ဘုရားသခင့် ထာဝရရည်ရွယ်တော်မူချက် အကြုံးဝင်သော ပဋိညာဉ်များ
“[ယေဟောဝါ] သည်. . . လူမျိုးအဆက် တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ပဋိညာဉ်တော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။”—ဆာလံ ၁၀၅:၇၊ ၈။ သမ္မာကျမ်းစာတော်။
၁၊ ၂။ ပဋိညာဉ်တစ်ခုက ကျွန်ုပ်တို့အများစုကို ထိခိုက်သည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့် ဆိုနိုင်သနည်း။
အသင်နှင့်တကွ အသင်၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အားလုံးကို ပဋိညာဉ်တစ်ခုက အများဆုံးထိခိုက်တန်ရာ၏။ “ဘာပဋိညာဉ်ပါလိမ့်” ဟူ၍ အသင်အတွေးရကြပ်နေမည်။ ဤတွင် ထိမ်းမြားမင်္ဂလာဆောင်ခြင်းကိစ္စ ဖြစ်သည်။ ကျွန်ုပ်တို့အများဆုံးမှာ အိမ်ထောင်မင်္ဂလာတစ်ခုမှ ဆင်းသက်လာသော သားစဉ်မြေးဆက်များဖြစ်ကြပြီး ကျွန်ုပ်တို့အများမှာလည်း မင်္ဂလာဆောင်ပြီးသူများ ဖြစ်ကြသောကြောင့်တည်း။ မင်္ဂလာမဆောင်ရသေးသူတို့ကလည်း အနာဂတ်ကာလတွင် ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်နှင့်သက်ဆိုင်သော ကောင်းချီးမင်္ဂလာအကြောင်း စဉ်းစားကြပေလိမ့်မည်။
၂ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက ဟေဗြဲပရောဖက်မာလခိက “အသက်ပျိုစဉ်အခါ လက်ထပ်သောမယား’ “သင်၏အဆွေခင်ပွန်း၊ သင်ဖွဲ့သော ပဋိညာဉ်နှင့်ဆိုင်သောမယား” အကြောင်း ရေးသားခဲ့သည်။ (မာလခိ ၂:၁၄-၁၆) ထိမ်းမြားလက်ထပ်ခြင်းကို ပဋိညာဉ်ဟုသူခေါ်နိုင်သည်။ အကြောင်းမူကား ယင်းသည် တစ်စုံတစ်ခုကို ပူးပေါင်းလုပ်ဆောင်ရန် နှစ်ဦးနှစ်ဘက် တရားဝင်သဘောတူသော စာချုပ်၊ အစီအစဉ်ဖြစ်သောကြောင့်တည်း။ ထိမ်းမြားခြင်း သဘောတူညီချက်သည် နှစ်ဦးနှစ်ဘက်နှင့်ဆိုင်သော ပဋိညာဉ်ဖြစ်ပြီး နှစ်ဘက်စလုံးက အကြင်လင်မယားအဖြစ် ပေါင်းသင်းရန် သဘောတူကြသည်။ လင့်ဝတ်မယားဝတ်ကို လက်ခံ၍ ရေရှည်တည်တံ့သည့် အကျိုးကို မျှော်ကိုးကြသည်။
၃။ လက်ထပ်ထိမ်းမြားခြင်းထက် အခြားပဋိညာဉ်များက ကျွန်ုပ်တို့ကို အဘယ်ကြောင့် ပို၍ထိခိုက်ကောင်း ထိခိုက်မည်နည်း။
၃ လက်ထပ်ထိမ်းမြားခြင်းကို အကြီးမားဆုံးပုဂ္ဂိုလ်ရေးဆိုင်ရာ ပဋိညာဉ်အဖြစ်ယူမှတ်နိုင်သော်ငြားလည်း ထိုထက်များစွာ သာ၍အဓိပ္ပာယ်ကျယ်ဝန်းသော ပဋိညာဉ်များအကြောင်းကို ကျမ်းစာ၌ ဆွေးနွေးတင်ပြထားသည်။ ကျမ်းစာဆိုင်ရာပဋိညာဉ်များနှင့် သမ္မာကျမ်းစာနှင့်သက်ဆိုင်သော ဘာဘာတရားတို့၏ ပဋိညာဉ်တို့ကို နှိုင်းယှဉ်၍ စွယ်စုံကျမ်းတစ်အုပ်က ကျမ်းစာတစ်ခုတည်း၌သာ “ဘုရားသခင်နှင့် လူမျိုးတော်စပ်ကြား၌တည်ရှိသော ဤတော်စပ်မှုအစီအစဉ်သည် စကြဝဠာတစ်ခွင်လုံး အကြုံးဝင်စေသည့် ပြည့်စုံသော စနစ်ဖြစ်ကြောင်း” ဆိုထားသည်။ မှန်ပေသည်။ ဤပဋိညာဉ်များ၌ ကျွန်ုပ်တို့၏ မေတ္တာပြည့်ဝသော ဖန်ဆင်းရှင်၏ ထာဝရရည်ရွယ်ချက် အကြုံးဝင်ပတ်သက်နေသည်။ ပြောမကုန်နိုင်သော ကောင်းချီးများကို ခံစားရခြင်းသည် ဤပဋိညာဉ်များနှင့် ဆက်နွယ်နေကြောင်း အသင်တွေ့ရပေလိမ့်မည်။ ‘ဒါပေမယ့်၊ ဘယ်လိုဆက်စပ်နေလို့လဲ’ ဟူ၍ အသင်မေးစရာအကြောင်းရှိသည်။
၄။ အဘယ်ကနဦးပဋိညာဉ်တော်က ဘုရားသခင့် ထာဝရရည်ရွယ်ချက်ကို ညွှန်ပြသနည်း။
၄ အာဒံနှင့်ဧဝတို့ ဘုရားသခင့်အာဏာတော်ကို ငြင်းဆန်ခဲ့စဉ်က ဖြစ်ပေါ်သည့် ကြေကွဲဖွယ်အကျိုးရလဒ်ကို သင်ကောင်းစွာသိပါသည်။ သူတို့ထံမှ မစုံလင်ခြင်းကို ကျွန်ုပ်တို့အမွေရရှိခဲ့သည်။ ယင်းအချက်ကြောင့် ကျွန်ုပ်တို့ဖျားရ၊ နာရ၊ သေနေရကြခြင်းဖြစ်သည်။ (ကမ္ဘာဦး ၃:၁-၆၊ ၁၄-၁၉) သို့တစေ၊ အစဉ်အမြဲကျန်းမာပျော်ရွှင်ပြီး မှန်သောကိုးကွယ်မှုလိုက်စားသူတို့နှင့် ကမ္ဘာမြေကြီးကို ပြည့်စေမည်ဟူသော ဘုရားသခင့်ရည်ရွယ်ချက်ကို သူတို့၏ ဒုစရိုက်အပြစ်က ပျက်စီးအောင် မလုပ်နိုင်ခဲ့သည့်အတွက် ကျွန်ုပ်တို့ကျေးဇူးတင်စရာဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ထားသော အောက်ပါပဋိညာဉ်တော်ကို ယေဟောဝါပြုတော်မူ၏။ “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏ အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်။” သို့သော် အထိမ်းအမှတ်ဖြင့် တင်စားထားသော တိုတောင်းသည့် ဤဖေါ်ပြချက်က အဖြေမပေးထားသော မေးခွန်းများစွာ ကျန်ရစ်စေသည်။ ဤပဋိညာဉ်ကတိတော်ကို ယေဟောဝါ မည်သို့ပြည့်စုံစေတော်မူမည်နည်း။
၅၊ ၆။ မိမိရည်ရွယ်ချက် ပြည့်စုံရာတွင် အဘယ်နည်းလမ်းသုံးရန် ဘုရားသခင်ဆုံးဖြတ်တော်မူသနည်း။ (ခ) ဤသို့လုပ်ဆောင်ခြင်းနည်းလမ်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။
၅ ဘုရားသခင်သည် မြင့်မြတ်သောပဋိညာဉ် သီးသီးသန့်သန့် တစ်သီတစ်တန်းကို စီစဉ်ရန် ထပ်မံရွေးချယ်တော်မူ၏။ ဧဒင်ပဋိညာဉ်နှင့်ပါဆိုလျှင် စုစုပေါင်း ခုနစ်ခုဖြစ်လာသည်။ ထာဝရကောင်းချီးမင်္ဂလာများကို မျှော်လင့်ကြသော ကျွန်ုပ်တို့တစ်ဦးစီအနေဖြင့် အဆိုပါပဋိညာဉ်များကို နားလည်ထားသင့်သည်။ ယင်းတို့ကို အဘယ်အချိန်နှင့် အဘယ်သို့ဖွဲ့ခဲ့ကြောင်း၊ မည်သူတို့ပါဝင်ကြောင်း၊ ယင်း၏ဦးတည်ချက် သို့မဟုတ် စည်းကမ်းချက်များ ဘာဖြစ်ကြောင်း၊ နာခံသောလူသားများအား ထာဝရအသက်ဖြင့် ကောင်းချီးပေးတော်မူမည်ဟူသော ဘုရားသခင့်ရည်ရွယ်ချက်တွင် ပဋိညာဉ်တစ်ခုနှစ်ခု အဘယ်သို့ဆက်နွယ်မှုရှိကြောင်းတို့ကို သိရှိရန်လည်းလိုသည်။ ဤပဋိညာဉ်များအကြောင်းကို ပြန်လည်သုံးသပ်ရန်ယခုအချိန်သည် အလွန်သင့်တော်လှသည်။ အဘယ်ကြောင့်ဆိုသော ၁၉၉၀ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ခရစ်ယာန်အသင်းတော်များသည် ဤပဋိညာဉ်များနှင့် တိုက်ရိုက်ပတ်သက်သော အရှင်သခင်၏ ညစာစားပွဲကို ကျင်းပရန် စည်းဝေးကြမည်ဖြစ်၍တည်း။
၆ အချို့လူများအဖို့ ပဋိညာဉ်ဟူသော အယူအဆသည် ခြောက်ကပ်ကပ်နိုင်သော ဥပဒေစည်းကမ်းကြီးလွန်းသော၊ စိတ်ဝင်စားဖွယ် မကောင်းလှသော အရာဖြစ်ကောင်းဖြစ်မည်။ သို့သော် Theological Dictionary of the Old Testament မှအောက်ပါအချက်ကို စဉ်းစားကြည့်ပါ။ “အရှေ့အနီးပိုင်းနှင့်တစ်ကွ ဂရိနှင့်ရောမကမ္ဘာတွင် ‘ပဋိညာဉ်’ အတွက်အချက်အလက်များ အဓိပ္ပာယ်သတ်မှတ်ချက် နှစ်မျိုးခွဲခြားထားသည်။ တစ်မျိုးမှာ ကျိန်ဆိုခြင်းနှင့် အာမခံခြင်းဖြစ်ပြီး ကျန်တစ်မျိုးမှာ မေတ္တာနှင့် မိဿဟာယဖွဲ့ခြင်း ဖြစ်သည်။” ကျိန်ဆိုခြင်းနှင့် မိဿဟာယဖွဲ့ခြင်း တည်းဟူသောအချက်နှစ်မျိုးစလုံးသည် ယေဟောဝါပဋိညာဉ်၏ အခြေခံအချက်ဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့နိုင်သည်။
အာဗြဟံပဋိညာဉ်—ထာဝရကောင်းချီးများအတွက် အခြေခံအကြောင်း
၇၊ ၈။ အဘယ်သို့သော ပဋိညာဉ်မျိုးကို အာဗြဟံနှင့် ယေဟောဝါဖွဲ့တော်မူသနည်း။ (၁ ရာဇဝင်ချုပ် ၁၆:၁၅၊ ၁၆)
၇ ‘ယုံကြည်ခြင်းရှိသူအပေါင်းတို့၏ အဘတည်းဟူသော ဘိုးဘေးအာဗြဟံ’ သည် ‘ယေဟောဝါ၏အဆွေ’ ဖြစ်၏။ (ရောမ ၄:၁၁။ ယာကုပ် ၂:၂၁-၂၃) ဘုရားသခင်သည် သူ့အားကျိန်ဆို၍ သစ္စာထားခြင်းအားဖြင့် ကျွန်ုပ်တို့ထာဝရကောင်းချီးမင်္ဂလာရရှိစေမည့် အခြေခံဖြစ်သော ပဋိညာဉ်တစ်ရပ် ပြဌာန်းတော်မူ၏။—ဟေဗြဲ ၆:၁၃-၁၈။
၈ အာဗြဟံဥရမြို့၌ရှိစဉ်အခါ ယေဟောဝါက သူ့အား အခြားပြည်သို့ ရွှေ့ပြောင်းရန် မိန့်မှာတော်မူ၏။ ထိုပြည်ကား ခါနာန်ပြည် ဖြစ်၏။ ထိုအချိန်၌ အာဗြဟံအား ယေဟောဝါဤသို့ ကတိထားတော်မူ၏။ “ငါသည် သင့်ကို လူမျိုးကြီး ဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ . . . သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။”a (ကမ္ဘာဦး ၁၂:၁-၃) ထိုနောက် ဘုရားသခင်သည် အာဗြဟံပဋိညာဉ်ဟူ၍ ကျွန်ုပ်တို့မှန်ကန်စွာ ခေါ်ဆိုသော ပဋိညာဉ်၌ အသေးစိတ်အချက်အလက်များကို တစ်စတစ်စ ဖြည့်စွက်တော်မူသည်။ ယင်းတို့မှာ အာဗြဟံ၏အမျိုးအနွယ် သို့မဟုတ် အမွေစားအမွေခံတို့သည် ကတိထားရာပြည်ကို အပိုင်ရမည်။ သူ၏ အမျိုးအနွယ်သည် မရေမတွက်နိုင်သော သားစဉ်မြေးဆက်များ ထွန်းကားမည်။ အာဗြဟံနှင့် စာရာတို့မှရှင်ဘုရင်များ ဆင်းသက်မည် စသည်တို့ဖြစ်သည်။—ကမ္ဘာဦး ၁၃:၁၄-၁၇; ၁၅:၄-၆; ၁၇:၁-၈၊ ၁၆။ ဆာလံ ၁၀၅:၈-၁၀။
၉။ အာဗြဟံပဋိညာဉ်တွင် ကျွန်ုပ်တို့လည်း အကြုံးဝင်ပတ်သက်နိုင်ကြောင်း အဘယ်သို့သိရသနည်း။
၉ ဘုရားသခင်က ယင်းကို ‘ငါနှင့် သင့် [အာဗြဟံ] စပ်ကြား၌ပြုသော ငါ၏ပဋိညာဉ်’ ဟုခေါ်တော်မူ၏။ (ကမ္ဘာဦး ၁၇:၂) သို့သော် ကျွန်ုပ်တို့၏ အသက်တာလည်း အကြုံးဝင်နေသည်ဟူသော ခံစားချက် အသေအချာရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းတွင် ထိုပဋိညာဉ်ကို ချဲ့ထွင်၍ ဤသို့ဖေါ်ပြတော်မူခဲ့၍ ဖြစ်သည်။ “ငါသည်သင့်အား အစဉ်အမြဲကောင်းချီးပေးမည်။ သင်၏ အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း အစဉ်အမြဲပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်။ သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်”။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈) ကျွန်ုပ်တို့သည် ထိုလူမျိုးတို့တွင် ပါဝင်နေသည်ဖြစ်ရာ ထိုကောင်းချီးမင်္ဂလာသည် ကျွန်ုပ်တို့အဖို့ သိုထားလျက်ရှိ၏။
၁၀။ အာဗြဟံနှင့်ဖွဲ့သော ပဋိညာဉ်မှ အဘယ်အကြောင်းအရာများ ထိုးထွင်းသိမြင်ရသနည်း။
၁၀ အာဗြဟံပဋိညာဉ်မှ ကျွန်ုပ်တို့ရနိုင်သော သင်ခန်းစာကို ခေတ္တရပ်တန့်စဉ်းစားကြပါစို့။ ဧဒင်ပဋိညာဉ်နည်းတူ ယင်းသည် လာလတံ့သော “အမျိုးအနွယ်” ကို ညွှန်ပြသဖြင့် ယင်းအမျိုးအနွယ်၌ လူ့မျိုးရိုးရှိမည်ကို ညွှန်းသည်။ (ကမ္ဘာဦး ၃:၁၅) ယင်းသည် ရှေမအမျိုးဝင်ဖြစ်ပြီး အာဗြဟံ၏သား ဣဇာက်မှတစ်ဆင့် ဆင်းသက်လာမည်။ ယင်းအမျိုးတွင် မင်းရိုက်ရာပါဝင်ပြီး လူမျိုးတစ်မျိုးတည်းသာမဟုတ်ဘဲ အတိုင်းတိုင်းအပြည်ပြည်မှ လူသားများအတွက် တစ်နည်းနည်းဖြင့် ကောင်းချီးသက်ရောက်စေမည် ဖြစ်သည်။ ထိုပဋိညာဉ် အဘယ်သို့ပြည့်စုံခဲ့သနည်း။
၁၁။ အာဗြဟံပဋိညာဉ်အစား ပကတိအတိုင်း ပြည့်စုံချက်တစ်ခု အဘယ်သို့ဖြစ်ပျက်ခဲ့သနည်း။
၁၁ ယာကုပ်ဟုခေါ်သော ဣသရေလမှဆင်းသက်သော အာဗြဟံ၏သားစဉ်မြေးဆက်တို့သည် လူမျိုးကြီးတစ်မျိုးအဖြစ် ပွားများလာခဲ့သည်။ အာဗြဟံ၏ မရေမတွက်နိုင်သော ဇာတိအမျိုးအနွယ်အနေနှင့် သူတို့သည် အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့၏ ဘုရားသခင်ကို သန့်ရှင်းစင်ကြယ်စွာ ကိုးကွယ်ရန် အပ်နှံ့ခဲ့ကြသည်။ (ကမ္ဘာဦး ၂၈:၁၃။ ထွက်မြောက်ရာ ၃:၆၊ ၁၅; ၆:၃။ တမန်တော် ၃:၁၃) ဣသရေလလူမျိုးသည် စင်ကြယ်သော ကိုးကွယ်မှုမှ မကြာမကြာသွေဖည်ခဲ့သော်လည်း “[ယေဟောဝါ] သည် သူတို့ကို စုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး” သေးဘဲ နေတော်မူ၏။ (၄ ဓမ္မရာဇဝင် ၁၃:၂၃။ ထွက်မြောက်ရာ ၂:၂၄။ ဝတ်ပြုရာ ၂၆:၄၂-၄၅) ခရစ်ယာန်အသင်းတော်ကို မိမိလူမျိုးတော်အဖြစ် ဘုရားသခင်လက်ခံတော်မူပြီး နောက်ပိုင်း၌လည်း ဣသရေလလူမျိုးကို အာဗြဟံ၏ ဇာတိအမျိုးအနွယ်အနေနှင့် အချိန်အတန်ကြာဆက်၍ အထူးမျက်နှာသာတော် ပေးတော်မူခဲ့၏။—ဒံယေလ ၉:၂၇။
အာဗြဟံ၏ ဝိညာဏအမျိုးအနွယ်
၁၂၊ ၁၃။ အာဗြဟံပဋိညာဉ်၏ ဝိညာဏပြည့်စုံချက်တွင် ယေရှုသည် အမျိုးအနွယ်၏ မူလအပိုင်း အဘယ်သို့ဖြစ်လာသနည်း။
၁၂ အာဗြဟံပဋိညာဉ်သည် အခြားပြည့်စုံချက် ဝိညာဏပြည့်စုံချက်တစ်ခု ရှိသည်။ သာ၍ကြီးသော ဤပြည့်စုံချက်သည် ယေရှုလက်ထက်တော်မတိုင်မီ သိသာထင်ရှားခြင်း မရှိခဲ့သော်လည်း ကျွန်ုပ်တို့ခေတ်၌ ရှင်းလင်းပြတ်သားလာသည့်အတွက် ကျွန်ုပ်တို့ဝမ်းသာနိုင်ကြသည်။ ဘုရားသခင့်နှုတ်ကပတ်တော်၌ ယင်းပြည့်စုံချက်အကြောင်း ရှင်းလင်းထားသည်ကို တွေ့ရသည်။ ပေါလုဤသို့ရေးသားခဲ့၏။ “ကတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူတို့ကို ရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏အမျိုးအနွယ်ဟု တစ်ယောက်သောသူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။”—ဂလာတိ ၃:၁၆။
၁၃ မှန်ပေသည်။ ထိုအမျိုးအနွယ်မှာ မျိုးရိုးတစ်ခုတည်းမှဆင်းသက်လာပေမည်။ အာဗြဟံ၏ နောင်လာနောက်သားစစ်စစ်၊ ဇာတိဂျူးတစ်ဦးအဖြစ် မွေးဖွားသန့်စင်ခဲ့သော ယေရှုသည် ထိုအချက်နှင့် ကိုက်ညီတော်မူ၏။ (မဿဲ ၁:၁-၁၆။ လုကာ ၃:၂၃-၃၄) ထိုမျှမက ကိုယ်တော်သည် ကောင်းကင်ဘုံ၌ရှိတော်မူသည့် သာ၍ကြီးမြတ်သော အာဗြဟံ၏ မိသားစုအဝင်လည်း ဖြစ်တော်မူ၏။ ဘိုးဘေးအာဗြဟံသည် ယုံကြည်ခြင်းအပြည့်နှင့် ဘုရားသခင်အလိုတော်ရှိလျှင် သားဖြစ်သူ ဣဇာက်ကိုပင် ပူဇော်ရန်အသင့်ရှိခဲ့သည်ကို ပြန်ပြောင်းသတိရပါ။ (ကမ္ဘာဦး ၂၂:၁-၁၈။ ဟေဗြဲ၁၁:၁၇-၁၉) အလားတူစွာပင် ယေဟောဝါသည် ယုံကြည်သောလူသားတို့အဖို့ ရွေးနှုတ်ဖိုးပူဇော်သက္ကာအဖြစ် တစ်ပါးတည်းသော သားတော်အား ဤကမ္ဘာမြေကြီးသို့ စေလွှတ်တော်မူခဲ့သည်။ (ရောမ ၅:၈; ၈:၃၂) သို့ဖြစ်သောကြောင့် ဤပဋိညာဉ်တော်အရ ယေရှုခရစ်သည် အာဗြဟံ၏မျိုးနွယ်မှ အဓိကအပိုင်းအဖြစ် ပေါလုသတ်မှတ်ဖေါ်ပြခဲ့သည်ကို နားလည်ရ မခက်ပေ။
၁၄။ အာဗြဟံ၏ အမျိုးအနွယ်မှ ဒုတိယအပိုင်းကား အဘယ်နည်း။
၁၄ ဘုရားသခင်သည် ဝိညာဏပြည့်စုံချက်၌ ‘အာဗြဟံ၏အမျိုးအနွယ်ကို ပွားများစေ’ တော်မူမည်အကြောင်း ပေါလုဆက်၍ ဖေါ်ပြခဲ့သည်။ “ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍ ကတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ၏။” (ကမ္ဘာဦး ၂၂:၁၇။ ဂလာတိ ၃:၂၉) ထိုသူတို့သည် အာဗြဟံ၏ အမျိုးအနွယ်မှ ဒုတိယအပိုင်းအဖြစ် ဖွဲ့စည်းထားသည့် ၁၄၄၀၀၀ သော ဝိညာဉ်တော် ဘိသိက်ခံခရစ်ယာန်များ ဖြစ်သည်။ သူတို့သည် အမျိုးအနွယ်မှ အဓိကအပိုင်းနှင့် ဆန့်ကျင်သူများမဟုတ်ကြဘဲ “ခရစ်တော်နှင့် စပ်ဆိုင်” သူများ ဖြစ်ကြသည်။ (၁ ကောရိန္သု ၁:၂; ၁၅:၂၃) သူတို့ထဲမှ အများသောသူတို့သည် ဂျူးမဟုတ်သောလူမျိုးများဖြစ်ကြသဖြင့် အာဗြဟံ၏မျိုးရိုးစဉ်ဆက်များ မဟုတ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ သို့သော် ဝိညာဏပြည့်စုံချက်တွင် ပို၍ခက်ခဲသည့်အချက်မှာ သူတို့သည် ပင်ကိုယ်အားဖြင့် သာ၍ကြီးမြတ်သောအာဗြဟံ တည်းဟူသော ယေဟောဝါ၏မိသားစု အဝင်များမဟုတ်ဘဲ အပြစ်သားအာဒံ၏ မိသားစုမှ ဆင်းသက်ကြသူများ ဖြစ်ကြခြင်းတည်း။ ထို့ကြောင့် သူတို့သည် အာဗြဟံ၏အမျိုးအနွယ်မှ အစိတ်အပိုင်းဖြစ်လာရန် မည်သို့အရည်အချင်း ပြည့်မှီလာကြောင်းကို နောက်ပိုင်း၌ဖွဲ့ခဲ့သည့် ပဋိညာဉ်များမှ ကျွန်ုပ်တို့တွေ့မြင်ဖို့ လိုအပ်သည်။
ယာယီသဘောဖြင့် ထပ်ပေးသည့် ပညတ်ပဋိညာဉ်
၁၅-၁၇။ (က) အာဗြဟံပဋိညာဉ်သို့ ပညတ်ပဋိညာဉ် အဘယ်ကြောင့် ထပ်၍ပေးခဲ့သနည်း။ (ခ) ဤဦးတည်ချက်များကို ပညတ်တရားက မည်သို့ပေါက်မြောက် အောင်မြင်စေခဲ့သနည်း။
၁၅ မိမိရည်ရွယ်တော်မူချက် ပြီးမြောက်စေရန် အခြေခံခြေလှမ်းအဖြစ် အာဗြဟံပဋိညာဉ်ကို ဘုရားသခင်ပြုပြီးနောက် ထိုအမျိုးအနွယ် ပေါ်ထွန်းချိန်တိုင်အောင် ထိုအမျိုးအနွယ်၏ မျိုးရိုးမသန့်ခြင်း မဖြစ်ရအောင်၊ သုတ်သင်ခြင်းမခံရအောင် အဘယ်သို့ကာကွယ် ခံခဲ့ရသနည်း။ ထိုအမျိုးအနွယ်ရောက်လာသောအခါ မှန်သောကိုးကွယ်သူများ ကိုယ်တော်အားအဘယ်သို့ခွဲခြား သိမြင်နိုင်မည်နည်း။ ပညတ်ပဋိညာဉ်ကို ယာယီသဘောဖြင့် ထပ်၍ပေးစဉ်တွင် ထင်ရှားသည့် ဘုရားသခင့်ဉာဏ်ပညာတော်အကြောင်း ထောက်ပြခြင်းအားဖြင့် အဆိုပါမေးခွန်းများကို ဖြေဆိုထားသည်။ တမန်တော်ပေါလု အောက်ပါအတိုင်း ရေးသားလိုက်၏။
၁၆ “သို့ဖြစ်၍ ပညတ်တရားသည် အဘယ်အကျိုးရှိသနည်းဟူမူကား ကတိတော်ကိုခံသော အမျိုးအနွယ်မဖြစ်မီတိုင်အောင် ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ပေးတော်မူ၏။ ထိုတရားကို ကောင်းကင်တမန်များအားဖြင့် အာမခံ၏လက်၌ ထားတော်မူ၏။ . . . ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍ ငါတို့၏အထိန်း ဖြစ်သတည်း။”—ဂလာတိ ၃:၁၉၊ ၂၄။
၁၇ သိနာတောင်အရပ်တွင် ယေဟောဝါသည် မောရှေအား ဖျန်ဖြေစေ့စပ်ရေးမှူးအဖြစ်ထားကာ ဣသရေလလူမျိုးနှင့် မိမိအကြားပညတ်ပဋိညာဉ် တည်းဟူသော ထူးခြားသည့် အမျိုးသားပဋိညာဉ်တစ်ခု ပြုတော်မူခဲ့သည်။b (ဂလာတိ ၄:၂၄၊ ၂၅) ဤပဋိညာဉ်တွင်ပါဝင်ရန် ဣသရေလလူမျိုး သဘောတူသဖြင့် နွားနှင့်ဆိတ်အသွေးဖြင့် ယင်းကိုအတည်ပြုခဲ့လေသည်။ (ထွက်မြောက်ရာ ၂၄:၃-၈။ ဟေဗြဲ ၉:၁၉၊ ၂၀) ယင်းက ဣသရေလလူမျိုးအား သီအိုကရက်တစ်ပညတ်ဥပဒေများနှင့် ဖြောင့်မတ်သော အစိုးရအဖို့ ပုံစံကြမ်းချပေးခဲ့သည်။ ဤပဋိညာဉ်တရားက ဒိဌိလူမျိုးနှင့် အိမ်ထောင်ပြုခြင်းကိုလည်းကောင်း၊ သီလယိုယွင်းသော အကျင့်ဓလေ့များနှင့် မှောက်မှားသည့် ဘာဘာရေးအကျင့်ဓလေ့များကိုလည်းကောင်း တားမြစ်ထားသည်။ ဤသို့အားဖြင့် ယင်းပဋိညာဉ်သည် ဣသရေလလူမျိုးကို ကာကွယ်စောင့်ရှောက်ပေးပြီး အမျိုးအနွယ်၏ မျိုးရိုးမညစ်ညမ်းစေရန် ထိန်းသိမ်းပေးသည့် စွမ်းအားတစ်ရပ်လည်းဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၄-၆၊ ၃၄:၁၂-၁၆) သို့သော် မစုံလင်သော ဣသရေလလူတစ်ယောက်မျှ ပညတ်တရားကို စုံလင်စွာ မစောင့်ရှောက်နိုင်သဖြင့် ယင်းက လွန်ကျူးမှုများကို ထင်ရှားပေါ်လွင်စေခဲ့သည်။ (ဂလာတိ ၃:၁၉) ယင်းကစုံလင်၍ တည်မြဲသောယဇ်ပုရောဟိတ်နှင့် နှစ်စဉ်နှစ်တိုင်း ထပ်ခါထပ်ခါ ပူဇော်စရာမလိုသော ပူဇော်သက္ကာ လိုအပ်ကြောင်းလည်း ထောက်ပြသည်။ ပညတ်တရားသည် လိုအပ်နေသည့်ဆရာထံ ပို့ဆောင်ပေးသော အထိန်းနှင့်တူသည်။ ထိုဆရာကား မေရှိယ သို့မဟုတ် ခရစ်တော်ပင်တည်း။ (ဟေဗြဲ ၇:၂၆-၂၈၊ ၉:၉၊ ၁၆-၂၂၊ ၁၀:၁-၄၊ ၁၁) ရည်ရွယ်ချက် ပြီးမြောက်သောအခါ ပညတ်ပဋိညာဉ်သည် ဆုံးခန်းတိုင်လိမ့်မည်။—ဂလာတိ ၃:၂၄၊ ၂၅။ ရောမ ၇:၆။ စာမျက်နှာ ၃၁ မှ “စာရှုသူများထံမှ မေးခွန်းများ” ကိုကြည့်ပါ။
၁၈။ ပညတ်ပဋိညာဉ်နှင့်အတူ အဘယ်ထပ်ဆင့်အလားအလာ အကြုံးဝင်ပတ်သက်ခဲ့သနည်း။ သို့သော် ဤအချက်ကို အဘယ်ကြောင့် နားလည်ရခက်သနည်း။
၁၈ အဆိုပါ ယာယီပဋိညာဉ်ကိုပြုစဉ်တွင် အောက်ပါရင်ဖိုဖွယ် ဦးတည်ချက်အကြောင်းကိုလည်း ဘုရားသခင်ဖေါ်ပြတော်မူခဲ့သည်။ “သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်လျှောက်လျှင် . . . သင်တို့သည် ငါ [အထူး] ပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ . . . သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုးဖြစ်ရကြလိမ့်မည်။” (ထွက်မြောက်ရာ ၁၉:၅၊ ၆) မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်အမျိုး ဖြစ်ရခြင်းသည် မည်မျှထူးကဲလှသည့် အလားအလာပါတကား။ နောင်တွင် ပညတ်တရား၌ အသေးစိတ်ဖေါ်ပြသည့်အတိုင်း မင်းမျိုးမင်းနွယ် (ယုဒ) နှင့်ယဇ်ပုရောဟိတ်မျိုးနွယ် (လေဝိ) တို့သည် တာဝန်တစ်မျိုးစီရရှိကြသည်။ (ကမ္ဘာဦး ၄၉:၁၀။ ထွက်မြောက်ရာ ၂၈:၄၃။ တောလည်ရာ ၃:၅-၁၃) တစ်ပြိုင်တည်း အရပ်ဖက်အုပ်ချုပ်ရေးမင်းနှင့် ယဇ်ပုရောဟိတ် ဖြစ်နိုင်သူမရှိပေ။ သို့တစေ ထွက်မြောက်ရာ ၁၉:၅၊ ၆ ၌ ဘုရားသခင့်နှုတ်ကပတ်တော်က ပညတ်ပဋိညာဉ်၌ ပါဝင်သူတို့သည် မထင်ရှားသောနည်းဖြင့် ‘ယဇ်ပုရောဟိတ်များနိုင်ငံနှင့် သန့်ရှင်းသောလူမျိုး’ အဝင်ဖြစ်ခွင့်ရသူများကို ထွက်ပေါ်စေနိုင်သည့် အခွင့်အရေးရှိမည်ဟု ယုံကြည်နိုင်စရာအကြောင်း ပေးထားသည်။
ဒါဝိဒ်နိုင်ငံတော် ပဋိညာဉ်
၁၉။ ထိုပဋိညာဉ်များတွင် မင်းရိုက်ရာအကြောင်း မည်သို့ထောက်ပြထားသနည်း။
၁၉ အချိန်တန်သော် ယေဟောဝါသည် ကျွန်ုပ်တို့၏ ကောင်းချီးမင်္ဂလာကို ဦးတည်သည့် မိမိရည်ရွယ်တော်မူချက်ကို မည်သို့ပြည့်စုံစေမည့်အကြောင်း ထပ်၍ရှင်းလင်းစေသည့် အခြားပဋိညာဉ်တစ်ခုကို ထပ်၍ပေးတော်မူခဲ့၏။ အာဗြဟံပဋိညာဉ်သည် အာဗြဟံ၏ ဇာတိအမျိုးအနွယ်တို့တွင် မင်းရိုက်ရာအကြောင်း ထောက်ပြထားသည်ကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ (ကမ္ဘာဦး ၁၇:၆) ပညတ်ပဋိညာဉ်ကလည်း ဘုရားသခင့်လူမျိုးတော်ဘောင်တွင် ရှင်ဘုရင်များပေါ်ထွက်မည်ကို မျှော်လင့်ထားသည်။ မောရှေက ဣသရေလလူမျိုးအား အောက်ပါအတိုင်း ပြောကြားခဲ့သောကြောင့်တည်း။ “[ကတိထားရာပြည်] ကို သင်သည်ဝင်စား၍ နေသောအခါ သင်က ‘ငါ့ပတ်လည်၌နေသော တစ်ပါးလူမျိုးအပေါင်းတို့နည်းတူ ငါသည်ရှင်ဘုရင်အရာ၌ တစ်စုံတစ်ယောက်ကိုချီးမြှောက်မည်’ ဟုဆိုလျှင်၊ သင်၏ဘုရားသခင် [ယေဟောဝါ] ရွေးကောက်တော်မူသော သူ. . . ကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ . . .တစ်ပါးအမျိုးသားကို မချီးမြှောက်ရ။” (တရားဟောရာ ၁၇:၁၄၊ ၁၅) ထိုသို့သော မင်းရိုက်ရာကို ဘုရားသခင် အဘယ်သို့စီစဉ်တော်မူမည်နည်း။ ယင်းသည် အာဗြဟံပဋိညာဉ်နှင့် မည်သို့သက်ဆိုင်သနည်း။
၂၀။ ဒါဝိဒ်နှင့် သူ၏မျိုးစဉ်မျိုးဆက် မည်သို့ထင်ရှားပေါ်လွင်လာသနည်း။
၂၀ ဣသရေလလူမျိုး၏ ပထမဦးဆုံးရှင်ဘုရင်သည် ဗင်ယာမိန်အနွယ်မှ ရှောလုဖြစ်သော်လည်းသူ၏နန်းရိုက်ရာကို ယုဒအနွယ်မှရဲရင့်၍ သစ္စာရှိသောဒါဝိဒ် ဆက်ခံခဲ့သည်။ (၁ ဓမ္မရာဇဝင် ၈:၅; ၉:၁၊ ၂; ၁၀:၁; ၁၆:၁၊ ၁၃) ဒါဝိဒ်အတန်ကြာအုပ်စိုးပြီးနောက် ယေဟောဝါသည် ဒါဝိဒ်နှင့်ပဋိညာဉ်ပြုရန် ရွေးချယ်တော်မူသည်။ ဦးစွာဤသို့ဆို၏။ “သင်သည် အသက်ကာလစေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင်၏ရင်သွေး၊ သင်မှဆင်းသက်သောသားကို ငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။ ထိုသားသည် ငါ၏နာမအဖို့အိမ်ကိုဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကိုအစဉ်အမြဲ ငါတည်စေမည်။” (၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၃) ထိုတွင်ဖေါ်ပြသည့်အတိုင်း ဒါဝိဒ်၏သားတော် ရှောလမုန်သည် နန်းလျာဆက်ခံသော မင်းဖြစ်လာပြီး ဘုရားသခင်အဖို့ ယေရုရှလင်မြို့၌ အိမ်တော် သို့မဟုတ် ဗိမာန်တော်ဆောက်ရန် အသုံးတော်ခံရလေသည်။
၂၁။ ဒါဝိဒ်နှင့်ပြုသော ပဋိညာဉ်သည် အမျိုးအနွယ်တော်၏ မျိုးရိုးနှင့် အဘယ်သို့ဆက်နွယ်မှုရှိသနည်း။ အဘယ်ရလဒ် ပေါ်ထွန်းသနည်း။
၂၁ ယေဟောဝါသည် ဒါဝိဒ်နှင့်အောက်ပါပဋိညာဉ် ဆက်၍ပြုတော်မူ၏။ “သင်၏အမျိုးအနွယ်နှင့် သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်။” (၂ ဓမ္မရာဇဝင် ၇:၁၆) ဤသို့အားဖြင့် ဘုရားသခင်သည် ဒါဝိဒ်၏အမျိုးအနွယ်ကို ဣသရေလလူမျိုးအဖို့ မင်းမျိုးမင်းနွယ်အဖြစ် ထူထောင်လိုက်တော်မူသည်မှာ ရှင်းလှပေသည်။ ဒါဝိဒ်အမျိုးအနွယ်မှ ပေါ်ထွန်းသူတစ်ဦးသည် ‘အစဉ်အမြဲအုပ်စိုးရမည်။ သူ၏ပလ္လင်သည်လည်း ငါ့ရှေ့၌ နေကဲ့သို့ဖြစ်ရမည်။’—ဆာလံ ၈၉:၂၀၊ ၂၉၊ ၃၄-၃၆။ ဟေရှာယ ၅၅:၃၊ ၄။
၂၂။ ဒါဝိဒ်နှင့်ပြုသော ပဋိညာဉ်သည် အမျိုးအနွယ်တော်၏ မျိုးရိုးနှင့် အဘယ်သို့ ဆက်နွယ်မှုရှိသနည်း။ အဘယ်ရလဒ်ပေါ်ထွန်းသနည်း။
၂၂ သို့ဖြင့် ဒါဝိဒ်ပဋိညာဉ်က အမျိုးအနွယ်တော်၏ မျိုးရိုးကို ထပ်ဆင့်၍ ခြုံလိုက်သည်မှာ သိသာသည်။ ပထမရာစုနှစ် ဂျူးတို့ကပင် မေရှိယသည် ဒါဝိဒ်၏ နောက်လာနောက်သားတစ်ဦး ဖြစ်မည်အကြောင်း သဘောပေါက်ခဲ့ကြသည်။ (ယောဟန် ၇:၄၁၊ ၄၂) ကောင်းကင်တမန်တစ်ပါး သက်သေခံသည့်အတိုင်း အာဗြဟံပဋိညာဉ်၏အမျိုးအနွယ်မှ အဓိကအပိုင်းတည်းဟူသော ယေရှုခရစ်သည် ဒါဝိဒ်နိုင်ငံတော်၏ ထာဝရအမွေစား အမွေခံဖြစ်လာတော်မူ၏။ (လုကာ ၁:၃၁-၃၃) ဤသို့အားဖြင့် ယေရှုသည် ဒါဝိဒ်အုပ်ချုပ်ခဲ့သည့် မြေကြီးဆိုင်ရာ ပိုင်နက်နယ်ပယ်ဖြစ်သော ကတိထားရာပြည်တော်ကို အုပ်ချုပ်နိုင်သည့် အခွင့်ရရှိတော်မူ၏။ ဤအချက်က ယေရှုအား ပို၍ယုံကြည်ကိုးစားစေသင့်သည်။ ကိုယ်တော်သည် မတရားသိမ်းပိုက်ခြင်းအားဖြင့်မဟုတ်ဘဲ တရားဝင်တည်ရှိသော အစီအစဉ် မြင့်မြတ်သောပဋိညာဉ်တော်အရ စိုးစံတော်မူ၏။
၂၃။ အဘယ်မေးခွန်းများနှင့် အကြောင်းအရာများ ဖြေရှင်းစရာ ကျန်သေးသနည်း။
၂၃ လူသားများအဖို့ ထာဝရကောင်းချီးမင်္ဂလာပေးရန် ရည်စူးသောရည်ရွယ်တော်မူချက်ကို အောင်မြင်စေသည့် ဘုရားသခင့်အစီအစဉ်နှင့် ဆက်နွယ်သော မြင့်မြတ်သည့် ပဋိညာဉ်များအနက်မှ လေးခုအကြောင်းကို ကျွန်ုပ်တို့စဉ်းစားသုံးသပ်ပြီးပြီ။ သို့သော် ရုပ်ပုံလွှာပီပြင်ပြည့်စုံခြင်းမရှိသေးကြောင်းအသင်သတိပြုမိပေမည်။ အောက်ပါမေးခွန်းများ ဖြေဆိုရန် ကျန်နေသေးသည်။ လူသားများသည် မစုံလင်မှု၌ ဆက်၍တည်နေသည့် အတွက် အဘယ်ယဇ်ပုရောဟိတ် သို့မဟုတ် ပူဇော်သက္ကာက ယင်းကိုထာဝရ ပြောင်းလဲစေနိုင်မည်နည်း။ လူသားများသည် အာဗြဟံ၏ အမျိုးအနွယ်ဖြစ်လာရန် အဘယ်သို့အရည်အချင်း ပြည့်မီနိုင်မည်နည်း။ အုပ်ချုပ်ပိုင်ခွင့်အာဏာသည် မြေကြီးနယ်ပယ်ထက်မက ကျယ်ဝန်းမည်ဟု ယုံကြည်စရာအကြောင်းရှိသလော။ အာဗြဟံ၏ အမျိုးအနွယ်မှ အဓိကနှင့် ဒုတိယအပိုင်းနှစ်ရပ်စလုံးတို့က ကျွန်ုပ်တို့တစ်ဦးချင်းအပါအဝင် ‘မြေကြီးပေါ်ရှိ လူမျိုးခပ်သိမ်းတို့’ အား အဘယ်သို့ကောင်းချီးမင်္ဂလာပေးနိုင်မည်နည်း။ ကြည့်ကြပါစို့။
[အောက်ခြေမှတ်ချက်များ]
a ဤကား တစ်ဘက်သတ်ပြုသော ပဋိညာဉ်ဖြစ်သည်။ တစ်ဘက်တည်း (ဘုရားသခင်) ကသာ ယင်း၏စည်းကမ်းချက်အတိုင်း လိုက်နာရန် တာဝန်ခံသောကြောင့်တည်း။
b “ပဋိညာဉ်နှင့်ဆိုင်သော အယူအဆသည် ဣသရေလလူမျိုး ဘာသာတရား၏ ထူးခြားသော ကြန်အင်လက္ခဏာ တစ်ရပ်ဖြစ်သည်။ ယင်းဘာသာသည် အကြွင်းမဲ့ သီးသန့်သစ္စာစောင့်သိခြင်းကို တောင်းဆိုထားသည့် တစ်ခုတည်းသော ဘာသာဖြစ်ပြီး အခြားဘာသာများ၌ ခွင့်ပြုထားသကဲ့သို့ ဘုရားနှစ်ဆူ သို့မဟုတ် ထိုထက်မကသော ဘုရားများအား သစ္စာစောင့်သိ ကိုးကွယ်ခြင်းမျိုးကို တားမြစ်ပိတ်ပင်ထားသည်။”—Theological Dictionary of the Old Testament, Volume II, page 278.
သင့်အဖြေကား အဘယ်နည်း
▫ အာဗြဟံပဋိညာဉ်က ကျွန်ုပ်တို့ထာဝရကောင်းချီး ရရှိရေးအတွက် အဘယ်သို့အခြေခံအုတ်မြစ် ချပေးခဲ့သနည်း။
▫ အာဗြဟံ၏ ဇာတိပကတိအမျိုးအနွယ်ကား အဘယ်နည်း။ အထိမ်းအမှတ် အမျိုးအနွယ်ကား အဘယ်နည်း။
▫ အာဗြဟံပဋိညာဉ်၌ ပညတ်ပဋိညာဉ်ကို အဘယ်ကြောင့် ထပ်ဆင့်ပေးခဲ့ရသနည်း။
▫ ဒါဝိဒ်နိုင်ငံတော်ပဋိညာဉ်က ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို အဘယ်သို့ တိုးတက်စေခဲ့သနည်း။
[စာမျက်နှာ ၁၂ ပါ ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဧဒင်တွင်ပြုသော ပဋိညာဉ် ကမ္ဘာဦး ၃:၁၅
အာဗြဟံနှင့်ပြုသော ပဋိညာဉ်
အဓိကမျိုးစေ့
ဒုတိယမျိုးစေ့
ထာဝရကောင်းချီးများ
[စာမျက်နှာ ၁၂ ပါ ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဧဒင်တွင်ပြုသော ပဋိညာဉ် ကမ္ဘာဦး ၃:၁၅
အာဗြဟံနှင့်ပြုသော ပဋိညာဉ်
ပညတ်ပဋိညာဉ်
ဒါဝိဒ်နိုင်ငံတော် ပဋိညာဉ်
အဓိကမျိုးစေ့
ဒုတိယမျိုးစေ့
ထာဝရကောင်းချီးများ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
လူသားအတွက် ကိုယ်တော်၏ရည်ရွယ်ချက် ဖြစ်မြောက်လာရန် သစ္စာရှိသူ အာဗြဟံနှင့် ဘုရားသခင်ပဋိညာဉ် ပြုတော်မူခဲ့သည်။