ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kr အခန်း ၁၆ စာ. ၁၇၀-၁၈၁
  • အတူတကွ စုဝေးဝတ်ပြုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အတူတကွ စုဝေးဝတ်ပြုခြင်း
  • ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် အတူတကွစုဝေးကြတာလဲ
  • ‘မေတ္တာစိတ်ရှိပြီး အကျင့်ကောင်းများကျင့်ဖို့’ အားပေးတဲ့ ပတ်စဉ်စည်းဝေးများ
  • တစ်နှစ်တာရဲ့အရေးကြီးဆုံးစည်းဝေး
  • ကျွန်တော်တို့ရဲ့သဘောထားက ဘာကိုဖော်ပြနေသလဲ
  • “မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေး” တဲ့ အစည်းအဝေးများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • သင့်ကို လှိုက်လှဲစွာ ဖိတ်ခေါ်ပါ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခရစ်ယာန်အစည်းအဝေးများကို တည်ဆောက်စရာဖြစ်စေရန် သင်ပါဝင်လုပ်ဆောင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
kr အခန်း ၁၆ စာ. ၁၇၀-၁၈၁

အခန်း ၁၆

အတူတကွ စုဝေးဝတ်ပြုခြင်း

အဓိကအကြောင်းအရာ

စည်းဝေးတွေရဲ့ အရေးကြီးမှုနဲ့ အဆင့်ဆင့်တိုးတက်ပြောင်းလဲ လာပုံကို ခြေရာခံခြင်း

၁။ တပည့်တွေ အတူတကွစုဝေးနေချိန်မှာ ဘယ်အကူအညီကို ရရှိခဲ့သလဲ။ အဲဒီအကူအညီကို သူတို့ ဘာကြောင့် လိုအပ်တာလဲ။

ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် မကြာခင်မှာ တပည့်တွေဟာ အချင်းချင်းအားပေးဖို့ စုဝေးနေကြတယ်။ ဒါပေမဲ့ ရန်သူတွေကိုကြောက်လို့ တံခါးတွေပိတ်ထားတယ်။ အဲဒီအချိန်မှာ ယေရှုက သူတို့အလယ်မှာပေါ်လာပြီး “သန့်ရှင်းသောစွမ်းအားတော်ကို ခံယူကြလော့” လို့ပြောတဲ့အခါ ကြောက်စိတ်တွေ ပျောက်သွားမှာပဲ။ (ယောဟန် ၂၀:၁၉–၂၂ ကိုဖတ်ပါ။) နောက်ပိုင်းမှာ တပည့်တွေ ထပ်စုဝေးတဲ့အခါ ယေဟောဝါက သူတို့အပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းပေးတယ်။ ဒါက ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ဖို့ ခွန်အားရှိစေမှာ အသေအချာပါပဲ။—တ. ၂:၁-၇။

၂။ (က) ယေဟောဝါက ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့ ခွန်အားပေးသလဲ။ အဲဒီခွန်အားကို ဘာကြောင့်လိုအပ်တာလဲ။ (ခ) မိသားစုဝတ်ပြုမှုအစီအစဉ်က ဘာကြောင့် အရေးကြီးတာလဲ။ (အောက်ခြေမှတ်ချက်နဲ့ စာမျက်နှာ ၁၇၅ မှာပါတဲ့ “မိသားစုဝတ်ပြုမှု” လေးထောင့်ကွက်ကိုကြည့်ပါ။)

၂ ပထမရာစုညီအစ်ကိုတွေလိုပဲ ကျွန်တော်တို့လည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်။ (၁ ပေ. ၅:၉) တစ်ခါတလေ လူကိုကြောက်တဲ့စိတ် ပေါ်လာနိုင်တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ခံနိုင်ရည်ရှိဖို့ဆိုရင် ယေဟောဝါပေးသနားတဲ့ခွန်အား လိုအပ်တယ်။ (ဧ. ၆:၁၀) အများအားဖြင့် အဲဒီခွန်အားကို စည်းဝေးတွေကနေတစ်ဆင့် ယေဟောဝါပေးတယ်။ ကျွန်တော်တို့မှာ လူထုစည်းဝေး၊ ကင်းမျှော်စင်သင်တန်းနဲ့ ကြားရက်မှာကျင်းပတဲ့ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်းဆိုတဲ့ ပတ်စဉ်စည်းဝေးနှစ်ခုရှိတယ်။a ဒါ့အပြင် ခရိုင်စည်းဝေး၊ တိုက်နယ်စည်းဝေးနှစ်ခု၊ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲဆိုတဲ့ စည်းဝေးလေးခုကိုလည်း နှစ်စဉ်ကျင်းပကြတယ်။ ဒီစည်းဝေးအားလုံးကို တက်ရောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ။ အခုအချိန်မှာကျင်းပတဲ့ စည်းဝေးတွေ ဘယ်လိုနည်းနဲ့ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာသလဲ။ စည်းဝေးတွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့သဘောထားက ကျွန်တော်တို့အကြောင်း ဘာကိုဖော်ပြနေသလဲ။

ဘာကြောင့် အတူတကွစုဝေးကြတာလဲ

၃၊ ၄။ ယေဟောဝါက သူ့လူမျိုးကို ဘာလုပ်ဖို့မှာကြားခဲ့သလဲ။ ဥပမာ တချို့ကို ပြောပြပါ။

၃ ယေဟောဝါက သူ့လူမျိုးကို အတူတကွစုဝေးဝတ်ပြုဖို့ အရင်ကတည်းက မှာကြားခဲ့တယ်။ ဥပမာ၊ ဘီစီ ၁၅၁၃ မှာ အစ္စရေးလူမျိုးကို ယေဟောဝါပေးတဲ့ ပညတ်တရားမှာ ပတ်စဉ် ဥပုသ်စောင့်ရမယ်ဆိုတဲ့ပညတ်လည်း ပါတယ်။ ဒါမှ မိသားစုတိုင်း ဘုရားသခင်ကိုဝတ်ပြုနိုင်ပြီး ပညတ်တရားကို သင်ယူနိုင်ကြမယ်။ (တရား. ၅:၁၂; ၆:၄-၉) ဒီပညတ်ကို အစ္စရေးတွေလိုက်နာတဲ့အခါ မိသားစုနှောင်ကြိုးခိုင်မြဲလာပြီး လူမျိုးတစ်မျိုးလုံး ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ခိုင်မာလာတယ်။ ယေဟောဝါကိုဝတ်ပြုဖို့ ပုံမှန်စည်းဝေးပါဆိုတဲ့အချက်အပါအဝင် ပညတ်တရားရဲ့တောင်းဆိုချက်တွေကို မလိုက်နာတဲ့အခါမှာတော့ ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးသွားကြတယ်။—ဝတ်. ၁၀:၁၁; ၂၆:၃၁-၃၅; ၆ ရာ. ၃၆:၂၀၊ ၂၁။

၄ ယေရှုရဲ့ပုံသက်သေကိုလည်း စဉ်းစားကြည့်ပါ။ သူက ဥပုသ်နေ့တိုင်း တရားဇရပ်ကိုသွားတဲ့ထုံးစံရှိတယ်။ (လု. ၄:၁၆) ယေရှုသေဆုံးပြီး ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တွေကလည်း ဥပုသ်ပညတ်အောက်မှာမရှိတော့ပေမဲ့ မှန်မှန်စည်းဝေးလုပ်တဲ့ထုံးစံ ရှိခဲ့ကြတယ်။ (တ. ၁:၆၊ ၁၂-၁၄; ၂:၁-၄; ရော. ၁၄:၅; ကော. ၂:၁၃၊ ၁၄) အဲဒီစည်းဝေးတွေမှာ ပထမရာစုခရစ်ယာန်တွေဟာ သွန်သင်ချက်နဲ့ အားပေးမှုတွေရရှိရုံသာမက ဆုတောင်းခြင်း၊ မှတ်ချက်ပေးခြင်း၊ ချီးမွမ်းသီချင်းဆိုခြင်းအားဖြင့်လည်း ဘုရားသခင်ကို ချီးမွမ်းခြင်းယဇ်ပူဇော်ခဲ့တယ်။—ကော. ၃:၁၆; ဟေဗြဲ ၁၃:၁၅။

ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် အခန်းတစ်ခန်းထဲစုဝေးနေတဲ့ တပည့်တွေရှေ့ ပေါ်လာ

ယေရှုရဲ့တပည့်တွေက အချင်းချင်းအားပေးတည်ဆောက်ဖို့ အတူတကွစုဝေးခဲ့ကြ

၅။ ပတ်စဉ်စည်းဝေးတွေ၊ နှစ်စဉ်ကျင်းပတဲ့ စည်းဝေးပွဲတွေနဲ့ စည်းဝေးကြီးတွေကို ဘာကြောင့်တက်ရောက်တာလဲ။ (စာမျက်နှာ ၁၇၆ မှာပါတဲ့ “ဘုရားသခင့်လူမျိုးကို စည်းလုံးစေတဲ့ နှစ်စဉ်စုဝေးမှုများ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၅ အလားတူပဲ၊ ကျွန်တော်တို့က ပတ်စဉ်စည်းဝေးတွေ၊ နှစ်စဉ်ကျင်းပတဲ့ စည်းဝေးပွဲတွေနဲ့ စည်းဝေးကြီးတွေကို တက်ရောက်တဲ့အခါ ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံကြောင်း ပြသကြတယ်။ အဲဒီအချိန်မှာ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ခွန်အားရရှိကြတယ်၊ ယုံကြည်ခြင်းကို ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် တခြားသူတွေကို အားပေးကြတယ်။ ပိုအရေးကြီးတာက ဆုတောင်းခြင်း၊ မှတ်ချက်ပေးခြင်း၊ ချီးမွမ်းသီချင်းဆိုခြင်းအားဖြင့် ယေဟောဝါကိုဝတ်ပြုနိုင်တဲ့အခွင့်အရေး ရရှိကြတယ်။ ယနေ့ကျင်းပတဲ့စည်းဝေးပုံစံဟာ အစ္စရေးတွေ၊ ပထမရာစုခရစ်ယာန်တွေကျင်းပတဲ့ စည်းဝေးတွေနဲ့ ကွာခြားပါလိမ့်မယ်။ ဒါပေမဲ့ စုဝေးမှုအားလုံးက တန်းတူအရေးကြီးပါတယ်။ အခုအချိန်မှာကျင်းပတဲ့ စည်းဝေးတွေ ဘယ်လိုနည်းနဲ့ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာသလဲ။

‘မေတ္တာစိတ်ရှိပြီး အကျင့်ကောင်းများကျင့်ဖို့’ အားပေးတဲ့ ပတ်စဉ်စည်းဝေးများ

၆၊ ၇။ (က) စည်းဝေးတွေရဲ့ရည်ရွယ် ချက်က ဘာလဲ။ (ခ) အုပ်စုတစ်စုနဲ့ တစ်စု စည်းဝေးကျင်းပပုံ ဘယ်လို ကွာခြားခဲ့သလဲ။

၆ ညီအစ်ကိုချားလ်စ် တေ့စ် ရပ်စယ်လ်ဟာ ကျမ်းစာအမှန်တရားကို စတင်ရှာဖွေလေ့လာချိန်မှာ ပန်းတိုင်တူတဲ့သူအချင်းချင်း စုဝေးဖို့လိုတယ်ဆိုတာ သိလာတယ်။ ၁၈၇၉ ခုနှစ်မှာ ရပ်စယ်လ်က “ကျွန်တော်နဲ့ ပစ္စဘတ်မြို့ကတခြားသူတွေဟာ ကျမ်းစာကိုရှာဖွေလေ့လာဖို့ ကျမ်းစာသင်တန်းတစ်ခု ဖွဲ့စည်းထားပြီး တနင်္ဂနွေနေ့တိုင်း စုဝေးကြတယ်” လို့ရေးခဲ့တယ်။ ဇိအုန်ကင်းမျှော်စင်ဖတ်ရှုသူတွေကိုလည်း အတူတကွစုဝေးဖို့ အားပေးခဲ့တယ်။ ၁၈၈၁ ခုနှစ်ရောက်တော့ ပဲင်စီလ်ဗေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့မှာ တနင်္ဂနွေနဲ့ဗုဒ္ဓဟူးနေ့တိုင်း စည်းဝေးတွေကျင်းပနေကြပြီ။ ၁၈၉၅၊ နိုဝင်ဘာလထုတ် ကင်းမျှော်စင်မှာ အဲဒီစည်းဝေးတွေရဲ့ရည်ရွယ်ချက်က “ခရစ်ယာန်ပေါင်းသင်းမှုနဲ့မေတ္တာ” တိုးများလာစေဖို့၊ တက်ရောက်သူအချင်းချင်း အားပေးတည်ဆောက်နိုင်ဖို့ဖြစ်တယ်လို့ ဖော်ပြခဲ့တယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။

၇ နှစ်တွေတစ်လျှောက် ကျမ်းစာကျောင်းသားအုပ်စုတွေ စည်းဝေးကျင်းပတဲ့ပုံစံနဲ့ အကြိမ်အရေအတွက်ဟာ တစ်စုနဲ့တစ်စု မတူကြဘူး။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုက အုပ်စုတစ်စုပေးပို့ပြီး ၁၉၁၁ ခုနှစ်မှာ ပုံနှိပ်တဲ့စာမှာ “ကျွန်တော်တို့က အပတ်တိုင်း အနည်းဆုံး စည်းဝေးငါးခုကျင်းပတယ်” လို့ဖော်ပြထားတယ်။ သူတို့က တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့၊ တနင်္ဂနွေနေ့မှာနှစ်ကြိမ် ကျင်းပတာဖြစ်တယ်။ အာဖရိကတိုက်က အုပ်စုတစ်စုပေးပို့ပြီး ၁၉၁၄ ခုနှစ်မှာ ပုံနှိပ်တဲ့စာမှာ “ကျွန်တော်တို့က သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ စည်းဝေးလုပ်တယ်။ အဲဒီလိုစည်းဝေးကို တစ်လနှစ်ကြိမ် ကျင်းပတယ်” လို့ဆိုတယ်။ နောက်ပိုင်းမှာတော့ လက်ရှိကျင်းပနေတဲ့စည်းဝေးပုံစံကို စတင်အသုံးပြုခဲ့တယ်။ စည်းဝေးတစ်ခုစီရဲ့သမိုင်းကြောင်းကို အကျဉ်းချုပ်သုံးသပ်ကြည့်ရအောင်။

၈။ အစောပိုင်းအချိန်က လူထုဟောပြောချက်တွေမှာ ဘာအကြောင်းအရာတွေကို ဟောခဲ့သလဲ။

၈ လူထုစည်းဝေး။ ညီအစ်ကိုရပ်စယ်လ်က ဇိအုန်ကင်းမျှော်စင်ကို စတင်ထုတ်ဝေပြီး နောက်တစ်နှစ်၊ ၁၈၈၀ ပြည့်နှစ်မှာ ယေရှုလုပ်ခဲ့တဲ့အတိုင်း ဟောပြောခြင်းခရီးစဉ်တစ်ခုကို အစပြုခဲ့တယ်။ (လု. ၄:၄၃) အဲဒီခရီးစဉ်မှာ ညီအစ်ကိုရပ်စယ်လ်က အခုအချိန်မှာကျင်းပနေတဲ့ လူထုစည်းဝေးအတွက် ပုံစံချမှတ်ပေးခဲ့တယ်။ သူ့ခရီးစဉ်အကြောင်း ကြေညာတဲ့အခါ ကင်းမျှော်စင်က “လူထုစည်းဝေးတွေမှာ ‘ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သောအရာများ’ ဆိုတဲ့ခေါင်းစဉ်နဲ့ [ရပ်စယ်လ်] ဟောပြောပါလိမ့်မယ်” လို့ပြောခဲ့တယ်။ နိုင်ငံအတော်များများမှာ အသင်းတော်တွေဖွဲ့စည်းပြီးနောက် ၁၉၁၁ ခုနှစ်မှာ အရည်အချင်းရှိတဲ့ဟောပြောသူတွေကို အနီးနားဒေသတွေဆီစေလွှတ်ဖို့ အသင်းတော်တိုင်းကို အားပေးခဲ့တယ်။ သူတို့က တရားစီရင်ခြင်း၊ ရွေးနုတ်ဖိုးစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ဟောပြောချက်ခြောက်ခု ပေးရတယ်။ ဟောပြောချက်တစ်ခုပြီးသွားတိုင်း နောက်အပတ်မှာဟောမယ့်သူရဲ့နာမည်နဲ့ ဟောပြောချက်ခေါင်းစဉ်ကို ကြေညာပေးတယ်။

၉။ နှစ်တွေတစ်လျှောက် လူထုစည်းဝေး ကို ဘယ်လိုပြောင်းလဲခဲ့သလဲ။ ဒီစည်းဝေး အတွက် သင်ဘာလုပ်ဆောင်ပေးနိုင်သလဲ။

၉ ၁၉၄၅ ခုနှစ်မှာ ကင်းမျှော်စင်က ကမ္ဘာတစ်ဝန်းမှာ လူထုစည်းဝေးကင်ပိန်းတစ်ခု စတင်မယ့်အကြောင်း၊ အဲဒီစည်းဝေးမှာ “လက်ရှိရင်ဆိုင်နေရတဲ့ အရေးတကြီးပြဿနာတွေ” နဲ့ပတ်သက်တဲ့ ဟောပြောချက်ရှစ်ခု တင်ဆက်မှာဖြစ်ကြောင်း ကြေညာခဲ့တယ်။ ဆယ်စုနှစ်တွေတစ်လျှောက် ဟောပြောချက်ပေးဖို့တာဝန်ရတဲ့ ညီအစ်ကိုတွေက သစ္စာရှိကျွန်ပြင်ဆင်ပေးတဲ့ အကြောင်းအရာတွေအပြင် သူတို့ဘာသာပြင်ဆင်တဲ့ အောက်လိုင်းတွေကိုလည်း အသုံးပြုခဲ့ကြတယ်။ ၁၉၈၁ ခုနှစ်မှာတော့ အသင်းတော်တွေဆီပို့ပေးတဲ့ အောက်လိုင်းတွေပေါ်အခြေခံပြီး ဟောပြောဖို့ ဟောပြောသူအားလုံးကို ညွှန်ကြားခဲ့တယ်။b ၁၉၉၀ မတိုင်ခင်အထိ လူထုဟောပြောချက်အောက်လိုင်းတချို့မှာ ပရိသတ်ဆွေးနွေးခန်းတွေ၊ သရုပ်ပြတွေ ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ ညွှန်ကြားချက်တွေကို ပြုပြင်လိုက်တဲ့အတွက် အဲဒီအချိန်ကစပြီး ဟောပြောချက်ပုံစံမျိုးနဲ့ပဲ တင်ဆက်ခဲ့တယ်။ ၂၀၀၈၊ ဇန်နဝါရီလမှာပြုလုပ်တဲ့ နောက်ထပ်ပြုပြင်ပြောင်းလဲမှုကတော့ လူထုဟောပြောချက်ကို ၄၅ မိနစ်ကနေ မိနစ် ၃၀ အထိ လျှော့ချခဲ့တာဖြစ်တယ်။ လူထုစည်းဝေးရဲ့ပုံစံ အမျိုးမျိုးပြောင်းလဲခဲ့ပေမဲ့ ကောင်းကောင်းပြင်ဆင်ထားတဲ့ လူထုဟောပြောချက်တွေက ဘုရားသခင့်စကားတော်ကို ယုံကြည်ဖို့၊ ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ယူနိုင်ဖို့ ကူညီပေးနေတုန်းပါပဲ။ (၁ တိ. ၄:၁၃၊ ၁၆) အရေးကြီးတဲ့ ဒီကျမ်းစာအခြေပြုဟောပြောချက်တွေကို လာနားထောင်ဖို့ သင့်ရဲ့ပြန်လည်ပတ်မှုတွေနဲ့ သက်သေခံမဟုတ်သူတွေကို ထက်ထက်သန်သန် ဖိတ်ခေါ်နေသလား။

၁၀–၁၂။ (က) ကင်းမျှော်စင်သင်တန်းကျင်းပပုံ ဘယ်လိုပြောင်းလဲလာသလဲ။ (ခ) ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

၁၀ ကင်းမျှော်စင်သင်တန်း။ အသင်းတော်တွေမှာ ဟောပြောချက်ပေးဖို့နဲ့ ဟောပြောခြင်းလုပ်ငန်းကိုဦးဆောင်ဖို့ ကင်းမျှော်စင်အသင်းကစေလွှတ်တဲ့ နယ်လှည့်အမှုဆောင် ညီအစ်ကိုတွေက ကင်းမျှော်စင်ကို သီးသန့်လေ့လာတဲ့ ပုံမှန်စည်းဝေးတစ်ခုကျင်းပဖို့ ၁၉၂၂ ခုနှစ်မှာ အကြံပြုခဲ့တယ်။ အဲဒီအကြံပြုချက်အတိုင်း အစပိုင်းမှာ ကင်းမျှော်စင်သင်တန်းကို ကြားရက် ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တယ်။

၁၉၃၁ ခုနှစ်၊ ဂါနာနိုင်ငံက ကျမ်းစာကျောင်းသားတွေရဲ့စည်းဝေးတစ်ခု

၁၉၃၁ ခုနှစ်၊ ဂါနာနိုင်ငံက ကင်းမျှော်စင်သင်တန်း

၁၁ ၁၉၃၂၊ ဇွန်လ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ ဒီစည်းဝေးကို ဘယ်လိုကျင်းပသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ထပ်ဆင့်ညွှန်ကြားချက်ပေးခဲ့တယ်။ ဗေသလအိမ်မှာကျင်းပတဲ့သင်တန်းကို စံနမူနာထားပြီး စည်းဝေးကို ညီအစ်ကိုတစ်ဦးက ဦးဆောင်သင့်တယ်လို့ ဆောင်းပါးမှာဖော်ပြတယ်။ ညီအစ်ကိုသုံးယောက်က ရှေ့ဆုံးတန်းမှာထိုင်ပြီး အပိုဒ်တွေကို အလှည့်ကျဖတ်ရမယ်။ အဲဒီတုန်းက ဆောင်းပါးတွေမှာ မေးခွန်းမပါဘူး။ ဒါကြောင့် သင်တန်းကိုင်သူက ဆွေးနွေးနေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ပရိသတ်ကို မေးခွန်းတွေမေးခိုင်းတယ်။ ပြီးတော့ အဲဒီမေးခွန်းတွေကို အဖြေပေးဖို့ ပရိသတ်ကိုဖိတ်ခေါ်တယ်။ ထပ်ဆင့်ရှင်းပြဖို့ လိုအပ်လာရင် သင်တန်းကိုင်သူက “လိုရင်းတိုရှင်း” ရှင်းပြရမှာဖြစ်တယ်။

၁၂ အစပိုင်းမှာ အသင်းတော်တိုင်းက အများစုလေ့လာချင်တဲ့ မဂ္ဂဇင်းဆောင်းပါးကို ရွေးချယ်ခွင့်ရှိတယ်။ ဒါပေမဲ့ ၁၉၃၃၊ ဧပြီလ ၁၅ ရက်ထုတ် ကင်းမျှော်စင်က အသင်းတော်အားလုံးဟာ နောက်ဆုံးထုတ်ဆောင်းပါးကို လေ့လာသင့်တယ်လို့ အကြံပြုခဲ့တယ်။ ၁၉၃၇ ခုနှစ်မှာ သင်တန်းကို တနင်္ဂနွေနေ့မှာ ကျင်းပရမယ်လို့ ညွှန်ကြားခဲ့တယ်။ လက်ရှိသင်တန်းပုံစံအတိုင်းဖြစ်စေတဲ့ ထပ်ဆင့်ပြင်ဆင်ချက်တွေကို ၁၉၄၂၊ အောက်တိုဘာလ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ဖော်ပြခဲ့တယ်။ ဦးဆုံးအနေနဲ့၊ လေ့လာတဲ့ဆောင်းပါးရဲ့အောက်ခြေမှာ မေးခွန်းတွေပါမယ်၊ အဲဒီမေးခွန်းတွေကို အသုံးပြုရမယ်လို့ မဂ္ဂဇင်းမှာကြေညာခဲ့တယ်။ သင်တန်းကို တစ်နာရီကြာကျင်းပရမယ်လို့လည်း ဖော်ပြထားတယ်။ စာသားတွေကိုဖတ်ပြမယ့်အစား “ကိုယ်ပိုင်စကားနဲ့” ဖြေဆိုဖို့ အားပေးခဲ့တယ်။ ကင်းမျှော်စင်သင်တန်းဟာ အရေးကြီးတဲ့စည်းဝေးတစ်ခု ဖြစ်နေဆဲပါပဲ။ ဒီစည်းဝေးကတစ်ဆင့် သစ္စာရှိကျွန်က အချိန်တန်အစာ ပြင်ဆင်ပေးနေတယ်။ (မ. ၂၄:၄၅) ဒါကြောင့် ‘ပတ်စဉ်ပတ်တိုင်း ကင်းမျှော်စင်သင်တန်းအတွက် ငါ ကြိုတင်ပြင်ဆင်သလား။ ဖြစ်နိုင်မယ်ဆိုရင် အဖြေပေးဖို့ ကြိုးစားသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးသင့်ပါတယ်။

၁၃၊ ၁၄။ အသင်းတော်ကျမ်းစာ လေ့လာမှုရဲ့ သမိုင်းကြောင်းကို ရှင်းပြပါ။ ဒီစည်းဝေးနဲ့ပတ်သက်ပြီး သင် ဘာကို နှစ်သက်သလဲ။

၁၃ အသင်းတော်ကျမ်းစာလေ့လာမှု။ ၁၈၉၀ ပြည့်လွန်နှစ်အလယ်ပိုင်း၊ အနှစ်တစ်ထောင်အရုဏ်ဦး စာအုပ်တွဲ ထွက်လာပြီးနောက်မှာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ဘာလ်တီမိုးမြို့က ကျမ်းစာကျောင်းသား ညီအစ်ကိုအိပ်ချ် အန် ရာန်က “အရုဏ်ဦးကျမ်းစာသင်တန်းဝိုင်းတွေ” ကျင်းပဖို့ အကြံပြုခဲ့တယ်။ အိမ်တွေမှာကျင်းပလေ့ရှိတဲ့ ဒီစည်းဝေးတွေကို အစပိုင်းမှာ အစမ်းသဘောနဲ့ ကျင်းပခဲ့ကြတယ်။ ဒါပေမဲ့ ၁၈၉၅၊ စက်တင်ဘာလရောက်တော့ အမေရိကန်နိုင်ငံ မြို့အတော်များများမှာ အရုဏ်ဦးကျမ်းစာသင်တန်းဝိုင်းတွေ ကျင်းပတာ အောင်မြင်လာတယ်။ ဒါကြောင့် အဲဒီလထုတ်ကင်းမျှော်စင်က ကျမ်းစာကျောင်းသားအားလုံး ဒီစည်းဝေးတွေကိုကျင်းပသင့်တယ်လို့ အကြံပြုခဲ့တယ်။ သင်တန်းကိုင်သူက စာဖတ်စွမ်းရည်ကောင်းရမယ်လို့လည်း ညွှန်ကြားခဲ့တယ်။ သူက ဝါကျတစ်ကြောင်းစီကိုဖတ်ပြီး တက်ရောက်သူတွေကို မှတ်ချက်ပေးခိုင်းရမယ်။ အပိုဒ်မှာပါတဲ့ဝါကျအားလုံးကို ဖတ်ပြီးတဲ့အခါ ပြန်ဆွေးနွေးရမယ်။ ညွှန်းထားတဲ့ကျမ်းချက်တွေကို ဖွင့်ဖတ်ရမယ်။ အခန်းတစ်ခန်းပြီးသွားတဲ့အခါ ပရိသတ်ယောက်တိုင်းက အကြောင်းအရာနဲ့ပတ်သက်ပြီး အတိုချုပ်မှတ်ချက်ပေးရမှာဖြစ်တယ်။

၁၄ ဒီစည်းဝေးကိုလည်း နာမည်အမျိုးမျိုး ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။ ကျမ်းစာကို ဆန်းစစ်လေ့လာတဲ့ ပထမရာစုဗေရိမြို့သားတွေကို အစွဲပြုပြီး ဗေရိကျမ်းစာသင်တန်းလို့ ခေါ်ခဲ့တယ်။ (တ. ၁၇:၁၁) နောက်ပိုင်းမှာ အသင်းတော်စာအုပ်ကြီးသင်တန်းလို့ ပြောင်းလိုက်တယ်။ အခုတော့ အသင်းတော်ကျမ်းစာလေ့လာမှုလို့ ခေါ်တယ်။ အိမ်တွေမှာ အုပ်စုလေးတွေဖွဲ့ပြီး စုဝေးမယ့်အစား အသင်းတော်တစ်ခုလုံးက နိုင်ငံတော်ခန်းမမှာ စုဝေးတယ်။ ဆယ်စုနှစ်တွေတစ်လျှောက် ဒီစည်းဝေးမှာ စာအုပ်တွေ၊ ဘရိုရှာတွေနဲ့ ကင်းမျှော်စင်ဆောင်းပါးတွေကိုတောင် လေ့လာခဲ့ကြတယ်။ စည်းဝေးမှာပါဝင်ဖြေဆိုဖို့ တက်ရောက်သူအားလုံးကို အရင်ကတည်းက အားပေးခဲ့တယ်။ ဒီစည်းဝေးက ကျမ်းစာအသိပညာတိုးများလာဖို့ အများကြီးကူညီပေးတယ်။ ဒီစည်းဝေးအတွက် သင် မှန်မှန်ပြင်ဆင်ပြီး အတတ်နိုင်ဆုံး ပါဝင်ဖြေဆိုသလား။

အဖေအမေနဲ့ သမီးလေးနှစ်ယောက် မိသားစုဝတ်ပြုမှုလုပ်နေကြ

သင့်ရဲ့ပတ်စဉ်အချိန်ဇယားထဲမှာ ကြိုတင်စီစဉ်ထားတဲ့ မိသားစုဝတ်ပြုမှု ပါသလား

မိသားစုဝတ်ပြုမှု

နောက်ဆုံးကာလရဲ့ အဆုံးပိုင်းကို ရောက်ရှိလာတာနဲ့အမျှ ယေဟောဝါရဲ့အဖွဲ့အစည်းက မိသားစုတိုင်းမှာ ကျမ်းစာလေ့လာမှုအစီအစဉ်ရှိဖို့ လိုအပ်တယ်ဆိုတာကို ပိုအလေးပေးလာတယ်။ (၂ တိ. ၃:၁) ဥပမာ၊ ၁၉၃၂ ခုနှစ်မှာထုတ်ဝေတဲ့ အိမ်ထောင်နဲ့ ပျော်ရွှင်မှုစာအုပ်ငယ်မှာ “မိသားစုတိုင်း အိမ်တွင်းကျမ်းစာလေ့လာမှုကို အခုချက်ချင်း စတင်ကျင်းပပါ” ဆိုပြီး ပြတ်ပြတ်သားသား ပြောခဲ့တယ်။ ၁၉၅၆၊ မေလ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာလည်း “မိသားစုတစ်ခုလုံးအကျိုးရဖို့ အိမ်မှာ ပုံမှန်ကျမ်းစာလေ့လာမှု” လုပ်ရမယ်လို့ ခရစ်ယာန်မိသားစုအားလုံးကို တိုက်တွန်းခဲ့တယ်။ အဲဒီနောက် “သင်တို့မိသားစုဟာ ကင်းမျှော်စင်သင်တန်းအတွက် ကြိုတင်ပြင်ဆင်သလား” ဆိုပြီးမေးထားတယ်။

၂၀၀၉ ခုနှစ်မှာ အဖွဲ့အစည်းက ကြားရက်စည်းဝေးအစီအစဉ်ကို ပြုပြင်ခြင်းအားဖြင့် မိသားစုလေ့လာမှု ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဖော်ပြခဲ့တယ်။ အဲဒီအချိန်ကစပြီး အသင်းတော် ကျမ်းစာလေ့လာမှုကို ဟောပြောသွန်သင်ခြင်းသင်တန်းနဲ့လုပ်ငန်းတော်စည်းဝေးကျင်းပတဲ့ရက်မှာပဲ ကျင်းပခဲ့တယ်။ “ဒီလိုပြုပြင်ပြောင်းလဲရတဲ့ အကြောင်းရင်းတစ်ခုက ပတ်စဉ် သတ်မှတ်ထားတဲ့ညနေခင်းတစ်ခုမှာ မိသားစုဝတ်ပြုမှုအတွက် ဇယားဆွဲထားခြင်းအားဖြင့် မိသားစုတစ်ခုလုံး ယေဟောဝါနဲ့ဆက်ဆံရေး ခိုင်မြဲလာစေဖို့ဖြစ်တယ်” လို့ ၂၀၁၁၊ ဇန်နဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာ ဖော်ပြခဲ့တယ်။ “အဲဒီအချိန်မှာ ကျမ်းစာကို အလောတကြီးမဟုတ်ဘဲ အေးအေးဆေးဆေး လေ့လာပြီး မိသားစုလိုအပ်ရာ တွေကို ဆွေးနွေးနိုင်ပါတယ်” လို့လည်း ဆက်ဖော်ပြတယ်။c

မိသားစုဝတ်ပြုမှုအစီအစဉ်ကို မပျက်မကွက်ကျင်းပဖို့ ဘာကြောင့် ဒီလောက်တောင် အရေးကြီးတာလဲ။ ဒီအစီအစဉ်ဟာ မိသားစုနဲ့ဘုရားသခင်ရဲ့ဆက်ဆံရေးကိုသာမက အသင်းတော်နဲ့ဘုရားသခင်ရဲ့ဆက်ဆံရေးကိုလည်း ခိုင်မြဲစေလို့ပဲ။ ဥပမာ၊ အသင်းတော်ကို တိုက်အိမ်တစ်လုံးနဲ့ နှိုင်းယှဉ်နိုင်တယ်။ (ဟေဗြဲ ၃:၄–၆ ကို ဖတ်ပါ။)d လှပတဲ့တိုက်အိမ်တစ်လုံးရဲ့ခိုင်ခံ့မှုက အုတ်မြစ်ကောင်းမကောင်းဆိုတဲ့အချက်နဲ့ အုတ်တစ်ချပ်ချင်းစီ တာရှည်ခံမခံဆိုတဲ့အချက် နှစ်ချက်အပေါ် အဓိကမူတည်နေတယ်။ အုတ်မြစ်မကောင်းရင် အိမ်ပြိုလဲသွားနိုင်တယ်။ အုတ်မြစ်က သိပ်ကောင်းပေမဲ့ အုတ်တွေက ကျိုးပဲ့လွယ်တယ်ဆိုရင်ကော။ အိမ်က တာရှည်ခံပါ့မလား။ ဒီလိုပါပဲ။ ခရစ်ယာန်အသင်းတော်ကို အခိုင်ခံ့ဆုံး အုတ်မြစ်ဖြစ်တဲ့ ခရစ်တော်ရဲ့သွန်သင်ချက်တွေအပေါ် တည်ဆောက်ထားတယ်။ (၁ ကောရိန္သု ၃:၁၀–၁၅ ကိုဖတ်ပါ။)e အသင်းတော်မှာရှိတဲ့ ယောက်စီယောက်တိုင်း၊ မိသားစုတိုင်းက အုတ်ချပ်တွေနဲ့တူတယ်။ မိသားစုဝတ်ပြုမှုအစီအစဉ်က မီးနဲ့တူတဲ့စမ်းသပ်မှုတွေကို ခံရပ်နိုင်တဲ့၊ ခိုင်ခံ့တဲ့ယုံကြည်ခြင်းကို တည်ဆောက်ထိန်းသိမ်းနိုင်ဖို့ တစ်ယောက်ချင်းစီကိုရော မိသားစုတစ်စုစီကိုပါ ကူညီပေးတယ်။ ယောက်စီယောက်တိုင်း၊ မိသားစုတိုင်းက ဘုရားသခင်နဲ့ဆက်ဆံရေးခိုင်မြဲနေမယ်ဆိုရင် အသင်းတော်တစ်ခုလုံးလည်း ဘုရားသခင်နဲ့ဆက်ဆံရေးခိုင်မြဲနေမှာဖြစ်တယ်။ သင့်ရဲ့ပတ်စဉ်အချိန်ဇယားထဲမှာ ကြိုတင်စီစဉ်ထားတဲ့မိသားစုဝတ်ပြုမှု ပါသလား။

c မိသားစုဝတ်ပြုမှုမှာအသုံးပြုနိုင်တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ၂၀၁၁၊ ဇန်နဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာ အကြံပြုချက်တချို့ တွေ့နိုင် ပါတယ်။

d ပေါလုက “ကောင်းကင်ခေါ်တော်မူခြင်းခံရ” သူတွေကို ပြောနေတာဖြစ်တယ်။ (ဟေဗြဲ ၃:၁) ဒါပေမဲ့ သူ့စကားတွေက ခရစ်ယာန်အားလုံးနဲ့လည်း သက်ဆိုင်တယ်။

e ဒီကျမ်းချက်ရဲ့ အသေးစိတ်ရှင်းပြချက်ကို ၁၉၉၉၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၂-၁၄၊ အပိုဒ် ၁၅-၂၀ မှာကြည့်ပါ။ အဲဒီအကြောင်းကိုဖတ်ပြီး သင့်ရဲ့မိသားစုဝတ်ပြုမှုနဲ့ ဘယ်လိုသက်ဆိုင်တယ်ဆိုတာ စဉ်းစားဆင်ခြင်ပါ။

၁၅။ ဟောပြောသွန်သင်ခြင်းသင်တန်းရဲ့ ရည်ရွယ်ချက်ကဘာလဲ။

၁၅ ဟောပြောသွန်သင်ခြင်းသင်တန်း။ နယူးယောက်၊ ဘရွတ်ကလင်ဌာနချုပ်မှာ အမှုဆောင်တဲ့ ကယ်ရီ ဘာဘာ အခုလိုပြောပြတယ်– “၁၉၄၂၊ ဖေဖော်ဝါရီလ ၁၆ ရက်၊ တနင်္လာနေ့ညမှာ ဘရွတ်ကလင်ဗေသလမိသားစုဝင် ညီအစ်ကိုအားလုံးဟာ ဟောပြောသွန်သင်ခြင်းသင်တန်းလို့ နောက်ပိုင်းမှာခေါ်မယ့်သင်တန်းမှာ စာရင်းသွင်းဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။” အုပ်ချုပ်ရေးအဖွဲ့၀င်ဖြစ်လာသူ ညီအစ်ကိုဘာဘာက အဲဒီသင်တန်းဟာ “မျက်မှောက်ခေတ်မှာ လူမျိုးတော်ကို ယေဟောဝါဆက်ဆံပုံနဲ့ပတ်သက်တဲ့ အထူးခြားဆုံး တိုးတက်ပြောင်းလဲမှုတွေထဲကတစ်ခုပဲ” ဆိုပြီးပြောခဲ့တယ်။ ဒီသင်တန်းက ညီအစ်ကိုတွေကို ဟောပြောသွန်သင်ခြင်းစွမ်းရည် တိုးတက်လာအောင် ကူညီပေးရာမှာ အရမ်းအောင်မြင်ခဲ့တယ်။ ဒါကြောင့် ၁၉၄၃ ခုနှစ်ကစပြီး သီအိုကရက်တစ်ဓမ္မအမှုဆိုင်ရာသင်ရိုး စာအုပ်ငယ်ကို ကမ္ဘာတစ်ဝန်း အသင်းတော်တွေမှာရရှိအောင် စီစဉ်ပေးခဲ့တယ်။ ၁၉၄၃၊ ဇွန်လ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ဟောပြောသွန်သင်ခြင်းသင်တန်းရဲ့ရည်ရွယ်ချက်က “နိုင်ငံတော်သတင်းကို ထိထိရောက်ရောက် သက်သေခံနိုင်အောင်” ဘုရားသခင့်လူမျိုးကို “လေ့ကျင့်ပေးဖို့ဖြစ်တယ်” ဆိုပြီးဖော်ပြတယ်။—၂ တိ. ၂:၁၅။

၁၆၊ ၁၇။ ဟောပြောသွန်သင်ခြင်း သင်တန်းက စွမ်းရည်တိုးတက်လာဖို့ပဲ သင်ပေးတာလား။ ရှင်းပြပါ။

၁၆ အစပိုင်းမှာတော့ ညီအစ်ကိုအများစုက ပရိသတ်ကြီးရှေ့မှာ ဟောပြောဖို့ အခက်တွေ့ကြတယ်။ ညီအစ်ကိုကလေတန် ဝုဒ်ဝေါ့သ်ရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ ၁၉၁၈ ခုနှစ်မှာ ညီအစ်ကိုရပ်သဖော့ဒ်နဲ့ တခြားသူတွေ မတရားထောင်ချခံရတုန်းက သူ့အဖေလည်းပါတယ်။ ၁၉၄၃ ခုနှစ်မှာ ဦးဆုံးအကြိမ် ကျောင်းသားတာဝန်လုပ်တဲ့အခါ သူဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ အခုလိုပြန်ပြောပြတယ်– “ဟောပြောချက်ပေးရတာ ကျွန်တော့်အတွက် အရမ်းခက်တယ်။ စကားပြောတာ အထစ်ထစ်အငေါ့ငေါ့ဖြစ်လာပြီး အာခေါင်လည်း ခြောက်ကပ်လာတယ်။ ကတုန်ကယင်ဖြစ်နေလို့ အသံကလည်း အရမ်းကျယ်သွားလိုက်၊ တိုးသွားလိုက်ဖြစ်နေတယ်။” ဒါပေမဲ့ ညီအစ်ကိုကလေတန်ဟာ ဟောပြောခြင်းစွမ်းရည်တိုးတက်လာတဲ့အတွက် လူထုရှေ့မှာ ဟောပြောချက်အများကြီး ပေးနိုင်ခဲ့တယ်။ သင်တန်းက သူ့ရဲ့စွမ်းရည်တိုးတက်လာဖို့ပဲ သင်ပေးတာမဟုတ်ဘူး။ နှိမ့်ချတတ်ဖို့၊ ယေဟောဝါကိုအားကိုးတတ်ဖို့လည်း သင်ပေးခဲ့တယ်။ သူအခုလိုပြောပြတယ်– “ဟောပြောသူက အရေးမကြီးပါဘူး။ အရေးကြီးတာက ကောင်းကောင်းပြင်ဆင်ပြီး ယေဟောဝါကို အပြည့်အဝယုံကြည်စိတ်ချဖို့ပါပဲ။ ဒါဆိုရင် သူ့ဟောပြောချက်က နားထောင်လို့ကောင်းပြီး ပရိသတ်အတွက်လည်း သင်ယူစရာတစ်ခုခုရမယ်ဆိုတာ ကျွန်တော်သဘောပေါက်လာတယ်။”

၁၇ ၁၉၅၉ ခုနှစ်မှာ ညီအစ်မတွေလည်း သင်တန်းမှာပါဝင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ညီအစ်မ အက်ဒ်နာ ဘိုအာက စည်းဝေးပွဲတစ်ခုမှာ အဲဒီကြေညာချက်ကို ကြားခဲ့တာနဲ့ပတ်သက်ပြီး အခုလိုပြောပြတယ်– “ကျွန်မမှတ်မိသေးတယ်။ အဲဒီတုန်းက ညီအစ်မတွေ အရမ်းစိတ်လှုပ်ရှားနေကြတာ။ အခု သူတို့မှာ အခွင့်အရေးတွေ များလာပြီ။” နှစ်တွေတစ်လျောက် ညီအစ်ကို၊ ညီအစ်မတွေဟာ ဟောပြောသွန်သင်ခြင်းသင်တန်းမှာ ပါဝင်ရတဲ့အခွင့်အရေးကို ဆုပ်ကိုင်ထားပြီး ယေဟောဝါရဲ့ သွန်သင်မှုကို ခံယူကြတယ်။ ဒီနေ့အချိန်မှာလည်း ကြားရက်အစည်းအဝေးကနေ ဆက်လေ့ကျင့်ပေးနေပါတယ်။—ဟေရှာယ ၅၄:၁၃ ကိုဖတ်ပါ။

၁၈၊ ၁၉။ (က) ဟောပြောခြင်းလုပ်ငန်းအတွက် လက်တွေ့ကျညွှန်ကြားချက်တွေကို ဘယ်လိုရသလဲ။ (ခ) စည်းဝေးတွေမှာ ဘာကြောင့်သီချင်းဆိုကြတာလဲ။ (“အမှန်တရားအကြောင်း သီချင်းဆိုခြင်း” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၈ လုပ်ငန်းတော်စည်းဝေး။ ၁၉၁၉ ခုနှစ်ကတည်းက အမှုဆောင်လုပ်ငန်းကို စီစဉ်ဖွဲ့စည်းဖို့ စည်းဝေးတွေ ကျင်းပခဲ့တယ်။ အဲဒီတုန်းက ဒီစည်းဝေးတွေကို အသင်းတော်မှာရှိသူအားလုံး မတက်ကြဘူး။ စာပေဝေငှရာမှာ ပါဝင်သူတွေပဲ တက်ကြတယ်။ ၁၉၂၃ ခုနှစ်ကစပြီး လုပ်ငန်းတော်စည်းဝေးကို တစ်လတစ်ကြိမ်ကျင်းပပြီး အသင်းတော်မှာရှိသူအားလုံး တက်ရမယ်လို့ ညွှန်ကြားခဲ့တယ်။ ၁၉၂၈ ခုနှစ်မှာ လုပ်ငန်းတော်စည်းဝေးကို ပတ်စဉ်ကျင်းပဖို့ အသင်းတော်အားလုံးကို တိုက်တွန်းခဲ့တယ်။ ၁၉၃၅ ခုနှစ်မှာ ကင်းမျှော်စင် က လုပ်ငန်းတော်စည်းဝေးကို ဒါရိုက်တာ (နောက်ပိုင်းမှာ သတင်းပေးသူ၊ ဒီနောက် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု လို့ခေါ်တဲ့) စာစောင်ပေါ်အခြေခံပြီး ကျင်းပဖို့ အသင်းတော်အားလုံးကို အားပေးခဲ့တယ်။ မကြာခင်မှာ ဒီစည်းဝေးဟာ အသင်းတော်တိုင်းရဲ့ ပုံမှန်စည်းဝေးအစီအစဉ်တစ်ခု ဖြစ်လာတယ်။

၁၉ ဒီနေ့အချိန်မှာ ဟောပြောခြင်းလုပ်ငန်းအတွက် လက်တွေ့ကျညွှန်ကြားချက်တွေကို ကြားရက်အစည်းအဝေးကနေ ရရှိတယ်။ (မ. ၁၀:၅-၁၃) သင်ဟာ လေ့ကျင့်ခန်း စာစောင်ကို ကိုယ်ပိုင်ရတယ်ဆိုရင် ကောင်းကောင်းပြင်ဆင်သလား။ အဲဒီမှာပါတဲ့အကြံပြုချက်တွေကို အမှုဆောင်မှာ လက်တွေ့အသုံးပြုသလား။

တစ်နှစ်တာရဲ့အရေးကြီးဆုံးစည်းဝေး

အစောပိုင်းခရစ်ယာန်အသင်းတော်တစ်ခု ခရစ်တော်ရဲ့သေခင်းအောက်မေ့ရာပွဲ နှစ်ပတ်လည်နေ့ကို ကျင်းပနေ

အေဒီပထမရာစုတုန်းကလိုပဲ ခရစ်ယာန်တွေဟာ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲကို နှစ်စဉ်ကျင်းပကြ (အပိုဒ် ၂၀ ကိုကြည့်ပါ)

၂၀–၂၂။ (က) ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို ဘာကြောင့်ကျင်းပတာလဲ။ (ခ) အောက်မေ့ရာပွဲကို နှစ်စဉ်တက်ရောက်ခြင်းကနေ သင် ဘာအကျိုးကျေးဇူးရရှိသလဲ။

၂၀ ယေရှုက သူကြွလာတဲ့အချိန်အထိ သူ့ရဲ့သေခြင်းအောက်မေ့ရာပွဲကျင်းပဖို့ နောက်လိုက်တွေကို မှာကြားခဲ့တယ်။ ပသခါပွဲလိုပဲ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲဟာလည်း နှစ်စဉ်ကျင်းပတဲ့ပွဲဖြစ်တယ်။ (၁ ကော. ၁၁:၂၃-၂၆) ဒီစည်းဝေးကို နှစ်စဉ် သန်းနဲ့ချီတဲ့သူတွေ တက်ရောက်ကြတယ်။ ဒီအခါသမယမှာ ဘိသိက်ခံတွေက နိုင်ငံတော်မှာ တွဲဖက်အမွေခံတွေအဖြစ် ပါဝင်ရတဲ့အခွင့်ထူးကို ပြန်သတိရကြတယ်။ (ရော. ၈:၁၇) အခြားသိုးတွေကျတော့ ဘုရားသခင့်နိုင်ငံတော်ဘုရင်ကို အလွန်လေးစားရမယ်၊ သစ္စာစောင့်သိရမယ်ဆိုတာ သတိရကြတယ်။—ယော. ၁၀:၁၆။

၂၁ ညီအစ်ကိုရပ်စယ်လ်နဲ့အပေါင်းပါတွေက သခင့်ညစာစားပွဲကျင်းပဖို့ အရေးကြီးကြောင်း အသိအမှတ်ပြုခဲ့ပြီး အဲဒါကို တစ်နှစ်တစ်ကြိမ်ပဲ ကျင်းပရမယ်ဆိုတာကိုလည်း သိခဲ့ကြတယ်။ ၁၈၈၀၊ ဧပြီလထုတ် ကင်းမျှော်စင်မှာ အခုလိုပြောတယ်– “ပစ္စဘတ်မြို့မှာရှိတဲ့ ကျွန်တော်တို့အများစုဟာ  . . . ပသခါပွဲ [အောက်မေ့ရာပွဲ] ကို ကျင်းပပြီး သခင့်အသွေးနဲ့အသားရဲ့ အထိမ်းအမှတ်တွေကို စားသုံးလာခဲ့တာ နှစ်အတော်ကြာပြီ။” မကြာခင်မှာ စည်းဝေးကြီးတွေကို အောက်မေ့ရာပွဲနဲ့တစ်ဆက်တည်း ကျင်းပခဲ့ကြတယ်။ အဲဒီစည်းဝေးကြီးတစ်ခုအကြောင်းကို ၁၈၈၉ ခုနှစ်မှာ ဦးဆုံးအကြိမ်မှတ်တမ်းတင်ခဲ့ပြီး တက်ရောက်သူ ၂၂၅ ယောက်၊ နှစ်ခြင်းခံသူ ၂၂ ယောက်ရှိခဲ့တယ်။

၂၂ အခုအချိန်မှာ အောက်မေ့ရာပွဲကို စည်းဝေးကြီးအစီအစဉ်ရဲ့အပိုင်းတစ်ခုအဖြစ် မကျင်းပတော့ဘူး။ ဒါပေမဲ့ ဒေသခံနိုင်ငံတော်ခန်းမ ဒါမှမဟုတ် ငှားရမ်းထားတဲ့အဆောက်အအုံမှာကျင်းပတဲ့ အောက်မေ့ရာပွဲကိုတက်ရောက်ဖို့ လူအားလုံးကို ဖိတ်ခေါ်ကြတယ်။ ၂၀၁၃ ခုနှစ်မှာ ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲကို ၁၉ သန်းကျော် တက်ရောက်ခဲ့တယ်။ ဒီအရေးကြီးဆုံးညမှာ ကျွန်တော်တို့ကိုယ်တိုင် တက်ရောက်ခွင့်ရတဲ့အပြင် တခြားသူတွေကိုလည်း ဖိတ်ခေါ်ခွင့်ရတာ တကယ့်အခွင့်ထူးပါပဲ။ နှစ်စဉ်ကျင်းပတဲ့ အောက်မေ့ရာပွဲကို တက်ရောက်ဖို့ လူများနိုင်သမျှများများကို သင် ထက်ထက်သန်သန် ဖိတ်ခေါ်နေသလား။

ကျွန်တော်တို့ရဲ့သဘောထားက ဘာကိုဖော်ပြနေသလဲ

၂၃။ အတူတကွစုဝေးခြင်းကို သင်ဘယ်လိုသဘောထားသလဲ။

၂၃ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေဟာ အတူတကွစုဝေးပါဆိုတဲ့ ညွှန်ကြားချက်ကို ဝန်ထုပ်ဝန်ပိုးအဖြစ် သဘောမထားကြဘူး။ (ဟေဗြဲ ၁၀:၂၄၊ ၂၅; ၁ ယော. ၅:၃) ဥပမာအနေနဲ့၊ ဘုရင်ဒါဝိဒ်ဟာ ယေဟောဝါရဲ့အိမ်တော်ကိုသွားပြီး ဝတ်ပြုကိုးကွယ်ရတာကို တန်ဖိုးထားလေးမြတ်ခဲ့တယ်။ (ဆာ. ၂၇:၄) အထူးသဖြင့် ဘုရားသခင်ကိုချစ်တဲ့ တခြားသူတွေနဲ့အတူစုဝေးရတာကို နှစ်သက်ခဲ့တယ်။ (ဆာ. ၃၅:၁၈) ယေရှုရဲ့ပုံနမူနာကိုလည်း သုံးသပ်ကြည့်ပါ။ ယေရှုဟာ ငယ်ငယ်လေးကတည်းက သူ့ဖခင်ရဲ့ဝတ်ပြုရာအိမ်တော်မှာ နေချင်တဲ့ဆန္ဒ ပြင်းပြခဲ့တယ်။—လု. ၂:၄၁-၄၉။

စည်းဝေးတွေကို တက်ချင်စိတ် ဘယ်လောက်ရှိတယ်ဆိုတဲ့အချက်က ဘုရားသခင့်နိုင်ငံတော် တကယ်တည်ရှိကြောင်း ကျွန်တော်တို့ ဘယ်လောက်ထိ ယုံကြည်စိတ်ချတယ်ဆိုတာကို ဖော်ပြနေ

၂၄။ စည်းဝေးတွေတက်တဲ့အခါ ဘယ်အခွင့်အရေးတွေ ရရှိသလဲ။

၂၄ ကျွန်တော်တို့ စည်းဝေးတွေတက်တဲ့အခါ ယေဟောဝါကိုချစ်ကြောင်း၊ ယုံကြည်သူချင်းတွေကို တည်ဆောက်ပေးလိုစိတ်ရှိကြောင်း ဖော်ပြရာရောက်တယ်။ ဘုရားသခင့်နိုင်ငံတော်လက်အောက်ခံတွေအဖြစ် ဘယ်လိုအသက်ရှင်နေထိုင်ရမယ်ဆိုတာကို သင်ယူချင်စိတ်ရှိကြောင်းလည်း ဖော်ပြရာရောက်တယ်။ အကြောင်းကတော့ စည်းဝေးတွေ၊ စည်းဝေးပွဲတွေနဲ့ စည်းဝေးကြီးတွေမှာ ကျွန်တော်တို့ရဲ့အသက်ရှင်နေထိုင်ပုံနဲ့ပတ်သက်ပြီး လေ့ကျင့်သွန်သင်မှုတွေ ရရှိလို့ပဲ။ ဒါ့အပြင် အခုအချိန်မှာ ဘုရားသခင့်နိုင်ငံတော်လုပ်ဆောင်နေတဲ့ အရေးကြီးဆုံးလုပ်ငန်းမှာ ဆက်ပါဝင်နိုင်ဖို့ လိုအပ်တဲ့စွမ်းရည်နဲ့ခွန်အားကို စည်းဝေးတွေကနေရရှိတယ်။ အဲဒီလုပ်ငန်းကတော့ လူတွေကို ဘုရင်ယေရှုခရစ်ရဲ့တပည့်တွေဖြစ်အောင် သွန်သင်လေ့ကျင့်ပေးခြင်းပါပဲ။ (မဿဲ ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။) စည်းဝေးတွေကိုတက်ချင်စိတ် ဘယ်လောက်ရှိတယ်ဆိုတဲ့အချက်က ဘုရားသခင့်နိုင်ငံတော် တကယ်တည်ရှိကြောင်း ကျွန်တော်တို့ ဘယ်လောက်ထိ ယုံကြည်စိတ်ချတယ်ဆိုတာကို အထင်အရှားဖော်ပြနေတယ်။ ဒါကြောင့် စည်းဝေးတွေကို အမြဲတန်ဖိုးထားလေးမြတ်ကြပါစို့။

a ပတ်စဉ်အသင်းတော်စည်းဝေးတွေအပြင် မိသားစုဝတ်ပြုမှု၊ ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်ဇယားဆွဲထားဖို့လည်း အားပေးတယ်။

b ၂၀၁၃ ခုနှစ်မှာ လူထုဟောပြောချက် အောက်လိုင်း ၁၈၀ ကျော် ရရှိနိုင်ပြီ။

နိုင်ငံတော် တကယ်တည်ရှိကြောင်း ဘယ်လောက်ထိ သင်ယုံကြည်စိတ်ချသလဲ

  • ကျွန်တော်တို့ ဘာကြောင့် အတူတကွစုဝေးကြတာလဲ။

  • ဘယ်စည်းဝေးအစီအစဉ်ကို သင်ပိုကြိုက်သလဲ။ ဘာကြောင့်လဲ။

  • စည်းဝေးတွေနဲ့ပတ်သက်တဲ့ သင့်သဘောထားက ဘာကိုဖော်ပြနေသလဲ။ ရှင်းပြပါ။

စည်းဝေးတက်ရောက်သူတစ်စု ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းကို ကိုင်ထားကြ

ဘုရားသခင့်လူမျိုးကိုစည်းလုံးစေတဲ့ နှစ်စဉ်စုဝေးမှုများ

အစ္စရေးယောက်ျားအားလုံး ဂျေရုဆလင်မြို့မှာ တစ်နှစ်သုံးကြိမ် စုဝေးရမယ်လို့ ယေဟောဝါ မိန့်မှာခဲ့တယ်။ (ထွ. ၂၃:၁၄-၁၇; ဝတ်. ၂၃:၃၄-၃၆) အဲဒီလိုအခါသမယတွေမှာ ယေရှုရဲ့မွေးစားအဖေ ယောသပ်က သူ့မိသားစုတစ်စုလုံးကို ဂျေရုဆလင်ကိုခေါ်သွားတယ်။ တခြားအစ္စရေးအမျိုးသားတွေလည်း အဲဒီအတိုင်းလုပ်ခဲ့ကြပုံပဲ။ ဒီနေ့ ဘုရားသခင့်လူမျိုးကလည်း စည်းဝေးပွဲတွေနဲ့စည်းဝေးကြီးတွေ တက်ရောက်ဖို့ တစ်နှစ်သုံးကြိမ်စုဝေးကြတယ်။ နောက်ဆုံးကာလအတွင်း ဘုရားသခင့်မြေကြီးဆိုင်ရာအဖွဲ့အစည်းရဲ့ ထူးခြားမှတ်သားဖွယ် တိုးတက်ပြောင်းလဲမှုတွေဟာ စည်းဝေးကြီးတချို့မှာ ဖြစ်ပျက်ခဲ့တယ်။ အမှတ်ရစရာစည်းဝေးကြီးတချို့ကို သုံးသပ်ကြည့်ရအောင်။

  • ၁၉၁၉– အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့

    ပထမကမ္ဘာစစ်အပြီး ဦးဆုံးကျင်းပတဲ့စည်းဝေးကြီးဖြစ်တယ်။

    ဟောပြောခြင်းလုပ်ငန်းကို အားသစ်လောင်းပေးခဲ့တယ်။

    ရွှေခေတ် (အခုအခေါ် နိုးလော့!) မဂ္ဂဇင်းထုတ်ဝေကြောင်း ကြေညာခဲ့တယ်။

  • ၁၉၂၂– အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့

    “နိုင်ငံတော်” ဆိုတဲ့ဟောပြောချက်က ဟောပြောခြင်းလုပ်ငန်းကို တွန်းအားပေးခဲ့တယ်။ အဲဒီဟောပြောချက်မှာ “ဘုရင်နဲ့နိုင်ငံတော်ကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” ဆိုပြီး အားမာန် ပါပါ ကြွေးကြော်ခဲ့တယ်။

  • ၁၉၃၁– အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မြို့

    ယေဟောဝါသက်သေများဆိုတဲ့နာမည်ကို ခံယူခဲ့တယ်။

  • ၁၉၃၅– ဝါရှင်တန်ဒီစီ

    ဗျာဒိတ် ၇:၉ မှာပါတဲ့ “လူအုပ်ကြီး” ဟာ မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်မယ်ဆိုတာ ဦးဆုံးအကြိမ် နားလည်လာတယ်။

  • ၁၉၄၂– ကမ္ဘာတစ်ဝန်း ၈၅ မြို့မှာကျင်းပတဲ့ ကမ္ဘာသစ် သီအိုကရက်တစ် စည်းဝေးပွဲ

    “ငြိမ်းချမ်းရေး—တည်မြဲတည်နိုင်မည်လော” ဆိုတဲ့ဟောပြောချက်မှာ ဗျာဒိတ်အခန်းကြီး ၁၇ ပါပရောဖက်ပြုချက်ကို အသေးစိတ် ရှင်းပြခဲ့တယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက်မှာ ဘုရားသခင့်နိုင်ငံတော် လက်အောက်ခံများစွာကို စုသိမ်းခွင့်ရှိမယ်ဆိုပြီး ဖော်ပြခဲ့တယ်။

  • ၁၉၅၀– သီအိုကရေစီတိုးပွားမှု စည်းဝေးပွဲ

    ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို ထုတ်ဝေခဲ့တယ်။

  • ၁၉၅၈– မြင့်မြတ်သောအလိုတော် အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲ

    မြို့တစ်မြို့တည်းမှာကျင်းပတဲ့ အကြီးဆုံးအပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး ဖြစ်တယ်။ နယူးယောက်မြို့မှာ နိုင်ငံပေါင်း ၁၂၃ နိုင်ငံက ကိုယ်စားလှယ်ပေါင်း ၂၅၀,၀၀၀ ကျော် စုဝေးခဲ့ကြတယ်။

  • ၁၉၆၁– စည်းလုံးသောဝတ်ပြုသူများ စည်းဝေးပွဲ

    ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ တစ်အုပ်လုံးကို စာအုပ် တစ်အုပ်တည်းအဖြစ် ထုတ်ဝေခဲ့တယ်။

  • ၁၉၉၂– “အလင်းဆောင်သူများ” စည်းဝေးကြီး

    ယခင်ဆိုဗီယက်ပြည်ထောင်စု၊ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ ယေဟောဝါသက်သေတွေ ဦးဆုံးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးဖြစ်တယ်။

  • ၁၉၉၃– “မြင့်မြတ်သောသွန်သင်ခြင်း” စည်းဝေးကြီး၊ ယူကရိန်းနိုင်ငံ၊ ကီယက်ဗ်မြို့

    ဒီစည်းဝေးကြီးတစ်ခုတည်းမှာ လူသစ် ၇,၄၀၂ ယောက် နှစ်ခြင်းခံပြီး နှစ်ခြင်းခံသူအများဆုံးစည်းဝေးကြီးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

  • ၂၀၁၁– “ဘုရားသခင့်နိုင်ငံတော်လာပါစေ” စည်းဝေးကြီး

    ဒံယေလအခန်းကြီး ၂ မှာပါတဲ့ ရုပ်တုအကြောင်း ပရောဖက်ပြုချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့နားလည်မှုကို ပြုပြင်ပေးခဲ့တယ်။ သံနဲ့ ရွှံ့စေးရောနေတဲ့ ခြေဖဝါးနဲ့ခြေဖမိုးဟာ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ကို ကိုယ်စားပြုကြောင်း၊ ဘုရားသခင့်နိုင်ငံတော်က ပုံဆောင်ရုပ်တုကြီးတစ်ခုလုံးကို ခြေမွဖျက်ဆီးချိန်အထိ အဲဒီအာဏာစက်တည်ရှိနေမှာဖြစ်ကြောင်း နားလည်လာတယ်။

  • ၂၀၁၄– ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာလျက်နေပါ စည်းဝေးကြီး

    ကောင်းကင်မှာ ခရစ်တော်အုပ်ချုပ်တဲ့နိုင်ငံတော် အနှစ် ၁၀၀ ပြည့်ပြီဆိုတာ မှတ်သားဖော်ပြတယ်။

ယေရှုနဲ့တပည့်တွေ ဘုရားကိုချီးမွမ်းသီချင်း အတူဆိုနေ

“အမှန်တရားအကြောင်း သီချင်းဆိုခြင်း”

ယေဟောဝါရဲ့ လူမျိုးက ကိုယ်တော့်အကြောင်း ချီးမွမ်းသီချင်းဆိုခြင်းအားဖြင့် သူတို့ရဲ့ဆည်းကပ်မြှုပ်နှံမှုကို ဖော်ပြချင်ကြတယ်။ ဥပမာ၊ ပင်လယ်နီမှာ အစ္စရေးတွေကို အီဂျစ်တွေရဲ့လက်ကနေ ယေဟောဝါကယ်တင်လိုက်တဲ့အခါ သူတို့က စိတ်အားတက်ကြွစေတဲ့သီချင်းတစ်ပုဒ်ကို သီဆိုပြီး ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြခဲ့ကြတယ်။ (ထွ. ၁၅:၁-၂၁) နောက်ပိုင်းမှာတော့ ဗိမာန်တော်မှာ ယေဟောဝါကိုဝတ်ပြုကိုးကွယ်တဲ့အခါ သီချင်းဆိုခြင်းက မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။ (၅ ရာ. ၂၃:၄၊ ၅; ၂၅:၇) ပထမရာစုမှာလည်း ယေရှုနဲ့တပည့်တွေဟာ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုပြီး သူတို့ရဲ့ခံစားချက်ကို ဖော်ပြခဲ့ကြတယ်။—မ. ၂၆:၃၀; ဧ. ၅:၁၉။

အလားတူပါပဲ၊ ညီအစ်ကိုရပ်စယ်လ်နဲ့အပေါင်းပါတွေ အမှန်တရားကို ပြန်လည်ရှာတွေ့ချိန်ကစပြီး အခုအချိန်အထိ ယေဟောဝါရဲ့ဝတ်ပြုရေးမှာ သီချင်းစာအုပ်များစွာကို အသုံးပြုခဲ့တယ်။ သီချင်းဆိုခြင်းရဲ့ အရေးပါတဲ့ကဏ္ဍနဲ့ပတ်သက်ပြီး ၁၈၉၆၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ အခုလိုပြောတယ်– “အမှန်တရားအကြောင်း သီချင်းဆိုခြင်းက ဘုရားသခင့်လူမျိုးရဲ့စိတ်နှလုံးထဲကို အမှန်တရားရောက်ရှိစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တယ်။”

၁၈၇၉ ခုနှစ်ထုတ် သတို့သမီး၏သီချင်းများ သီချင်းစာအုပ်

၁၈၇၉

၁၈၉၀ ခုနှစ်ထုတ် အနှစ်တစ်ထောင်အရုဏ်ဦးကဗျာများနှင့်သီချင်းများ သီချင်းစာအုပ်

၁၈၉၀

၁၈၉၆ ခုနှစ်ထုတ် ဇိအုန်၏ဝမ်းမြောက်ဖွယ်အရုဏ်ဦးသီချင်းများ သီချင်းစာအုပ်ထဲက ထွန်းလင်းတဲ့အလင်း သီချင်းစာသားပါတဲ့စာရွက်

၁၈၉၆

၁၉၀၀ ခုနှစ်ထုတ် ဇိအုန်၏၀မ်းမြောက်ဖွယ်သီချင်းများ သီချင်းစာအုပ်

၁၉၀၀

၁၉၀၅ ခုနှစ်ထုတ် အနှစ်တစ်ထောင်အရုဏ်ဦးသီချင်းများ သီချင်းစာအုပ်

၁၉၀၅

၁၉၂၅ ခုနှစ်ထုတ် နိုင်ငံတော်သီချင်းများ သီချင်းစာအုပ်

၁၉၂၅

၁၉၂၈ ခုနှစ်ထုတ် ယေဟောဝါအား ချီးမွမ်းသီချင်းများ သီချင်းစာအုပ်

၁၉၂၈

၁၉၄၄ ခုနှစ်ထုတ် နိုင်ငံတော်လုပ်ငန်းသီချင်းစာအုပ် သီချင်းစာအုပ်

၁၉၄၄

၁၉၅၀ ခုနှစ်ထုတ် ယေဟောဝါအား ချီးမွမ်းထောမနာပြုသီချင်းများ သီချင်းစာအုပ်

၁၉၅၀

၁၉၆၆ ခုနှစ်ထုတ် “တေးသံဖြင့်လှိုက်လှဲစွာ သီဆိုချီးမွမ်းကြ”သီချင်းစာအုပ်

၁၉၆၆

၁၉၈၄  ခုနှစ်ထုတ် ယေဟောဝါအား ချီးမွမ်းကျူးဧခင်း သီချင်းစာအုပ်

၁၉၈၄

ယေဟောဝါအား တေးသီကျူးကြ သီချင်းစာအုပ်

၂၀၀၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ