှာ ကိုယ်တော်၏ကောင်းကင်သားများသည် ထိုထက်မကထောပနာသီချင်းသီဆိုကြမည်တကား။
၅။ ကမ္ဘာမြေကြီးနှင့်စပ်လျဉ်း၍ ဘုရားသခင်၏မူရင်းရည်ရွယ်ချက် ဖြစ်မြောက်လာခြင်းကို ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။
၅ အစကနဦးကတည်းက ယေဟောဝါဘုရားသခင်ကြံရွယ်တော်မူသည်ကား ပရဒိသုကမ္ဘာမြေကြီးရည်မှန်းချက်ပေါက်ရောက်ရန်ဖြစ်ကြောင်း သမ္မာကျမ်းစာ၏အာမခံချက်သည် အမှန်တကယ်နှလုံးကြည်နူးဖွယ်ရာဖြစ်ပေသည်။ ရွှင်ပျဝမ်းမြောက်ဖွယ်၊ ထောပနာပြုစရာ ဤကမ္ဘာမြေကြီးအတွက် ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံခြင်းသည် ကိုယ်တော်၏ထူးခြားစွာကြီးမြတ်တော်မူခြင်းကို ထင်ရှားရာတွင် ပျက်ကွက်ခြင်းမရှိ၊ ဂုဏ်တော်တစ်ခုနောက်တစ်ခု ဖေါ်ပြတော်မူသည့်ဘုရားသခင်သာ ပြုနိုင်တော်မူသည်။ ကိုယ်တော်အား ချီးမွမ်းထောပနာပြုသင့်သည်တကား။—ဆာလံ ၁၅၀:၁၊ ၂။ ဟေရှာယ ၄၅:၁၈။ ဗျာဒိတ် ၂၁:၃-၅။
ပရဒိသုပြန်လည်တည်ထောင်ရန် ရှင်ပြန်ထမြောက်လာသူများ အကူအညီပေး
၆။ အာမဂေဒုန်ပြီးနောက် ကမ္ဘာမြေကြီးသည် မည်သို့ပြည့်လာမည်နည်း။
၆ နှိုင်းယှဉ်ကြည့်လျှင် အာမဂေဒုန်ကပ်ကျော်သူများသည် အနည်းငယ်သာဖြစ်သည့်အတွက် သူတို့သားဖွားခြင်းအားဖြင့်သာလျှင် ကမ္ဘာပြည့်လာမည်မဟုတ်ပါ။ အောက်မေ့ရာသင်္ချိုင်းများရှိ၊ ခရစ်တော်၏ရွေးဖိုးပူဇော်သက္ကာအကျိုး ခံစားထိုက်သူများကို ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ယေဟောဝါသည် မိမိ၏ “ခြေတင်ရာအရပ်ကို ဘုန်းပွင့်စေ” တော်မူမည်။ ဤသူများသည်လည်း ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ဟ်ကို အလှကျက်သရေ ခန့်ညားထည်ဝါသောပရဒိသုအသွင်ရှိလာစေရန် ဝမ်းသာရွှင်လန်းဖွယ်လုပ်ငန်း၌ ပါဝင်ခွင့်ရရှိကြမည်။—တမန်တော် ၂၄:၁၅။
၇။ အာမဂေဒုန်ကပ်ကျော်သူများ ယေရှု၏အဘယ်စကားများကို စိတ်စွဲလမ်းမည်နည်း။
၇ “ဤအမှုအရာကိုအံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတံ့” ဟုယေရှုခရစ်တော် နှုတ်မြွက်ခဲ့သော အားရရွှင်လန်းဖွယ်ရာစကားများကို အာမဂေဒုန်ကပ်ကျော်သူများ အမြဲစိတ်စွဲလန်းနေကြမည်။ (ယောဟန် ၅:၂၈၊ ၂၉) ဗေသနိသင်္ချိုင်း၌ရောက်ရှိနေသော လာဇရု၏ရုပ်ကလာပ်အား “လာဇရု ထွက်၍လာလော့” ဟူသည့် ထပ်တူစကားများကို အောက်မေ့ရာသင်္ချိုင်းများရှိ လူသေများ ဘုရားသခင်၏သားတော်နှုတ်မှကြားရမည့်အချိန်အခါသည် တကယ်ထူးခြားလှမည်တကား။—ယောဟန် ၁၁:၄၃။
၈၊ ၉။ ကမ္ဘာပေါ် ဘဝအသစ်ထူထောင်ရန် ဦးဆုံးရှင်ပြန်ထမြောက်လာသူများကား မည်သူတို့နည်း။ အာမဂေဒုန်ကပ်ကျော်သူများအတွက် အဘယ်နှစ်ထောင်းအားရမှုရှိစေမည်နည်း။
၈ ယေရှုခရစ်အနှစ်တစ်ထောင်အုပ်စိုးချိန်တွင် ကိုယ်တော်၏အမိန့်အရ ကမ္ဘာပေါ်သို့ ဦးဆုံးရှင်ပြန်ထမြောက်လာမည့် ဘဝအသစ်ထူထောင်သူများကား မည်သူများနည်း။ ဤအစီအစဉ်စနစ်၏အဆုံးမတိုင်မီ နောက်ဆုံးကာလအတွင်း သေဆုံးခဲ့သော “အခြားသိုး” ဖြစ်သင့်ပေသည်။ ဤသူတို့သည် စောစောထမြောက်လာကြမည်။ (ယောဟန် ၁၀:၁၆) ကမ္ဘာသစ်တွင်နေထိုင်ရန် ဤသူများအတွက် ခဲယဉ်းလိမ့်မည်မဟုတ်ပေ။—မဿဲ ၂၅:၃၄။ ယောဟန် ၆:၅၃၊ ၅၄။
၉ “ကြီးစွာသောဒုက္ခ” မတိုင်မီလူမျိုးဆက်မှ သေလွန်သူ “အခြားသိုး” အဝင်တို့ ထမြောက်လာသည့်အခါ အာမဂေဒုန်ကပ်ကျော်သူများနှစ်ထောင်းအားရဖြစ်လိုက်မည်ဖြစ်ခြင်း။ (မဿဲ ၂၄:၂၁) မည်သူမည်ဝါဖြစ်ကြောင်း ပြတ်သားထင်ရှားစွာသိနိုင်ခြင်းဖြင့် အာမဂေဒုန်ကပ်ကျော်သူများသည် သူတို့ကိုတွေ့တွေ့ချင်းမှတ်မိပြီး လှိုက်လှဲစွာကြိုဆိုလျက် သူတို့နှင့်အတူ အမြင့်မြတ်ဆုံးဘုရားသခင့်အမှုတော်ကို စည်းလုံးညီညာစွာ နောက်တစ်ဖန်ပြန်ထမ်းရွက်ကြမည်တကား။
၁၀။ အာမဂေဒုန်ကျော်ခြင်းအားဖြင့် သင်အဘယ်အရာကို တွေ့မြင်မည်နည်း။
၁၀ အာမဂေဒုန်ကပ်ကျော်သူတစ်ဦးဖြစ်ရ၍ အသင်ကိုယ်တိုင် သင့်ဆွေမျိုးတို့အနက် အဦးဆုံးထမြောက်လာသူကိုကြိုဆိုခွင့်ရနိုင်ပေသည်။ ၁၂ နှစ်သမီးကလေးကို သခင်ယေရှုပြန်ရှင်စေခဲ့ချိန်တွင် ဝမ်းနည်းပူဆွေးနေသောသူ့မိဘများ ခံစားခဲ့ရသည်နည်းတူ အသင်ခံစားမည်ကားအမှန်တကယ်ပင်။ “ထိုခဏခြင်းတွင် . . . သူတို့သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။” (မာကု ၅:၄၂) ဟေးဒီးစ်နှင့်ပင်လယ်မှ လူသေများ ရှင်ပြန်ထမြောက်လာသည့်အခါ မပြောပလောက်အောင် အသင်ရွှင်လန်းဝမ်းမြောက်ပါလိမ့်မည်။ (ဗျာဒိတ် ၂၀:၁၃) ဘုန်းတန်ခိုးထင်ရှားသော နက်ဖြန်နေ့ပါတကား။ များမကြာမီရောက်လာတော့မည့် နက်ဖြန်နေ့ဖြစ်သတည်း။
“ကမ္ဘာတစ်ဝှန်းမင်းသားများ”
၁၁၊ ၁၂။ (က) ဆာလံ ၄၅:၁၆ ကဘာကိုအလေးအနက်ဖေါ်ပြသနည်း။ (ခ) မည်သူတို့အထဲမှသူတို့ကို ဘုရင်ယေရှုခရစ်သည် “မြေကြီးတစ်ပြင်လုံးတွင် မင်းအရာ၌ခန့်ထားတော်မူ” မည်နည်း။
၁၁ ရွေးဖိုးအဖြစ် မိမိ၏စုံလင်သောအသက်ကိုပူဇော်ပြီး ဝယ်ထားသောလူသေများကို ရှင်ပြန်ထမြောက်စေရန် ကိုယ်တော်.တန်ခိုးတော်ကိုအသုံးပြုခြင်းအားဖြင့် ယေရှုသည်ဆာလံ ၄၅:၁၆ ကိုပြည့်စုံစေပါမည်။ ယင်းက ခန့်အပ်ခံယေရှုခရစ်ကိုရည်ညွှန်း၍ ပရောဖက်ပြုထားသောဆာလံကျမ်းဖြစ်သည်။ “ကိုယ်တော်၏ [မြေကြီးဆိုင်ရာ] အဘများကိုယ်စား သားများကိုရ၍ မြေကြီးတစ်ပြင်လုံးတွင် မင်းအရာ၌ခန့်ထားတော်မူလိမ့်မည်။” ယေရှုခရစ်သည် မြေကြီးပေါ်ရှိသားများ၏ ကောင်းကင်အဘဖြစ်လာပြီး သူတို့အထဲမှ သားအချို့ကို “မြေကြီးတစ်ပြင်လုံးတွင် မင်းအရာ၌ခန့်ထားတော်မူ” မည်အကြောင်း ဤဆာလံကျမ်းက အလေးအနက်တင်ပြသည်။ ကိုယ်တော်သည် “ဒါဝိဒ်၏သား” ဖြစ်သည်သာမက ယုဒကညာ မာရိ၏သားဦးလည်းဖြစ်သည့်အတွက် ပထမအဘအာဒံအထိ မြေကြီးဆိုင်ရာလူ့ဘိုးဘေးများ ရှိတော်မူခဲ့သည်။—လုကာ ၃:၂၃-၃၈။
၁၂ တစ်ချိန်က ယေရှု၏ဘိုးဘေးများဖြစ်ခဲ့ဖူးသူတို့သည် သေရာမှသူတို့အား ကိုယ်တော်ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် သူတို့သည်ကိုယ်တော်၏သားများဖြစ်လာလိမ့်မည်ဟု ဆာလံ ၄၅:၁၆ ကဆိုနေခြင်းလော။ မှန်ပါသည်။ သူတို့ထံမှ ကိုယ်တော်ဆင်းသက်သည်ကိုထောက်၍ သူတို့အား အထူးတော်ဝင်မျက်နှာသာပြပြီး ပရဒိသုကမ္ဘာပေါ်တွင် သူတို့ကိုသာ “မင်းအရာ၌ ခန့်ထားတော်မူ” မည်ဟု ဆာလံ ၄၅:၁၆ ကလည်းဆိုလိုပါသလော။ မဟုတ်ပါ။ ဤနည်းဖြင့်ယင်းပရောဖက်ပြုချက်ပြည့်စုံရမည်ဆိုလျှင် မြေကြီးတစ်ပြင်လုံး၌ “မင်းသား” အနည်းငယ်သာရှိနေပါလိမ့်မည်။ ယင်းအပြင် ကိုယ်တော်အနှစ်တစ်ထောင်အုပ်ချုပ်ရာကာလအတွင်း အထူးကျော်ကြားထင်ရှားခွင့်ရထိုက်ရန် ကိုယ်တော်၏ဘိုးဘေးများအားလုံး ထူးခြားစွာထင်ရှားခဲ့သူများမဟုတ်ပါ။ ဘုရင်ယေရှုခရစ်သည် “မင်းသားများ” အဖြစ်ခန့်အပ်ရန် ကိုယ်တော်၏မြေကြီးဆိုင်ရာဘိုးဘေးများအပြင် အခြားသူများစွာရှိပါသည်။ အာမဂေဒုန်ကပ်ဘေးကျော်လွှားသူများမှ အရည်အချင်းပြည့်သူတို့၊ ခရစ်ယာန်ခေတ်မတိုင်မီက ယုံကြည်သူများပါအပါအဝင် ရှင်ပြန်ထမြောက်လာသော “အခြားသိုး” မှသူတို့ဖြစ်သည်။ ဤသူများမှ ကိုယ်တော်၏မြေကြီးဆိုင်ရာကိုယ်စားလှယ်များအနေနှင့် မင်းအရာခံယူရန် အရည်အချင်းပြည့် ထိုက်တန်သူများကို ကိုယ်တော်ခန့်အပ်နိုင်ပါသည်။
၁၃၊ ၁၄။ အဘယ်ရှင်ပြန်ထမြောက်သူတို့ကို အာမဂေဒုန်ကျော်လွှားသူများ တွေ့မြင်ခွင့်ရရှိမည်နည်း။
၁၃ မေရှိယနိုင်ငံတော်အောက် ရှင်ပြန်ထမြောက်ခံရမည့်သူများအကြောင်း စဉ်းစားကြည့်လိုက်ပါ။ တွေ့မြင်လိုက်သည်ကိုပင် သင်ယုံနိုင်ပါ၏လော။ ထိုတွင် ယုံကြည်ခြင်းအတွက် ပထမဆုံးအသတ်ခံရသူ အာဗေလနှင့် စစ်မှန်သောဘုရားသခင်နှင့်အတူ သွားလာခဲ့သော ဧနောက်တို့ရပ်နေသည်။ သင်္ဘောဆောက်သူ နောဧလည်းရှိနေသည်။ ဣသရေလဘိုးဘေးများဖြစ်သူ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့လည်းရှိသည်။ (ယဇ်ပုရောဟိတ်အနွယ် လေဝိသား) မောရှေ၊ ဖွဲ့တော်မူခဲ့သော နိုင်ငံတော်ဆိုင်ရာထာဝရပဋိညာဉ်ခံယူသူ ဒါဝိဒ်ကိုလည်းတွေ့နေရသည်။ ထိုတွင် ဟေရှာယ၊ ယေရမိ၊ ယေဇကျေလ၊ ဒံယေလနှင့် နောက်ဆုံးဟေဗြဲကျမ်းရေးသူ မာလခိအထိ ဟေဗြဲပရောဖက်အားလုံးကိုလည်းတွေ့မြင်နေရသည်။ နှစ်ခြင်းဆရာယောဟန်နှင့် ယေရှု၏မွေးစားဖခင်ယောသပ်တို့လည်း ပါဝင်နေသည်။
၁၄ “အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲသို့ဝင်၍ သင်တို့သည် ပြင်သို့နှင်ထုတ်ခြင်းကိုခံရ” မည်ဟု တစ်ချိန်က ဂျူးတို့အား ယေရှုမိန့်တော်မူခဲ့ဖူးသည်။ (လုကာ ၁၃:၂၈) “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌စစ်တိုက်” ပွဲကို ကျော်လွှားခဲ့သူ မြေကြီးဆိုင်ရာ “လူအုပ်ကြီး” သည် ရှင်ပြန်ထမြောက်နေသော “အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစသော ပရောဖက်အပေါင်းတို့” ကို ဤကမ္ဘာ့ပရဒိသုပေါ်တွင် “ထာဝရအဘ” ယေရှုခရစ်၏ ဘုရားသခင့်နိုင်ငံလက်အောက် တော်ဝင်အမှု ထမ်းဆောင်နေသည်ကို ပကတိမျက်စိဖြင့် မြင်တွေ့ခွင့်ရရှိကြလိမ့်မည်။—ဗျာဒိတ် ၇:၉၊ ၁၄; ၁၆:၁၄။ ဟေရှာယ ၉:၆။
၁၅။ အာမဂေဒုန်ကျော်သူများ အဘယ်မနှိုင်းသာသောအခွင့်ထူး ရရှိမည်နည်း။
၁၅ ဘီစီအီး ၂၃၇၀ ခုနှစ်က ပထမဦးစွာ ကမ္ဘာချီရေလွှမ်းမိုးဘေးဖျက်ဆီးချိန်တွင် ကပ်ကျော်ခဲ့သူ နောဧနှင့်သူ၏မိသားစုဝင် “ရှစ်ဦး” တို့၏ ခေတ်အဖြစ်အပျက်များကို ဤလက်ရှိလောကဆိုး၏ပျက်စီးခြင်းကိုကပ်ကျော်သူများနှင့် အသင်နှိုင်းယှဉ်ပြောဆိုသည့်အခါ မည်မျှစိတ်လှုပ်ရှားပီတိဖြစ်မည်တကား။ ကာလအဆက်ဆက်တွင် မည်သူမျှ သင့်တွေ့ကြုံမှုမျိုးကြုံတွေ့ရတော့မည်မဟုတ်။ ယင်းကြောင့် ဤထူးခြားသည့် နောက်တစ်ဖန်ဖြစ်တော့မည်မဟုတ်သောအဖြစ်မျိုးတွင် မည်သူမျှသင်ကဲ့သို့ ယေဟောဝါဘုရားသခင်၏သက်သေတစ်ဦးဖြစ်နိုင်မည်မဟုတ်ပေ။—၁ ပေတရု ၃:၂၀။ မာကု ၁၃:၁၉။ ၂ ပေတရု ၃:၅-၇။
မှတ်မိခံရသော သက်ညှာစိတ်ရှိလူဆိုး
၁၆၊ ၁၇။ (က) စာနာစိတ်ရှိလူဆိုးကို ယေရှုအောက်မေ့ချိန်တွင် အာမဂေဒုန်ကပ်ကျော်သူများနှင့် ထိုအချိန်တွင်အသက်ရှင်နေသူများ အဘယ်အခွင့်ထူးရရှိမည်နည်း။ (ခ) ရှင်ပြန်ထမြောက်လာသောလူဆိုးနှင့်စပ်လျဉ်း၍ အဘယ်မျှော်လင့်ချက်ရှိသနည်း။
၁၆ ထိုအချိန်တိုင်သော် ကမ္ဘာ့ပရဒိသုသည် အတော်အတန်ပြန်လည်ထူထောင်နေမည်မုချ။ ယေရှုခေါင်းတော်ပေါ်ဆွဲထားသည့် စကားများကိုအသိအမှတ်ပြုသည့်အနေနှင့် ကရနိကုန်းအရပ်၌ “ယေရှုနှင့်ဘေးချင်းယှဉ် နှက်တိုင်တင်အသတ်ခံခဲ့ရသော ရာဇဝတ်သားသည် ပြန်လည်တည်ထောင်ထားသောပရဒိသုတွင် မြေကြီးဆိုင်ရာအသက်တာသို့ ပြန်လည်ရှင်ပြန်ထမြောက်လာပေမည်။ (လုကာ ၂၃:၄၂) ထိုအခါ သေရာမှသူ့ကိုကြိုဆိုရန် အာမဂေဒုန်ကျော်လွှားသူများနှင့် ထိုအချိန်တွင်အသက်ရှင်နေကြမည့် အခြားသူများ၏ အခွင့်အရေးဖြစ်ပါလိမ့်မည်။ စီအီး ၃၃ ခုနှစ်၊ နိသန်လ ၁၄ ရက်နေ့က သူအလေးအနက်စာနာမှုပြခဲ့ခံရသူ၊ ယခုအစိုးရနေသော ဘုရင်ယေရှုခရစ်အကြောင်း သူတို့သူ့အားသွန်သင်ပေးကြမည်။
၁၇ ကိုယ်တော်၏အနှစ်တစ်ထောင် အုပ်စိုးချိန်အတွင်း တစ်ချိန်ချိန်တွင် သူ့အားသခင်ယေရှုခရစ် သတိရတော်မူမည်။ နန်းထိုင်ဘုရင် ယေရှုခရစ်တော်ကြောင့် ရှင်ပြန်ထမြောက်ခွင့်ရသော စာနာတတ်သည့်လူဆိုးသည် စကြဝဠာအချုပ်အခြာအာဏာရှင် ယေဟောဝါဘုရားသခင်ကိုသစ္စာရှိကြောင်းတင်ပြခြင်းအားဖြင့် ယေရှုအားကျေးဇူးတင်လေးစားမှု ထင်ရှားစေမည်အမှန်။ ထိုအခါ နဂိုအခြေအနေသို့ တည့်မတ်ခံရသော နာခံမှုရှိလူသားတို့နှင့်အတူ ပရဒိသုကမ္ဘာသစ်တွင် အစဉ်အဆက်အသက်ရှင်ခွင့်ရထိုက်ပေမည်။
ကမ္ဘာချီ ပြန်လည်တည်ထောင်သော ဧဒင်ဥယျာဉ်တွင် အသက်ရှင်ခြင်း
၁၈။ ပြန်လည်တည်ထောင်သောပရဒိသုတွင် အသက်ရှင်ရခြင်းအခွင့်သည် မည်သို့ရှိမည်နည်း။
၁၈ ပြန်လည်တည်ထောင်သောပရဒိသုတွင် လူတိုင်းသည် မိတ်ဆွေချည်းသာဖြစ်ကြမည်။ ကမ္ဘာ့မိသားစုအဖြစ် တော်စပ်မှုနှောင်ကြိုးများ လူတိုင်း၏စိတ်နှလုံးအတွင်းရှိနေမည်။ အချင်းချင်း တစ်ဦးကိုတစ်ဦး သဘောပေါက်နားလည်ကြမည်။ တစ်ခုတည်းသော ကမ္ဘာသုံးဘာသာစကားကို သူတို့ပြောဆိုကြမည်။ လူသားစတည်ရှိချိန်မှ နှစ်ပေါင်း ၁၈၀၀ ခန့်၊ အာဒံဖန်ဆင်းခံရသည့် ဘီစီအီး ၄၀၂၆ ခုနှစ်မှ “သူ့လက်ထက်၌ မြေကြီးကိုခွဲဝေကြ၏” ဟုပြောဆိုခံရသော ဖာလက်ခေတ် (ဘီစီအီး ၂၂၆၉ မှ ဘီစီအီး ၂၀၃၀ ခုနှစ်အထိ) တိုင်အောင် လူတိုင်းပြောဆိုခဲ့မည်ဖြစ်သော လူသားတို့၏ အစကနဦးဘာသာစကားဖြစ်ပေလိမ့်မည်။ (ကမ္ဘာဦး ၁၀:၂၅။ ၁၁:၁) လူတိုင်းအသက်ရှင်ခွင့်ရ၍ပျော်မွေ့နေကြပြီး နောက်ထပ်တစ်နေ့အသက်ရှင်ခွင့်ရသည့်အတွက် ကျေးဇူးတင်ကြောင်းတဖွဖွပြောဆိုနေကြမည်။ အချိန်တရွေ့ရွေ့ကုန်ခန်းသော်လည်း ကာယချို့တဲ့မှု မတိုးလာပေ။ ကာယအင်အားပြည့်ဖြိုးတိုးပွားလာသည်အလျောက် ခန္ဓာကိုယ်တို့သည် နွမ်းလျမသွားပေ။—ယောဘ ၃၃:၂၅ နှင့်နှိုင်းယှဉ်ပါ။
၁၉။ ယခင်ကချို့တဲ့ခဲ့သူများ အဘယ်အဖြစ်မျိုးကြုံရကြမည်နည်း။
၁၉ ကြည့်ကြပါဦး။ တစ်ချိန်က ခြေဆွံ့ခဲ့သူတို့သည် လမ်းလျှောက်နေရုံမက ဝမ်းသာအားရနှင့် ခုန်ပေါက်နေကြသည်။ လက်ပြတ်ခြေပြတ်များကို အံ့ဖွယ်နည်းဖြင့် ပြန်ရရှိနေကြပြီ။ ယခင်ကမျက်မမြင်သူများ မြင်တွေ့ရ၏၊ နားပင်းသူတို့ကြားနားရ၏၊ ဆွံ့အသူများ စကားပြောဆို၍ ဝမ်းပန်းတသာသီချင်းဆိုနေကြပြီ။ (ဟေရှာယ ၃၅:၅၊ ၆ နှင့်နှိုင်းယှဉ်ပါ။) ရှုပျော်ဖွယ်မကောင်းသည့် လူ့ခန္ဓာပုံပန်းသဏ္ဌာန်များလုံးဝမရှိတော့။ ယောက်ျားပီသခြင်းနှင့် မိန်းမပီသခြင်းအရည်အချင်းတို့ဖြင့် တင့်တယ်စွာ ဟန်ပန်တကျဖြစ်နေသည်ကိုတွေ့ရှိရသည်။ (ကမ္ဘာဦး ၂:၁၈) စုံလင်သော လူ့ကိုယ်ခန္ဓာကိုဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်အား လူသားတို့၏ပြည့်ဝစုံလင်မှုက ဘုန်းထင်ရှားချီးမွမ်းစေသတည်း။
၂၀။ သယံဇာတသဘာဝအင်အား၊ စားစရာများ၊ တိရစ္ဆာန်လောကနှင့် ကမ္ဘာကိုအသုံးပြုမည့်ပုံစံနှင့်စပ်လျဉ်း၍ အဘယ်အရာတွေ့မြင်မည်နည်း။
၂၀ ကမ္ဘာတစ်ခွင် ရှုမငြီးဖွယ်အလှကျက်သရေဆောင်သော အရပ်ဒေသဖြစ်လာပေပြီ။ ကမ္ဘာပေါ်အဘယ်ဒေသမျှ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ ပျက်စီးဆုံးရှုံးမှုကြီးမားသော လေဆင်နှာမောင်း၊ ဆိုင်ကလုံး၊ ဟာရီကိန်း၊ တိုင်ဖွန်း၊ တော်နေဒိုးအစရှိသည့် မုန်တိုင်းသတင်းများ လုံးဝမကြားရတော့ချေ။ (မာကု ၄:၃၇-၄၁ နှင့်နှိုင်းယှဉ်ပါ။) ကမ္ဘာတစ်ခွင် သာယာလှပသောနေထိုင်ရာအရပ်ဖြစ်လာစေရန် သယံဇာတအင်အားစုများမျှတလာပေမည်။ မြေကြီးသည် မိမိ၏ဘဏ္ဍာကို အစွမ်းကုန်ထုတ်လုပ်ပေးနေမည်ဖြစ်ရာ မည်သည့်နေရာ၌မျှအစာရှားပါးမည်မဟုတ်။ (ဆာလံ ၇၂:၁၆) “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ” ဟုယေဟောဝါမိန့်တော်မူသည့်အတိုင်းပင် လူနှင့်တိရစ္ဆာန်တို့အတွက် ငြိမ်းချမ်းလုံခြုံမှုတည်မြဲတည်နေမည်။ (ဟေရှာယ ၁၁:၉။ အခန်းငယ် ၆-၈ ကိုလည်းကြည့်ပါ။) ဤနည်းဖြင့် ကမ္ဘာကိုဖန်ဆင်းပိုင်သတော်မူသောအရှင် ယေဟောဝါဘုရားသခင်၏ဝတ်ပြုရေးနှင့် အမှုတော်ကိုထမ်းဆောင်ရန်နေရာအဖြစ် ကမ္ဘာမြေကြီးသည် ကြည်နူးပျော်ရွှင်ဖွယ်ရာအရပ်ဒေသဖြစ်လာပေမည်။ ကိုယ်တော်ဖန်ဆင်းထားသဖြင့် ကိုယ်တော်.ပိုင်ဆိုင်ရာဖြစ်သောကြောင့် အလိုတော်ရှိသည်အတိုင်းသော်လည်းကောင်း၊ ဘုန်းတော်ထင်ရှားသည့်နည်းအတိုင်းသော်လည်းကောင်း ယင်းကိုအသုံးပြုထိုက်ပေသည်။—ဟေရှာယ ၃၅:၁၊ ၂၊ ၆၊ ၇ နှင့်နှိုင်းယှဉ်ပါ။
၂၁။ ရွေးနှုတ်ခံရသောလူသားသည် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို မည်သို့သဘောထားမည်နည်း။ အဘယ်တေးသံသာကို ကြားနာရမည်နည်း။
၂၁ တင့်တယ်လှသောစုံလင်ခြင်းဖြင့် လူ့ဘဝအသက်တာစတင်ခဲ့သည့် ပရဒိသုဧဒင်ဥယျာဉ်တွင် တစ်ခါမျှမရောက်ခဲ့ဖူးသော ရွေးနှုတ်ခံလူသားများအတွက် ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် လန်းဆန်းသစ်လွင်နေမည်တကား။ (ဗျာဒိတ် ၂၁:၅) ယေဟောဝါကိုသာချီးမွမ်းထောမနာပြု၊ နာပျော်ကြည်နူးဖွယ် တူရိယာတေးသံသာများကို ထိုအခါကြားနာရကြမည်ဖြစ်ခြင်း။—၁ ရာဇဝင်ချုပ် ၂၃:၄၊ ၅။ ဆာလံ ၁၅၀:၃-၆။
၂၂။ ပရဒိသုကမ္ဘာသစ်တွင် အသက်ရှင်ရသည့်အတွက် မည်သို့ခံစားရကြမည်နည်း။
၂၂ အာဒံ၏မူလပြစ်မှုကြောင့်ပေါ်လာသော သေခြင်းတရားအကျိုးဆက် အဆင့်ဆင့်ရှိသမျှကို ချေမှုန်းပြီးနောက် လူ့ဘဝအသက်တာပျော်ရွှင်မှုများ ပြည့်လျှံဖိတ်ယိုနေသည့်ကမ္ဘာပေါ် နေထိုင်ရခြင်းသည် မည်မျှပျော်မြူးအယ်လဲဖြစ်မည်တကား။ (ယောဟန် ၁၀:၁၀ နှင့်နှိုင်းယှဉ်ပါ။) ပထမလူအာဒံဖန်ဆင်းခံရချိန်က သူ၌ထည့်သွင်းထားသည့် ယေဟောဝါ၏ပုံသဏ္ဌာန်တော်ကို မျက်နှာသာရလူသတ္တဝါတိုင်း ရောင်ပြန်ဟပ်မည့် ကမ္ဘာလောကဖြစ်ပါလိမ့်မည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) ထိုအခါ ကမ္ဘာမြေကြီးသည် သရပ်များ၊ ခေရုဗိမ်များနှင့် ရောင်ခြည်ဖြာသောကောင်းကင်တမန်များအတွက် မျက်စိစူးစရာဖြစ်တော့မည်မဟုတ်ပေ။ ချစ်စဖွယ်မျက်နှာများဖြင့် ပရဒိသုကျက်သရေဝေဆာသောအလှကို ရှုစားကြရာတွင် သူတို့တိုက်ရိုက်ဖူးမြင်ခွင့်ရသောအရှင်သခင်၊ စကြဝဠာအချုပ်အခြာအာဏာရှင်ယေဟောဝါကို ထောပနာပြုကျေးဇူးတင်ချီးမွမ်းလျက်သာနေမည်တကား။—မဿဲ ၁၈:၁၀။
ပျော်ရွှင်သာယာ၊ မကုန်ဆုံးနိုင်သောအနာဂတ်
၂၃။ ဘိသိက်ခံခရစ်ယာန်များနှင့်စပ်လျဉ်း၍ အဘယ်အလားအလာရှိသနည်း။ ကမ္ဘာ့ပရဒိသုတွင်နေထိုင်သူများအတွက် အဘယ်အကျိုးဖြစ်ထွန်းမည်နည်း။
၂၃ ကောင်းကင်သို့ရှင်ပြန်ထမြောက်ခွင့်ရသည့် ဘိသိက်ခံခရစ်ယာန်များ “ခံရသောခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကိုတည်မြဲစေ” ခဲ့သူများ၏ နာမည်စာရင်းအပြည့်အစုံကို ကမ္ဘာ့ပရဒိသုရှိ ဆွေမျိုးအပေါင်းသိရှိစေရန် အနာဂတ်ကာလတစ်နေ့နေ့ ကြေညာပေးမည့်အလားအလာရှိပေသည်။ (၂ ပေတရု ၁:၁၀။ ဆာလံ ၈၇:၅၊ ၆) ဤနည်းဖြင့် ယေရှုခရစ်၏ဝိညာဉ်တော်ဖွား ဘိသိက်ခံတပည့်တော် ၁၄၄၀၀၀ ကမ္ဘာ့ပရဒိသု၌မရှိရခြင်းကို လူတိုင်းကျေနပ်အားရစွာနားလည်နိုင်ကြပြီး သူတို့အတွက်သော်လည်းကောင်း၊ သူတို့နှင့်အတူသော်လည်းကောင်း လှိုက်လှိုက်လှဲလှဲ ဝမ်းသာအယ်လဲဖြစ်နိုင်ကြပေမည်။
၂၄။ (က) ကိုယ်တော်၏ “ခြေတင်ရာခုံ” နှင့်ပတ်သက်၍ ယေဟောဝါအဘယ်အရာဖြစ်မြောက်စေမည်နည်း။ (ခ) ကမ္ဘာသစ်သည် ဆုံးခန်းတိုင်မည်မဟုတ်ကြောင်း မည်သို့သိရှိနိုင်သနည်း။ အဘယ်ပရောဖက်ပြုချက်သီချင်း ပြည့်စုံမည်နည်း။
၂၄ စကြဝဠာတစ်ခွင် အမြင့်မားဆုံးအချုပ်အခြာအာဏာရှင် ယေဟောဝါကို မပြတ်မစဲအစဉ်မြတ်နိုးသူများအတွက် မကုန်ဆုံးသောအနာဂတ်သည် ရွှင်လန်းဝမ်းမြောက်ဖွယ်ဖြစ်လတံ့။ တော်သင့်ရုံပြည့်လျက်နေသော ကမ္ဘာ့ပရဒိသုသည် ပုံဆောင်စကားဖြင့် ဘုရားသခင့် “ခြေတင်ခုံ” အဖြစ် လျောက်ပတ်သောနေရာ၊ ဂုဏ်ပြုထိုက်သောနေရာ အမှန်ဖြစ်ပေမည်။ မှန်ပေသည်။ နောင်ကမ္ဘာအဆက်ဆက်တိုင်အောင် ယေဟောဝါရှင်သည် မိမိ၏ “ခြေတင်ရာအရပ်ကို ဘုန်းပွင့်စေ” ပြီး လူသားအပေါင်း ကိုယ်တော်ထံ၌ မသွေဖည်မဖောက်ပြန်ဘဲ လက်အောက်ခံနေကြမည်တည်း။ (မဿဲ ၅:၃၄၊ ၃၅။ တမန်တော် ၇:၄၉) ကမ္ဘာသစ်သည် မကုန်မဆုံးနိုင်သောကမ္ဘာဖြစ်လိမ့်မည်။ အကြောင်းမူကား၊ “အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။” (ဟေရှာယ ၉:၇) ထိုအခါ ဘီစီအီး ၂ ခုနှစ်က ယုဒပြည်၊ ဗက်လင်မြို့၌ ယေရှုမွေးဖွားချိန်တွင် ကောင်းကင်တမန်များကြွေးကြော်ခဲ့သည့် “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာပေါ်တွင် ကိုယ်တော်နှစ်သက်တော်မူသောလူအပေါင်းတို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း။”—လုကာ ၂:၁၃၊ ၁၄၊ သတင်းကောင်းကျမ်း။
၂၅။ (က) “အခြားသိုး” မှ “လူအုပ်ကြီး” အဝင် အဘယ်အရာကိုကျေးဇူးတင်လေးစားကြသနည်း။ (ခ) ကျွန်ုပ်တို့၏ နှလုံးသားပါ စိတ်ဆန္ဒသည် မည်သို့ဖြစ်သင့်သနည်း။
၂၅ ကောင်းမြတ်သောသိုးထိန်း၏ “အခြားသိုး” မှ “လူအုပ်ကြီး” အဝင်သည် ပြန်လည်တည်ထောင်မည့် ပရဒိသုကတိတော်၏ စိတ်လှုပ်ရှားပီတိဖြစ်ဖွယ်စကားများကို တန်ဖိုးထားလေးစားကြသည်။ ယနေ့ ဘုရားသခင့်အဖွဲ့အစည်းနှင့်သူတို့ပေါင်းသင်းပြီး သခင်ယေရှုခရစ်ကြိုတင်ဟောခဲ့သော နောက်ဆုံးသက်သေအဖြစ် လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကိုဟောပြောခြင်းလုပ်ငန်း၌ ဇွဲရှိရှိပါဝင်နိုင်ခြင်းက သူတို့၏ထူးမြတ်သောအခွင့်အရေးပါတကား။ (မဿဲ ၂၄:၁၄။ မာကု ၁၃:၁၀) ကျွန်ုပ်တို့ ယေဟောဝါသက်သေများအနေနှင့် စိတ်ရင်းစေတနာအလိုဆန္ဒမှာ စကြဝဠာအချုပ်အခြာအာဏာရှင် ယေဟောဝါဘုရားသခင်၏ ထာဝစဉ်ဘုန်းတော်ထင်ရှားခြင်း၊ သင်္ကာယနကင်းရှင်းရေးနှင့် တစ်ပါးတည်းသောသားတော် ယေရှုခရစ်၏တော်ဝင်အုပ်ချုပ်မှုအောက် နောင်ကမ္ဘာအဆက်ဆက် နာမည်မပျက် သစ္စာသမာဓိစောင့်ထိန်းရန်ဖြစ်သတည်း။ “ဟာလေလုယ။”—ဗျာဒိတ် ၁၉:၁၊ ၃၊ ၄၊ ၆၊ RSV, New International Version; သု၊ ၁၀:၉။
သင်မည်သို့ဖြေဆိုမည်နည်း
▫ ပုံဆောင်ရာခြေတင်ခုံ ကမ္ဘာမြေကြီးအတွက် ယေဟောဝါအဘယ်ကတိရှိသနည်း။
▫ ပရဒိသုပြန်လည်တည်ထောင်ရာတွင် မည်သူတို့အကူအညီပေးမည်နည်း။
▫ မည်သူတို့အထဲမှသူတို့အား ဘုရင်ယေရှုခရစ်သည် “မင်းအရာ၌ ခန့်ထားတော်မူ” မည်နည်း။
▫ ရှင်ပြန်ထမြောက်ခြင်းအချိန်တွင် အဘယ်စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံသည် သင့်အခွင့်အရေးဖြစ်မည်နည်း။
▫ ယေဟောဝါကို မပြတ်အစဉ်ချစ်မြတ်နိုးသူများအတွက် အဘယ်အနာဂတ်ရှိသနည်း။