တန်ဖိုးမဖြတ်နိုင်သောရတနာများ—သင်တွေ့ရှိနိုင်သည်
“တစ်ခုခုတွေ့ရလား” ဟု အင်္ဂလိပ်သူဌေးကမေးသည်။ “တွေ့ရတယ်၊ အံ့ဩစရာတွေဘဲ” ဟုအီဂျစ်ရှေးလူဟောင်းများ လေ့ကျက်သူက ပြန်ဖြေသည်။ ၁၉၂၂ ခုနှစ်တွင်ဖြစ်သည်။ ဟောင်ဝပ်ဒ် ကာတာက ခုလေးတင် အီဂျစ်ဘုရင်တို့ ချိုင့်ဝှမ်းရှိ ဖါရောတူတန်ခါမန်၏ဂူကို ချောင်းကြည့်ပြီးခါစဖြစ်သည်။ ကာတာ၏စကားတွင် စိတ်လှုပ်ရှားမှု ပြည့်လွှမ်းနေသည်။
“ကျွန်တော်.မျက်စိဟာ အလင်းရောင်နဲ့ နေသားကျတဲ့အခါ အခန်းထဲရှိ အထူးအဆန်းတိရစ္ဆာန်တွေ၊ ရုပ်တုတွေနဲ့ ရွှေတွေ တရေးရေးနဲ့ပေါ်လာပြီး၊ နေရာတကာမှာ ရွှေရောင်လျှပ်နေတယ်။ တစ်အောင့်လောက် အံ့အားသင့်၊ မိန်းမောတွေဝေနေတဲ့အချိန်ဟာ ဘေးမှာရပ်နေတဲ့သူတွေအတွက် ထာဝရလို့ထင်ကြမှာဘဲ။ . . . ကျွန်တော်တို့ တစ်ခါမှ ဒီလောက်အခန်းပြည့်၊ ပြတိုက်တစ်ခုအပြည့်နီးပါး ပစ္စည်းတွေ တွေ့ရှိလိမ့်မယ်လို့ အိပ်မက်တောင်မမက်ခဲ့ဖူးဘူး။” ကာတာက “ရတနာရှာသူ . . . ပင်ပင်ပန်းပန်းမျှော်လင့်ခဲ့ရတဲ့အဖြစ်ဘဲ” ဟုဝန်ခံခဲ့သည်။
ထိုတွေ့ရှိချက်သည် နှစ်ပေါင်း ၃၀၀၀ ခန့်က ဝှက်ထားသော မယုံနိုင်လောက်အောင် များသောရတနာကို ဖေါ်ထုတ်ပေးခဲ့သည်။ သို့သော် ဘုရားရှင်သည် ကျွန်ုပ်တို့အား ပိုထည်ဝါသော ရတနာသိုက် ရှာဖွေရေးတွင် ပါဝင်စေလိုသည်။ ယင်းကား အခြားကျောက်များနှင့် ရွှေငွေကိုရှာခြင်းတို့ထက် ပိုအကျိုးရှိသော ရှာဖွေရေးဖြစ်သည်။ ဤရတနာရှာဖွေရေးသည် ဘုရားရေးရာဉာဏ်ပညာအတွက်ဖြစ်ပြီး ယင်း၏အဖိုးအထိုက်ဆုံးတန်ဖိုးတစ်ခုမှာ ထာဝရအသက်ဖြစ်သည်။—ယောဟန် ၁၇:၃။
ကြိုးပမ်းရန် အရေးကြီး
ရှေးဟောင်းသုတေသန နယ်မြေတစ်ခုတွင် တူးဖေါ်ရန် အလွန်အမင်း အားထုတ်ရသည်။ နယ်မြေရိုင်း သို့မဟုတ် အန္တရာယ်ထူပြောသော ရေထဲတွင် ဖုံးကွယ်၊ နစ်မြုပ်နေသော ရတနာကို တူးဖေါ်ရခြင်းမှာ မလွယ်ကူချေ။ သို့သော် စိတ်ထက်သန်သော ရတနာရှာဖွေသူများသည် ပျော်ပျော်ပင် လုပ်ဆောင်ကြသည်။ သူတို့သည် ကြီးမားသော အခက်အခဲများရင်ဆိုင်ရလေ့ရှိပြီး ဖြေရှင်း၍ မရနိုင်ဟု ထင်ရသော ပြဿနာများကို ကျော်လွှားနိုင်ကြသည်။ သို့ဖြစ်လျှင် ဘုရားရေးရာပညာအတွက် ရှာဖွေရေးတွင် ပို၍အားမစိုက်သင့်ပေလော။
ကျွန်ုပ်တို့သည် သမ္မာကျမ်းစာနှင့် ဉာဏ်ပညာကျောက်မျက်တို့ကို တွေ့ရန်ကူညီပေးသည့် ခရစ်ယာန်စာပေစစ်များကို လေ့လာရန်လိုအပ်သော ခွန်အားစိုက်ထုတ်လျှင် တန်ဖိုးမဖြတ်နိုင်သော ရတနာများကို တွေ့နိုင်သည်။ အဆက်မပြတ် အားထုတ်ရန် အရေးကြီး၏။ ကျွန်ုပ်တို့သည် ကျောက်မျက်ရတနာများကို တူးရာ၌ အပေါ်ယံသာကုတ်ခြစ်ပြီး စွန့်လွှတ်လိုက်ပါက ချမ်းသာလာမည်မဟုတ်။ ဝိညာဏရတနာများကို စတူးပြီး ဆက်တူးရန် မောလွန်းသည်ဆိုကာ ရပ်လိုက်လျှင် အလားတူပင်ဖြစ်နေမည်။ “အထက်မှလာသောပညာ” သည် ယင်းကိုရရှိရန် အားထုတ်သူများအတွက်ဖြစ်သည်။ (ယာကုပ် ၃:၁၇) တန်ဖိုးမဖြတ်နိုင်သော ဘုရားရေးရာပညာရတနာကို တွေ့ရှိရန် သင်သည်လိုအပ်သောခွန်အား မစိုက်ထုတ်သင့်ပေလော။
[Picture Credit Line on page 2]
Cover and page 3 photo: K. Scholz/H. Armstrong Roberts