ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၀၄ စာ. ၂၄၂-စာ. ၂၄၃ ပိုဒ်. ၂
  • ဂျူးတွေ ဘုရားသခင်ကို ယုံကြည်ကြောင်း တင်ပြမလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂျူးတွေ ဘုရားသခင်ကို ယုံကြည်ကြောင်း တင်ပြမလား
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်အသံတော် တတိယအကြိမ်ကြားရ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဘုရားသခင့်အသံတော် တတိယအကြိမ်ကြားခဲ့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခရစ်တော်–ပရောဖက်ပြုချက်၏ အာရုံစိုက်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • “အချိန်ရောက်လာပြီ!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၀၄ စာ. ၂၄၂-စာ. ၂၄၃ ပိုဒ်. ၂
“အဖ၊ အဖေ့နာမည်ကို ဘုန်းထင်ရှားစေပါ” လို့ ယေရှုပြောနေ၊ အနီးနားမှာရပ်နေတဲ့ဂျူးတွေ ဘုရားရဲ့အသံကိုကြားရ

အခန်း ၁၀၄

ဘုရားသခင်ကို ယုံကြည်ကြောင်း ဂျူးတွေ တင်ပြမလား

ယောဟန် ၁၂:၂၈-၅၀

  • လူတွေ ဘုရားသခင့်အသံ ကြားရ

  • ပြစ်ဒဏ်စီရင်ခြင်းအတွက် အခြေခံ

နိသန်လ ၁၀ ရက်၊ တနင်္လာနေ့၊ ဗိမာန်တော်မှာ ယေရှုက သူသေရတော့မယ့်အကြောင်း ပြောနေတယ်။ ဘုရားရဲ့နာမည်ကို ဘယ်လောက်ရှုတ်ချစရာ ဖြစ်စေမလဲဆိုတာ စိုးရိမ်နေလို့ “အဖ၊ အဖရဲ့နာမည်ကို ဘုန်းထင်ရှားစေပါ” လို့ပြောလိုက်တော့ “ငါ ဘုန်းထင်ရှားစေခဲ့ပြီ။ နောက်တစ်ကြိမ် ဘုန်းထင်ရှားစေဦးမယ်” ဆိုပြီး ကောင်းကင်ကနေ အသံအကျယ်ကြီး ထွက်ပေါ်လာတယ်။—ယောဟန် ၁၂:၂၇၊ ၂၈။

အနီးနားမှာရပ်နေတဲ့ လူတွေလည်း အဲဒီအသံကို ကြားတဲ့အခါ ဝေခွဲမရ ဖြစ်သွားပြီး မိုးခြိမ်းသံပဲလို့ ပြောကြတယ်။ တချို့ကျတော့ “သူ့ကို ကောင်းကင်တမန် စကားပြောတာ” လို့ ပြောကြတယ်။ (ယောဟန် ၁၂:၂၉) တကယ်တော့ ယေဟောဝါရဲ့ အသံကို သူတို့ ကြားလိုက်ရတာ။ ကမ္ဘာပေါ်မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း စတင်ကတည်းက ဘုရားအသံကို လူတွေကြားရတာ ဒါဦးဆုံးအကြိမ် မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ သုံးနှစ်ခွဲတုန်းက ယေရှု နှစ်ခြင်းခံချိန်မှာ “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ” ဆိုပြီး ဘုရားသခင်ပြောတာကို နှစ်ခြင်းပေးသူယောဟန် ကြားခဲ့ရတယ်။ အေဒီ ၃၂၊ ပသခါပွဲပြီးနောက်မှာ ယေရှုက ယာကုပ်၊ ယောဟန်နဲ့ ပေတရုတို့ရှေ့မှာ ကိုယ်ယောင်ပြောင်းခဲ့တယ်။ ဒီအချိန်မှာလည်း “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ။ သူ့စကားကို နားထောင်ကြ” ဆိုပြီး ဘုရားသခင်ပြောတာကို သူတို့သုံးယောက် ကြားခဲ့ရတယ်။ (မဿဲ ၃:၁၇။ ၁၇:၅) အခုကတော့ တတိယအကြိမ်ဖြစ်ပြီး ယေဟောဝါ စကားပြောတာကို လူအများကြီး ကြားခဲ့တယ်။

ယေရှုက “ဒီအသံထွက်ပေါ်လာတာ ကျွန်တော့်အတွက် မဟုတ်ဘူး။ ခင်ဗျားတို့အတွက်ပါ” လို့ပြောတယ်။ (ယောဟန် ၁၂:၃၀) သူဟာ ဘုရားသခင့်သားတော်၊ ကြိုဟောထားတဲ့ မေရှိယဖြစ်မှန်း အဲဒီအသံက သက်သေထူနေတယ်။

ယေရှုရဲ့ သစ္စာရှိ အသက်တာလမ်းစဉ်က လူသားတွေ လိုက်လျှောက်သင့်တဲ့ စံနမူနာဖြစ်သလို ဒီလောကရဲ့မင်း စာတန်မာရ်နတ်ဟာ သေဒဏ် စီရင်ခံထိုက်ကြောင်းကိုလည်း အတည်ပြုတယ်။ “ဘုရားသခင်က ဒီလောကကို တရားစီရင်နေပြီ။ ဒီလောကရဲ့မင်းကို နှင်ထုတ်ပစ်လိမ့်မယ်” လို့ယေရှုပြောတယ်။ မကြာခင် ရင်ဆိုင်ရတော့မယ့် ယေရှုရဲ့သေခြင်းဟာ ရှုံးနိမ့်ခြင်းမဟုတ်ဘဲ အောင်ပွဲဖြစ်တယ်။ ဘယ်လိုနည်းနဲ့လဲ။ “ကျွန်တော်ကတော့ မြေပေါ်ကနေ မြှောက်ထားခံရတဲ့အခါ လူအမျိုးမျိုးကို ကျွန်တော့်ဆီ ဆွဲဆောင်မယ်” လို့ ယေရှု ရှင်းပြတယ်။ (ယောဟန် ၁၂:၃၁၊ ၃၂) ယေရှုက သစ်တိုင်ပေါ် အသေခံခြင်းအားဖြင့် လူတွေကို သူ့ဆီ ဆွဲဆောင်ပါလိမ့်မယ်၊ ထာဝရအသက်လမ်းကို ဖွင့်ပေးပါလိမ့်မယ်။

“မြှောက်ထားခံရ” မယ် ဆိုတဲ့စကားကို လူတွေကြားတဲ့အခါ “ခရစ်တော်ဟာ ထာဝစဉ်တည်တယ်လို့ ပညတ်ကျမ်းအရ ကျွန်တော်တို့သိထားတယ်။ ဒါဆိုရင် လူသားဟာ မြှောက်ထားခံရမယ်လို့ ခင်ဗျား ဘာကြောင့်ပြောတာလဲ။ အဲဒီလူသားဟာ ဘယ်သူလဲ” လို့မေးတယ်။ (ယောဟန် ၁၂:၃၄) လူအများစုဟာ သက်သေ အထောက်အထား အားလုံးကို မြင်ရပြီး ဘုရားအသံကိုတောင် ကြားရပေမဲ့ ယေရှုကို စစ်မှန်တဲ့လူသား၊ ကတိထားရာမေရှိယအဖြစ် လက်မခံကြဘူး။

အဲဒီနောက် ယေရှုက အရင်တုန်းက ပြောခဲ့သလို သူ့ကိုယ်သူ “အလင်း” ဆိုပြီးပြောတယ်။ (ယောဟန် ၈:၁၂။ ၉:၅) လူအုပ်ကို သူဒီလိုတိုက်တွန်းတယ်– “အလင်းဟာ ခင်ဗျားတို့နဲ့အတူ ခဏတာပဲ ရှိတော့မှာဖြစ်လို့ အမှောင်မလွှမ်းရလေအောင် အလင်းရှိတုန်းမှာ သွားလာကြပါ။ . . . အလင်းရှိနေတုန်း အလင်းရဲ့သားတွေဖြစ်ဖို့ အလင်းကို ယုံကြည်သက်ဝင်ကြပါ။” (ယောဟန် ၁၂:၃၅၊ ၃၆) အဲဒီနောက် သူတို့ကို တိမ်းရှောင်နေလိုက်တယ်။ နိသန်လ ၁၀ ရက်နေ့ဟာ သူသေရမယ့်နေ့ မဟုတ်လို့ပဲ။ နိသန်လ ၁၄ ရက်၊ ပသခါပွဲနေ့ကျမှ သူ “မြှောက်ထားခံရမယ်၊” တစ်နည်းအားဖြင့် သစ်တိုင်ပေါ်မှာ သံနဲ့ရိုက်ထားခံရမယ်။—ဂလာတိ ၃:၁၃။

ယေရှုရဲ့ အမှုဆောင်လုပ်ငန်းကို ပြန်ကြည့်ရင် ဂျူးတွေ သူ့ကို မယုံကြည်တာက ပရောဖက်ပြုချက် ပြည့်စုံလာတာပဲ။ ဒီလူမျိုးဟာ မျက်စိမမြင်ဘူး၊ ခေါင်းမာတယ်၊ သူတို့ ပြန်မလှည့်လာတော့ ကုသပေးလို့လည်း ရမှာမဟုတ်ဘူးလို့ ဟေရှာယ ကြိုဟောခဲ့တယ်။ (ဟေရှာယ ၆:၁၀။ ယောဟန် ၁၂:၄၀) မှန်ပါတယ်၊ ဂျူးအများစုက ယေရှုဟာ ကတိထားရာ ကယ်တင်ရှင်ဖြစ်ကြောင်း၊ အသက်ရစေတဲ့ လမ်းဖြစ်ကြောင်း အထောက်အထားကို ခေါင်းမာမာနဲ့ ငြင်းဆန်ကြတယ်။

နိကောဒင်၊ အရိမသဲမြို့သား ယောသပ်နဲ့ တခြား မင်းအရာရှိ အတော်များများက ယေရှုကို “ယုံကြည်သက်၀င်လာ” ကြတယ်။ ဒါပေမဲ့ ယုံကြည်ကြောင်းကို လုပ်ရပ်နဲ့ ပြမလား ဒါမှမဟုတ် တရားဇရပ်ကနေ နှင်ထုတ်ခံရမှာ စိုးရိမ်လို့၊ “လူတွေရဲ့မျက်နှာသာရ” ချင်လို့ ယေရှုကို ယုံကြည်တယ်ဆိုတာ ဖုံးကွယ်ထားကြမလား။—ယောဟန် ၁၂:၄၂၊ ၄၃။

ယေရှုက သူ့ကို ယုံကြည်ခြင်းမှာ ဘာတွေပါဝင်မှန်း အခုလို ရှင်းပြတယ်– “ကျွန်တော့်ကို ယုံကြည်တဲ့သူဟာ ကျွန်တော့်ကိုသာမက ကျွန်တော့်ကိုစေလွှတ်တဲ့ အရှင်ကိုလည်း ယုံကြည်တယ်။ ကျွန်တော့်ကို မြင်တဲ့သူဟာ ကျွန်တော့်ကိုစေလွှတ်တဲ့ အရှင်ကိုလည်း မြင်တယ်။” ယေရှုကို ဘုရား သွန်သင်ခိုင်းတဲ့စကားတွေဟာ သိပ်အရေးကြီးတဲ့ အမှန်တရားတွေပဲ။ ဒါကြောင့် “ကျွန်တော့်ကို အလေးမထားတဲ့သူ၊ ကျွန်တော့်စကားတွေကို လက်မခံတဲ့သူကို ပြစ်ဒဏ်စီရင်မယ့်အရာ ရှိတယ်။ နောက်ဆုံးသောနေ့မှာ သူ့ကို ပြစ်ဒဏ်စီရင်မယ့်အရာဟာ ကျွန်တော်ပြောခဲ့တဲ့ စကားတွေပဲ” လို့ ယေရှုပြောတယ်။—ယောဟန် ၁၂:၄၄၊ ၄၅၊ ၄၈။

ဒီနောက် ယေရှု ဒီလို နိဂုံးချုပ်တယ်– “ကျွန်တော်က ကိုယ့်သဘောနဲ့ကိုယ် ပြောတာမဟုတ်ဘူး။ စေလွှတ်လိုက်တဲ့ အဖဘုရားက ကျွန်တော် ဘာတွေပြောရမယ်၊ ဘာတွေ သင်ပေးရမယ်ဆိုတာကို မိန့်မှာထားတယ်။ အဖဘုရားရဲ့ မိန့်မှာချက်တွေဟာ ထာဝရအသက်ရစေမယ်ဆိုတာ ကျွန်တော်သိတယ်။” (ယောဟန် ၁၂:၄၉၊ ၅၀) မိမိကို ယုံကြည်သက်ဝင်တဲ့ လူသားတွေအတွက် မိမိရဲ့အသက်သွေးကို ပူဇော်သကာအဖြစ် သွန်းလောင်းရတော့မယ်ဆိုတာ ယေရှု သိတယ်။—ရောမ ၅:၈၊ ၉။

  • ကမ္ဘာပေါ်မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း စတင်ကတည်းက ဘုရားအသံကို သုံးကြိမ် ကြားခဲ့ရတယ်။ ဘယ်အချိန်တွေမှာလဲ။

  • ဘယ်မင်းအရာရှိတွေ ယေရှုကို ယုံကြည်လာသလဲ။ ဒါပေမဲ့ ယေရှုကို ယုံကြည်ကြောင်း ဘာဖြစ်လို့ ပွင့်ပွင့်လင်းလင်း ဝန်မခံရဲတာလဲ။

  • “နောက်ဆုံးသောနေ့မှာ” ဘယ်အရာအပေါ် အခြေခံပြီး လူတွေကို ပြစ်ဒဏ်စီရင်မလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ