ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၃/၁၅ စာ. ၇-၉
  • ယေဟောဝါနာမတော်ကို ပတ္ထနာပြု၍ လုံခြုံစွာနေလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါနာမတော်ကို ပတ္ထနာပြု၍ လုံခြုံစွာနေလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြောက်မက်ဖွယ် ပိုးမွှားဖျက်ဆီးမှု
  • ကယ်တင်ခြင်းလမ်းတော်
  • တိုင်းနိုင်ငံများအပေါ် တရားစီရင်ခြင်း
  • ယေဟောဝါ၏နေ့ကြီးနီးပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • မြောက်ဘက်က လာတဲ့ တိုက်ခိုက်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ယေဟောဝါ၏နေ့ရက်တော်ကို စွဲမှတ်ထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • တရားဆုံးဖြတ်ရာချိုင့်တွင် စီရင်ချက်ချမှတ်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၃/၁၅ စာ. ၇-၉

ကျမ်းစောင်များမှ သင်ခန်းစာများ—⁠ယောလ ၁:၁–၃:⁠၂၁

ယေဟောဝါနာမတော်ကို ပတ္ထနာပြု၍ လုံခြုံစွာနေလော့

“ကပ်ဘေးကို ထိန်းလို့မရရင်တော့ အရှေ့အာဖရိကနဲ့ အရှေ့ပိုင်းနားကို ပြန့်နှံ့သွားလိမ့်မယ်။ တကယ့်ဒုက္ခဘေးဖြစ်လာနိုင်တယ်။” ယူအင်အစာနှင့်လယ်ယာအဖွဲ့အစည်းမှ အရာရှိတစ်ဦးက အာဖရိကအနောက်မြောက်ပိုင်းတွင် ပြင်းထန်သော ကုဋေချီအင်းဆက်—⁠ကျိုင်းကောင်များ ဝင်ဖျက်ဆီးခြင်းနှင့်စပ်လျဉ်း၍ ပြောခဲ့သည်။

ဘီစီအီး ၈၂၀ ခန့်က ဘုရား၏ပရောဖက်ယောလက အလားတူဘေးဒဏ်ကို ပြောခဲ့သည်။ သူက ယုဒနိုင်ငံသည် ပိုးမွှားဖျက်ဆီးဒဏ်ခံရမည့်အကြောင်း၊ တိတိကျကျ ယုတ္တိရှိရှိ ကွင်းကွင်းကွက်ကွက်ဖေါ်ပြခဲ့သည်။ သို့သော် ဘေးဒဏ်သည် တိရစ္ဆာန်၊ သစ်ပင်တို့ကို အန္တရာယ်ပြုသည်ထက် ပိုမိုကြီးကျယ်သော ပုံဆောင်ချက်ကပ်ဘေးဖြစ်သည်။ ယင်းကား “ယေဟောဝါ၏နေ့တော်ကို” ကြေညာခြင်းပင်။ ကျွန်ုပ်တို့၏လူမျိုးဆက်သည် ထို “ကြောက်မက်ဖွယ်နေ့နှင့် ယင်း၏ပြင်းထန်သောဖျက်ဆီးမှုအားလုံးကို ရင်ဆိုင်လျက်ရှိသည်။ ယောလ၏ပရောဖက်ပြုချက်မှ ကျွန်ုပ်တို့ဘာသင်ခန်းစာရနည်း။

ကြောက်မက်ဖွယ် ပိုးမွှားဖျက်ဆီးမှု

ယေဟောဝါ၏ တုန်လှုပ်ဖွယ်နေ့ရက်အတွင်း ကယ်တင်ခြင်းရရန် နောင်တလိုအပ်သည်။ ယောလမျက်စိဖြင့်ကြည့်လျှင် နိုင်ငံတွင် ပဆုပ်ပနီကောင်များ၊ ကျိုင်းကောင်များ၊ အတောင်ပံမဲ့ တွားသွားသော ကျိုင်းကောင်နှင့် ပိုးဟပ်များကြောင့်၊ အပင်များ ဆိတ်သုဉ်းလျက်ရှိသည်။ ယဇ်ပုရောဟိတ်များ၊ အသက်ကြီးသူများ နှင့် ယုဒရှိ နေထိုင်သူများအား နောင်တယူရန်နှင့် “ယေဟောဝါထံမှ ကူမမှုအတွက် ဟစ်ကြွေးရန်” တိုက်တွန်းခဲ့သည်။ အသီးအနှံမရှိ၍ လှောင်ရုံများလည်း ယိုယွင်းနေပြီး စပါးကျီများလည်း ပြိုပျက်လျက်ရှိသည်။ အိမ်မွေးတိရစ္ဆာန်များလည်း ရှုပ်ပွေလိမ်လျက် စားကျက်လိုက်ရှာသော်လည်း အချည်းနှီးဖြစ်ရသည်။ အနန္တတန်ခိုးရှင်ထံမှ ဖျက်ဆီးသောနေ့ရက်ပါတကား။—⁠၁:၁-၂၀။

ယေဟောဝါ၏နေ့ရက်နီးကပ်ခြင်းက ကျွန်ုပ်တို့အား သန့်ရှင်းသောအကျင့်နှင့် ဘုရားရေးရာအလုပ်များကို လုပ်ရန် တိုက်တွန်းသင့်သည်။ (၂ ပေတရု ၃:၁၀-၁၂) ယောလက ယင်းနေ့ကို မှောင်မိုက်သော၊ မိုးအုံ့၍ ထူထပ်သောနေ့အဖြစ် ကျွန်ုပ်တို့အားမြင်စေသည်။ ထိုအချိန်က ကျိုင်းကောင်များသည် ကြောက်မက်ဖွယ်ရှေ့တော်ပြေးများဖြစ်သည်။ သူတို့မျက်မှောက်တွင် ယုဒ၏ဧဒင်ကဲ့သို့နယ်မြေသည် ကန္တာရဖြစ်ခဲ့ရသည်။ အကြောင်းမှာ ယင်း၏အသံသည် ရထားမြည်သံကဲ့သို့ဖြစ်ပြီး ရိုးပြတ်များကို မီးလောင်နေသည့် အသံနှင့် တူလေသည်။ ကျိုင်းကောင်များ ချီတက်ရာ၌ “စစ်ချီရန် ခင်းကျင်းသော အလုံးအရင်းကြီးကဲ့သို့ဖြစ်ကာ သူတို့သည် မြို့ရိုးကို ကျော်လျက်၊ မြို့ထဲသို့ တရှိန်ထိုးဝင်ကာ အိမ်ပေါ်သို့တက်ကြ၏။ ‘ယေဟောဝါ၏ကြောက်မက်ဖွယ်နေ့တွင် နေ၊ လနှင့်ကြယ်များပင် မှောင်မိုက်သွားလေသည်။—⁠၂:၁-၁၁။

ကယ်တင်ခြင်းလမ်းတော်

ကယ်တင်ခြင်းအတွက် ‘ယေဟောဝါသည် ဘုရားဖြစ်ပြီး အခြားဘုရားမရှိကြောင်း’ ကျွန်ုပ်တို့ဝန်ခံရမည်။ “ငါ့ထံသင့်နှလုံးအကြွင်းမဲ့နှင့် ပြန်လာလော့” ဟု ယေဟောဝါသွန်သင်၏။ လူကြီးလူငယ်များအား ဘုရားမျက်နှာသာရရှိရေးအတွက် ဝတ်ပြုတောင်းလျှောက်ဖို့ စုဝေးကြရန် တိုက်တွန်းခဲ့သည်။ ဘုရားသည် ကရုဏာပြမည်ဖြစ်ပြီး၊ ပိုးမွှားဖျက်ဆီးမှုအတွက် အစားပြန်ပေးကာ မိမိ၏လူမျိုးကို ကြွယ်ဝစွာ ကောင်းချီးပေးမည်။ ယေဟောဝါကို တစ်ဆူတည်းသော မှန်သောဘုရားနှင့် ကယ်တင်ခြင်းပင်ရင်းအဖြစ် အသိအမှတ်ပြုသူတို့သည် အရှက်တကွဲဖြစ်မည်မဟုတ်ချေ။—⁠၂:၁၂-၂၇။

ကျွန်ုပ်တို့၏ ကယ်တင်ခြင်းလည်း ယုံကြည်ခြင်းနှင့် ယေဟောဝါ၏နာမအပေါ် ခေါ်ခြင်း၌ မူတည်နေသည်။ “ယေဟောဝါ၏ ကြောက်မက်ဖွယ်နေ့မတိုင်မီ” ဘုရားသည် ‘မိမိ၏ဝိညာဉ်ကို လူမျိုးတကာတို့အပေါ်သို့ သွန်းလောင်းမည်။’ လူငယ်လူကြီးယောက်ျားနှင့် မိန်းမအားလုံးသည် ပရောဖက်ပြုချက်လုပ်ငန်းကို ဆောင်ရွက်ကြမည်။ သို့ဖြင့် ‘ယေဟောဝါနာမကို ခေါ်တော်မူသောသူရှိသမျှသည် ကယ်တင်ခြင်းသို့ရောက်ကြလတံ့။’—⁠၂:၂၈-၃၂။

တိုင်းနိုင်ငံများအပေါ် တရားစီရင်ခြင်း

ယေဟောဝါသည် တိုင်းနိုင်ငံများကို တရားစီရင်သောအခါ မိမိ၏သစ္စာရှိလူမျိုးကို ကယ်တင်မည်။ (ယေဇကျေလ ၃၈:၁၈-၂၃။ ဗျာဒိတ် ၁၆:၁၄-၁၆ ကိုနှိုင်းယှဉ်ပါ။) တုရု၊ ဇိဒုန်နှင့် ပလတိဏပြည်သည် ဘုရားလူမျိုးကို တလွဲပြုမူ၍ သူတို့အား ကျွန်အဖြစ်ရောင်းချလိုက်သောကြောင့် ဒဏ်ခံရမည်။ ယေဟောဝါသည် ယုဒနှင့်ယေရုရှလင်၏ သုံ့ပန်းများကို ပြန်ခေါ်ဆောင်လာမည်ဖြစ်၍ မိမိ၏ရန်သူများအား ကိုယ်တော်က “စစ်တိုက်ခြင်းငှာ ပြင်ဆင်လော့” ဟုဆို၍ စိန်ခေါ်ခဲ့သည်။ ဘုရားသည် သူတို့အားပုံဆောင်ရာ “ယောရှဖတ်ချိုင့်” တွင် တရားစီရင်သောကြောင့် ဘုရားကို သူတို့ဆိုင်ပြိုင်နိုင်မည်မဟုတ်ချေ။ ကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်မည်ဖြစ်သော်လည်း ယေဟောဝါသည် မိမိလူမျိုးအတွက် ခိုလှုံ့ရာဖြစ်မည်။ သစ္စာရှိသူများသည် တိုင်းနိုင်ငံများအပေါ် တရားစီရင်ချက်ကို လွတ်မြောက်မည်ဖြစ်ပြီး ပရဒိသုအခြေအနေအောက်တွင် အသက်ရရှိမည်။—⁠၃:၁-၂၁။

သတိရရန် သင်ခန်းစာများ။—⁠ယေဟောဝါ၏ တုန်လှုပ်ဖွယ်နေ့ရက်တွင် လူတစ်ဦးသည် ကယ်တင်ခြင်းရရန် ကြိုတင်၍ နောင်တယူရန်လိုအပ်သည်။ ယင်းနေ့နီးကပ်လာခြင်းက ကျွန်ုပ်တို့အား သန့်ရှင်းသော အကျင့်နှင့် ဘုရားရေးရာလုပ်ငန်းတွင် ပါဝင်ရန် လှုံ့ဆော်သင့်သည်။ မှန်ပါသည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ယေဟောဝါသာတစ်ဆူတည်းသော ဘုရားဖြစ်ကြောင်း အသိအမှတ်ပြုခြင်းအပေါ်မူတည်နေသည်။ ကျွန်ုပ်တို့ကိုယ်တော်၏နာမ၌ ယုံကြည်ခြင်းနှင့်ခေါ်လျှင် တိုင်းနိုင်ငံများကို တရားစီရင်သောအခါ ကျွန်ုပ်တို့အား ကယ်တင်ပါလိမ့်မည်။

ယောလ၏ပရောဖက်ပြုချက်သည် ကျွန်ုပ်တို့အား စဉ်းစားရန်အစာကို ပိုပေးလေသည်။ “ယေဟောဝါ၏တုန်လှုပ်ဖွယ်နေ့ရက်ကြီးသည် ရောက်လုဆဲဖြစ်သည်။ လူများကို သတိပေးရမည်။ ယောလ၏ ပရောဖက်ပြုချက်ရှိ ကျိုင်းကောင်များကဲ့သို့ ယေဟောဝါသက်သေများသည် ခရစ်ယာန်ဘောင်ကို သူမ၏ဝိညာဏမြုံနေမှုကို မရပ်မနား ထုတ်ဖေါ်ခြင်းဖြင့် ဖျက်ဆီးကြသည်။ ဤသို့ပြုခြင်းက သူမ၏ခေါင်းဆောင်များထံမှ ဒေါသနှင့် အတိုက်အခံများပေါ်ပေါက်စေပြီး ပုံဆောင်ကျိုင်းကောင်များ လမ်းကြောင်းတွင် နံရံကဲ့သို့အတားအဆီးများကြိုးစားချထားသော်လည်း မအောင်မြင်ကြချေ။ ယေဟောဝါသည် မိမိ၏ဝိညာဉ်တော်ကို မိမိ၏လူမျိုးအပေါ် သွန်းလောင်း၍ ကိုယ်တော်၏တရားစီရင်ချက်များကို ကြေညာရန် လေ့ကျင့်ပေးသည်။ ထိုကြောင့် ဘုရား၏တုန်လှုပ်ဖွယ်နေ့ရက်မရောက်မီ ကျန်ကြွင်းသော အချိန်တိုလေး၌ ကျွန်ုပ်တို့သည် အခြားသူများကို ‘ယေဟောဝါ၏နာမကို ပတ္ထနာပြု၍ လုံခြုံမှုရရန်’ အပြည့်အဝကူညီကြပါစို့။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

ကျမ်းပိုဒ်များကို သုံးသပ်ခြင်း

• ၁:၂—⁠နိုင်ငံကိုလမ်းလွဲစေသော “အသက်ကြီးသူများ” အား ယောလစကားပြောခဲ့သည်။ “ပြည်သူပြည်သားများ” ထိုမှားယွင်းသော ဦးဆောင်မှုနောက်လိုက်ခဲ့သောကြောင့် သူတို့လည်း ယေဟောဝါမျက်စိ၌ တာဝန်မကင်းဖြစ်နေသည်။ ယနေ့လည်း ခရစ်ယာန်ဘောင်ဘာသာရေးခေါင်းဆောင်များလည်း သူတို့၏သိုးအုပ်များကို အလားတူပင် တလွဲဦးဆောင်ခဲ့သည်။ ယောလကဲ့သို့ပင် ယေဟောဝါသက်သေများသည် သတင်းတော်ကို ထိုဓမ္မဆရာအတန်းအစားသို့ ရည်ညွှန်းခဲ့သည်။ သို့ပင်ငြားလည်း လူအပေါင်းထံ ဘုရားနှုတ်ကပတ်တော်ကို ကြေညာရန် လိုအပ်သည်။ အကြောင်းမှာ သူတို့လည်း ယေဟောဝါထံ စာရင်းရှင်းရမည်ဖြစ်သောကြောင့်တည်း။—⁠ဟေရှာယ ၉:၁၅-၁၇။ ရောမ ၁၄:⁠၁၂။

• ၂:၁-၁၀၊ ၂၈—⁠ဣသရေလများအား၊ သူတို့သည် ဘုရားအား နာမခံလျှင် ကျိုင်းကောင်နှင့် အခြားသတ္တဝါများသည် သူတို့၏အသီးအနှံများကို ဝါးမျိုလိုက်မည့်အကြောင်း သတိပေးခဲ့သည်။ (တရားဟောရာ ၂၈:၃၈-၄၅) ယောလဖေါ်ပြသကဲ့သို့ ခါနာန်၌ ပိုးမွှားတိုက်ခိုက်မှုကျမ်းမှတ်တမ်းမတွေ့ရသောကြောင့် သူပြောခဲ့သော ကပ်ဘေးသည် ပုံဆောင်ချက်ဖြစ်သည်။ ပရောဖက်ပြုချက်သည် ပင်တေကုတ္တေ ၃၃ စီအီးတွင် စပြည့်စုံခဲ့ကြောင်း ထင်ရှားသည်။ ယေဟောဝါသည် ‘မိမိ၏ဝိညာဉ်တော်ကို’ ယေရှု၏နောက်လိုက်များအပေါ် သွန်းလောင်း၍ မှားယွင်းသောဘာသာရေးသမားများကို သူတို့၏ဘုရားပေးသတင်းတော်ဖြင့် ညှဉ်းပန်းသောအခါဖြစ်သည်။ (တမန်တော် ၂:၁၊ ၁၄-၂၁; ၅:၂၇-၂၉) ယေဟောဝါသက်သေများလည်း ယခုအလားတူ ဖျက်ဆီးလုပ်ငန်းကို လုပ်ဆောင်လျက်ရှိသည်။

• ၂:၁၂၊ ၁၃—⁠ရှေးခေတ်က အပြင်ဝတ်ရုံကို ဆွဲဆုတ်လိုက်ခြင်းက အပြင်ပန်းဝမ်းနည်းမှုကို တင်ပြသည်။ (ကမ္ဘာဦး ၃၇:၂၉၊ ၃၀၊ ၄၄:၁၃) သို့သော် ယင်းကို မရိုးသားဟန်ဆောင်မှုဖြင့် လုပ်နိုင်သည်။ ယောလက အပြင်ပန်းဝမ်းနည်းမှု တင်ပြရုံနှင့် မလုံလောက်ဟု ရှင်းလင်းစွာပြောခဲ့သည်။ လူများသည် နှလုံးထဲမှ နောင်တကိုပြခြင်းဖြင့် ‘သူတို့၏နှလုံးများကို ဆွဲဆုတ်’ ရန်လိုအပ်သည်။

• ၂:၃၁၊ ၃၂—⁠ယောလအချိန်တွင် သစ္စာရှိသူများကို ဖျက်ဆီးခြင်းမှလွတ်ရန် ယေဟောဝါစီမံပေးခဲ့သည်။ ယခုဤ “နောက်ဆုံးကာလ” တွင် ဘုရားသည် ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းရရှိရန် ပြုလုပ်နေသည်။ (၂ တိမောသေ ၃:⁠၁။ ရောမ ၅:⁠၈၊ ၁၂; ၆:၂၃) သို့သော် ထာဝရကယ်တင်ခြင်းအတွက် ယေဟောဝါနာမ၌ အပြစ်သားများပတ္ထနာပြုရမည်။ ယင်းက ဘုရားနာမကိုသိရှိရန်၊ အပြည့်အဝလေးစားရန်နှင့် ယင်းနာမပိုင်ရှင်အပေါ် လုံးဝကိုးစားရန် အဓိပ္ပာယ်ရှိသည်။ သို့ဖြင့် ယေဟောဝါ၏နာမ၌ ယုံကြည်ခြင်းဖြင့် ပတ္ထနာပြုသူများသည် ကိုယ်တော်၏ “ကြောက်မက်ဖွယ်နေ့ကြီး” ၌ တိုင်းနိုင်ငံများကို ဘုရားသည် တရားစီရင်သောအခါ “ကယ်တင်ခြင်းသို့ ရောက်ရကြလတံ့။”—⁠ဇေဖနိ ၂:၂၊ ၃။၃:၁၂။ ရောမ ၁၀:၁၁-၁၃။

• ၃:၂၊ ၁၄—⁠“ယေဟောဝါ၏နေ့တွင်” ဘုရားတရားစီရင်မည့်၊ ပုံဆောင်ရာနေရာကို “ကွပ်မျက်ရာချိုင့်” ဟုခေါ်သည်။ “ယောရှဖတ်ချိုင့်” ဟုလည်းခေါ်သည်။ ယင်းသည် ဆီလျော်သည်။ ယောရှဖတ်အမည်သည် “ယေဟောဝါသည် တရားသူကြီး” ဟူ၍ အဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။ ဘုရင်ယောရှဖတ်အချိန်တွင် ဘုရားသည် ယုဒနှင့်ယေရုရှလင်ကို မောဘ၊ အမ္မုန်တပ်များနှင့် စိရတောင်သားတို့မှ ကယ်နှုတ်ပြီး သူတို့အား ရှုပ်ထွေးစေကာ တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်စေ၏။ (၂ ရာဇဝင်ချုပ် ၂၀:၁-၃၀) ကျွန်ုပ်တို့လက်ထက်တွင် “ယောရှဖတ်ချိုင့်” သည် ယေဟောဝါလူမျိုးကို အနိုင်အထက်ပြုသည့်အတွက် တိုင်းနိုင်ငံများကို နင်းနယ်ရာစပျစ်သီးနယ်တန်ဆာအဖြစ် ပုံခိုင်းထားသည်။

• ၃:၆—⁠တုရု၊ ဇိဒုန်နှင့် ပလတိဏသည် ယုဒလူများနှင့် ယေရုရှလင်ကို ဟေလသများထံ ကျွန်အဖြစ်ရောင်းလိုက်သောကြောင့် အပြစ်ရှိ၏။ အခြားနိုင်ငံများ ဖမ်းဆီးသွားသော ဂျူးများသည် တုရု၊ ဇိဒုန်နှင့် ပလတိဏကျွန်ကုန်သည်များလက်ထံ ရောက်သွားဖွယ်ရှိသည်။ ပိုဆိုးသည်ကား သူတို့၏ရန်သူများလက်မှ ခိုလှုံ့လာသူများကို ဂျူးကျေးကျွန်များအဖြစ် ပြုမူခြင်းပင်။ မည်သို့ပင်ဖြစ်စေ ဘုရားသည် ထိုလူ့အသက် ကူးသန်းသူများကို မိမိလူများအား အနိုင်အထက်ပြုမူခြင်းကြောင့် စာရင်းရှင်းတော်မူမည်။ ယင်းက ယေဟောဝါကျေးကျွန်များကို ယနေ့ ညှဉ်းပန်းနေသူများအား အဘယ်အရာ စောင့်ဆိုင်းနေကြောင်း တင်ပြသည်။

[Picture Credit Line on page 9]

Pictorial Archive (Near Eastern History) Est.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ