ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၂/၁၅ စာ. ၂၀-၂၂
  • သင့်ကိုယ်ပိုင် ထင်မြင်ချက်သည် သာလွန်မြင့်မြတ်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကိုယ်ပိုင် ထင်မြင်ချက်သည် သာလွန်မြင့်မြတ်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေဖျားလှီးခြင်း ပြဿနာ
  • ချမှတ်သည့် ဆုံးဖြတ်ချက်
  • သင်ဘာပြုမည်နည်း
  • “သဘောထား ကွဲလွဲပြီး အကြီးအကျယ် ငြင်းခုံကြ”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • အစောပိုင်းခရစ်ယာန်များနှင့် မောရှေပညတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခရစ်ယာန်လွတ်ခြင်းတွင် ခိုင်မြဲစွာရပ်တည်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သတင်းကောင်းအတွက် အရာခပ်သိမ်းကိုပြု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၂/၁၅ စာ. ၂၀-၂၂

သင့်ကိုယ်ပိုင် ထင်မြင်ချက်သည် သာလွန်မြင့်မြတ်သလော

ပုဂ္ဂိုလ်များ တစ်ဦးစီအနေဖြင့် မိမိ၏ထင်မြင်ချက် မှန်ကန်သည်ဟုခံယူကြသည်မှာ ယုံမှားဖွယ်မရှိပေ။ သို့သော် အရေးကြီးသောကိစ္စများ၌ ပုဂ္ဂိုလ်ရေးထင်မြင်ချက်သည် နောက်ဆုံး အဆုံးအဖြတ်ပေးရသည့်အရာဖြစ်သင့်သလော။ “လူတိုင်း ကိုယ်ပိုင်ထင်မြင်ချက် ရှိပိုင်သည်” ဟူသော သဘောဖြင့် ဖြစ်သင့်သည်ဟု အသင်ဖြေကောင်းဖြေပေမည်။

သို့သော်လည်း သမ္မာကျမ်းစာမှ အောက်ပါမှုတ်သွင်းခံ အဆိုအမိန့်နှစ်ရပ်ကို သုံးသပ်ကြည့်ပါ။ “ထိုကြောင့် ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်း တည်ဆောက်ခြင်းနှင့်လည်းကောင်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။” “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘော တစ်သံတစ်သမတ်တည်းရှိ . . . ကြမည်အကြောင်း . . . သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။”—ရောမ ၁၄:၁၉။ ၁ ကောရိန္သု ၁:၁၀။

သို့ဖြစ်၍ ခရစ်ယာန်တစ်ဦးအနေနှင့် အရေးကြီးသော ကိစ္စအချို့၌ ခရစ်ယာန်အသင်းတော်နှင့် သဘောတူရန် အခက်တွေ့နေရလျှင် အသင်မည်သို့ပြုမည်နည်း။ အသင်းတော်၏ အလွန်အရေးကြီးသော ငြိမ်သက်ခြင်းနှင့် စည်းလုံးခြင်းတည်တံ့ရေးကို ရှေ့ရှု၍ ထိုပြဿနာကို အသင်မည်သို့ ဖြေရှင်းမည်နည်း။—မဿဲ ၅:၉။ ၁ ပေတရု ၃:၁၁။

ပထမရာစုနှစ် ခရစ်ယာန်အသင်းတော်တွင် အချို့က မိမိတို့၏ထင်မြင်ချက်ကို သာလွန်မြင့်မြတ်သည်ဟု ယူဆနေချိန်၌ ဖြစ်ပေါ်ခဲ့သော အခြေအနေတစ်ရပ်ကို သုံးသပ်ကြည့်ပါ။ နောက်ဆုံး၌ မည်သို့အပြီးသတ်ဆုံးဖြတ်ခဲ့သည်ကို ဂရုစိုက်ကြည့်ပြီး ‘ကျွန်ုပ်သာထိုနေရာတွင်ရှိနေခဲ့လျှင် ဘာလုပ်ခဲ့မည်နည်း’ ဟူ၍ ကိုယ်ကို မေးကြည့်ပါ။

အရေဖျားလှီးခြင်း ပြဿနာ

စီအီး ၃၆ ခုနှစ်တွင် အရေဖျားလှီးခြင်းမခံသော လူမျိုးခြားတို့ကို ခရစ်ယာန်အသင်းတော်အတွင်းသို့ ဦးဆုံးစတင်လက်ခံခဲ့သည်။ ဤထူးခြားသော ပြောင်းလဲမှုကြီးအတွက် တမန်တော်ပေတရုအား ဘုရားသခင်ပြင်ဆင်ပေးခဲ့သော်လည်း ပေတရုနှင့်အပေါင်းအပါတို့သည် အရေဖျားလှီးခြင်းမခံသူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းသည်ကို တွေ့ရသောအခါ အံ့သြမိန်းမောခဲ့ကြသည်။ (တမန်တော် ၁၀:၁-၁၆၊ ၃၄-၄၈) အခြားသော ဂျူးခရစ်ယာန်အများက ယင်းကိုလက်ခံရန် အခက်တွေ့ခဲ့ကြသည်။ စင်စစ်ဆိုလျှင် ‘အရေဖျားလှီးခြင်းကို ထောက်ခံသူများ’ ဂျူးခရစ်ယာန်အချို့က ပေတရုအားအရေဖျားလှီးခြင်းမခံသော လူမျိုးနှင့် ပေါင်းဖေါ်ခြင်းအတွက် အပြစ်တင်ဝေဖန်ခဲ့ကြသည်။—တမန်တော် ၁၁:၂၊ ၃။

ဤအပြစ်တင်သူများ အဘယ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် အရေဖျားလှီးခြင်းမင်္ဂလာသည် ဘုရားသခင်နှင့် အထူးဆက်ဆံရေး၏ အမှတ်သင်္ကေတအဖြစ် နှစ်ပေါင်း ၂၀၀၀ နီးပါးတည်ရှိခဲ့၍ဖြစ်သည်။ အာဗြဟံအား သူ့အိမ်ထောင်၌ရှိသမျှ ယောက်ျားတို့ကို အရေဖျားလှီးရန် အမိန့်ပေးခဲ့စဉ်တွင် ယေဟောဝါဘုရားသခင် ဤသို့မိန့်တော်မူ၏။ “အရေဖျားလှီးမင်္ဂလာသည် ငါနှင့်သင်တို့ပြုသော ပဋိညာဉ်၏လက္ခဏာသက်သေ [ထာဝရ] ဖြစ်ရလိမ့်မည်။” (ကမ္ဘာဦး ၁၇:၁၀-၁၃) ရာစုနှစ်ပေါင်းများစွာ လွန်ပြီးနောက်၌လည်း အရေဖျားလှီးမင်္ဂလာသည် ဂျူးများအဖို့ အထူးအရေးပါဆဲဖြစ်ခဲ့သည်။ သူတို့အနက်အများသောသူတို့က အရေဖျားလှီးမခံခြင်းမှာ မသန့်ရှင်းဟူသော အဓိပ္ပာယ်ဆောင်သည်ဟု ယူဆကြသည်။ (ဟေရှာယ ၅၂:၁) ဘုရားသခင့်သန့်ရှင်းသော လူမျိုးအနေဖြင့် မသန့်ရှင်းသော၊ အရေဖျားလှီးမခံသော တစ်ပါးအမျိုးသားတို့နှင့် မဆက်ဆံသင့်ဟု သူတို့ယူမှတ်ကြသည်။

စီအီး ၄၉ ခုနှစ်တွင် တမန်တော်ပေါလုသည် ရှုရိအန္တိအုတ်မြို့၌ ‘အရေဖျားလှီးမင်္ဂလာထောက်ခံသူ’ အချို့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ ပထမသာသနာပြုခရီးစဉ်အဆုံး၌ “ယုံကြည်ခြင်းတံခါးကို [ဘုရားသခင်သည် အရေဖျားလှီးခြင်း မခံသော] တစ်ပါးအမျိုးသားတို့အား ဖွင့်တော်မူ” ခဲ့ပုံအကြောင်းကို ထိုမြို့၌ရှိသော အသင်းတော်အား သူကြားပြောခဲ့သည်။ ဤတစ်ပါးအမျိုးသားတို့အနေဖြင့် အရေဖျားလှီးခြင်းခံဖို့မလိုကြောင်း သူရှင်းလင်းစွာ နားလည်ထားပုံရသည်။ သို့သော် ယုဒပြည်မှ ပုဂ္ဂိုလ်အချို့၌ ခြားနားသော ထင်မြင်ချက်ရှိထားကြသည်။ “သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်တော်မူခြင်း သို့မရောက်နိုင်” ဟုသူတို့အခိုင်အမာဆိုကြ၏။ သူတို့က အရေဖျားလှီးခြင်းသည် ကယ်တင်ခြင်းအတွက်မရှိမဖြစ် လိုအပ်သောအရာဖြစ်ပြီး ခရစ်ယာန်ဘာသာသို့ ပြောင်းဝင်လာသူ တစ်ပါးအမျိုးသားများအားလုံး အရေဖျားလှီးခြင်းခံရမည်ဟု ခံယူထားကြ၏။—တမန်တော် ၁၄:၂၆–၁၅:၁။

ပြင်းထန်သောခံယူချက် သဘောတရားများ ပါဝင်ပတ်သက်ခဲ့သည်။ သူတို့၏ ထင်မြင်ချက်ကို ထောက်ခံသည့် ဖျောင်းဖျနိုင်စွမ်းရှိသော အခြေအတင်ငြင်းခုံချက်များကို ရှာယူစုဆောင်းခဲ့ကြမည်မှာ သံသယမရှိပေ။ အသင်းတော်၏ ငြိမ်သက်ခြင်းနှင့် စည်းလုံးခြင်းကို အဘယ်သို့ဆက်၍ ထိန်းသိမ်းခဲ့သနည်း။ ဤအကြောင်းနှင့်ပတ်သက်၍ များစွာဆွေးနွေးပြီးနောက် အန္တိအုတ်မြို့ရှိအသင်းတော်က “ပေါလုနှင့်ဗာနဗတို့သည် အခြားသော တပည့်တော်အချို့တို့နှင့်တကွ၊ ထိုပြဿနာ၏အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကို စီရင်ကြ၏။” (တမန်တော် ၁၅:၂) ဤမျှခက်ခဲနက်နဲ၍ အရေးကြီးသောကိစ္စ၌ တစ်ဦးစီ ကိုယ်ပိုင်ထင်မြင်ချက် ရှိပိုင်သည်ဟူသော အဆိုသွင်းချက်လုံးဝမတွေ့ခဲ့ရပေ။ ဤခရစ်ယာန်တို့သည် အယူဝါဒဆိုင်ရာ ဗဟိုရ်အဖွဲ့ထံမှ ပြတ်သားပိုင်နိုင်သော ဆုံးဖြတ်ချက်ရယူရန် သီအိုကရက်တစ်အစီအစဉ်အပေါ် စိတ်နှိမ့်ချခြင်းနှင့် သစ္စာစောင့်သိခြင်း အလုံအလောက်ရှိခဲ့ကြသည်။—၁ ကောရိန္သု ၁၄:၃၃၊ ၄၀။ ယာကုပ် ၃:၁၇၊ ၁၈။ ၁ ပေတရု ၅:၅၊ ၆။

ချမှတ်သည့် ဆုံးဖြတ်ချက်

တမန်တော်များနှင့် ယေရုရှလင်မြို့ရှိ အသက်ကြီးသူများ (ကနဦးခရစ်ယာန်အသင်းတော်တွင် အုပ်ချုပ်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြုထားသည်) ကဝိညာဉ်တော်မှုတ်သွင်းခံကျမ်းစာကို ဂရုတစိုက်စစ်ဆေးကြည့်ပြီး လွန်ခဲ့သော ၁၃ နှစ်အတောအတွင်း သန့်ရှင်းသောဝိညာဉ်တော် မည်သို့စီမံညွှန်ကြားခဲ့ကြောင်းကို ပြန်လည်သုံးသပ်ကြသည်။ သူတို့မည်သို့ ဆုံးဖြတ်ချက်ချခဲ့သနည်း။ တစ်ပါးအမျိုးသားဘာသာဝင်များအဖို့ အရေဖျားလှီးခြင်းသည် ကယ်တင်ခြင်းအတွက် လိုအပ်ချက်မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။ (တမန်တော် ၁၅:၆-၂၉) ဤတွင် ပုဂ္ဂိုလ်ရေးထင်မြင်ချက်နေရာတွင် ရှင်းလင်းပြတ်သားသော ညွှန်ကြားချက်ပေးထားသည်။

ဤလမ်းညွှန်ချက်ကို လိုက်နာကြသော အသင်းတော်တို့သည် “ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။” (တမန်တော် ၁၆:၄၊ ၅) သို့တစေ အချို့ပုဂ္ဂိုလ်များမှာမူ အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်မခံကြပေ။ သူတို့က သူတို့၏ ထင်မြင်ချက်မှန်ကန်သည်၊ မောရှေပညတ်တရားနှင့် အညီ ကျင့်ကြံအားထုတ်ခြင်းသည်သာ ကယ်တင်ခြင်းအဖို့ မရှိမဖြစ်လိုအပ်သည်ဟု ခံယူထားမြဲခံယူထားကြသည်။ အသင်သာဆိုလျှင်ဘာလုပ်ခဲ့မည်နည်း။ ထိုသူတို့သည်အသင်းတော်အချင်းချင်းတွင် အန္တရာယ်ရှိသော၊ သင်းကွဲစေတတ်သော ဩဇာအာနိသင်ဖြစ်ခဲ့ကြသည်။ ၁၅ နှစ်ကျော်လွန်ပြီးနောက် တမန်တော်ပေါလုသည် သစ္စာရှိခရစ်ယာန်များကို ခေါင်းမာလှသော ထိုအယူသည်းသူတို့၏ ဩဇာမှ ကာကွယ်ရန် ကြိုးစားသည့်အနေနှင့် ပေးခဲ့သောသြဝါဒကို တစ်စေ့တစ်စောင်းကြည့်ကြပါစို့။

ဂလာတိနယ်၊ အာရှမိုင်းနားကျွန်းဆွယ်၊ စီအီး ၅၀-၅၂ ခန့်။ ယေရှုခရစ်၏ပူဇော်သက္ကာအားဖြင့် ခရစ်ယာန်များ ရရှိပိုင်ဆိုင်ထားသော လွတ်လပ်ရေးသည် အန္တရာယ်ခြိမ်းခြောက်ခံနေရသည်။ ဂျူးရန်သူများ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ကြောက်ရွံ့သဖြင့် ခရစ်ယာန်အချို့က ခရစ်ယာန်ရောင်းရင်းတို့အပေါ် မောရှေပညတ်တရားမှ သီလများကို စောင့်စေလိုကြသည်။ (ဂလာတိ ၆:၁၂၊ ၁၃) တမန်တော်ပေါလုက အရေဖျားလှီးခြင်း အစရှိသော ဂျူးဘာသာဓလေ့များကို လိုက်နာစောင့်ရှောက်လျှင် မိမိတို့ကိုယ်ကို “ကျွန်ခံရာထမ်းဘိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တစ်ဖန်” ခံရာရောက်သည်ဟု တပည့်တော်များအား သတိပေးခဲ့သည်။ သူတို့သည် အပြစ်သားများဖြစ်ကြရကား တစ်ယောက်မျှပညတ်တရားကို စုံလင်စွာ မစောင့်နိုင်ကြသဖြင့် ဂျူးများနည်းတူ ပညတ်တရား၏ ကျိန်ခြင်းကို ခံရလိမ့်မည်။ ယေရှု၏ပူဇော်သက္ကာတစ်ခုတည်းသာ သူတို့ကို စင်ကြယ်စေ၍ ကယ်တင်ပေးနိုင်သည်။ “သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင် [ဤသို့ခံခြင်းအားဖြင့် ပညတ်တရားအလုံးစုံကို ကျင့်စောင့်ရန် တာဝန်ရှိလာသည်] ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှမရနိုင်ကြ” ဟုပေါလုဆို၏။—ဂလာတိ ၅:၁-၄။ တမန်တော် ၁၅:၈-၁၁။

ကောရိန္သုမြို့၊ ဂရိပြည်၊ စီအီး ၅၅ ခုနှစ်ခန့်။ အရေဖျားလှီးခြင်း အငြင်းအခုံများက အသင်းတော်ကို ကွဲပြားစေနေသည်။ အရေဖျားလှီးခြင်း ကိုယ်နှိုက်တွင် အပြစ်မရှိကြောင်း ပေါလုသိသည်။ ယင်းသည် ဘုရားသခင့်စုံလင်သော တရားတော်အဝင်ဖြစ်ခဲ့သည်။ (ဆာလံ ၁၉:၇။ ရောမ ၇:၁၂) ပေါလုကိုယ်တိုင်လည်း ငယ်ရွယ်သော အဖေါ်တိမောသေ (မိခင်မှာ ဂျူးဖြစ်သည်) အား အရေဖျားလှီးရန် စီစဉ်ခဲ့ဖူးသည်။ တာဝန်ရှိ၍မဟုတ်ဘဲ သတင်းကောင်းနှင့်ပတ်သက်၍ ဂျူးများထိမိ၍လဲစရာအကြောင်း လုံးဝမရှိစေလို၍ ထိုသို့စီစဉ်ခဲ့ခြင်းဖြစ်သည်။ (တမန်တော် ၁၆:၃) ကွဲပြားမှုဖြစ်စေသော အငြင်းအခုံများတွင်ဝင်မပါရန် ခရစ်ယာန်များအား သူတိုက်တွန်းခဲ့သည်။ “အရေဖျားလှီးခြင်းကိုခံသော သူသည်ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင် အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင် [ကယ်တင်ခြင်းအတွက် အရေးကြီးသည်အထင်နှင့်] အရေဖျားလှီးခြင်းကို မခံစေနှင့်” ဟုသူဆို၏။ အရေးကြီးသောအရာမှာ ခရစ်ယာန်အသင်းတော်မှတစ်ဆင့် ပေးသောပညတ်များအပါအဝင်ဘုရားသခင်၏ ရှင်းလင်းသောပညတ်များကို နာခံခြင်းသာဖြစ်သည်။—၁ ကောရိန္သု ၇:၁၈-၂၀။ ဟေဗြဲ ၁၃:၁၇။

ဖိလိပ္ပိမြို့၊ ဂရိပြည်၊ စီအီး ၆၀-၆၁ ခန့်။ ခရစ်ယာန်များသည် ဂျူးပညတ်တရားအားဖြင့် ချည်နှောင်ခြင်းခံနေရဆဲဖြစ်သည်ဟု ယူဆသောသူတို့သည် ယခုအရေဖျားလှီးခြင်းမခံသော ပြည်သူများစွာပါဝင်သော ခရစ်ယာန်အသင်းတော်ကို ယေဟောဝါကောင်းချီးပေးလျက်ရှိသည့် ရှင်းလင်းသော သာဓကတို့ကို ဆက်လက်၍ ဥပေက္ခာပြုကြသည်။ အရေဖျားလှီးခြင်းကို ထောက်ခံသူတို့သည် မိမိတို့၏ ကိုယ်ပိုင်ထင်မြင်ချက်ကို ရှေ့တန်းတင်ခြင်းအားဖြင့် အခြားသူတို့၏ ဝိညာဉ်ရေးကို ထိခိုက်နစ်နာစေကြသည်။ သို့ဖြစ်သောကြောင့် တမန်တော်ပေါလု၏စကားသည် ယခုခက်ထန်မာကြောလာသည်။ “[ဂျူးများက အခမ်းအနားအရ မစင်ကြယ်ဟုမှတ်ယူသော] ခွေးများ၊ မကောင်းပြုကျင့်သူများ၊ လှီးဖြတ်ခြင်းခံသူများတို့ကို သတိပြုကြလော့။”—ဖိလိပ္ပိ ၃:၂၊ သမ္မာကျမ်းစာစောင်။

ကရေတေကျွန်း၊ စီအီး ၆၁-၆၄ ခန့်။ တမန်တော်ပေါလုသည် တိတုအား ကရေတေကျွန်း၌ ခရစ်ယာန်လုပ်ငန်းတော် ကြီးကြပ်စီမံရန် ထားခဲ့သည်။ ဂျူးမဟုတ်သူ တိတုသည် အရေဖျားလှီးခြင်းခံရန် အတင်းအကြပ်ပြုခြင်းမခံရသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။ (ဂလာတိ ၂:၃) ယခုပေါလုက တိတုအား သမ္မာတရား၏ ရန်သူများကို ခပ်တင်းတင်း ခပ်ပြတ်ပြတ်ကိုင်တွယ်ဆက်ဆံရန် ညွှန်ကြားလိုက်သည်။ ထိုရန်သူများကား အရေဖျားလှီးခြင်းကို ထောက်ခံအားပေးသူများပင်တည်း။ သူတို့၏ ကွဲပြားစေတတ်သော ကိုယ်ပိုင်ထင်မြင်ချက်ကို အလျှော့မပေးဘဲ ဆက်၍ဖြန့်နေပါက သူတို့ကို အသင်းတော်မှ နှင်ထုတ်သင့်သည်။ “နားမထောင်ဘဲ၊ အချည်းနှီးသောစကားကို ပြော၍လှည့်ဖြားတတ်သောသူ . . . အရေဖျားလှီးခြင်းကိုခံသောသူတို့” အကြောင်း ပြောပြီးနောက် သူဤသို့ဆက်၍ဆို၏။ “ထိုသူတို့၏ နှုတ်ကိုပိတ်ရမည်။ သူတို့သည် . . . မပေးအပ်သော ဩဝါဒကို ပေး၍ တစ်အိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏။”—တိတု ၁:၁၀၊ ၁၁၊ ၃:၁၀၊ ၁၁။ ၁ တိမောသေ ၁:၃၊ ၇။

ဝမ်းနည်းစရာအကျိုးဆက်ပါတကား။ ဤသူတို့သည် ကိုယ်ပိုင်ထင်မြင်ချက်ကြောင့် မာနထောင်လွှားလှသဖြင့် ခရစ်ယာန်အသင်းတော်၏ ညွှန်ကြားချက်ကို ငြင်းပယ်၍ သူတစ်ပါး၏ ယုံကြည်ခြင်းကို မှောက်လှန်ပြီးလျှင် ဘုရားသခင်နှင့်မိမိတို့၏ ကောင်းမြတ်သည့် ဆက်ဆံရေးကိုလည်း ဖျက်ဆီးပစ်ခဲ့ကြသည်။—တောလည်ရာ ၁၆:၁-၃၊ ၁၂-၁၄၊ ၃၁-၃၅။

သင်ဘာပြုမည်နည်း

ထပ်တူအမှားမျိုး ယနေ့မပြုမိအောင် ကျွန်ုပ်တို့ရှောင်ကြဉ်နိုင်သလော။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ထင်မြင်ချက်ကို သမ္မာကျမ်းစာမှ ရှင်းလင်းသော သွန်သင်ချက်အယူနှင့် မဆန့်ကျင်အောင် ဦးဆုံးသတိထားမည်ဆိုလျှင် ရှောင်ကြဉ်နိုင်ပါသည်။ ဥပမာအနေနှင့် သမ္မာကျမ်းစာက “သီလယိုယွင်းပြစ်မှု ကျူးလွန်သူတို့ . . . လည်း ဘုရားသခင်၏နိုင်ငံတော်ကို ပိုင်ရကြမည်မဟုတ်” ဟုဆိုထားသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀၊ New International Version) သို့သော်လည်း ကျမ်းစာညွှန်ကြားချက်က ကွဲပြားသော ထင်မြင်ချက်ထားနိုင်သည်ဟု ထင်စရာရှိသည့် အခါမျိုး၌ ကျွန်ုပ်တို့သည် ကနဦးခရစ်ယာန်များ ပြသခဲ့သည့် နှိမ့်ချသော ဂရုစိုက်မှုမျိုးကို တင်ပြပြီး ဘုရားသခင့်အသင်းတော်မှ လာသောဆုံးဖြတ်ချက်နှင့် ညွန်ကြားမှုများကို လက်ခံဖို့ လိုသည်။ နောက်ဆုံးအနေနှင့် ကျမ်းစာ၌ မှန်သည် မှားသည် သဲသဲကွဲကွဲဆိုမထားဘဲ ကိုယ်ပိုင်ဆုံးဖြတ်ရမည့် ကိစ္စမျိုး၌ပင် အခြားသူတို့နှင့် ငြိမ်သက်မှုရှိခြင်းကို အထူးအလေးပေးခြင်းအားဖြင့် အမြဲအလျှော့ပေးလိုက်လျောသင့်ပေသည်။

ထိုစိတ်ဓာတ်မျိုးပြသလိုသော ဆန္ဒရှိသလော။ ရှိပါက သမာသမတ်ကျသော ကောင်းမြတ်သည့် အသိစိတ်ကို အသင်ပြသရာရောက်ပြီး ငြိမ်သက်ခြင်းနှင့် စည်းလုံးခြင်းသည် ကိုယ်ပိုင်ထင်မြင်ချက်ထက် များစွာသာ၍အဖိုးတန်ကြောင်း သိမြင်ပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ