အလုံးအတွက်တရားခြင်း—တစ်နေ့နေ့ပြည့်ဝမည်လော
လန်ဒန်မြို့၏ သမိုင်းဝင် ဗဟိုရာဇဝတ် တရားရုံးအဆောက်အအုံသို့ အလည်အပတ်ရောက်သူတို့သည် အမိုးပေါ်တွင် တရားခြင်းကို အထိမ်းအမှတ်ပြုသော အမျိုးသမီးရုပ်တုတစ်ခုကို တွေ့နိုင်ကြသည်။ လက်တစ်ဘက်တွင် ချိန်ခွင်ကိုင်ထားသည်။ ယင်းက သက်သေသာဓကကို သေသေချာချာ ချင့်ချိန်မည်ကို ဖေါ်ညွှန်းသည်။ ကျန်တစ်ဘက်တွင် ဓားကိုင်ထားသည်။ အပြစ်မဲ့သူကို ကာကွယ်ပြီး အပြစ်ရှိသူကို ဒဏ်ပေးရန်ဖြစ်သည်။ အခြားဒေသများ၌လည်း ဤအထိန်းအမှတ်၏ မူကွဲများကို တွေ့နိုင်သည်။ တစ်ခါတစ်ရံ သူမ၏ မျက်နှာမလိုက်ခြင်း၊ အဂတိမလိုက်ခြင်းကို သရုပ်ဖေါ်သည့်အနေနှင့် မမြင်သာအောင် “တရားမျှတခြင်း” ဖြင့် မျက်စိများကို စည်းထားသည်။a
သို့သော်လည်း ‘သူမအထိမ်းအမှတ်ပြုရာ၊ လူတိုင်းအတွက် တရားခြင်းကို အမှန်တွေ့နိုင်သော နေရာဒေသဟူ၍ ရှိပါသလော’ ဟု အသင်မေးကောင်း မေးမည်။ နေရာဒေသတိုင်း၌ တရားဥပဒေများနှင့် ယင်းတို့ကို ကျင့်သုံးသူများ ရှိကြသည်ချည်းဖြစ်သည်။ တရားသူကြီးများနှင့် တရားရုံးများလည်းရှိကြသည်။ တရားလက်ကိုင်ရှိသူအများက လူ့အခွင့်အရေးကို ကာကွယ်ရန်၊ အားလုံးတရားမျှမျှတတ ရှိရန်ကြိုးစားလာခဲ့ကြသော်လည်း သူတို့၏ ကြိုးပမ်းအားထုတ်မှုအများမှာ သဲထဲရေသွန်သကဲ့သို့ဖြစ်ခဲ့သည်မှာ ထင်ရှားသည်။ အဂတိလိုက်စားမှု၊ သာတူညီမျှ မရှိခြင်းနှင့် မတရားခြင်းတို့ကို နေ့စဉ်ဆိုရမလောက် မြင်တွေ့နေရသည်။
တရားစွဲခံရသော အမျိုးသမီးတစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ အပြစ်ရှိမရှိ သက်သေမပြနိုင်မီ တရားသူကြီးက သူမအား လမ်းဘေးဟိုတယ်တစ်ခုတွင် သူနှင့်တွေ့ဆုံမည်ဆိုလျှင် သူမအမှုကို “တာဝန်ယူ ဆောင်ရွက်” ပေးမည်ဟု ပြောခဲ့သည်။ မသမာသော ရည်ရွယ်ချက်ဖြင့် ထိုသို့ ချိန်းဆိုခြင်းဖြစ်သည်မှာ သိသာလှသည်။ ဟုတ်ပါသည်။ တရားခြင်းအတွက် ရှေ့နေရှေ့ရပ်ပြုသူတို့သည် မကြာမကြာ အဂတိလိုက်စားသူ၊ အရည်အချင်းမပြည့်သူများဖြစ်ကြောင်း တွေ့နေရသည်။ Time မဂ္ဂဇင်းက အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်တစ်နယ်၌ အထက်တရားရုံး တရားသူကြီး ငါးပုံသုံးပုံသည် လုပ်ဖေါ်ကိုင်ဖက် တရားသူကြီးတစ်ဦးအား ကူညီပေးရာတွင် ကျင့်ဝတ်နှင့် မညီသော အကျင့်စာရိတ္တ ဖောက်ဖျက်သည်ဟု စွပ်စွဲခံရကြောင်း ရေးသားတင်ပြခဲ့သည်။
ထို့ပြင် ရာဇဝတ်ပြစ်မှုကျူးလွန်၍ တရားဥပဒေ၏အပြစ်ဒဏ်ပေးခြင်း မခံရအောင် အရှောင်အတိမ်းကောင်းသူတို့အကြောင်း သိလာကြသောအခါ အများသောသူတို့သည် အပြစ်ချည်းမြင်တတ်လာပြီး ကိုယ်တိုင်ဥပဒေချိုးဖောက်ရန် ဝန်မလေးသူများဖြစ်လာကြသည်။ (ဒေသနာ ၈:၁၁) နယ်သလန်နိုင်ငံအကြောင်း ဤသို့ဖတ်ရသည်။ “နယ်သာလန်နိုင်ငံသား အများက ရာဇဝတ်မှု တိုးပွားလာစေသော ပေါက်လွှတ်ပဲစားနေခြင်းကို အားပေးအားမြှောက်နေခြင်းအတွက် နိုင်ငံရေးသမားများကို အပြစ်တင်ကြသည်။ အခြားသူများကမူ အပြစ်ဒဏ်ကို အနည်းဆုံးဖြစ်အောင် တစ်ခါတစ်ရံ အကြောင်းမဲ့ သက်သက်ညှာညှာ စီရင်ချက်ချနေသော တရားရုံးများ၊ အတိအကျဆိုရသော် ထိုသို့ စီရင်ချက်ချထားသော တရားသူကြီးများကို ရိုးစွပ်ကြသည်။” သို့သော် ကျွန်ုပ်တို့အလွန်အမင်းလိုအပ်နေသော တရားခြင်း ရရှိရေးအတွက် ဥပဒေကျင့်သုံးသော အဖွဲ့နှင့် တရားရေးစနစ်တို့ကို ပြင်ဆင်လိုက်ရုံနှင့် မလုံလောက်ဘဲ ထိုထက်မက လိုအပ်နေပါသည်။
ဒေသများစွာတွင် ချမ်းသာကြွယ်ဝသော လူနည်းစုသည် ချမ်းသာပြီးရင်း ချမ်းသာပြီး ဆင်းရဲသောအများထုမှာမူ စီးပွားရေးမမျှတမှုဒဏ်ကို ခံစားနေရသည်။ လူတို့သည် အသားအရောင်၊ လူမျိုးရေးနောက်ခံ၊ ဘာသာစကား၊ လိင် သို့မဟုတ် ဘာသာတရားကြောင့် မိမိတို့၏ အခြေအနေကို တိုးတက်အောင် ဖန်တီးနိုင်သော အခွင့်အလမ်း အလွန်နည်းပါး၍ စားဝတ်နေရေးပင် ပြဿနာတက်နေလျှင် ထိုသို့သော မတရားခြင်းသည် ဆက်လက်၍ လွှမ်းမိုးကြီးစိုးနေမည်သာဖြစ်သည်။ အကျိုးရလဒ်က သန်းပေါင်းများစွာသော သူများသည် ဆင်းရဲမွဲတေခြင်း၊ ငတ်မွတ်ခြင်းနှင့် ရောဂါဘယများကြောင့် အလူးအလိမ့်ခံစားနေရခြင်းဖြစ်သည်။ ချမ်းသာကြွယ်ဝသော နိုင်ငံများရှိ များစွာသော ပြည်သူတို့သည် ခေတ်မီတိုးတက်သော ဆေးဝါးကုသမှုအစီအစဉ်မှ အကျိုးကျေးဇူး ခံစားနေရသော်လည်း မရေမတွက်နိုင်သည့် သန်းပေါင်းများစွာသော သူတို့မှာမူ အခြေခံဆေးဝါးများ သို့မဟုတ် သန့်ရှင်းသော သောက်သုံးရေကိုပင် မရနိုင်သောကြောင့် ဝေဒနာ ခံစားနေရကြသည်။ သေဆုံးနေရကြသည်။ သူတို့ကကို တရားခြင်းအကြောင်း ပြောပြပါလား။ သူတို့သည် မွေးဖွားချိန်မှ သေဆုံးချိန်အထိ မတရားခြင်း၏သားကောင်များ ဖြစ်ကြရရှာသည်။—ဒေသနာ ၈:၉။
လူသားတို့၏ ထိန်းချုပ်မှုအတိုင်းအတာကို ကျော်လွန်သည့် မတရားဟု ထင်ရသောအရာများကို မည်သို့ဆိုမည်နည်း။ မျက်စိမမြင်ခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ အင်္ဂါချို့ယွင်းခြင်း စသော မွေးရာပါ ချွတ်ယွင်းချက်များနှင့် မွေးဖွားလာသော ကလေးများအကြောင်း စဉ်းစားကြည့်ပါ။ အနီးအနားမှ အမျိုးသမီးများသည် ကျန်းမာဝဖြိုးသော ကလေးများကို ချီပွေ့နေကြချိန်တွင် မိမိမှာမူ ဒုက္ခိတလေး၊ အသေလေးမွေးလာသော အမျိုးသမီးတစ်ဦးအနေဖြင့် တရားမျှတသည်ဟု ခံစားချက်ဖြစ်မည်လော။ နောက်ဆွေးနွေးခန်း၌ တင်ပြသည့်အတိုင်း အဆိုပါ မတရားဟု ထင်ရသောအရာများသည်ပြုပြင် ခံရမည်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ဒေသနာ ၁:၁၅ ပါမှတ်ချက်နှင့် သင်သဘောမတူပေလော။ ထိုတွင် ဉာဏ်ပညာနှင့်ပြည့်စုံ၍ အတွေ့အကြုံရင့်ကျက်သော ရှင်ဘုရင်တစ်ပါးက လူ့အမြင်မှနေ၍ အောက်ပါအတိုင်း ဝန်ခံထားသည်။ “ကောက်သောအရာကို မဖြောင့်စေနိုင်။ ချို့တဲ့သောအရာကို မရေတွက်ရာ။”
ပို၍ကျော်ကြားသောပုဂ္ဂိုလ်တစ်ဦးမှာ ယေရှုခရစ်ဖြစ်သည်။ လုကာ ၁၈:၁-၅ ၌ ‘ဘုရားသခင်ကို မကြောက်၊ လူ့မျက်နှာကို မထောက်သော’ တရားသူကြီးတစ်ဦးနှင့် ပတ်သက်သော ကိုယ်တော်၏ ဥပမာကို ကျွန်ုပ်တို့ဖတ်ရသည်။ သို့သော် မုဆိုးမတစ်ဦးက တရားဥပဒေအရ သူမခံစားခွင့်ရှိသော တရားမျှတခြင်းကို ခံစားခွင့်ပြုရန် အဆက်မပြတ်အသနားခံ တောင်းလျှောက်သည်။ သို့သော် ထိုယုတ်မာသော တရားသူကြီးက သူမ၏တောင်းလျှောက်ခြင်းကြောင့် အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်၍သာ သူမကို မစခဲ့ခြင်းဖြစ်ကြောင်း ယေရှုမိန့်တော်မူ၏။ ထိုကြောင့် မတရားမှု မည်မျှများပြားလှသည်ကို ယေရှုသိတော်မူကြောင်း တွေ့နိုင်သည်။ စင်စစ်အားဖြင့် ကိုယ်တော်တိုင်လည်း နောက်ပိုင်းတွင် အကွက်ဆင်ပြီးတင်သည့်စွဲချက်ဖြင့် ညှဉ်းပန်း၍ ကွပ်မျက်ခြင်း ခံရတော်မူ၏။ တရားခြင်း တစ်ကြိမ်ပြန်၍ အလဲထိုးခံလိုက်ရခြင်း ပါတကား။
မတရားခြင်းအတွက် အရေးတယူကြောင့်ကြပေးသော ဘုရားသခင်တစ်ပါးရှိသည်ကို အများသောသူတို့ ယုံကြည်ကြသည်။ ဗဟိုအမေရိကနိုင်ငံတစ်နိုင်ငံ၌ လူထုတရားပွဲတစ်ခုတွင် ပုပ်ရဟန်းမင်း ဒုတိယမြောက်ဂျွန်ပေါလ်က ဤသို့ဆိုခဲ့သည်။ “အကယ်၍ သင်သည် လူတစ်ယောက်ကို နိုင်ထက်စီးနင်းပြုလျှင် သူ့အခွင့်အရေးကို ကျူးကျော်လျှင် သူ့အား ပြောင်ပြောင်တင်းတင်း မတော်မတရား ဆက်ဆံလျှင် သူ့အား နှိပ်စက်ညှဉ်းပန်း၍ ကိုယ့်အောက်ကျို့ရန်ပြုလျှင် သူ့အား အဓမ္မပြန်ပေးဆွဲလျှင် သို့မဟုတ် သူ့ဘဝအသက်ရှင် ရပ်တည်မှုအခွင့်အရေးကို ဖောက်ဖျက်စော်ကားလျှင် သင်သည် ရာဇဝတ်ပြစ်မှု ကျူးလွန်ရာရောက်ပြီး ဘုရားသခင်အား ပြစ်မှားသော ပြစ်မှုကြီး ကျူးလွန်ရာရောက်သည်။” မှန်လိုက်လေခြင်း။ သို့တစေ မတရားမှုများကား တိုးပွားမြဲတိုးပွားနေသည်။ အဆိုပါ နိုင်ငံတွင် ငါးနှစ်အောက် ကလေး ၁၀ ယောက်တွင် ၈ ယောက်သည် အာဟာရချို့တဲ့မှုဝေဒနာ ခံစားနေရသည်။ တိုင်းပြည်၏ လူဦးရေ နှစ်ရာခိုင်နှုန်းသည် ထွန်ယက်စိုက်ပျိုးနိုင်သော မြေယာ ၈၀ ရာခိုင်နှုန်းကို လက်ဝါးကြီးအုပ်ထားသည်။
ထိုကြောင့် ထိုသို့ကြောက်မက်ဖွယ်ရာကောင်းသော မတရားခြင်းများနှင့်ပတ်သက်၍ အမှန်တကယ် အရေးတယူရှိသော ဘုရားသခင်တစ်ပါး တစ်ကယ်ရှိသလော။ သင်ခံစားနေရသော မတရားခြင်းကိုပင် စိုးရိမ်ကြောင့်ကြပေးသော ဘုရားသခင်တစ်ပါး အမှန်ရှိပါသလော။ တရားခြင်း ပြည့်ဝစေရန် ကိုယ်တော်အရေးယူ ဆောင်ရွက်တော်မူမည်လော။
[အောက်ခြေမှတ်ချက်များ]
a မျက်နှာဖုံးဓာတ်ပုံသည် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ် အမ် မိန်းမြို့ရှိ Justitia Fountain မှဖြစ်သည်။ ဤစာမျက်နှာမှ ရုပ်တုသည် အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘရုတ်ကလင်မြို့ရှိ မြူနီစီပယ်အဆောက်အအုံပေါ်၌တည်ထားသည်။